← Chapters

“နှစ်နှစ်ဆယ်ကြာပြီးနောက် လောက၏ ထိပ်ဆုံး”

Vol. 7 Ch. 66

“နှစ်နှစ်ဆယ်ကြာပြီးနောက် လောက၏ ထိပ်ဆုံး”

Vol. 7 Ch. 66

စွန်းယန်ဝမ် အားပါးတရ ချီးကျူးလိုက်၏။

“ယန်နတ်ဆေးလုံးက တကယ်ကို အစွမ်းထက်တာပဲ…”

ဤယန်နတ်ဆေးလုံး တစ်လုံးသည် ငါးနှစ်တာ ကျင့်ကြံမှုသက်တမ်းကို ချက်ခြင်းချိုးဖျက်နိုင်စွမ်း ရှိသည်။

စွန်းယန်ဝမ် သည် ဆေးအာနိသင်ကို အသုံးချ၍ သွေးကြောသုံးခုကို ထိုးဖောက်ခဲ့ပြီး ထိုအထဲမှ သွေးကြောနှစ်ခုသည် လျှို့ဝှက်သွေးကြောများ ဖြစ်နေသည်။

သူ့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်ဆိုလျှင် သူသည် ဤငါးနှစ်တာကာလအတွင်း ယခုလောက်အထိ ညံ့ဖျင်းလိမ့်မည် မဟုတ်သော်လည်း အဌမအဆင့် မှ ဆဌမအဆင့်၏ အလယ်အလတ် အဆင့်သို့ ချက်ခြင်းခုန်ပေါက် တိုးတက်လာခြင်းကလည်း မဆိုးဟု ယူဆလိုက်သည်။

ကျန်းချင်းရှီ က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အရင်တုန်းက ငါရဲ့ အခြေအနေနဲ့ အတူတူလောက်ပါပဲ… ငါ ယန်နတ်ဆေးလုံးကို သောက်ခဲ့တဲ့ အချိန်တုန်းကလည်း သွေးကြော ငါးခုပဲ ထိုးဖောက်နိုင်ခဲ့တာ….”

စွန်းယန်ဝမ် စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်မိ၏။

“တကယ်တော့ အစ်ကိုကြီးသာ ကျွန်တော့်ကို အချိန်နည်းနည်းလောက် ထပ်စောင့်ပေးနိုင်မယ်ဆိုရင် ကျွန်တော် နောက်ထပ် ထိုးဖောက်မှုအချို့ လုပ်နိုင်ပါသေးတယ်…”

ယခုအခါ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများ အလွန်အကျွံ စုပြုံနေခဲ့ပြီး လုံးဝ ချေဖျက်နိုင်ခြင်း မရှိသေးပေ။

နောက်ထပ် ရက်သတ္တပတ်များ ကြာသည်အထိ တိုးတက်မှုများက အဆက်မပြတ် ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။

သို့သော် လက်ရှိတွင် အမှန်တကယ် ထိုးဖောက်နိုင်ခြင်း မရှိသေးသောကြောင့် သူက တကူးတက ပြောဆိုမနေတော့ပေ။

သူသည် အကြွားသန်သော ကလေးတစ်ဦး မဟုတ်တော့သည့်အတွက် မေးခွန်းအနည်းငယ်သာ မေးလိုက်သည်။

“ကျွန်တော်ရဲ့ ဆေးအာနိသင်ကို ချေဖျက်မှုက အတော်လေး ကောင်းမွန်တယ်လို့ ယူဆလို့ရတယ်မလား…”

ကျန်းချင်းရှီ က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

“တကယ် မဆိုးဘူး…”

စွန်းယန်ဝမ် အနည်းငယ် ကျေနပ်သွားပြီး စိတ်ထဲတွင် စဉ်းစားလိုက်မိ၏။

“အစ်ကိုကြီးလောက်တော့ မကောင်းပေမယ့်… အစ်ကိုကြီးကိုယ်တိုင် မဆိုးဘူးလို့ ပြောနေပြီ ဆိုကတည်းက ဒါက တော်တော်လေး အဆင်ပြေသွားပြီလို့ ပြောလို့ရတယ်…”

