“စွမ်းအားက ကျန်သေးပေမယ့် လက်သီးက အပြင်းဆုံးဖြစ်နေပြီ”
Vol. 7 Ch. 62
ကျန်းချင်းရှီ အသာအယာ ပြုံးလိုက်၏။
“မင်းက ကျင့်စဉ်တစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ခဲ့တယ်…. ဒါပေမဲ့ မင်းဟာ သိပ်ကို ထူးချွန်တဲ့ မူလ (မွေးရာပါ) ပါရမီရှင်တစ်ယောက် ဖြစ်နေစေဦးတော့… အသက်အရမ်းငယ်နေသေးတဲ့အတွက် မင်းမှာရှိတဲ့ အတွေ့အကြုံက အကန့်အသတ်နဲ့ပဲ ရှိလိမ့်မယ်…”
“နောက်ပြီးတော့ မင်းရဲ့ အခြေခံအုတ်မြစ်ကလည်း လုံလောက်အောင် အားမကောင်းသေးဘူး… ဒီတော့ အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်ဖို့ ရှိမှာလဲ…”
“ဒါပေမဲ့ ဒီ နတ်ဘုရားရိုက်တူ လက်သီးကျင့်စဉ် ဆိုတာ ရွှေအရွတ်မရီဒန် ကျင့်စဉ်ရဲ့ အခက်အလက် တစ်ခုလို့တောင် ပြောလို့ရတယ်…”
“ဖုန်းဘိုးဘေးကြီးဟာ အဓိကသော့ချက်ဖြစ်တဲ့ စွမ်းအား အနှစ်သာရ အားလုံးကို ဒီရွှေအရွတ်မရီဒန် ကျင့်စဉ်ထဲမှာ ချန်ထားပေးခဲ့တယ်…”
“မင်းအနေနဲ့က ထွေထွေထူးထူး ခေါင်းခြောက်ခံပြီး စဉ်းစားနေစရာ မလိုဘူး… ဘာဖြစ်လို့လဲဆိုတော့ အခြေခံအုတ်မြစ် တည်ဆောက်တဲ့ ကျင့်စဉ်တစ်ခုကို တိုက်ခိုက်ရေး ကျင့်စဉ်တစ်ခုအဖြစ် ပုံစံပြောင်းလဲ လိုက်တာ မို့လို့ပဲ…”
“ဒါပေမဲ့…. ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ အုတ်မြစ်ကျင့်စဉ် တစ်ခုကို ပုံစံ ပြောင်းလဲထားတယ် ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ အတွေးအခေါ်က တော်တော်လေး ကောင်းမွန်တယ်ဆိုတာ ငါ ဝန်ခံပါတယ်… မင်းကို ကောင်းကင်က ကျလာတဲ့ ပါရမီရှင် တစ်ယောက်လို့တောင် ပြောလို့ရတယ်…”
“ဒီရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ငါကိုယ်တိုင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမယ့် မင်းလို အဆင့်မြှင့်တင်ဖို့ အထိ တစ်ခါမှ မတွေးခဲ့ဖူးဘူး… ဒီကျင့်စဉ်ကို ဒီလို တိုက်ခိုက်ရေး ကျင့်စဉ်တစ်ခုအဖြစ် အသုံးပြုလို့ ရလိမ့်မယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့မိဘူး…”
စွန်းယန်ဝမ် အနည်းငယ် ဝမ်းသာသွား၏။
ကျန်းချင်းရှီ က ဆက်ပြောသည်။
“ဒီလက်သီးကျင့်စဉ်က တော်တော်လေး ခက်ထန်ကြမ်းတမ်းတဲ့ဘက်ကို ရောက်နေတယ်… ကြမ်းတမ်းလွန်းရင် ပျက်စီးဖို့လည်း လွယ်တယ်… စွမ်းအားကြီးလွန်းရင် တန်ပြန်သက်ရောက်မှုလည်း ကြီးတယ်…”
“အဲဒါကြောင့် ကိုယ်နဲ့ ကျင့်စဉ်အဆင့်အတန်း သိပ်မကွာတဲ့သူတွေ ဒါမှမဟုတ် ကိုယ်ထက် နည်းနည်းလောက် ပိုပြီး အဆင့်မြင့်တဲ့ သူတွေနဲ့ တိုက်ခိုက်ရင် အစွမ်းထက်တယ် ဆိုပေမယ့်… ကိုယ့်ထက် အဆမတန် စွမ်းအားကြီးနေတဲ့ လူနဲ့ တွေ့ရင်တော့ လုံးဝ အသုံးဝင်မှာ မဟုတ်တော့ဘူး…”
