← Chapters

“ဟွမ်ယွမ်ဓားကွက်၏ ဒုတိယနည်းလမ်း”

Vol. 7 Ch. 68

“ဟွမ်ယွမ်ဓားကွက်၏ ဒုတိယနည်းလမ်း”

Vol. 7 Ch. 68

လင်းဟူရှောင် သည် စွန်းယန်ဝမ် ကို အချိန်အတန်ကြာအောင် ငေးစိုက်ကြည့်နေမိသည်။

စွန်းယန်ဝမ် သည် လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ခံကာ သောက်နေပြီး သူ့ရှေ့ရှိ စားပွဲပေါ်တွင် အခြား အစားအသောက် မျိုးစုံကိုလည်း အလျှံအပယ် မြင်တွေ့နေရ၏။

ထိုအစားအသောက်များ အားလုံးသည် ဆောင်ယန်ဂိုဏ်း အနီးဝန်းကျင်ရှိ အကောင်းဆုံး ဆိုသော ဆိုင်များမှ လက်ရာများဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သိသာလွန်းသည်။

သူ့စိတ်ထဲတွင် အနည်းငယ်လည်း အံ့အားသင့်မိသည်။

“ဒီကောင်ရဲ့ ဘုန်းကံက တော်ရုံတန်ရုံတော့ မဟုတ်ဘူး…”

“ဒါပေမဲ့ ပျော်ရွှင်မှုအပေါ် ဒီလောက် လောဘတကြီး ခံစားနေမှတော့ ကျင့်ကြံခြင်း လမ်းစဉ်ကို ဘယ်လိုလုပ်ပြီး ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်တော့မှာလဲ…”

သူသည် ယင်ပိုင်လျန် ၏ တပည့်တစ်ဦး ဖြစ်သော်လည်း ကောင်းစွာ အရွယ်မရောက်သေးသောကြောင့် ကိုယ်တိုင် စီးပွားရှာနိုင်သည့် အရည်အချင်း မရှိသေးပေ။

သူ့၏ လစဉ်ဝင်ငွေက ကြေးပြားတစ်ပိသာခန့်သာ ရှိသည်။

ယင်းမှာလည်း ဆောင်ယန်ဂိုဏ်းသည် အလွန်ချမ်းသာကြွယ်ဝသည့် ဂိုဏ်းကြီးဖြစ်သောကြောင့် တပည့်များကို ပြန်ကြည့်နိုင်ခြင်း ဖြစ်သည်။

သာမန်ဂိုဏ်းတစ်ခုသာ ဆိုပါက ဤကဲ့သို့ လစဉ်လတိုင်း လူတစ်ဦး တစ်ပိသာနှုန်းဖြင့် ရာနှင့်ချီနေသော လူများအတွက် ပေးအပ်ရမည်ဆိုလျှင် တစ်လအတွင်းမှာပင် ကြေးပြားပိသာချိန်က ရာနှင့်ချီရှိနေပြီ ဖြစ်သည်။

တစ်နှစ်ဆိုလျှင် ထောင်နှင့်ချီသော ပိသာကို ၎င်းတို့ မည်သို့ ထောက်ပံ့ရပါမည်နည်း။

ကြေးပြားတစ်ပိသာ ၏ တန်ဖိုးသည် မနည်းလှသော်လည်း ဤကဲ့သို့ အလွန်ကောင်းသော ပစ္စည်းများနှင့် ဇိမ်ခံသည်အထိတော့ တတ်နိုင်မည် မဟုတ်ပေ။

လင်းဟူရှောင် မနှစ်သက်နိုင် ဖြစ်နေရသည့် အချက်က ထိုအချက်ဖြစ်သည်။

စွန်းယန်ဝမ် ထံတွင် သူ့ကိုယ်ပိုင်ငွေကြေး အများအပြား ရှိနေသော်လည်း ဤအစားအသောက်များ ဝယ်ယူရာတွင် သူ့ငွေ တစ်ပြားတစ်ချပ်မျှ မပါဘဲ စွန်းလင်အာ နှင့် နန်မန်ကုန်း တို့၏ မေတ္တာစာများသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူသည် သက်သောင့်သက်သာ ဇိမ်ခံနေခြင်းနှင့်ပတ်သက်လျှင် ယင်းသည် မကောင်းသော အလေ့အကျင့်တစ်ခုဟု လုံးဝ မခံစားရပေ။