ကျန်းချင်းရှီ သည် အပြင်ပန်းတွင်သာ တည်ငြိမ်နေသလို ဟန်ဆောင်ထားသော်လည်း သူ့၏ စိတ်ထဲတွင်တော့ ပင်လယ်ဒီရေလှိုင်းကြီးများပမာ တဝုန်းဝုန်း ရိုက်ခတ်နေပြီ ဆိုသည်ကို သူမသိခဲ့ပေ။

ယန်နတ်ဆေးလုံးသည် ငါးနှစ်စာ ကျင့်ကြံမှု အချိန်ကာလကို ဆွဲချုံ့ပေးနိုင်သည်ဟု ဆိုခြင်းမှာ စာရွက်ပေါ်တွင် လိမ်လည်ထားသော အရေအတွက်သာ ဖြစ်သည်။

ယင်းသည် ပါရမီရှင်များ၏ ကျင့်ကြံမှု အရှိန်အဟုန် အပေါ်တွင် အခြေခံထားသော တွက်ချက်မှု မဟုတ်ဘဲ သာမန်ကျင့်ကြံသူများ ကျင့်ကြံနိုင်သည့် အမြန်နှုန်းအပေါ်တွင်သာ တွက်ချက်ထားခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ယန်နတ်ဆေးလုံး တစ်လုံး သောက်သုံးပြီးပါက အများဆုံး သွေးကြောနှစ်ခုကိုသာ ထိုးဖောက်နိုင်ပြီး၊ သုံးခုမှ လေးခုအထိ ထိုးဖောက်နိုင်သူသည် ထိပ်သီးပါရမီရှင်များ ဖြစ်သည်။

သွေးကြောငါးခုအထိ ထိုးဖောက်နိုင်ပြီ ဆိုလျှင်တော့….

ယင်းက ကျန်းချင်းရှီ ကဲ့သို့ တစ်ခေတ်တွင် တစ်ဦးသာ ထွက်ပေါ်လာနိုင်သော သူမျိုး ဖြစ်ပေလိမ့်မည်။

အကယ်၍ အထွဋ်အထိပ် ကျင့်စဉ်ကို ကျင့်ကြံထားသလို မွေးရာပါ ပါရမီ ကလည်း အလွန်မြင့်မားသူ တစ်ဦး ဖြစ်နေခဲ့လျှင်တော့ လအနည်းငယ်အတွင်း နောက်ထပ် သွေးကြောတစ်ခု ထပ်မံ ထိုးဖောက် နိုင်မည် ဖြစ်သည်။

သို့သော လူတစ်ဦးနှင့်တစ်ဦး၏ အရည်အချင်းနှင့် စွမ်းရည်များက မည်သို့မျှ မတူညီနိုင်ပေ။

အချို့သူများသည် မွေးရာပါ ပါရမီကြောင့် သွေးကြောအချို့ကို ထိုးဖောက်ရန် လွယ်ကူမှု ရှိသော်လည်း အချို့သွေးကြောများသည် အလွန်အမင်း ထိုးဖောက်ရ ခက်ခဲသည်။

ထို့ကြောင့် မည်မျှ ပါရမီမြင့်မားသူတစ်ဦးပင်ဖြစ်စေ ဤကဲ့သို့ အမြန်နှုန်းမျိုးကို အမြဲတမ်း ထိန်းထားနိုင်မည် မဟုတ်ပေ။

အထွဋ်အထိပ် သွေးကြောကျင့်စဉ်သည် ခန္ဓာကိုယ်အား အခြေခံအုတ်မြစ်ချသော ကျင့်စဉ်တစ်ခု ဖြစ်သည်။

ထိုကျင့်စဉ်ကို ကျင့်ကြံထားသူ တစ်ဦးအနေဖြင့် သွေးကြောတစ်ခုကို ထိုးဖောက်နိုင်ရန် သာမန် အခြေအနေထက် အဆပေါင်းများစွာ ပိုသော အချိန်ကို သုံးစွဲရလေ့ရှိသည်။

