“လျှို့ဝှက်သွေးကြော ပွင့်လာခြင်း”
Vol. 7 Ch. 65
ဖုန်ဝူရွှယ် ၏ မျက်နှာကြီးက လုံးဝမှုန်မှိုင်းကာ ပြိုတော့မည့် မိုးကဲ့သို့ ဖြစ်နေပြီး သူ့စိတ်ထဲတွင် စကားသံအချို့ကိုလည်း ပြန်လည် ကြားယောင်လာခဲ့သည်။
“ဆရာက သူ့ရဲ့ ဓားသိုင်းဟာ ဒုတိယဦးလေးလောက် မကောင်းဘူးလို့ ပြောထားတယ်… အစ်ကိုကြီးကလည်း ကျန်းဦးလေးရဲ့ ဓားသိုင်းဟာ ဆောင်ယန်ဂိုဏ်း တစ်ခုလုံးမှာ ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ဆိုခဲ့တယ်…”
“အရင်တုန်းက ဓားနတ်ဘုရား ဟူချင်းတိ နဲ့ တိုက်ခိုက်ဖို့ ဂိုဏ်းရဲ တံခါးပေါက်မှာ သူကိုယ်တိုင် ထိုင်စောင့်ခဲ့ပေမယ့် ရက်တွေသာ ကြာညောင်းသွားတယ် ဟိုလူက ရောက်မလာဘူးလို့လည်း ပြောတယ်…”
“အဲဒါကြောင့် ငါ ဒီနည်းလမ်းကို အသုံးပြုဖို့ စဉ်းစားခဲ့တာလေ…. ငါ့ရဲ့ ပထမဓားကွက်ကို လျှပ်စီးဖမ်းဆုပ်ခြင်းဓားကွက်နဲ့ တိုက်ခိုက်ပြီး သူ့ကို ငါ့အရှိန်နောက် လိုက်လာအောင် တွန်းအားပေးထားမယ်…”
“ဒုတိယဓားကွက်ကိုတော့ မဟာဆောင်ယန်နတ်ဓား နဲ့ သွေးဆောင်ပြီး မှားယွင်းခန့်မှန်းမိတဲ့ အခြေအနေကို ဖန်တီးပေးလိုက်မယ်…”
“တတိယဓားကွက်ကိုတော့ ပန်းခြွေလေပြင်းဓားကွက်နဲ့ ပွဲသိမ်းတိုက်ကွက် လုပ်ရမှာလေ…”
“ဒါပေမဲ့ စွန်းညီလေးက ဘာဖြစ်လို့ ငါ့အစီအစဉ်အတိုင်း မလုပ်ရတာလဲ…”
“သူ့လိုမျိုး ကပေါက်တိ ကပေါက်ချာ ဓားကွက်တွေနဲ့ ဘယ်သူကများ တိုက်ခိုက်လို့လဲ…”
“ငါက ဘယ်ဓားကွက်ကိုပဲ ထုတ်သုံးသုံး သူက နည်းနည်းလေးတောင် ဂရုမစိုက်ဘဲနဲ့ ဟွမ်ယွမ်ဓားကွက်တွေကို မိုးကြိုးပစ်သလို… လျှပ်စီးလက်သလို ထုတ်သုံးလာတာကြီးက…”
“တကယ်လို့ သူသာ ဒီလို ကမူးရှူးထိုး တိုက်ခိုက်လာမယ်မှန်းသိရင် ငါ နည်းနည်းပါးပါးလောက် လှည့်ပတ်တိုက်ခိုက်ပြီး သူ့ရဲ့ စွမ်းအားအကြီးဆုံး အခြေအနေကို ရှောင်တိမ်းမိမှာပဲ…”
“သူ့ရဲ့စွမ်းအား ကျဆင်းသွားတဲ့အချိန်ဆိုရင် သာမန်တိုက်ကွက်လောက်နဲ့တောင် အေးအေးဆေးဆေး အနိုင်ယူလို့ ရပြီ…”
“သူရဲ့ မဖြစ်စလောက် စွမ်းအားလေးနဲ့ ဟွမ်ယွမ်ဓားကွက်သုံးကွက် ထုတ်သုံးပြီးသွားရင် စွမ်းအားက ဘာကျန်တော့မှာမို့လို့လဲ… မီးဖိုပေါ်က ငါးတစ်ကောင်လို ကောက်စားလိုက်ရုံပဲ မဟုတ်လား…”
“ငါ ဆိုတာက ဒီပြိုင်ပွဲမတိုင်ခင် ဆဌမအဆင့် ကိုတောင် ခိုးတက်ထားခဲ့ရတာလေ…”
ဖုန်ဝူရွှယ် ၏ မျက်နှာသည် အလွန်ပူစပ်ပူလောင် ဖြစ်နေသော်လည်း စင်မြင့်အောက်မှ စောင့်ကြည့်နေသော သူ့အစ်ကိုကြီး ဖေဟန် ကို မသိမသာ လှမ်းခိုးကြည့်မိသည်။
