“စွန်းညီလေးက တော်တော် ဂရုစိုက်တတ်သူပဲ”
Vol. 7 Ch. 67
ထိုနောက်ဆုံးစကားကို ပြောပြီးနောက် ကျန်းချင်းရှီ သည် ဝိညာဉ်ဓားအဆောက်အဦ ထက်မှ အောက်သို့ ပေါ့ပါးစွာဆင်းသွားပြီး မိန်းမစိုးနှင့်တူသော တုကုမိန် နှင့်အတူ ထွက်ခွာသွားတော့သည်။
စွန်းယန်ဝမ် သည် အချိန်အတန်ကြာသည်အထိ စဉ်းစားနေပြီးမှ ရုတ်တရက် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“နှစ်နှစ်ဆယ်ပေါ့ ဟုတ်လား…”
“ဒါသာ ဝတ္ထုတစ်ပုဒ်ဆိုရင် ပျော်ရွှင်ရမယ့် အချိန်ကာလကို ဒီလောက်ကြာအောင် ဆွဲဆန့်ထားမှတော့ နှစ်လလောက်နဲ့ စာဖတ်သူတွေ အကုန်လုံး ထွက်ပြေးကုန်မှာ သေချာတယ်…”
“အစ်ကိုကြီးရဲ့ စကားက လက်တွေ့ဘဝနဲ့ အတော်အလှမ်းဝေးလွန်းတယ်…”
“ဒါပေမဲ့ အစ်ကိုကြီးပြောသွားတဲ့ ကိစ္စက တော်တော်လေးကို အန္တရာယ်များတယ်…”
“ဆရာက ငါ့ကို ဘာဖြစ်လို့ တိုင်ရီကျောင်းတော်ကို ပြန်မလာခိုင်းရတာလဲ… ဆရာ့ဘေးမှာ နေရတာထက် ပိုပြီး ဘေးကင်းလုံခြုံတဲ့နေရာမျိုး ရှိသေးလို့လား…”
“ဒါမှမဟုတ် ငါ့ကို ငါးစာချချင်လို့ ဒီနေရာကို တမင်တကာ လွှတ်ပေးလိုက်တာမျိုးလား…”
“ငါ့ကို ဒီနေရာမှာ လာထားပြီး သုံးစားမရတဲ့ လူတစ်ယောက်လို ဟန်ဆောင်ခိုင်းထားတာလား… အဲဒါဆိုရင် ဘယ်သူကမှ လာလုပ်ကြံမှာ မဟုတ်တော့ဘူး… ဒီလိုမျိုးလား…”
“ဒါပေမဲ့ မတော်တဆ တစ်ခုခုလွဲချော်သွားရင်ကော ဘယ်လိုလုပ်ကြမလဲ…”
စွန်းယန်ဝမ် ၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများက တသီတတန်းကြီး ဝင်ရောက်လာသည်။
ချက်ခြင်းဆိုသလို အစ်ကိုကြီးနှင့် ခွဲခွာရသော အခိုက်အတန့်မှ ဝမ်းနည်းမှုလေးပင် အနည်းငယ် မှုန်မှိုင်းသွားသလို ဖြစ်သွားတော့၏။
ရုတ်တရက် ဝိညာဉ်ဓားအဆောက်အဦ ပေါ်သို့ တက်လာသော ပေါ့ပေါ့ပါးပါး ခြေသံနှစ်သံကို ကြားလိုက်ရသည်။
“စွန်းအစ်ကို နေ့လယ်ရောက်နေပြီနော်… ကျွန်မတို့ လက်ဖက်ရည်နဲ့ စားစရာမုန့်တချို့ ပြင်ဆင်ထားတယ်…”
ထိုအခါမှ စွန်းယန်ဝမ် လည်း သူသည် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို ရွှေတောင်ထွဋ် အဆောက်အဦ အတွင်း ထားရစ်ခဲ့သည်ကို ပြန်အမှတ်ရမိတော့သည်။
ယခုအခါ မိန်းမပျိုနှစ်ဦးသည် သူမတို့ဘာသာ “အိမ်” ကို ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
စွန်းယန်ဝမ် က ချက်ခြင်းပင် ရှေ့မျက်နှာနောက်ထားကာ အော်ဟစ်လိုက်သည်။