ယခင်က ကျန်းချင်းရှီ သည် သန့်စင်သော ချီစွမ်းအင်ကို အသုံးပြုကာ သွေးကြောငါးခုကို ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို အသုံးပြု၍ သွေးကြောသုံးခုကို ထိုးဖောက်နိုင်ခဲ့ပြီး ထိုအထဲမှ နှစ်ခုဆိုလျှင် လျှို့ဝှက်သွေးကြောများ ဖြစ်နေသောကြောင့် သူတို့ကြားမှ အခြေအနေချင်းက လုံးဝမတူညီတော့ပေ။

ကျန်းချင်းရှီ ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးသည့် အမူအယာများ ရှိနေသော်လည်း သူက ချက်ခြင်း ပြောလိုက်၏။

“အုပ်စု(ဂ)ရဲ့ ပွဲစဉ်တွေ အကုန်လုံးလည်း ပြီးသွားပြီ… ညီလေးကိုယ်တိုင်လည်း ဆေးကိုသောက်ပြီး ဆေးအာနိသင်ကို ထုတ်ယူပြီးသွားပြီ… စွမ်းအားလည်း ပိုကြီးလာပြီ… ကျန်တဲ့ ပွဲစဉ်တွေက ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး… မကြည့်ချင်ရင်လည်း ရတယ်… အစ်ကိုကြီး သွားတော့မယ်…”

စွန်းယန်ဝမ် သည် ဤကိစ္စကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။

အထူးသဖြင့် ဖက်တီးအဖိုးအို ရောက်ရှိလာသည့် အခြေအနေသည် အနည်းငယ် ထူးဆန်းနေပြီး သူ့ပုံစံက အသားဖြူဖြူ၊ ခပ်ဝဝနှင့် နှုတ်ခမ်းမွှေးလည်း မရှိသလို ကနွဲ့ကလျ အနည်းငယ် နိုင်သောကြောင့် မိန်းမစိုး တစ်ဦးနှင့်သာ ပို၍ ဆင်တူနေသည်ဟု သူ ခံစားရသည်။

အစ်ကိုကြီးနှင့် ထိုအဖိုးအိုတို့ စကားပြောဆိုသည့် အခါ သူ့ကိုပင် ထွက်သွားစေသည်ကို ကြည့်ခြင်းအားဖြင့် သူ မသိစေလိုသော ကိစ္စတစ်ခု ရှိနေသည်က သေချာသည်။

သူသည် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ဘာမျှမတတ်နိုင်သောကြောင့် ဂရုစိုက်ရန်သာ မှာလိုက်သည်။

“အစ်ကိုကြီး မြန်မြန်သွားပြီး… မြန်မြန်ပြန်လာခဲ့ပါ…”

သူနှင့် ကျန်းချင်းရှီ ဆိုသည်မှာ သိုင်းပညာများ အတူတူ ကျင့်ကြံခဲ့သလို၊ သွားအတူ၊ လာအတူ အမြဲတမ်း အတူတကွ ရှိခဲ့သော ညီအစ်ကို များဖြစ်သည်။

ရုတ်တရက် တစ်ယောက်က ထွက်ခွာသွားသောအခါ ကျန်ရစ်ခဲ့သူ အနေဖြင့် အနည်းငယ်တော့ စိတ်လက် မအီမသာ ဖြစ်ရပြီး မည်ကဲ့သို့ ပြောဆိုရမှန်း မသိသော ခံစားချက်ကို ခံစားရစေသည်။

မျက်လုံးကလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားရပြီး မျက်ရည်တော့ မကျဖြစ်ခဲ့ပေ။

ကျန်းချင်းရှီ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

သူသည် မကြာခင် ပြန်လာမည်ဟုသာ ပြောလိုက်ရသော်လည်း တုကုမိန် ယူလာသော သတင်းက သူ့အတွက် အလွန်အရေးကြီး နေသည်။

ဒီတစ်ခေါက်သွားလျှင် ပြန်မလာဖြစ်တော့မည်ကိုလည်း သူ အလွန် စိုးရိမ်နေမိသည်။

ကျန်းချင်းရှီသည် ငယ်စဉ်ကတည်းက ဆောင်ယန်ဂိုဏ်းသို့ ပို့ဆောင်ထားခြင်း ခံရပြီး ကျန်းယွမ်ချောင် ၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည်။