ယခုအခါ အစ်ကိုကြီး၏ ခန္ဓာကိုယ်ပေါ်မှ အအေးဓာတ်သည် ပို၍ပင် သိပ်သည်းပြင်းထန်လာသလို ခံစားရသောကြောင့် သူ့၏ ခန္ဓာကိုယ်မှာလည်း တုန်တက်လာပြီး ကြက်သီးများ တဖြန်းဖြန်း ထလာမိ၏။
စွန်းယန်ဝမ် ၏ မျက်နှာသည် ဝမ်းသာပီတိ ဂွမ်းဆီထိသလို ပြုံးရွှင်နေပြီး သူ့၏ ဦးလေးခြောက် အပေါ် ကျေးဇူးတင် ချစ်ခင်စိတ်ကလည်း ပို၍ပင် တိုးလာခဲ့သည်။
ယင်ပိုင်လျန် သည် ဖုန်ဝူရွှယ် ကို မည်ကဲ့သို့ ဖိအားမျိုး ပေးလိုက်သည် ဆိုသည်ကို မသိရသော်လည်း မည်သို့ပင်ဖြစ်စေ သူ အနိုင်ရပြီ ဖြစ်သည်။
ဟွမ်ယွမ်ဓားသိုင်းသည် မည်သည့်အခြေအနေတွင်မဆို စွမ်းအားအလွန်ကြီးပြီး အရှိန်အဝါ အပြည့်ရှိသည်။
ချီစွမ်းအင်ကို အသုံးပြုကာ ထိန်းချုပ်ရခြင်း ဖြစ်သောကြောင့် စွမ်းအားသက်သက်ချည်း ကြည့်မည်ဆိုလျှင် ဤလောက၌ ၎င်းနှင့် ယှဉ်ပြိုင်နိုင်သော ဓားကျင့်စဉ်ဆိုသည်က လက်ငါးချောင်းစာပင် မပြည့်ပေ။
အားနည်းချက် တစ်ခုမှာ စွမ်းအားကို အလွန်အကျွံ ကုန်ခမ်းစေသောကြောင့် ထိုဓားကွက်များကို မည်သည့်အခါမျှ အလွယ်တကူ မထုတ်ဖော်ဝံ့ကြခြင်း ဖြစ်သည်။
သို့သော် မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုဘဲ စွမ်းအား အားလုံးကို ထုတ်သုံးရန် ဖြစ်လာသည့် အခါတွင်တော့ ရလဒ်က ဤအခြေအနေအတိုင်း ထွက်လာခဲ့သည်။
စွန်းယန်ဝမ် သည် နောက်ဆုံးဓားကွက်ဖြင့် ဖုန်ဝူရွှယ် ၏ လက်ထဲမှ ဓားကို မြေပြင်ထက်သို့ လွင့်စင်ထွက်အောင် ရိုက်ထုတ်ပစ်နိုင်ခဲ့သည်။
သူသည် စင်မြင့်ထက်မှ ချက်ခြင်းပင် ဆင်းပြေးသွားပြီး ဝိညာဉ်ဓား အဆောက်အဦဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။
ဤပြိုင်ပွဲသည် အုပ်စု(ဂ)၏ နောက်ဆုံးပြိုင်ပွဲ ဖြစ်သောကြောင့် ဆက်လက်ယှဉ်ပြိုင်စရာ ပွဲစဥ်များ မကျန်တော့ပေ။
သို့သော် သူသိချင်နေသည့် အချက်က ချန်ပီယံ ကြေညာသံကို မဟုတ်ဘဲ သူ့အစ်ကိုကြီး မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်ကို ဖြစ်သည်။
စွန်းယန်ဝမ် သည် တစ်စုံတစ်ခုကို သေသေချာချာ ကြိုတင် ခံစားမိနေသော်လည်း အသေးစိတ် အခြေအနေကို ဆက်လက်စဉ်းစားရဲခြင်း မရှိခဲ့ပေ။
သူ ဝိညာဉ်ဓား အဆောက်အဦအောက်သို့ ရောက်သောအခါ အစ်ကိုကြီးနှင့် ဖက်တီးအဖိုးအိုတို့ အတူတကွ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုဖက်တီးအဖိုးအိုသည် အစ်ကိုကြီး၏ အနောက်ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ထားကာ အလွန်အမင်း ရိုကျိုးသော အမူအရာကို ထုတ်ဖော်ထားသည်။