လင်းဟူရှောင် သည် သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို အနည်းငယ်မျှ တို့ထိခြင်း မရှိဘဲ စွန်းယန်ဝမ် လက်ဖက်ရည်နှစ်ခွက် သောက်ပြီးချိန်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

အချိန်အနည်းငယ် ကြာသောအခါ သူက စိတ်မရှည်စွာ ထအော်လိုက်၏။

“စွန်းညီလေး… ငါတို့ ဓားကွက်ချင်း ဖလှယ်ရအောင်…”

ဤတစ်ကြိမ်တွင် စွန်းယန်ဝမ် ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်ပြီး နဂါးရိုင်းဓားကို ဆွဲယူကာ အနီးရှိ ကွင်းပြင်ထဲကို လျှောက်သွားသည်။

လင်းဟူရှောင် ကလည်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ချီစွမ်းအားကို အပြည့်အဝ လှည့်ပတ်လိုက်ကာ ဟွမ်ယွမ်ဓားကွက်ကို စတင်ဖော်ထုတ်လိုက်သည်။

သူတို့နှစ်ဦးသည် စင်မြင့်ထက်တွင် တစ်ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်သော်လည်း ယခုတစ်ကြိမ်မှသာ အစစ်အမှန် ယှဉ်ပြိုင်မှု ဖြစ်သည်။

ဤသို့ဖြင့် တိုက်ကွက်ဆယ်ကွက်ကျော် အသုံးပြုပြီး သွားသောအခါ စွန်းယန်ဝမ် သည် ရုတ်တရက် အချက်တစ်ခုအပေါ် မှားယွင်းစွာ ယူဆနေသည်ကို တွေ့ရှိလာခဲ့သည်။

ဟွမ်ယွမ်ဓားကျင့်စဉ်၏ ဓားကွက်တိုင်းတွင် ၎င်းတို့နှင့် တွဲဖက်အသုံးပြုရသော အခြေအနေတစ်ခုစီ ရှိနေသည်။

ချီစွမ်းအား ကျင့်စဉ်ဖြင့် အပြည့်အဝ ပေါင်းစပ်ထားသော ဓားကွက်များကသာ ရာနှုန်းပြည့် စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ယခုအားနည်းချက်က သူသည် သူ့ကိုယ်သူ အခြားသူများနှင့် နှိုင်းယှဉ်ကာ တွေးတောနေမိခဲ့ခြင်း ဖြစ်သည်။

ဤကျင့်စဉ်အတွက် အကောင်းဆုံး ဖြေရှင်းထားသော ချီစွမ်းအားကျင့်စဉ် ရှိနေသောကြောင့် ဓားကွက်၏ အနည်းငယ် ထိရောက်မှု အားနည်းသော ချဉ်းကပ်ပုံမျိုးကို လုံးဝ မစဉ်းစားမိခဲ့ပေ။

ထိုအချက်ကသည်ပင် သူ့ကို အလွန်စိတ်ရှုပ်ထွေး သွားစေခြင်း ဖြစ်သည်။

ဓားကွက်တိုင်းတွင် ချီစွမ်းအင်များ ထည့်သုံးမည်ဆိုလျှင် ထွက်ပေါ်လာသော စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းသည် မှန်သော်လည်း သူနှင့် လင်းဟူရှောင်တို့ကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူများအတွက် မည်သည့် ချီစွမ်းအင်ကို မှီခိုတိုက်ခိုက်ရပါမည်နည်း။

ထိုပုံစံမျိုးဖြင့် ဟွမ်ယွမ်ဓားကျင့်စဉ်ကို အသုံးချကာ ရန်သူကို သတ်ဖြတ်ရမည်ဆိုလျှင် စွမ်းအား မကုန်အောင် မည်ကဲ့သို့ နည်းလမ်းအား အသုံးပြုရမည်နည်း ဟူသော အဖြေကို စွန်းယန်ဝမ် အမြဲတမ်း စဉ်းစားမရခဲ့ပေ။