“ကိုယ်ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက တစ်ဖက်လူရဲ့ စွမ်းအားကို မယှဉ်နိုင်တဲ့အတွက် ကိုယ့်ရဲ့စွမ်းအားရော ရန်သူရဲ့ စွမ်းအားကိုရော တစ်ပြိုင်တည်း ပြန်ပြီး ခံရလိမ့်မယ်…”
“အဲဒီအချိန်ကျရင် မင်းခန္ဓာကိုယ်ထဲက သွေးကြောတွေ… မရီဒန်အရွတ်တွေနဲ့ အရိုးတွေ အကုန်လုံး ပြတ်တောက်ကြေမွထွက်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလိမ့်မယ်… အခန့်မသင့်ရင် သေကောင်း သေသွားနိုင်တယ်…”
စွန်းယန်ဝမ် က အနည်းငယ်မျှ ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုသည်။
“တစ်ဖက်လူက ကိုယ့်ထက် စွမ်းအားကြီးနေမှတော့ ကျွန်တော်က ဘယ်ပညာရပ်ကိုပဲသုံးသုံး ရလဒ်က အတူတူပဲ ဖြစ်မှာ မဟုတ်ဘူးလား…”
ကျန်းချင်းရှီ ခေါင်းရမ်းပြီး ပြောသည်။
“မတူဘူး… ဒီလက်သီးကျင့်စဉ်ဟာ သိပ်ကို ပြင်းထန်လွန်းတယ်… အဲဒါကြောင့် တစ်ဖက်လူအနေနဲ့ သက်ညှာ ပေးချင်တယ်ဆိုရင်တောင် မလွယ်ဘူး…”
ထိုအခါကျမှသာ စွန်းယန်ဝမ် သဘောပေါက်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
“ငါ့ဆီမှာ စွမ်းအားတွေကို သိုလှောင်ထားနိုင်တဲ့ စွမ်းအင်ရင်းမြစ် အခြေအနေတစ်ခု သေချာပေါက် လိုအပ်နေသေးတာပဲ… နောက်ပြီးတော့ ငါဖန်းတီးခဲ့တဲ့ ကျင့်စဉ် ဆိုတာက တဒင်္ဂပေါ်လာတဲ့ စိတ်ကူးကို အကောင်အထည် ဖော်ထားတာဆိုတော့ စင်းလုံးချော အခြေအနေမျိုး ဘယ်လိုလုပ် ရနိုင်ဦးမှာလဲ…”
“ဦးလေးခြောက်လို လူတစ်ယောက်တောင် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ချက်ခြင်း မစဉ်းစားနိုင်လို့ ငါ့ကို မသုံးခိုင်းဘဲ တားထားတာ ဖြစ်ရမယ်…”
အမှန်တွင် စွန်းယန်ဝမ် ၏ ထင်မြင်ယူဆချက်က အနည်းငယ် လွဲမှားနေခဲ့သည်။
သာမန်ကျင့်ကြံသူ တစ်ဦးအနေဖြင့် ကျင့်စဉ်၏ နောက်ကွယ်မှ အနှစ်သာရ လျှို့ဝှက်ချက်များကို လိုက်စဉ်းစားနေရန် ဦးနှောက်အားလပ်ချိန် မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။
ကျင့်ကြံသူ အများစုသည် ကျင့်စဉ်မှ သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်းသာ ကျင့်ကြံကြပြီး ထိုအထဲတွင်မှ ကျင့်စဉ်တစ်ခုကို အချိန်အကြာကြီး ကျင့်ကြံခဲ့သည့် လူအချို့ကသာ ကျင့်စဉ်၏ လျှို့ဝှက်ချက်များကို အလိုအလျောက် သိမြင်နားလည် သွားကြခြင်း ဖြစ်သည်။
သူကဲ့သို့ သိုင်းကွက်တိုင်း၊ လှုပ်ရှားမှုတိုင်း၊ လျှို့ဝှက်ချက် စကားလုံးတိုင်းကို အသေးစိတ် လိုက်လံ စဉ်းစားဖော်ထုတ် နေသူမျိုးကတော့ မရှိသလောက်ပင် ရှားပါးလှသည်။
ထို့အပြင် ဤကမ္ဘာမှ အယူအဆ အတော်များများသည် သူ့ယခင်ကမ္ဘာ၌ အထူးအဆန်း မဟုတ်သော ပုံမှန်တွေ့မြင်နေကျ အရာများသာ ဖြစ်သော်လည်း ဤနေရာတွင်တော့ မည်သည့်အခါကမျှ မရှိခဲ့ဘူးသော အံ့ဩဘနန်းကိစ္စများ ဖြစ်နေခဲ့သည်။