စွန်းယန်ဝမ် သည် ကျန်းချင်းရှီ ကို မြင်သောအခါ ဝမ်းသာစရာ သတင်းကောင်းအား ပြောဆိုရန် ပြင်လိုက်စဉ် အစ်ကိုကြီးက ကြွေပုလင်းတစ်လုံး သူ့ဆီကို လှမ်းပစ်ပေးလိုက်၏။
ထို့နောက် ပေါ့ပါးစွာ ပြောလိုက်သည်။
“ဒီပြိုင်ပွဲမှာ မင်းက ချန်ပီယံကြီး ဖြစ်သွားတာဆိုတော့ ငါက မင်းကိုယ်စား ယန်နတ်ဆေးလုံး ကို သွားယူလာခဲ့တာ…”
“ခဏနေရင် ဒါကို မင်း သောက်လိုက်တော့… ဆေးအာနိသင်ကို ချေဖျက်ပြီးရင် အစ်ကိုကြီး မင်းကို ပြောစရာ စကားတစ်ခွန်း ရှိတယ်…”
ကျန်းချင်းရှီ က တုကုမိန် ဘက်ကို လှည့်ကာ ပြောသည်။
“တုအကြီးအကဲ ခဏလောက် စောင့်ပေးပါဦး…”
တကုမိန် က ရယ်မောကာ ပြန်ဖြေသည်။
“ဒီတစ်ရက် နှစ်ရက်လေးလောက်က ကိစ္စမရှိပါဘူး…”
ကျန်းချင်းရှီ က စွန်းယန်ဝမ် ကို ခေါ်ကာ ဝိညာဉ်ဓား အဆောက်အဦထက်သို့ ပြန်တက်လာခဲ့သည်။
အစ်ကိုကြီး၏ တိုက်တွန်းမှုကြောင့် စွန်းယန်ဝမ် သည် ကြွေပုလင်းကို ဖွင့်လိုက်သောအခါ ပြင်းထန်သော ဆေးရနံ့တစ်မျိုးက သူ့နှာခေါင်းအတွင်းသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
ထိုအချိန်တွင် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့မှာ ရွှေတောင်ထွဋ် အဆောက်အဦပေါ်တွင်သာ ရှိနေကြဆဲ ဖြစ်သည်။
အကယ်၍ သူမတို့နှစ်ဦးသာ ဤနေရာ၌ ရှိနေမည်ဆိုပါက သူ့အတွက် ရေတစ်ခွက်၊ သို့မဟုတ် နှစ်ခွက် ကို ကျိန်းသေပေါက် လာခပ်တိုက်ပေလိမ့်မည်။
စွန်းယန်ဝမ် အခြားဘာကိုမျှ စဉ်းစားနေခြင်း မရှိတော့ဘဲ နှာခေါင်းကိုပိတ်ကာ ယန်နတ်ဆေးလုံးကို သောက်ချလိုက်၏။
ဆေးလုံးသည် ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အပူစွမ်းအင်စီးကြောင်း တစ်ခု ထွက်ပေါ်လာပြီး ချက်ခြင်းပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။
စွန်းယန်ဝမ် သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်၏ နည်းစနစ်များအတိုင်း ချီစွမ်းကို လှည့်ပတ်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော သွေးကြောပေါက် ကလေးများသည် ထိုစွမ်းအင်စီးကြောင်းများ၏ သက်ရောက်မှုအောက်တွင် တုန်ခါမှု အနည်းငယ် ဖြစ်ပေါ်လာသလိုလည်း ခံစားနေရသည်။
အထွဋ်အထိပ် သွေးကြောကျင့်စဉ်အား တတိယ အကြိမ်မြောက် လှည်ပတ်လိုက်သောအခါ ရုတ်တရက် နောက်ထပ် သွေးကြောတစ်ခု ထပ်မံ ပွင့်လာခဲ့သည်။