“အစ်မတို့ မြန်မြန်တက်လာခဲ့ကြ…”
စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ နှစ်ဦးစလုံး အလွန်စိတ်များ ပူပန်ကာ အပေါ်ထပ်သို့ ပြေးတက်လာကြသည်။
ကျန်းချင်းရှီ တို့ ထွက်ခွာသွားသည်ကို သူမတို့လည်း မြင်လိုက်ရပြီး မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မသိရသော်လည်း မေးမြန်းရန်လည်း မဝံ့ရဲခဲ့ပေ။
စွန်းယန်ဝမ် သည် သူမတို့အား ရှင်းပြခြင်း မရှိဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ကျွန်တော် အုပ်စု(ဂ)မှာ ပထမရသွားပြီ… ကျန်တဲ့ ပြိုင်ပွဲတွေက ကျွန်တော်နဲ့ လုံးဝ မပတ်သက်တော့ဘူး… အဲဒါကြောင့် တိုင်ရီကျောင်းတော်ကိုပဲ ပြန်တော့မယ်…”
စွန်းလင်အာ က ချက်ခြင်းပင် ရှက်ရွံ့စွာ မေးလာ၏။
“ကျွန်မတို့က တိုင်ရီကျောင်းတော်ကို လိုက်လည်လို့ သင့်တော်ပါ့မလား…”
စွန်းယန်ဝမ် က ရယ်လိုက်ပြီး ပြန်ဖြေသည်။
“ဘာဖြစ်လို့ မရရမှာလဲ… ကျွန်တော်က တိုင်ရီကျောင်းတော်ရဲ့ အကြီးဆုံးသူပဲလေ… စွန်းအစ်မက အဖိုးစွန်းကိုပါ တစ်ခါတည်း ခေါ်လာလို့ရတယ်… ကျွန်တော် အားလုံးကို နေစရာနေရာ စီစဉ်ပေးနိုင်တယ်…”
နန်မန်ကုန်း ကလည်း စိတ်လှုပ်ရှားစွာ မေးသည်။
“ကျွန်မ ရှောင်ကျင်း ကိုလည်း တိုင်ရီကျောင်းတော်ကို ခေါ်လာလို့ ရတယ်မလား…”
စွန်းယန်ဝမ် က ဖြေသည်။
“ရတာပေါ့…”
အစ်ကိုကြီးမှာ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် သူသည် တစ်ကိုယ်တည်း အထီးကျန်သွားပြီ ဖြစ်သည်။
တိုင်ရီကျောင်းတော်တွင် လူအနည်းငယ် ထပ်မံတိုးလာမည် ဆိုပါက ပို၍ပျော်စရာ ကောင်းပေလိမ့်မည်။
သူ့အတွက် နစ်နာစရာလည်း မရှိပါ။
ဤမိန်းမပျို နှစ်ဦးစလုံး၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသည် ဆိုသည်ကို သူမသိဘဲ နေပါမည်လား။
သူ့အနေဖြင့် ထိုသို့သော ကိစ္စမျိုးကို ဘယ်သောအခါမှ ဆန့်ကျင်ဘက်လုပ်လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့သည် အသက်အနည်းငယ် ငယ်ရွယ်နေသေးသဖြင့် ထိုကိစ္စများကို ယာယီအားဖြင့် စိတ်ပူနေစရာ မလိုအပ်သေးပေ။
စွန်းယန်ဝမ် သည် ပါးစပ်ကသာ သွားမည်ဟု ပြောသော်လည်း ချက်ခြင်း ထွက်ခွာခြင်း မရှိသေးဘဲ မိန်းမပျိုနှစ်ဦး ယူလာသော နေ့လယ်စာကို သုံးဆောင်ရင်း အစ်မကြီးနှစ်ဦး၏ အဖော်ပြုပေးခြင်းကို ခံယူကာ အရသာရှိရှိ ဇိမ်ယူနေ၏။