ဖုန်ဝူရွှယ် နှင့် ပွဲစဉ်ကကဲ့သို့ အကျွမ်းကျင်ဆုံး ဓားကွက်သုံးကွက်ကို အရင်ဆုံး ထုတ်သုံးလိုက်ပြီး နိုင်လျှင်‌ အားလုံးပျော်ကြ၊ ရှုံးလျှင်တော့ နောက်ကျခြေထောက် သစ္စာဖောက်လုပ်လိုက်ရုံနှင့် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူနှင့် လင်းဟူရှောင် တို့ တိုက်ကွက်ဆယ်ကွက်ကျော် ယှဉ်ပြိုင်ပြီးသွားသောအခါ နောက်ဆုံးတွင် သူ့၏ အတွေးအခေါ်နယ်ပယ်မှ မျက်ကွယ်ဖြစ်နေသော နေရာတစ်ခုကို အမှတ်မထင် ရှာဖွေ တွေ့ရှိသွားခဲ့သည်။

ယင်းက ဟွမ်ယွမ်ဓားကျင့်စဉ်ကို အသုံးပြုမည်ဆိုလျှင် ဓားကွက်တိုင်း ချီစွမ်းအား ထည့်သွင်းရန် မလိုသော အချက် ဖြစ်သည်။

လင်းဟူရှောင် ဆိုသည်က ယင်ပိုင်လျန် ၏ စစ်မှန်သော ဓားပညာကို အမွေဆက်ခံထားသည့် လက်ရင်းတပည့် တစ်ဦးလည်း ဖြစ်သည်။

သူသည် ဓားကွက်တိုင်းတွင် စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်း မှ လေးဆယ် ရာခိုင်နှုန်း အထိသော အောင်မြင်နိုင်မှုကိုသာ ဖော်ထုတ် တိုက်ခိုက်လေ့ရှိသည်။

တစ်ခါတစ်ရံ အလွန်ကောင်းမွန်သော အခွင့်အရေးမျိုး ကြုံတွေ့ရမှသာ စွမ်းအား၏ ခြောက်ဆယ်၊ သို့မဟုတ် ခုနှစ်ဆယ် ရာခိုင်နှုန်းရှိသော ဓားချက်မျိုး ထုတ်လွှတ်သည်။

မည်သို့ပင်ဆိုစေ လင်းဟူရှောင် ဆိုသည်မှာ ဆောင်ယန်ဂိုဏ်း၏ တတိယမျိုးဆက် တပည့်စာရင်းတွင် ပါဝင်သောကြောင့် ထိုသုံးလေးဆယ် ရာခိုင်နှုန်း စွမ်းအားရှိသော ဓားကွက်မှာ အဆင့်တူချင်းတွင် ဆိုပါက လွန်စွာ အစွမ်းထက်နေပြီ ဖြစ်သည်။

ရံဖန်ရံခါ ခြောက်ဆယ်၊ ခုနစ်ဆယ် ရာခိုင်နှုန်း စွမ်းအားမျိုး ရှိသော ဓားကွက်ကိုပါ ထုတ်လွှတ် နိုင်သောကြောင့် ကျင့်ကြံခြင်းလောက၏ သာမန် သတ္တမအဆင့် ကျင့်ကြံသူများကို အကြီးအကျယ် ခေါင်းကိုက်စေရန် လုံလောက်နေပြီ ဖြစ်သည်။

စွန်းယန်ဝမ် သည် ဟွမ်ယွမ်ဓားကျင့်စဉ်၏ ဒုတိယ အသုံးပြုနည်းကို ရုတ်တရက် နားလည်သွားသောအခါ သူ့ကိုယ်သူ အမှန်တကယ် တုံးအသူ တစ်ဦး ဖြစ်ကြောင်း ခံစားလိုက်ရ၏။

ထိုနားလည်မှုက ဓားနည်းစနစ်အပေါ် များစွာတိုးတက်စေခြင်း မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာတွင် ပို၍ ရှင်းလင်းပြတ်သားသော ယုံကြည်မှုမျိုး ရလာခဲ့သည်။

သူသည် ယန်နတ်ဆေးလုံးကို သောက်ပြီး သွေးကြောသုံးခုကို ထိုးဖောက်နိုင်ခဲ့သောကြောင့် သူ့စွမ်းအားက ယခင်ကထက် တစ်ဆမက ပိုမိုသိပ်သည်းလာခဲ့ပြီ ဖြစ်သည်။