သူ့၏ ချီစွမ်းအင်သည် ချက်ခြင်းဆိုသလို အနည်းငယ် ပိုမိုများပြားလာခဲ့ပြီး စွမ်းအင်လှည့်ပတ်မှု အရှိန်ကလည်း ပိုမိုမြန်ဆန်လာသည်။
သူသည် ဆေးတစ်လုံး သောက်ရုံဖြင့် ချီစွမ်းအင်က မည်သည့်အတွက်ကြောင့် တိုးပွားလာရသည် ဆိုသည်ကို အစဉ်အမြဲ နားမလည်နိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ယခု သူကိုယ်တိုင် တွေ့ကြုံခံစားလာရသည့် အခါမှသာ သေသေချာချာ သိခွင့်ရခဲ့သည်။
ဤဆေး၏ အာနိသင်က ချီစွမ်းအားများ ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ပေ။
ကျင့်ကြံခြင်းလောက၌ ချီစွမ်းအားကို ကျင့်ကြံသည့်အခါ ထိုစွမ်းအားသည် ခန္ဓာကိုယ်အတွင်းပိုင်းမှ ထွက်လာခြင်း မဟုတ်ပေ။
ယင်းသည် မိုးနှင့်မြေကြားတွင် ပုန်းကွယ်တည်ရှိနေသော နားလည်နိုင်ရန် ခက်ခဲသည့် စွမ်းအင် တစ်မျိုးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် မိုးနှင့်မြေကြားမှ ထိုစွမ်းအင်ကို စုပ်ယူပြီးနောက် ကိုယ်ပိုင်ထိန်းချုပ်နိုင်သော စွမ်းအားအဖြစ် ပြောင်းလဲလိုက်ခြင်းဖြင့် စစ်မှန်သောချီစွမ်းအား၊ တစ်နည်းအားဖြင့် အတွင်းအား(ဝါ) စွမ်းအားကို ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။
ထိုဆေးလုံး၏ အာနိသင်သည် ခန္ဓာကိုယ်ကို အလွန်အမင်း လှုံ့ဆော်မှုပေးနိုင်ပြီး မိုးနှင့်မြေကြားမှ စွမ်းအင်အပေါ် ခံစားသိမြင်နိုင်စွမ်းအား ပိုမိုတိုးမြှင့်ပေးသည်။
အကယ်၍ ခန္ဓာကိုယ်ထဲတွင် ဆေးအာနိသင် ကျန်ရှိနေသည့် အချိန်အတွင်း မိုးနှင့်မြေကြားမှ စွမ်းအင်အပေါ် ပိုမိုခံစားနိုင်စွမ်းရှိလျှင် ဆေးအာနိသင် ကုန်ဆုံးသွားသောအခါ ရရှိလာမည့် စွမ်းအားကလည်း ပိုမိုလိမ့်မည် ဖြစ်သည်။
ထိုအချက်ကို နားလည်သွားသည့်အခါ စွန်းယန်ဝမ် အတွက် သွေးကြောများ ထိုးဖောက်ခြင်းနှင့် ပတ်သက်၍ အနည်းငယ်မျှ စိုးရိမ်ပူပန်စိတ် မရှိတော့ပေ။
သူသည် မိုးနှင့်မြေကြားမှ စွမ်းအင်များကို အတတ်နိုင်ဆုံး ခန္ဓာကိုယ်၏ နေရာအနှံ့ကို ပို့လွှတ်ပေးနေပြီး ဖြစ်နိုင်သမျှ အများဆုံးနှုန်းနှင့် အလျင်အမြန် စုပ်ယူခဲ့သည်။
စွန်းယန်ဝမ် သည် ယန်နတ်ဆေးလုံး၏ ဆေးအာနိသင်ကို အသုံးချကာ ရရှိလာသော စွမ်းအင်များကို အဓိကသွေးကြောကြီး ရှစ်ခု၊ အထွဋ်အထိပ်သွေးကြော တစ်ဆယ့်နှစ်ခုနှင့် လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခုတို့ဆီ ပို့လွှတ်ပေးနေရုံသာမက၊ သူ့၏ လက်များ၊ ခြေထောက်များ၊ အဆစ်များ၊ မရီဒန်အရွတ်နှင့် ကြွက်သားများ၊ အရိုး၊ ခန္ဓာငါးပါးနှင့် အာရုံခြောက်ပါးနေရာများအထိပါ ပို့လွှတ်ပေးခဲ့သည်။