ထို့နောက် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို ဦးစွာ ပြန်ခိုင်းပြီးမှ ဝိညာဉ်ဓားတောင်ထိပ်ရှိ တိုင်ရီကျောင်းတော်သို့ ထွက်ခွာလာခဲ့သည်။
သူပြန်ရောက်ပြီး မကြာမီ အချိန်တွင် ဧည့်သည့်များလည်း ရောက်ရှိလာကြသည်။
သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ လင်းဟူရှောင် နှင့် ထန်းဖန်ရွှယ် တို့ကိုပါ တွေ့လိုက်ရသည်။
မိတ်ဆက်နေစရာပင် မလိုအပ်ဘဲ ထိုသူသည် ခြောက်ယောက်မြောက် ဦးလေး ယင်ပိုင်လျန် ၏ တပည့်ကြီး ကျန်းကျီ ဖြစ်ကြောင်း စွန်းယန်ဝမ် သိလိုက်သည်။
လင်းဟူရှောင် မှာ အနည်းငယ် ဒေါသထွက်နေသေးဟန် တူသည်။
ထန်းဖန်ရွှယ် ၏ အခြေအနေကတော့ သူ့ထက် များစွာပိုကောင်းပြီး အနည်းဆုံး သူမက လိမ္မာရေးခြားရှိကာ ဆရာဦးလေးငယ် ဟု ခေါ်သေးသည်။
ကျန်းကျီ ၏ စိတ်နေသဘောထားမှာတော့ နွေဦးလေညှင်းလေး ကဲ့သို့ နွေးထွေးနေကာ ပြုံးရွှင်သော မျက်နှာထားနှင့် သူ့ကို ပြောသည်။
“သွေးဝံပုလွေ မြင်းတပ်ဖွဲ့ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းဖို့ ဆရာက မင်းကို ခေါ်ခိုင်းလိုက်လို့ပါ….”
“စွန်းညီလေးရဲ့ ပြိုင်ပွဲကလည်း ပြီးသွားပြီဆိုတော့ အတော်ပဲ ဖြစ်သွားတာပေါ့… ငါတို့ မနက်ဖြန် စထွက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ…”
စွန်းယန်ဝမ် က လက်ခံရန် ပြင်ပြီးမှ ရုတ်တရက် စဉ်းစားလိုက်ပြီး အဖြေပြန်ပေးသည်။
“ကျွန်တော့ကို နောက်ထပ် ရက်နည်းနည်းလောက် အချိန်လေး ပေးပါဦး… နှစ်ရက် သုံးရက်လောက်ပါပဲ…”
ယခု သူသည် သွေးကြောကိုးခုအထိ ပွင့်လာသောကြောင့် ဆဌမအဆင့်၏ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
သူ့ရုပ်ခန္ဓာ ကျင့်ကြံမှုသည် သတ္တမအဆင့်ကို ရောက်ရှိနေပြီး ခန္ဓာကိုယ် အတွင်းပိုင်း ချီစွမ်းအင် ကျင့်ကြံမှုမှာ ဆဌမအဆင့် ဖြစ်သောကြောင့် ထိုနှစ်ခု ပေါင်းစပ်လိုက်မည် ဆိုလျှင် ကျင့်ကြံခြင်းလောက၌ များစွာ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
အကယ်၍ နောက်ထပ်ရက်အနည်းငယ် ကျင့်ကြံနိုင်မည်ဆိုလျှင် သူ့၏ ကျင့်ကြံမှုအဆင့်သည် ပို၍ တိုးတက်လာနိုင်ဖွယ် ရှိသေးသည်။
ကျန်းကျီ က ပြော၏။
“ဒီလောက်က ပြဿနာမရှိပါဘူး… စွန်းညီလေးဘက်က အဆင်ပြေမယ်ဆိုရင် အစ်ကိုက လင်းဟူ ညီလေးနှင့် ထန်းရွှယ်တူမလေးတို့ကို ခေါ်ပြီး ဒီမှာပဲ နေလို့ရတယ်မလား… ညီလေးရဲ့ ပြင်ဆင်မှုတွေ ပြီးတာနဲ့ ဒီကနေပဲ အတူတူ ထွက်ခွာကြတာပေါ့…”