အစ်ကိုကြီး၏ သတိပေးထောက်ပြမှုကို ကြားသောအခါ စွန်းယန်ဝမ် ၏ စိတ်ထဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး နတ်ဘုရားရိုက်တူ ကျင့်စဉ်အပေါ်တွင် ပို၍ နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများ ရလာကာ အံ့အားသင့်စရာကောင်းသည့် အတွေးအမြင် သစ်များလည်း ထွက်ပေါ်လာခဲ့သည်။
ဤပုံစံအတိုင်းသာ ဆက်လက်ဆန်းသစ်သွားမည်ဆိုလျှင် မကြာမီ ဤလက်သီးကျင့်စဉ်သည် ဆောင်ယန်ဂိုဏ်း၏ ဆယ့်လေးခုမြောက် အထွဋ်အထိပ် ကျင့်စဉ်အဆင့်အထိ မြင့်တက် သွားလိမ့်မည်ဟုလည်း တွေးလိုက်မိသည်။
စွန်းယန်ဝမ် သည် ထိုနေ့ည တစ်ညလုံး ကျင့်ကြံမှုအကြောင်း စဉ်းစားနေရင်းနှင့် အချိန်ကုန်ဆုံး သွားခဲ့၏။
နောက်တစ်နေ့ မိုးသောက်ရောင်နီ ပေါ်လာသောအခါ မိုးကုတ်စက်ဝိုင်းသည် တဖြည်းဖြည်း ကြည်လင်လာပြီး တောင်ကြားအတွင်း နေရောင်ခြည် ကျဆင်းလာချိန်တွင် အရှေ့ဘက်နှင့် အနောက်ဘက်မှ မတ်စောက်သော တောင်နံရံများပေါ်တွင် ရွှေရောင်များ တလက်လက် တောက်ပနေကာ အလွန်လှပနေ၏။
ကျန်းချင်းရှီ နိုးလာသောအခါ စွန်းယန်ဝမ် သည် တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံနေသည်ကို တွေ့ရသဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။
တိုင်ရီကျောင်းတော်တွင် ရှိစဉ်ကတည်းက ညီအစ်ကိုနှစ်ယောက် တပူးတွဲတွဲဖြင့် အတူနေ၊ အတူစား၊ အတူကျင့်ကြံခဲ့ကြသောကြောင့် ဒုတိယညီလေး၏ အကျင့်ကို ကောင်းကောင်းကြီး နားလည်သည်။
သူ့ညီလေးသည် အိပ်စက်ခြင်းနေရာတွင် သမာဓိထူထောင်ခြင်းနှင့် အစားထိုးကာ သူ့၏ ကျင့်ကြံမှုကို နှစ်ဆတိုးအောင် အမြဲတမ်း ကြိုးစားချင်နေကြောင်း သူမရိပ်မိဘဲ မည်သို့ နေပါမည်နည်း။
သို့သော် သူကိုယ်တိုင်ပင် ထိုကဲ့သို့ အဆင့်မျိုးကို မရောက်နိုင်သေးပေ။
စွန်းယန်ဝမ် ကဲ့သို့ မနေ့တစ်နေ့ကမှ ကျင့်ကြံခြင်းလောကထဲကို ရောက်လာသူ တစ်ဦးအနေဖြင့် ထိုသို့သောအရာကို မည်သို့မျှ လုပ်နိုင်ဦးမည် မဟုတ်ပေ။
ထို့အပြင် သူ အနည်းငယ်လည်း စိတ်ပူနေမိသည်။
အကယ်၍ သူ့ညီလေးသာ တစ်ညလုံး မအိပ်ဘဲ ထိုကဲ့သို့ ကျင့်ကြံနေခဲ့သည် ဆိုလျှင် စွမ်းအားပြတ်လပ်ကာ ပြိုင်ပွဲအတွင်း လဲကျသွားနိုင်ချေ အလွန်များသည်။
သူက သူ့ညီလေးကို ချက်ခြင်း သတိပေးခြင်း၊ သို့မဟုတ် ဦးလေးခြောက်ကို ပြောပြီး စွန်းယန်ဝမ် ၏ ပြိုင်ပွဲကို ရက်အနည်းငယ် နောက်ကိုရွှေ့ဆိုင်းခြင်းများ လုပ်ရန်အထိပါ စဉ်းစားနေခဲ့၏။
နေရောင်ခြည် သည် လှည့်ပတ်စီးဆင်းနေရာမှ ရုတ်တရက် ဝိညာဉ်ဓားအဆောက်အဦ အတွင်းသို့ ကျဆင်းလာခဲ့ပြီး စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်ပေါ် ဖြန်းပက်လိုက်သောအခါ သူ့တစ်ကိုယ်လုံး လင်းထိန် တောက်ပလာသည်။
ထိုအခိုက် စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားမရီဒန်များ ရုန်းကြွရာမှ ထွက်ပေါ်လာသော တဖျစ်ဖျစ် အသံများကို ကျန်းချင်းရှီ အတိုင်းသား ကြားလိုက်ရသည်။