သူက အဆင့်တစ်ဆင့်မဟုတ် နှစ်ဆင့်အထိ ခုန်တက်သွားသောကြောင့် အဌမအဆင့်မှ ဆဌမအဆင့်အထိ ရောက်ရှိလာခဲ့ပြီး သူ့၏ ပကတိစွမ်းအားက လင်းဟူရှောင် ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူ့အစ်ကိုကြီး၏ စကားကို သူအမြဲတမ်း အမှတ်ရနေသည်။

အစ်ကိုကြီး၏ အမြင်အပေါ် အပြည့်အဝ သဘောတူညီခြင်း မရှိသော်လည်း စကားနားထောင်ခြင်း ကိုသာ ရွေးချယ်ခဲ့ပြီး သူ့စွမ်းအား၏ သုံးပုံတစ်ပုံကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ပစ်လိုက်၏။

သို့သော် တိုက်ကွက်ဆယ်ကွက် ကျော်လာသောအခါ လင်းဟူရှောင် အတွက် အလွန်ခက်ခဲ ပင်ပန်းလာခဲ့သည်။

ဟွမ်ယွမ်ဓားကွက်တိုင်းသည် စွမ်းအားကို အလွန်အကျွံ သုံးစွဲရပြီး စွမ်းအားမပါလျှင် လုံးဝ အသုံးမဝင်သော ကျင့်စဉ်မျိုး ဖြစ်သည်။

အကယ်၍ မိမိစွမ်းအားက ရန်သူထက် ပိုမိုနက်ရှိုင်းနေမည် ဆိုလျှင်တော့ အပြည့်အဝ ဖိအားပေးနိုင် ပေလိမ့်မည်။

သူသည် စွမ်းအားကို ထပ်မံဖော်ထုတ်ကာ နောက်ထပ် ဓားကွက်အနည်းငယ် ဆက်ထိန်းထားသော်လည်း နောက်ဆုံးတွင် မည်သို့မျှ မခံနိုင်တော့ဘဲ အရှုံးပေးလိုက်ရသည်။

လင်းဟူရှောင် စိတ်ဓာတ်များ အကြီးအကျယ် ကျဆင်းသွား၏။

အစောပိုင်း အချိန်များက သူတွေးနေခဲ့သည်မှာ စွန်းယန်ဝမ် သည် အုပ်စု(ဂ)၏ ပထမဆုရှင် ဖြစ်သောကြောင့် ယန်နတ်ဆေးလုံး သေချာပေါက် ရလိမ့်မည်က ခန့်မှန်းနေစရာ မလိုပေ။

သို့သော် စွန်းယန်ဝမ် သည် ထိုဆေးကို မသောက်ရသေးခြင်း၊ သို့မဟုတ် မသောက်ရဲသေးခြင်း ဖြစ်နိုင်သည်။

သူ့တွင် နောက်တစ်ကြိမ် အနိုင်ရရန် အခွင့်အရေး ရှိသေးသည်ဟူသော မျှော်လင့်ချက်လည်း အနည်းငယ် ရှိနေခဲ့သည်။

သို့သော် သူတို့နှစ်ဦး၏ ပထမဆုံး ဓားကွက်မှာပင် သူသည် မည်သို့မျှ အခြေအနေ မကောင်းတော့ကြောင်း ချက်ခြင်း သိလိုက်သည်။

စွန်းယန်ဝမ် ၏ ချီစွမ်းအားများ အကြီးအကျယ် တိုးတက်လာခြင်းမှာ ယန်နတ်ဆေးလုံးကို သူ သေချာပေါက် သောက်ထားခြင်းကြောင့် ဖြစ်ရမည်။

ယခု ယှဉ်ပြိုင်မှု ပြီးဆုံးပြီး ရှုံးနိမ့်သွားသော်လည်း သူ မည်သို့မျှ မကျေနပ်နိုင်သေးဘဲ ဖြစ်နေ၏။