သူ့၏ ငယ်ဘဝမှတ်ဉာဏ်များ အားလုံးက ဆောင်ယန်ဂိုဏ်းအတွင်း၌သာ ရှိခဲ့သည်။

သူ ကျင့်ကြံတတ်သည့် အရွယ်တွင် ဆောင်ယန်ဂိုဏ်း၏ သိုင်းပညာများကို ကျင့်ကြံခဲ့ရပြီး ဆရာနှင့် သူ့ကြားမှ သံယောဇဉ်သည် ဆရာတပည့်ဆိုသော အတိုင်းအတာထက် များစွာ ပိုမိုနက်ရှိုင်းသည်။

သူ့အစ်မနှစ်ဦးနှင့် ဆက်ဆံရေးသည် သားအမိများပမာ ဖြစ်ပြီး စွန်းယန်ဝမ် နှင့် အတူရှိခဲ့သည့် အချိန်က များစွာ မကြာမြင့်သေးသော်လည်း သူ့ညီလေးကို တိုင်ရီကျောင်းတော်သို့ ခေါ်ဆောင်လာသူက သူကိုယ်တိုင် ဖြစ်သည်။

အကယ်၍ သူကသာ အတင်းအကျပ် အာမခံချက် မပေးခဲ့ပါက မိုဝူရွှယ် ၏ မျက်နှာတစ်ခုတည်းဖြင့် ဆရာသည် ဤညီလေးကို တပည့်အဖြစ် လက်ခံရန် စဉ်းစားမည် မဟုတ်ပေ။

ထိုစဉ်က စွန်းယန်ဝမ် ကို ပထမဦးဆုံး စတင်တွေ့ခဲ့သည့် အချိန်မှာပင် ညီလေးအရင်း တစ်ဦးလို ချစ်ခင်မိခဲ့ပြီး သူ့ညီလေးကလည်း မျက်နှာမြင် ချစ်ခင်ပါစေ ဟူသော ဆုတောင်းမျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်။

စွန်းယန်ဝမ် ၏ ကျင့်ကြံမှု ထက်ဝက်သည် သူ့၏ သင်ကြားပြသမှုများသာ ဖြစ်ပြီး ဆရာဖြစ်သူ၏ တိမ်လိုမြူလို စကားလုံးတစ်လုံးချင်းစီကို သူကိုယ်တိုင် အသေးစိတ် ပြန်ရှင်းပေးခဲ့သည်။

စွန်းယန်ဝမ် နားမလည်သော ကျင့်ကြံမှုအားလုံးကိုလည်း သဘောပေါက်အောင် ထပ်ခါတလဲလဲ ပြောပြခဲ့ပြီး ဓားကျင့်စဉ် လေ့ကျင့်သည့်အခါ သူက အနီးမှ တစ်ကွက်ချင်းစီ သရုပ်ပြရင်း သူ့ညီလေးနှင့်အတူ လေ့ကျင့်ပေးခဲ့သည်။

စွန်းယန်ဝမ် ကိုယ်တိုင် သတိမထားမိသော်လည်း သူ့၏ စားရေး၊ ဝတ်ရေး၊ နေရေးမှအစ သွားလာရေး ကိစ္စများအဆုံး ကျန်းချင်းရှီ ကသာ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စွန်းယန်ဝမ် ဆိုသည်မှာ သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသော ညီငယ်လေး တစ်ဦးနှင့် မခြားပေ။

သူ့ညီအပေါ်တွင် ဆရာနှင့် အစ်မတို့အပေါ် ထားသော ချစ်ကြောက်ရိုသေမှု သံယောဇဉ်နှင့် မတူဘဲ ညီအစ်ကိုချင်း ရင်းနှီးချစ်ခင်သော သံယောဇဉ်မျိုး ရှိသည်။

ယခုတစ်ကြိမ် ထွက်သွားပြီးနောက် နောင်တစ်ချိန်တွင် သူ့၏ ဆရာနှင့် အစ်မများကို ပြန်လည် ဆုံတွေ့ခွင့် ရနိုင်ပါဦးမည်လား၊ သို့မဟုတ် သူ့ညီလေးကို နောက်တစ်ခေါက် စကားပြောပြီး ညီလေး၏ ကျင့်ကြံမှုများအား ထောက်ပြပြောဆိုခွင့် ရနိုင်ပါဦးမည်လား ဆိုသည်က ကျန်းချင်းရှီ အတွက် မသေချာတော့ပေ။