ထို့နောက် စွန်းယန်ဝမ် သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ပြီး ချက်ခြင်း မတ်တပ်ထရပ်လိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများသည် မြွေများလှုပ်ရှား သွားလာနေသလို ထင်ရပြီး ခန္ဓာကိုယ် အတွင်းပိုင်းမှ အလွန်အားကောင်းသော စွမ်းအားတစ်ခုက ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာသည်။
စွန်းယန်ဝမ် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နဂါးဆင်လက်သီး တစ်ချက်ကို လေထဲသို့ အလျင်အမြန် ထိုးချလိုက်၏။
ဟင်းလင်းပြင်သည် အဆက်မပြတ် တွန့်ရှုံ့ဝင်သွားပြီး လက်သီးထိပ်ဖျားမှ ငွေရောင်ပုံသဏ္ဍာန် လက်သီးရိပ်တစ်ခု ထင်ရှားပီပြင်စွာ ထွက်ပေါ်လာသည်။
ကျန်းချင်းရှီ အလွန်အမင်း အံ့အားသင့်သွားကာ အော်ဟစ်လိုက်မိသည်။
“ဒုတိယညီလေး…. မင်းရဲ့ လက်သီးက သဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်နေပြီလား….”
စွန်းယန်ဝမ် ၏ ရွှေအရွတ် မရီဒန် ကျင့်စဉ်ကို ကျင့်ကြံသည့် အချိန်ကာလက မည်မျှပင် မကြာသေးသည်ကို သူအသိဆုံး ဖြစ်သည်။
ယခု သူ့ညီလေး ရောက်ရှိသွားသည့် အဆင့်က မရီဒန် နှစ်ဆယ့်လေးခုစလုံး တစ်ပြိုင်တည်း လှုပ်ရှားနိုင်သည့် အဆင့်ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် ဤအဆင့်ကို အစပျိုးမှု အဆင့်ဟုလည်း သတ်မှတ်ကြသည်။
သို့သော် စွန်းယန်ဝမ် အနေဖြင့် မျောက်မရီဒန်၊ နဂါးမရီဒန်၊ ဆင်မရီဒန်နှင့် ကျားမရီဒန်များ ကိုသာ ကနဦး ပြီးမြောက်ခြင်း အဆင့်ထိ ကျင့်ကြံရသေးသူ ဖြစ်သည်။
ထို့ကြောင့် သူ့၏အစစ်အမှန် စွမ်းအားက ထိုမရီဒန်လေးခု အပေါ်တွင်သာ လုံးဝ မှီတည်နေသည်။
သို့သော် အစောပိုင်းက ထုတ်ဖော်သွားသော စွန်းယန်ဝမ် ၏ လက်သီးစွမ်းအားသည် ပုံရိပ်အဖြစ်ပင် ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ယင်းက သဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်ကို သေချာပေါက် ရောက်နေပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် နဂါးမရီဒန်နှင့် ဆင်မရီဒန် တို့ကို သဏ္ဍာန်ဖွဲ့စည်းကာ ထုတ်လွှတ်နိုင်သည့် အဆင့်အထိ အောင်မြင်စွာ ကျင့်ကြံပြီးပြီဟု ပြောဆိုနိုင်သည်။
စွန်းယန်ဝမ် သဘောကျစွာ ရယ်လိုက်ပြီး သူ့လက်သီးချက်ကို ပြန်ရုတ်သိမ်းကာ ကျန်းချင်းရှီ ကို ပြော၏။
“ဒါက အစ်ကိုကြီးနဲ့ ဦးလေးခြောက်တို့ရဲ့ လမ်းညွှန်ပြသမှုကြောင့်ပါ…. ကျွန်တော့်ရဲ့ နားလည်မှုက ဘာမှ မပြောပလောက်ပါဘူး…”
ကျန်းချင်းရှီ ချက်ခြင်း တွေးလိုက်မိသည်။
“ဒါကို နည်းနည်းလေး ထိုးထွင်းသိမြင်မှုလို့ မင်းက ယူဆတာပေါ့ ဟုတ်လား…. တခြားတပည့်တွေ အကုန်လုံး ရင်ကွဲနာကျပြီး မင်းကို လူစကားမပြောတဲ့ကောင် ဆိုပြီး ကျိန်ဆဲတော့မှာပဲ….”