မိုးနှင့်မြေကြားမှ စွမ်းအင်များ သူ့ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်သည် ပွက်ပွက်ဆူအောင် ပြုတ်ထားသော ရေနွေးအတွင်းမှ ပုဇွန်တစ်ကောင်ကဲ့သို့ နီရဲတောက်ပလာပြီး မယုံကြည်နိုင်လောက်အောင် ပူလောင်သော ဝေဒနာကို စတင်ခံစားလိုက်ရသည်။
သူ ခေတ္တခဏမျှ ရပ်တန့်လိုက်ရမည်လား၊ ဤဆေးလုံးတွင် လူကို ဒုက္ခပေးနိုင်သော ဘေးထွက် ဆိုးကျိုးများ ရှိနေသည်လားဟု သံသယဝင်လာစဉ် ရုတ်တရက် သူ့နားအနောက်ဖက်မှ အနည်းငယ် လှုပ်ခတ်သွားကာ သွေးကြောမျှင်ငယ်များ အဆင်မပြတ် ပွင့်ထွက်သွားပြီးနောက် လျှို့ဝှက်သွေးကြော တစ်ခု ရုတ်ချည်း ပွင့်လာခဲ့သည်။
သူ ယခင်က ထိုးဖောက်ထားနိုင်ခဲ့သော သွေးကြောခုနှစ်ခုသည် အဓိက သွေးကြောကြီး ရှစ်ခုနှင့် အထွဋ်အထိပ် သွေးကြော တစ်ဆယ့်နှစ်ခု အတွင်းမှသာဖြစ်ပြီး လျှို့ဝှက်သွေးကြော တစ်ခုကို ထိုးဖောက်နိုင်ခြင်းသည် ယခုအခါ ပထမဆုံး အကြိမ် ဖြစ်သည်။
ဤအဖြစ်အပျက်က လောကကြီးတစ်ခုလုံးကို အံ့အားသင့်စေလောက်အောင် ထူးခြားမှုကြီး ဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း မသိခဲ့ပေ။
ကျင့်ကြံခြင်းလောက၏ ယေဘုယျ သတ်မှတ်ချက်အရ ကနဦးအဆင့် (မူလ ပါရမီရှင်) ၏ အထက်သို့ရောက်မှသာ လျှို့ဝှက်သွေးကြောကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည် ကနဦးအဆင့်သို့ မရောက်သေးမီ အစောပိုင်း အဆင့်မှာပင် လျှို့ဝှက်သွေးကြောကို ထိုးဖောက်နိုင်ခဲ့မည်ဆိုလျှင်တော့ ၎င်းတို့သည် ထူးခြားသော စွမ်းရည်တစ်ခုခုကို သေချာပေါက် ပိုင်ဆိုင်လာတတ်ကြသည်။
ဥပမာ စွန်းယန်ဝမ် ထိုးဖောက်လိုက်သော နားအနောက်ဘက်မှ လျှို့ဝှက်သွေးကြောသည် မြေပြင်ပေါ်ရှိ အသံဗလံများ အားလုံးကို ကြားနိုင်စွမ်း ရှိခြင်းဖြစ်သည်။
ထိုသွေးကြောကို ထိုးဖောက်ပြီးနောက် လေတိုးသံကို နားထောင်ရုံဖြင့် အရာဝတ္ထုများအပေါ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊ နံရံများကို ထိုးဖောက်ကာ တစ်ဖက်မှ ပြောဆိုနေသည့် စကားသံများကို နားထောင်နိုင်စွမ်း၊ မိုင်ပေါင်းများစွာ ဝေးသောနေရာမှ ပန်းပွင့်များနှင့် သစ်ရွက်များ ကြွေကျသည့် အသံများကိုပင် ကြားနိုင်စွမ်း ရှိလာသည်။
အမှန်စင်စစ် အသံကို နားထောင်လိုက်ရုံဖြင့် မတူကွဲပြားသော လူများ၏ အသံ၊ ခြေသံ၊ လှုပ်ရှားမှုများ၊ အသက်ရှူသံများနှင့် နှလုံးခုန်သံများ အထိပါ ခွဲခြားသိမြင်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။