ကျန်းချင်းရှီ သည် ဓားနတ်ဘုရားငယ်လေး ဟူသော နာမည်ကို ရခဲ့ပြီးနောက် ဓားတောင်ထွဋ်မှ တောင်ထိပ်သခင် အကြီးအကဲကိုယ်တိုင် ဓားနတ်ဘုရား ဟူသော ဘွဲ့ကို ပေးအပ်ခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် အလွန်နာမည်ကျော်ကြားပြီး နောင်တစ်ချိန်တွင် ဂိုဏ်းချုပ်ကြီး တစ်ဦး သေချာပေါက် ဖြစ်လာမည့်သူဟု လူတိုင်းက သတ်မှတ်ထားကြသော်လည်း လူသည် အရာဝတ္ထု ပစ္စည်း မဟုတ်သောကြောင့် မည်သူက သံယောဇဉ် မရှိဘဲ နေပါမည်နည်း။

ကျန်းချင်းရှီ ၏ ရင်ထဲတွင် ခံစားချက်များဖြင့် တင်းကျပ်နေခဲ့၏။

ရုတ်တရက် သူက စွန်းယန်ဝမ် ၏ ပခုံးကို လှမ်းပုတ်ကာ ပြောသည်။

“မသွားခင်မှာ အစ်ကိုကြီးအနေနဲ့ ပြောပြစရာ စကားနည်းနည်း ရှိတယ်…”

“ငါတို့ ဆရာ့ဆီမှာ တပည့်မဖြစ်သေးခင်က ဆရာဟာ တပည့်တစ်ယောက်ကို လက်ခံခဲ့ဖူးတယ်…”

စွန်းယန်ဝမ် အံ့အားသင့်သွားကာ မေးလိုက်သည်။

“အဲဒီအစ်ကိုကြီးကော…. သူက ဂိုဏ်းကို သစ္စာဖောက်သွားလို့လား…”

ကျန်းချင်းရှီ ခေါင်းခါလိုက်၏။

“တစ်စုံတစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားခဲ့တယ်…”

စွန်းယန်ဝမ် အားတုံ့အားနာ ဖြစ်သွားပြီး ချက်ခြင်း ပြန်ပြောသည်။

“ကျွန်တော် စိတ်ထင်တာတွေ လျှောက်ပြောမိသွားပြီ… အဲဒါဆို ဆရာက ပြန်ပြီး လက်စားမချေဘူးလား…”

ကျန်းချင်းရှီ က ညင်သာစွာ ပြောသည်။

“တိုက်ခိုက်တဲ့သူက အင်ပါယာနန်းတော်ကလူပဲ… အဲဒီလူကိုလည်း ဆရာကိုယ်တိုင် ပြန်သတ်ပစ်ခဲ့တယ်… ဒါပေမဲ့ တကယ့် လူသတ်သမားအစစ်ဟာ တခြားလူတစ်ယောက် ဆိုတာကို ငါရော ဆရာရော နှစ်ယောက်စလုံး သိပါတယ်…”

“ဆိုးတာက နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲဆိုတာကို လုံးဝစုံစမ်းလို့ မရတာဘဲ…”

စွန်းယန်ဝမ် က သိချင်စိတ်ဖြင့် မေးသည်။

“အဲဒီအစ်ကိုကြီးကို ဘာဖြစ်လို့ သူတို့က သတ်ချင်ခဲ့ရတာလဲ…”

ကျန်းချင်းရှီ ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ထိုအခြေအနေကို ပြောပြသည်။

“ဆောင်ယန်ဂိုဏ်းရဲ့ နောက်ပိုင်းမျိုးဆက်မှာ ထူးချွန်တဲ့ ပါရမီရှင်တွေ ဆက်တိုက်ထွက်ပေါ်လာတာကို ဘယ်သူကမှ မမြင်ချင်ကြဘူး… ဒါက အောက်လမ်းဂိုဏ်းရဲ့ နောက်မျိုးဆက်မှာ သိပ်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာတာကို ဘယ်သူကမှ မလိုလားသလိုမျိုးပေါ့…”