လက်သီးချက် သဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဆိုခြင်းက တစ်နည်းအားဖြင့် ရုပ်ခန္ဓာ ကျင့်ကြံမှု၏ သတ္တမအဆင့်ကို ရောက်ရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။
ထိုနေ့ စွန်းယန်ဝမ် ယှဉ်ပြိုင်ရသော ပွဲစဉ်သုံးခုစလုံးကို တရားမျှမျှတတဟု ဆိုနိုင်သည့် ဟွမ်ယွမ်ဓားကွက်များနှင့်သာ ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ဘက်အားလုံးကို ဓားကွက်တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့သော်လည်း ထိုအထဲမှ တပည့် နှစ်ဦးသည် သတ္တမအဆင့်ကို ရောက်နေသော ကျင့်ကြံသူများ ဖြစ်သည်။
၎င်းတို့၏ ပကတိစွမ်းအားသည် ထန်စွေကျင်း ထက် လုံးဝနိမ့်ကျခြင်း မရှိပေ။
သို့သော် စွန်းယန်ဝမ် နှင့် ရင်ဆိုင်ရသည့်အခါ သူတို့စိတ်ထဲတွင် ခံစားရသည့် ခံစားချက်က ဤ စွန်းအမည်ရသော လူငယ်လေး၏ ချီစွမ်းအားမှာ ပြောပလောက်သည့် အဆင့်မျိုး မဟုတ်ပေ။
ထို့အပြင် သူ့၏ ဓားပါရမီသည် ထက်မြက်သည် မှန်သော်လည်း သူတို့ကဲ့သို့ အဆင့်ကို ဖိနှိပ် နိုင်လောက်သည်အထိ မြင့်မားခြင်း မရှိသေးပေ။
သို့သော် သူ့၏ ရုပ်ခန္ဓာစွမ်းအားသည် အနည်းငယ်မျှ ပုံမှန်မဟုတ်ဘဲ အလွန်စွမ်းအား ကြီးလွန်းနေသည်ဟု ခံစားမိကြသည်။
စွန်းယန်ဝမ် ၏ တစ်ချက်တိုက်ခိုက်မှုကို သူတို့အားလုံး ခက်ခက်ခဲခဲ ခုခံခဲ့ရပြီး ထိုကြီးမားသော စွမ်းအားကို မည်သို့မျှ တန်ပြန်နိုင်ခြင်း မရှိဘဲ လက်ထဲမှ ဓားများ လွင့်ထွက်ကာ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။
ထိုရှုံးနိမ့်မှုက အလွန်တရာ ခါးသီးသော အရှုံးလည်း ဖြစ်နေပြန်၏။
စွန်းယန်ဝမ် သည် နဂါးမရီဒန် နှင့် ဆင်မရီဒန် တို့ကိုသာ သဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်အထိ ကျင့်ကြံနိုင်သေးသော်လည်း ယင်းက ရုပ်ခန္ဓာစွမ်းအားကို သတ္တမအဆင့်သို့ ရောက်ရှိသွားစေ ခဲ့သည်။
သူ့၏ ပြင်ပစွမ်းအားသည် ပေါင် သုံးရာမှ လေးရာအထိ တိုးလာခဲ့သောကြောင့် ပြောရမည်ဆိုလျှင် ထိုစွမ်းအားသည် ရုပ်ခန္ဓာကို ကျင့်ကြံသည့် အရွယ်ရောက်ပြီး ကျင့်ကြံသူများထဲတွင်ပင် စွမ်းအားကြီးသူ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ထိုကဲ့သို့ ကြမ်းတမ်းသော ခွန်အားအပေါ် ဟွမ်ယွမ်ဓားကွက်များကို ပေါင်းစပ်တိုက်ခိုက် လိုက်သောအခါ ထွက်ပေါ်လာသော ပျမ်းမျှစွမ်းအားမှာ ဆဌမအဆင့်နှင့် သတ္တမအဆင့်ကြားသို့ပင် ရောက်လုနီးပါး ပြင်းထန်သွားခြင်း ဖြစ်သည်။