စွန်းယန်ဝမ် က ချက်ခြင်း သဘောတူလိုက်ပြီး သူတို့သုံးဦးအတွက် နေစရာနေရာများ စီစဉ်ပေးလိုက်သည်။
ကျန်းကျီ သည် ကျန်းယန် ၏ ရိုက်သွင်းထားခြင်းကို ခံထားရသူတစ်ဦးဟု ပြောစရာမလိုအောင်ပင် စွန်းယန်ဝမ်ကို လင်းဟူရှောင်၊ ထန်းဖန်ရွှယ် တို့နှင့် ပို၍ ရင်းနှီးနွေးထွေးသော ဆက်ဆံရေးများ တည်ဆောက်နိုင်စေရန် တမင်တကာ ဖန်တီးနေခြင်းဖြစ်သည်။
အကြောင်းမှာ ဤကလေးများသည် ဆောင်ယန်ဂိုဏ်း၏ အနာဂတ်ထောက်တိုင်ကြီးများ ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်နေသောကြောင့်ပင်။
အကယ်၍ သူတို့အချင်းချင်းကြား အမြင်မကြည်မလင်မှုများ ရှိနေမည်ဆိုလျှင် ဆောင်ယန်ဂိုဏ်း အတွက် မည်သို့မျှ ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်နိုင်ပေ။
လင်းဟူရှောင် သည် သူနေရမည့် နေရာသို့ ရောက်ရှိလာသော်လည်း အခန်းအတွင်း အနည်းငယ်မျှ ဂဏှာမငြိမ်နိုင်ဘဲ ရှေ့နောက် လူးလားခေါက်တုံ့ သွားနေ၏။
အကြိမ်အနည်းငယ် လျှောက်ပြီးနောက် အစ်ကိုကြီး ကျင့်စဉ်ဝင်သွားလောက်ပြီဟု ယူဆလိုက်ပြီး အပြင်ကို တိတ်တဆိတ် ခိုးထွက်လာခဲ့သည်။
သို့သော် ထန်းဖန်ရွှယ် မှာလည်း နံရံမှ ဖက်တက်နေသော အခြေအနေမျိုး သူတွေ့လိုက်ရ၏။
သူက သူမ၏ အခြေအနေကို တိတ်တဆိတ် ရယ်မောလိုက်ပြီး သူကိုယ်တိုင် ထန်းဖန်ရွှယ် ကို ပွေ့ချီကာ နံရံထက်မှ ခုန်ဆင်းလိုက်သည်။
လင်းဟူရှောင် သည် အဌမအဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်၏ ပေါ့ပါးမှု နည်းစနစ်က အလွန်အဆင့်မြင့်နေပြီ ဖြစ်သည်။
ထန်းဖန်ရွှယ် သည် ရုတ်တရက် ပွေ့ချီခြင်း ခံလိုက်ရသောကြောင့် အကြီးအကျယ် ထိတ်လန့်သွားပြီး ချက်ခြင်း လှည့်ကြည့်လိုက်ရာ သူမ၏ အစ်ကိုကြီး ဖြစ်နေသဖြင့် ပါးစပ်သေးသေးလေးကို လက်ဖြင့် အလျင်အမြန် အုပ်ထားလိုက်မိသည်။
လင်းဟူရှောင် သည် ပေါ့ပါးမှုနည်းစနစ်ကို အသုံးပြုကာ မီတာဒါဇင်ပေါင်းများစွာ ပြေးလွှားလာပြီးမှ သူမကို အောက်သို့ ချပေးလိုက်၏။
ထို့နောက် ခပ်တိုးတိုးပြောလိုက်သည်။
“ငါတို့ စွန်းယန်ဝမ် ကို သွားရှာပြီး သူနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ကြမယ်…”
ထန်းဖန်ရွှယ် က သူမခေါင်းလေးကို ပုတ်သင်ညိုတစ်ကောင်လို တဆတ်ဆတ် ညိတ်ပြလိုက်၏။