စွန်းယန်ဝမ် ၏ နားအတွင်းမှ အညစ်အကြေးများကဲ့သို့ အနက်ရောင် အခိုးအငွေ့အနည်းငယ် ထွက်ပေါ်လာ၏။
ရုတ်တရက် သူ့၏ အကြားအာရုံသည် မရေမတွက်နိုင်သော အသံပေါင်းများစွာကို အဆက်မပြတ် ကြားနေရပြီး ယခင်က သူ့ကို ဖုံးကွယ်ထားခဲ့သော မိုးနှင့်မြေကြားမှ လျှို့ဝှက်ချက်များ အားလုံးကလည်း ယခုအခါ ရုတ်ချည်း ပွင့်လာသလို ခံစားရသည်။
ကျန်းချင်းရှီ သည် သူ့ ညီလေး၏ ပြောင်းလဲမှုအားလုံးကို မျက်ချည်မပြတ် စောင့်ကြည့်နေခဲ့သဖြင့် ဤရုတ်တရက် ဖြစ်ပေါ်လာသော အလှည့်အပြောင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“ဒုတိယ ညီလေးက ဘယ်လိုလုပ်ပြီး မြေသံကို နားထောင်တဲ့ လျှို့ဝှက်သွေးကြောကို ရုတ်တရက်ကြီး ထိုးဖောက်နိုင်သွားရတာလဲ…”
“ဒီသွေးကြောပွင့်လာတာနဲ့ အကြားအာရုံရဲ့ စွမ်းအားက အများကြီး ပိုတိုးသွားလိမ့်မယ်… စွမ်းအားကို လှည့်ပတ်ဖို့အတွက် နောက်ထပ် သွေးကြောင်းတစ်ချောင်း အပိုရလာပြီလို့ ဆိုနိုင်တယ်…”
“လျှို့ဝှက်သွေးကြောတွေရဲ့ စွမ်းအား သိုလှောင်နိုင်မှုပမာဏက အဓိကသွေးကြောကြီး ရှစ်ခုနှင့် ပင်မသွေးကြော ဆယ့်နှစ်ခုလောက် မများပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါက နောက်ထပ် သိုလှောင်နိုင်တဲ့ သွေးကြော တစ်ခုပဲလေ…”
ခဏကြာသောအခါ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်ပေါ်မှ သိမ်မွေ့ပြီး အေးစက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
ထိုအချိန်တွင် ကျန်းချင်းရှီ မှာ အစောပိုင်းက အံ့အားသင့်မှု အတွင်း၌သာ ရှိနေဆဲဖြစ်သည်။
သူနားလည်ထားသော အရာတစ်ခုက ကနဦးအဆင့်အောက်၌ လျှို့ဝှက်သွေးကြောကို ထိုးဖောက်နိုင်သူမှာ မရှိခြင်း မဟုတ်သော်လည်း အလွန်ရှားပါးသည့် အရေအတွက်မျှသာ ဖြစ်သည်။
ဤကဲ့သို့ သွေးကြောများကို ဆက်တိုက်ထိုးဖောက်နိုင်ခြင်း ဆိုသည်ကတော့ သူပင် တစ်ခါမျှ မကြားဖူးသော ကိစ္စဖြစ်သည်။
ကျန်းချင်းရှီ သည် အံ့အားသင့်မှု နှင့် ဝမ်းသာမှု နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ခံစားနေရပြီး စိတ်ထဲတွင် စဉ်းစားနေမိသည်။
“ဒုတိယညီလေးက နောက်ထပ် ဘယ်လို လျှို့ဝှက်သွေးကြောကို ထိုးဖောက်လိုက်ပြန်ပြီလဲ မသိဘူး… အဲဒါက စိမ့်စမ်းသွေးကြောလား… ဒါမှမဟုတ် စန္ဒာလမင်း အနှစ်သာရ သွေးကြောလား… အင်း… အမှောင်ဒီရေ သွေးကြောတော့ မဟုတ်လောက်ဘူး မလား…”