သို့သော် တစ်ဖက်လူကို ပြစ်တင်ပြောဆိုစရာ စကားလည်း ရှာမရပေ။

ယန်နတ်ဆေးလုံးကို ထိုမျှ မြန်မြန်ဆန်ဆန် သောက်ပစ်ခဲ့သည့် စွန်းယန်ဝမ် ကို ပြစ်တင်ပြောဆို ရပါမည်လော။

အကယ်၍ သူဆိုလျှင်ကော… သံဆိုတာ ပူနေတုန်း ပုံသွင်းမှသာ လိုချင်သည့် အခြေအနေကို ရနိုင်မည်။

လင်းဟူရှောင် ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ထန်းဖန်ရွှယ် သည် ဓားကိုဆွဲကာ ချက်ခြင်း ခုန်ထွက်လာပြီး အော်ဟစ်လိုက်သည်။

“စွန်းဦးလေးငယ်လေး… ကျွန်မတို့လည်း တစ်ပွဲလောက် ပြိုင်ရအောင်…”

စွန်းယန်ဝမ် ၏ စွမ်းအားများ အလွန်တိုးတက်လာသည့် အခြေအနေကို သူမလည်း ကောင်းစွာ မြင်တွေ့ခဲ့သည်။

သို့သော် သူမကျင့်ကြံထားသော မြေမဟာခြေလှမ်း ဓားသိုင်း ဆိုသည်မှာ မူလကတည်းက စွမ်းအားအပေါ် များစွာမှီခိုခြင်း မရှိသောကြောင့် သူမအနေဖြင့် စွန်းယန်ဝမ် နှင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည်ဟု ခံစားနေရဆဲ ဖြစ်သည်။

စွန်းယန်ဝမ် က သဘောကျစွာ ရယ်မောလိုက်ပြီး ဖြေသည်။

“ကောင်းပါပြီ…”

ယခုတစ်ကြိမ် သူတို့၏ ယှဉ်ပြိုင်မှုတွင် သူသည် ထန်းဖန်ရွှယ် ကို အနည်းငယ် အထင်သေးနေမိကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ဤကလေးမလေး၏ လှုပ်ရှားမှုများသည် လျှပ်စီးတန်း တစ်ခုကဲ့သို့ လျင်မြန်ပြီး မြေမဟာ ခြေလှမ်း ဓားသိုင်း၏ အနှစ်သာရကို အမှန်တကယ် ဖမ်းဆုပ်ထားနိုင်သူ ဖြစ်သည်။

သူ့၏ ခြံဝန်းက အလွန်ကျယ်ပြန်သော မြေပြန့်ကုန်းမြေ ဖြစ်သောကြောင့် ထန်းဖန်ရွှယ် စိတ်ကြိုက် လှုပ်ရှားနိုင်စွမ်း ရှိနေ၏။

သူမကို ဖိအားပေး ချုပ်ကိုင်ရန် ဆိုသည်ကို စွန်းယန်ဝမ် အတွက် မည်သို့မျှ မဖြစ်နိုင်သော အခြေအနေမျိုးပင်။

ကံကောင်းထောက်မစွာ အစောပိုင်းက လင်းဟူရှောင် နှင့် ယှဉ်ပြိုင်ခဲ့သည့် အချိန်တွင် သူ့၏ ပိတ်ဆို့နေခဲ့သော မျက်ကွယ်နယ်မြေမှ ရုတ်ချည်း လွတ်မြောက်လာခဲ့ပြီးနောက် ဟွမ်ယွမ်ဓားသိုင်းအပေါ် မှန်မှန်ကန်ကန် အသုံးချနိုင်သည့် နည်းစနစ်ကို သိရှိခဲ့သည်။

သုံးလေးဆယ် ရာခိုင်နှုန်း အဆင့်ရှိ သာမန် ဓားကွက်များကို ရံဖန်ရံခါ ရှစ်ဆယ်ကိုးဆယ် ရာခိုင်နှုန်း အဆင့်ရှိ စွမ်းအားကြီး ဓားချက်များနှင့် တစ်ချက်တစ်ချက် တွဲဖက် အသုံးပြုသောအခါ ထန်းဖန်ရွှယ် သည် မူလပါရမီရှင်တစ်ဦး ဖြစ်နေလင့်ကစား သူ့ကို အနည်းငယ်မျှ အသာစီးရအောင် မတိုက်ခိုက် နိုင်တော့ပေ။