သူမကိုယ်တိုင်လည်း အလွန်မကျေမနပ် ဖြစ်မိနေဆဲ ဖြစ်သည်။
သူမ တတ်ကျွမ်းသည့် မြေမဟာခြေလှမ်း ဓားသိုင်းသည် အလွန်လျင်မြန်သော လှုပ်ရှားမှု နည်းစနစ်များအပေါ် အခြေခံထားသောကြောင့် အလွန်ကျဉ်းမြောင်းသော ဧရိယာအတွင်း၌ဖြစ်စေ ကောင်းစွာ အသုံးဝင်မှုရှိသည်။
သို့သော် သူမသည် ကလေးတစ်ဦးသာ ရှိသေးသဖြင့် ခြေတံလက်တံများ အနည်းငယ် တိုနေပြီး လျင်မြန်သော လှုပ်ရှားမှု စွမ်းရည်မျိုးတွင် အမှန်တကယ် အားနည်းခဲ့သည်။
ထို့ကြောင့် သိုင်းစင်မြင့်ထက်၌ စွန်းယန်ဝမ် ၏ ဖိအားပေး တိုက်ခိုက်ခြင်းကို ခံရသောအခါ မဖြစ်မနေ ဓားချင်းယှဉ်ခုတ်ရန် ဖြစ်လာခဲ့ရသည်။
အမှန်တွင် စွန်းယန်ဝမ် နှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ရန် သူမကိုယ်တိုင်လည်း မစောင့်နိုင်အောင် ဖြစ်နေခဲ့သည်။
ကျယ်ပြန့်သော မြေနေရာတစ်ခု ရှိမည်ဆိုလျှင် နောက်တစ်ကြိမ် တိုက်ပွဲတွင် သူမ လုံးဝရှုံးနိမ့်မည် မဟုတ်ကြောင်း တစ်ထစ်ချ ယုံထား၏။
နှစ်ဦးသား စွန်းယန်ဝမ် နေထိုင်သည့် ခြံဝန်းအပြင်သို့ ရောက်လာသောအခါ လင်းဟူရှောင် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ အော်ဟစ်လိုက်သည်။
“စွန်းညီလေး…. ငါတို့ မင်းနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ လာခဲ့တာပါ…”
“ဝင်ခဲ့ပါ…”
စွန်းယန်ဝမ် က ခြံအတွင်းမှ ဖိတ်ခေါ်လိုက်၏။
နှစ်ဦးသား ခြံဝန်းအတွင်း ဝင်လိုက်သည့် အချိန်တွင်တော့ မိန်းမပျိုလေး ရှစ်ဦး၊ ကိုးဦးခန့်က စွန်းညီလေး၏ အနီးတွင် ထိုင်ကာ နှိပ်နယ်ပေးနေကြသည်ကို အံ့အားသင့်စွာ မြင်လိုက်ရတော့သည်။
ထိုအထဲမှ နှစ်ဦးသည် သူတို့ ကြားဖူးနားဝရှိထားသော မိန်းမပျိုများဖြစ်သည်။
တစ်ဦးသည် ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစု၏ သခင်မလေးဖြစ်ပြီး နောက်တစ်ဦးက နန်မန်မိသားစုမှ ရှစ်ယောက်မြောက် သခင်မလေး ဖြစ်သည်။
ကျန်မိန်းမပျိုလေးများ အားလုံးက သူမတို့ ခေါ်ဆောင်လာသည့် အစေခံမလေးများ ဖြစ်သည်။
နန်မန်ကျူ ကိုတော့ မမြင်ရသေးပေ….
လင်းဟူရှောင် သည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားပြီး အတန်ကြာမှသာ ဒေါသတကြီးနှင့် လှောင်ပြောင်လိုက်၏။
“စွန်းညီလေးက ကိုယ့်ကိုယ်ကိုယ်တော့ တော်တော်လေးကို ဂရုစိုက်တတ်သူ တစ်ဦးပဲ….”