ပြိုင်ဘက်နှစ်ဦး၏ ကျင့်စဉ်အဆင့်အတန်းသည် မတိမ်းမယိမ်းသာ ရှိသည့်အပြင် စွန်းယန်ဝမ် ၏ စွမ်းအားက ပြိုင်ဘက်ထက် နှစ်ဆ၊ သုံးဆခန့်ပိုကြီးနေသောအခါ ထိုနှစ်ဦးနှင့် တိုက်ခိုက်ရခြင်းက ကလေးတစ်ဦးနှင့် တိုက်ခိုက်ရသလို အလွန်လွယ်ကူသွားသည်။
ထိုနေ့ညနေပိုင်းတွင် စွန်းလင်အာ နှင့် နန်မန်ကုန်းတို့ နှစ်ဦး ပြန်သွားပြီးနောက် ကျန်းချင်းရှီ က စွန်းယန်ဝမ် ကို ပြောသည်။
“ဒုတိယညီလေး… မင်း အခုလို ပွဲစဉ်တစ်လျှောက်လုံးကို အနိုင်ယူလာခဲ့တာက ငါ့ကို တကယ်ပဲ ပျော်ရွှင်ရစေတယ်…”
“ဆရာသာ ဒီမှာရှိနေရင် သူ ပိုပြီးပျော်မှာ သေချာတယ်…. ဒါပေမဲ့ နောက်လာမယ့် ပွဲစဉ်ကတော့ မင်းအတွက် အခက်ခဲဆုံး ပြိုင်ဘက် သေချာပေါက် ဖြစ်လိမ့်မယ်….”
“သူက အကြီးဆုံး ဦးလေးရဲ့ နောက်ဆုံးတပည့်ဆိုလည်း ဟုတ်တယ်… နာမည်က ဖုန်ဝူရွှယ် ပဲ…”
စွန်းယန်ဝမ် မှာ ထိုနာမည်ကို တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်း မရှိပေ။
သူသည် သူယှဉ်ပြိုင်ရသည့် ပွဲစဉ်မှလွဲလျှင် ကျန်သည့် အချိန်များ အားလုံးကို ဝိညာဉ်ဓား အဆောက်အဦ အတွင်း၌သာ ကုန်ဆုံးခဲ့ပြီး အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသူ တစ်ဦးလို ပြုမူနေခဲ့သည်။
ရံဖန်ရံခါ အုပ်စု(က)မှ ပွဲစဉ်အချို့ကို ကြည့်ရှုခြင်းမှအပ အုပ်စု(ခ)နှင့် သူတို့အုပ်စု(ဂ)မှ ပွဲစဉ်များဆိုလျှင် တစ်ကြိမ်တစ်ခါမျှ ကြည့်ရှုခဲ့ဖူးခြင်း မရှိဘဲ သူ့၏ အချိန်အများစုကို ကျင့်ကြံမှု ထဲတွင်သာ နှစ်မြှုပ်ထားခဲ့သည်။
သူက ပြန်မေးလိုက်၏။
“အစ်ကိုကြီး… ဒီ ဖုန်ဝူရွှယ် ဆိုတဲ့ တစ်ယောက်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ…”
ကျန်းချင်းရှီ က အေးအေးဆေးဆေး ပြောသည်။
“သူရဲ့စွမ်းအားက မင်းတိုင်ရီကျောင်းတော်က ရောက်လာကာစက ငါ့အဆင့်ထက် နည်းနည်းလောက်ပဲ ပိုနိမ့်တယ်…”