“ဒါက ငါတို့ ကျင့်ကြံခြင်းလောကရဲ့ ဂိုဏ်းတွေမှာတင် မဟုတ်ပါဘူး… တာ့လန်တော်ဝင် မင်းဆက်ရဲ့ အင်ပါယာနန်းတော်ထဲမှာလည်း ပါရမီရှင် ကလေးငယ်အချို့ဟာ နှစ်စဉ် သေဆုံးနေကြရတယ်… နန်ရှားနဲ့ ပေယန်တို့မှာလည်း ဒီအတိုင်းပဲ…”

“နောက်ပြီး မင်းကိုယ်တိုင်လည်း လုပ်ကြံခံရဖူးတယ် မဟုတ်လား…”

“အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ တခြားပါဝင်ပတ်သူနေသူတွေ ကျိန်းသေပေါက် ရှိနေလိမ့်မယ်… အောက်လမ်းဂိုဏ်းရဲ့ လက်ချက်တောင် ဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မယ်…”

“တစ်ခါတလေကျရင် အောက်လမ်းဂိုဏ်းက လူတွေကိုယ်တိုင်လည်း ဓားတစ်လက်လို အသုံးချခံရတဲ့ အခြေအနေမျိုးတွေ ရှိတတ်တယ်… အောက်လမ်းဂိုဏ်းသား အနည်းငယ်ကို ပိုက်ဆံပေးပြီး ဝယ်ယူတာက ခက်ခဲတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ…”

စွန်းယန်ဝမ် လေအေးတစ်ရှိုက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ထဲတွင်လည်း ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသလို ခံစားလိုက်ရသည်။

ကျန်းချင်းရှီ က ဖြည်းညင်းစွာ ပြောသည်။

“အဲဒါကြောင့် ဆရာနဲ့ အစ်ကိုကြီးက ညီလေးကို ခဏလောက်တော့…”

သူ့အစ်ကိုကြီး သည် ရုတ်တရက် စကားစ ပြတ်သွားပြီး ဆက်ပြောစရာ စကားလုံးများ ရှာဖွေနေသည်ကို မြင်သောအခါ စွန်းယန်ဝမ် က ချက်ခြင်း စကားဝင်ထောက်ပေးလိုက်၏။

“အစွမ်းအဆကို ဖုံးကွယ်ထားပြီး တိတ်တဆိတ် စောင့်ဆိုင်းပါ…”

ကျန်းချင်းရှီ က ခေါင်းညိတ်ရင်း ပြောသည်။

“ကောင်းလိုက်တဲ့ စကားလုံးပဲ… အစွမ်းအဆတွေကို ဖုံးကွယ်ထားပြီး တိတ်တဆိတ် စောင့်ဆိုင်းရမယ်… ဘာဖြစ်လို့လဲဆိုတော့….”

အစ်ကိုကြီးသည် နောက်ထပ်တစ်ကြိမ် စကားလုံးများ ရှာမရသည်ကို မြင်သောအခါ စွန်းယန်ဝမ် က ဝင်ပြောပေးလိုက်ပြန်၏။

“တောလယ်ခေါင်မှာ အမြင်ဆုံးဖြစ်နေတဲ့ သစ်ပင်ဟာ လေပြင်းကြောင့် ပြိုလဲရတယ်…”

ကျန်းချင်းရှီ က အလွန်အမင်း ချီးကျူးလိုက်သည်။

“အတိအကျပဲ… အဲဒါကြောင့်…”

သူသည် အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အလွန်စိတ်ထိခိုက် သွားနိုင်လောက်သည့် အရေးကြီးသော စကားတစ်ခုကို ပြောသင့် မပြောသင့် ချိန်ဆနေစဉ် စွန်းယန်ဝမ် သည် သူ့အစ်ကိုကြီး စကားလုံး ရှာမရပြန်ဘူး အထင်နှင့် ထပ်ပြောလာသည်။

“ရေစီးကြောင်းဟာ ဘယ်တော့မှ ဦးဆောင်ဖို့ မကြိုးစားဘူး… သူ့ရဲ့ ကြိုးပမ်းမှုက မရပ်မနား စီးဆင်းနေဖို့သာ ဖြစ်တယ်…”