စွန်းယန်ဝမ် က အနည်းငယ်ပြုံးရင်း ဖြေလိုက်သည်။
“ဘဝမှာ အောင်မြင်ပျော်ရွှင်ရတဲ့ အချိန်ဆိုရင် အပြည့်အဝ ပျော်ရွှင်သင့်တယ်… ရွှေဖလားကြီး ကိုင်ထားပြီး သောက်စရာမရှိတာကြောင့် လရောင်အောက်မှာ အထီးကျန်နေရတဲ့ အဖြစ်ကို ဘယ်သူက ရွေးချယ်ချင်မှာလဲ…. လင်းဟူ အစ်ကိုကြီးမှာ ဘာဖြစ်လို့ ဒီလောက် ပူပင်သောကတွေ များနေရတာလဲ…”
လင်းဟူရှောင် သည် လမ်းပေါ်တွင် ကြီးပြင်းလာသော ကလေးတစ်ဦးဖြစ်သလို ဆောင်ယန်တောင်သို့ ရောက်လာသော အခါတွင်လည်း သိုင်းပညာကိုသာ သင်ယူခဲ့ပြီး စာပေများနှင့် အကျွမ်းတဝင် သိပ်မရှိလှပေ။
သူသည် စာကို အနည်းငယ် ဖတ်တတ်ရုံသာ ရှိသည်။
စွန်းယန်ဝမ် ၏ စကားတစ်ခွန်းက သူ့ရင်ကို မုန်တိုင်းတစ်ခုလို ထိုးဖောက်မွှေနှောက်သွားပြီး အကြီးအကျယ် စိတ်ဓာတ်များ ကျဆင်းသွားစေသော ခံစားချက်ကို ခံစားလိုက်ရစေသည်။
ထန်းဖန်ရွှယ် သည် အတော်လေး ငယ်ရွယ်နေသေး သောကြောင့် သူ့စကားအပေါ် များစွာခံစားရခြင်း မရှိဘဲ မျက်လုံး တောက်တောက်ကလေးဖြင့် မေးလိုက်၏။
“ဒါက ဘယ်သူရေးတဲ့ ကဗျာလဲ… နားထောင်ရတာ တော်တော်လေး ကောင်းတယ်… အနုပညာဆန်တဲ့ ခံစားချက်မျိုးပဲ…”
စွန်းလင်အာ က အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာ ဝင်ပြောသည်။
“ဒါက ကျွန်မရဲ့ အစ်ကိုစွန်း ကိုယ်တိုင် ဖန်တီးထားတဲ့ ကဗျာပါ… အနုပညာဆန်တဲ့ ခံစားချက် ရှိရုံတင်မကဘူး… တစ်လောကလုံးကို လိုက်ရှာမယ်ဆိုရင်တောင် ဒီလို ထူးချွန်တဲ့ ပါရမီရှင်မျိုး ဘယ်လောက်မှ တွေ့ရမှာမဟုတ်ဘူး…”
နန်မန်ကုန်း ၏ မျက်ဝန်းများက ချက်ခြင်းဆိုသလို တောက်ပလာခဲ့သည်။
သူမသည် စွန်းယန်ဝမ် အပေါ် စာပေပါရမီကြောင့် စိတ်ဝင်စားခဲ့ခြင်း မဟုတ်သည်ကို သူမအသိဆုံး ဖြစ်သည်။
ယခုအခါ စွန်းလင်အာ သည် ဤတစ်ဆယ့်နှစ်နှစ်သားသာ ရှိသေးသော ကလေးတစ်ဦးကို အဘယ်ကြောင့် အတင်းအကျပ် လိုက်လံတွယ်ကပ်နေခဲ့မှန်း သူမ ကောင်းစွာ နားလည်သွားတော့သည်။
ဤကဲ့သို့ ပါရမီမျိုးဖြင့် ကြီးပြင်းလာမည် ဆိုလျှင် မည်သူက သူ့၏ ထူးချွန်မှုကို လိုက်နိုင်ပါတော့မည်နည်း။
ဤလောက၏ ဉာဏ်ရည်ဉာဏ်သွေး အမြင့်မားဆုံးသူ တစ်ဦးဖြစ်လာမည့် နောက်ထပ် နှစ်အနည်းငယ် ဆိုလျှင် စွန်းလင်အာ အမှန်ပင် အထားခံခဲ့ရဖွယ် များသည်။
စွန်းယန်ဝမ် စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရပြီး တိတ်တဆိတ် မှတ်ချက်ချမိသည်။
“မင်းတို့က ဒီကမ္ဘာက စာပေပညာရှင်တွေကို တော်တော်လေး အထင်ကြီးနေကြတာပဲ…”