စွန်းယန်ဝမ် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အစ်ကိုကြီး၏ ဤကဲ့သို့ နှိုင်းယှဉ်ပြောဆိုမှုက အတော်လေး မောက်မာလွန်းသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ သူက အစ်ကိုကြီးပြောခဲ့သည့် စကားကို ထို အကြီးဆုံးဦးလေး၏ တပည့်ဖြစ်သူကို ပြန်ပြောပြလိုက်မည်ဆိုလျှင် ၎င်းသည် ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ငိုယိုနေမည်လား ဟုပင် သံသယဝင်နေသည်။
ကျန်းချင်းရှီ က သူ့ညီလေးသည် ထိုအဆင့်ကို ကောင်းစွာ နားမလည်ဘဲ ပေါ့ပေါ့ဆဆ သဘောထားမည်ကို စိုးရိမ်သောကြောင့် ထပ်ရှင်းပြလိုက်၏။
“ဂိုဏ်းဝင်သက် ငါးနှစ်ပြည့်တဲ့ တပည့်တွေထဲမှာ သတ္တမအဆင့်ကို ရောက်နေတဲ့ တပည့်တွေ အများကြီးရှိတယ် ဆိုတာ ငါလည်းသိပါတယ်…”
“ဒါပေမဲ့ ဖုန်ဝူရွှယ် က အုပ်စု(ဂ)မှာ ဝင်ပြိုင်မယ်ဆိုတာ သိလည်း သိလိုက်ရော လူတော်တော်များများက သူတို့ရဲ့ ပထမနေရာ စိတ်ကူးကို လုံးဝ စွန့်လွှတ်ပစ်လိုက်ကြတယ်…”
“ပထမနေရာကို ရနိုင်မှာ မဟုတ်တော့သလို… ယန်နတ်ဆေးလုံးကိုလည်း မရနိုင်တော့တဲ့ အတွက် အုပ်စု(ဂ)မှာ ဝင်မပြိုင်ကြတော့ဘဲ အုပ်စု(ခ)ကို တိုက်ရိုက်သွားပြိုင်ခဲ့ကြတယ်…”
“ဖုန်ဝူရွှယ် ရဲ့ ဂိုဏ်းဝင်သက်က သုံးနှစ်ခွဲပဲ ရှိသေးတယ် ဆိုပေမယ့် အခုလက်ရှိ သူ့အဆင့်က သတ္တမအဆင့်ရဲ့ အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ…”
“ဒီနှစ်ထဲမှာ ဆဌမအဆင့်ကို တက်ရောက်လိမ့်မယ်လို့လည်း သတင်းသဲ့သဲ့ ထွက်နေတယ်… သူ့ရဲ့ စွမ်းအားနဲ့ ဓားပညာရပ်က ချို့ယွင်းချက် မရှိသလောက်ပဲ… မင်းသာ သူနဲ့ ရင်ဆိုင်ရမယ်ဆိုရင် တော်တော်လေးကို ဂရုစိုက်ရလိမ့်မယ်…”
စွန်းယန်ဝမ် က သူ့အတွက် အရေးအကြီးဆုံး အချက်တစ်ချက်ကို မေးသည်။
“သူ့အသက်က အခု ဘယ်နှစ်နှစ် ရှိပြီလဲ…”
ကျန်းချင်းရှီ က ပြန်ဖြေသည်။
“မင်းထက်တော့ တစ်နှစ်… နှစ်နှစ်လောက် ပိုငယ်လိမ့်မယ် ထင်တယ်…. ငါနဲ့ ဆရာတို့ တောင်ပေါ်က ဆင်းလာခဲ့တာ နှစ်အနည်းငယ်လောက် ကြာသွားပြီဆိုတော့ ဒီညီလေးရဲ့ တိတိကျကျ အသက်ကိုတော့ ငါလည်း ကောင်းကောင်း မမှတ်မိတော့ဘူး…”
စွန်းယန်ဝမ် ချက်ခြင်း စဉ်းစားလိုက်မိ၏။
“နောက်ထပ် ကလေးတစ်ယောက်ကို ရိုက်လိုက်ရုံပဲမဟုတ်လား… ဒီအလုပ်က ငါ အကျွမ်းကျင်ဆုံး အလုပ်လို့တောင် ပြောလို့ရနေပြီ…”