ကျန်းချင်းရှီ ပြောစရာ စကားမရှိတော့ပေ။

သူသည် ဒုတိယညီလေး၏ ပခုံးကို လှမ်းပုတ်လိုက်ရုံမှအပ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

သူ့စိတ်ထဲတွင် ပြောဆိုချင်ခဲ့သည့် စကားတစ်ခွန်း ရှိသော်လည်း ညီအစ်ကိုနှစ်ဦးကြားမှ ချစ်ခင် ရင်းနှီးမှုလေး ပျက်စီးသွားမည်ကို သူမလိုလားပေ။

အကယ်၍ စွန်းယန်ဝမ် သာ သိခဲ့မည်ဆိုလျှင် သူ့အစ်ကိုကြီးနေရာမှဝင်ကာ သူက ဤကဲ့သို့ အတိအကျ ပြောပေလိမ့်မည်။

“ဒုတိယညီလေး… မင်းပြောတဲ့ ဥပမာက တကယ်ကောင်းမွန်ပါတယ်… ဒါပေမဲ့ နောက်တစ်ခါတော့ ထပ်မပြောပါနဲ့တော့…”

ကျန်းချင်းရှီသည် သူ့ညီကို စိတ်မချသေးဘဲ နောက်တစ်ကြိမ် မှာကြားလိုက်ပြန်သည်။

“အစ်ကိုကြီး မင်းရဲ့ ကျင့်ကြံမှု သက်တမ်းကို နှစ်အနည်းငယ် တိုးပြောထားတယ် ဆိုတာက ညီလေးရဲ့ ပါရမီကို ဖုံးကွယ်ထားချင်လို့ပဲ… အစ်ကိုကြီး ဒီတစ်ခေါက် ထွက်သွားရင် ညီလေး တိုင်ရီကျောင်းတော်ကို မပြန်သေးဘဲ ဆောင်ယန်ဂိုဏ်းမှာပဲ နေနေပါ…”

“ကိုယ့်ရဲ့ စွမ်းရည်ကို ဘယ်တော့မှ ထုတ်မပြဘဲ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး သည်းခံနေပါဦး…”

“အခုအချိန်မှာ မင်းရဲ့ သိုင်းပညာက တခြားသူတွေနဲ့ ယှဉ်ရင်….”

စွန်းယန်ဝမ် က အစ်ကိုကြီးကို ကိုယ်စားပြုလျက် အလျင်အမြန် ဝင်ပြောသည်။

“ဒါက ခဏတာလောက် စဉ်းစားဖို့တောင် ထိုက်တန်မှု မရှိပါဘူး…”

ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ၏ အနည်းငယ် အဓိပ္ပာယ် ဖော်ရခက်သည့် စကားကို သေသေချာချာ နားမလည် သော်လည်း မည်သို့ပင်ဆိုစေ သူသည် ဤအရေးမကြီးသော စကားများအတွက် ခေါင်းစားခံမနေတော့ပေ။

ထို့ကြောင့် လေးနက်သော အသံဖြင့် ထပ်ပြောလိုက်သည်။

“ညီလေးရဲ့ ကျင့်ကြံမှု ပါရမီက အစ်ကိုကြီးထက်တောင် သာသေးတယ်… အဲဒါကြောင့် အစ်ကိုကြီး မျှော်လင့်တာက နောက်ထပ် နှစ်နှစ်ဆယ်လောက် ကြာပြီးတဲ့အချိန်မှာ ညီလေးကိုယ်တိုင် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေဖို့ပါပဲ…”

“အဲဒီအချိန် ကျင့်ကြံခြင်းလောကထဲမှာ အစ်ကိုကြီး လှည့်ပတ်နေရဦးမယ်ဆိုရင်…”

“လူတွေကို ငါ့ရဲ့ ညီလေးဟာ….”

“ကျင့်ကြံခြင်းလောကရဲ့ ပြိုင်ဘက်မရှိတဲ့ ကျင့်ကြံသူ ဖြစ်တယ်ဆိုတာ ပြောနိုင်ဖို့ အတွက်ပေါ့…”

All Chapters