“ငါက ဒီကမ္ဘာက စာပေပညာရှင်တွေကို အထင်သေးတာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ မင်းတို့ကို အမှန်တရားတစ်ခု ပြောပြချင်တယ်…”
“ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ စုစည်းနေကြတဲ့ ကဗျာတွေအကုန်လုံး ပေါင်းလိုက်မယ် ဆိုရင်တော့ ကဗျာနတ်ဘုရား လီပိုင် ရဲ့ ကဗျာတွေကို မမှီသေးဘူး…”
“အင်း…. ကဗျာနတ်ဘုရား လီပိုင် နဲ့ နှိုင်းယှဉ်လိုက်တာက နည်းနည်း အနိုင်ကျင့်သလို ဖြစ်နေပြီ… ရီအန်းပညာရှိ နဲ့ပဲ ပြန်အစားထိုးပေးလိုက်မယ်…”
စွန်းယန်ဝမ် က စိတ်ထဲမှ ဝေဖန်ထောက်ပြနေရင်း တစ်ဖက်တွင်လည်း ပြုံးရယ်ကာ ပြောလိုက်သည်။
“လင်းဟူ အစ်ကိုကြီး ရောက်လာတာက တကယ့်အချိန်ကောင်းပဲ… လက်ဖက်ရည် တစ်ခွက်လောက် သောက်ပြီး နားနားနေနေ ဝင်ထိုင်ပါဦး… ကျွန်တော်တို့ အတူတူ လေ့ကျင့်ကြတာပေါ့…”
လင်းဟူရှောင် က စွန်းယန်ဝမ် သည် သူ့အား ဤကဲ့သို့ အတူတူလေ့ကျင့်ရန် ဖိတ်ခေါ်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် သူက ချက်ခြင်း ပြန်ပြောလိုက်သည်။
“အရမ်းကောင်းတယ်… ငါတို့ ဒီနေ့ ရောက်လာခဲ့တာက မင်းနဲ့ လက်ရည်ချင်း ဖလှယ်ချင်လို့ပဲ…”
စွန်းယန်ဝမ် လည်း အလွန်အမင်း ဝမ်းသာသွားသည်။
သူ့အစ်ကိုကြီး မရှိတော့သည့် နောက်ပိုင်း သူနှင့်အတူ လေ့ကျင့်ပေးမည့် ကျင့်ကြံရေးအဖော်တစ်ဦး အမှန်တကယ်ပင် လိုအပ်နေခဲ့သည်။
သူလေ့ကျင့်ချင်သည့် ကျင့်စဉ်များက ဆောင်ယန်ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်များ ဖြစ်သောကြောင့် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို သူ့ပြိုင်ဘက်နေရာတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။
ဤကဲ့သို့ လေ့ကျင့်မှုသည် သာမန်ပြိုင်ပွဲများနှင့် အနည်းငယ်မျှ မတူဘဲ ယှဉ်ပြိုင်မှု ပြီးဆုံးသွားသည့်အခါ ထိုအပေါ်တွင် ပြန်လည်သုံးသပ် ဆင်ခြင်ရခြင်း၊ ဓားကွက်များ၏ အားသာချက်၊ အားနည်းချက်များနှင့် တုံ့ပြန်မှုများက သင့်လျော်ကောင်းမွန်ခြင်း ရှိ၊ မရှိ စသည့်အချက်များကို အသေးစိတ် ဆွေးနွေးရမည် ဖြစ်သည်။
တစ်ဂိုဏ်းတည်းသားချင်း မဟုတ်လျှင် မိမိဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်များနှင့် ပတ်သက်ပြီး မည်ကဲ့သို့ များများစားစား ဆွေးနွေးနိုင်ပါမည်နည်း။
လင်းဟူရှောင် ရောက်ရှိလာသည့် အချိန်က အခွင့်သာခိုက် လင်နောက်လိုက်…. အဲ…. အလွန်အချိန်ကိုက် ဖြစ်လေတော့သည်။