ထိုအချိန်တွင် စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်အတွင်း၌ အစက်အပြောက်ကဲ့သို့ အပေါက်ငယ်လေးများ ဖြစ်ပေါ်လာပြီး ထိုအပေါက်များမှ ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် အအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် အစက်အပြောက်များက တဖြည်းဖြည်း ချိတ်ဆက်သွားသောအခါ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသမျှ အပူဓာတ်အားလုံးသည် အသစ်ဖြစ်ပေါ်လာသော လျှို့ဝှက်သွေးကြောအတွင်းသို့ စီးဝင်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ဆန့်ကျင်ဘက်အားဖြင့် အစက်အပြောက်ကလေးများမှ ဖြစ်ပေါ်လာသော အအေးဓာတ်သည် ပိုမိုလွန်ကဲ ပြင်းထန်လာခဲ့သည်။
စွန်းယန်ဝမ် အနေဖြင့် သူ ယခု ထိုးဖောက်လိုက်သော နဝမမြောက်သွေးကြောမှာ စန္ဒာလမင်းသွေးကြော ဖြစ်ကြောင်း ကို သိရှိထားသည်။
ရုတ်တရက် ထိုလျှို့ဝှက်သွေးကြောပေါ်ရှိ အစက်အပြောက် ကိုးခုသည် တစ်ပြိုင်နက်တည်း တုန်ခါလာကြသည်။
စွမ်းအားများသည် လျှို့ဝှက်သွေးကြောအတွင်း ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း အေးခဲသော အခြေအနေကို ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဤသွေးကြောမှ ထွက်ပေါ်လာသော စွမ်းအားသည် အခြားသွေးကြောများကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးသည့် အခါမှသာ ပုံမှန်အခြေအနေ စွမ်းအားမျိုး ပြန်လည်ရောက်ရှိလာသည်။
ထိုအချိန်တွင် ယန်နတ်ဆေးလုံး၏ အာနိသင်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့၏။
စွန်းယန်ဝမ် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ကျန်းချင်းရှီ ၏ အလောတကြီး မေးမြန်းသံကို ကြားရသည်။
“ညီလေး… မင်း သွေးကြော ဘယ်နှစ်ခု ထိုးဖောက်နိုင်ခဲ့တာလဲ…”
စွန်းယန်ဝမ် က ပြန်ဖြေသည်။
“သုံးခု…”
ကျန်းချင်းရှီ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီးနောက် အနည်းငယ်စဉ်းစားပြီးမှ ထပ်ပြောလိုက်၏။
“သွေးကြော ဆယ့်နှစ်ခုကို ထိုးဖောက်ပြီးမှပဲ ပဉ္စမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ်… မင်းက အရင်ကတည်းက သွေးကြော ခြောက်ခုကို ထိုးဖောက်ပြီးသားဆိုတော့ အခု သုံးခု ထပ်ပေါင်းလိုက်မယ်ဆိုရင် ဆဌမအဆင့်ရဲ့ အလယ်အလတ် အဆင့်ကို ရောက်သွားပြီလို့ သတ်မှတ်လို့ရပြီ…”