ယင်းက စွန်းယန်ဝမ် သည် ချီစွမ်းအင်ကို ထိန်းချုပ်ပြီး ဓားကွက်ချည်း သက်သက်ဖြင့် ရန်သူကို တုံ့ပြန်ရင်ဆိုင်နေခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ သူ့စွမ်းအားကို ဖော်ထုတ်ကာ ထန်းဖန်ရွှယ် ၏ ဓားကို ရိုက်ထုတ်လိုက်မည်ဆိုလျှင် ဓားကွက် တစ်ကွက်၊ နှစ်ကွက်အတွင်းမှာပင် ဤတူမလေး၏ လက်နက်က ကျိန်းသေပေါက် လွင့်စင်ထွက်သွား ပေလိမ့်မည်။

ထိုအရာက ယခင်က သူမနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်ကအတိုင်း များစွာခြားမည် မဟုတ်တော့ပေ။

သူသည် စွမ်းအားကို အလျော့အတင်း ပြုလုပ်ရင်း တိုက်ခိုက် နေသော်လည်း ဓားကွက်ဆယ်ကွက် ကျော်လွန်လာသောအခါ ထန်းဖန်ရွှယ် သည် သူ့၏ စွမ်းအားပါသော ဓားချက် တစ်ချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရပြီး မတတ်နိုင်စွာ အရှုံးပေးလိုက်ရတော့သည်။

လင်းဟူရှောင် သည် နောက်တစ်ကြိမ် ယှဉ်ပြိုင်မှုတွင်လည်း အရှုံးနှင့်သာ ရင်ဆိုင်ရသောကြောင့် သူ့စိတ်ဓာတ်က အောက်ဆုံး အထိ ကျဆင်းသွားခဲ့သည်။

သူက ထန်းဖန်ရွှယ် ကို ခေါ်ဆောင်ပြီး ပြန်ရန်ပြင်လိုက်စဉ် စွန်းယန်ဝမ် ၏ အသံကို ကြားလိုက်ရသည်။

“လင်းဟူ အစ်ကိုကြီး… ဒီယှဉ်ပြိုင်မှု နှစ်ခုအပေါ် အခြေခံပြီး ပြန်လည်သုံးသပ်မှု တစ်ခုလောက် လုပ်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ…”

လင်းဟူရှောင် ချက်ခြင်းပင် မကျေမချမ်း ပြောလိုက်၏။

“မင်းက ယန်နတ်ဆေးလုံး သောက်ထားပြီး ချီစွမ်းအင်က ငါ့ထက် အများကြီး ပိုသိပ်သည်းနေပြီပဲ… ဒီယှဉ်ပြိုင်မှုကို ပြန်သုံးသပ်နေစရာ လိုအပ်ေသးလို့လား…”

စွန်းယန်ဝမ် က အပြုံးဖြင့် ပြောသည်။

“ဒီအယူအဆက တော်တော်လေး မှားယွင်းနေပြီ…”

“လင်းဟူအစ်ကိုကြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့ ဟွမ်ယွမ်ဓားကွက် ဘယ်နှစ်ကွက်အထိ ရှိလဲ… မပြည့်စုံဘဲ အသုံးပြုလို့ရတဲ့ ဟွမ်ယွမ်ဓားကွက်ကရော ဘယ်နှစ်ကွက်ထိရှိလဲ…”

လင်းဟူရှောင် အနည်းငယ်စဉ်းစားလိုက်ပြီးမှ ဖြေသည်။

“ငါ့ စွမ်းအားပြည့် အခြေအနေနဲ့ ဖော်ထုတ်လို့ရတဲ့ ဟွမ်ယွမ်ဓားကွက်က ငါးကွက်ရှိတယ်… မပြည့်စုံဘဲ အသုံးပြိုင်နိုင်တဲ့ ဟွမ်ယွမ်ဓားကွက်က ခုနှစ်ကွက် ရှစ်ကွက်လောက် ရှိတယ်…”

ထိုစကားက စွန်းယန်ဝမ် ကို အကြီးအကျယ် စိတ်ဓာတ်များ ကျဆင်းသွားစေတော့သည်။

သူသည် ယန်နတ်ဆေးလုံးသောက်ပြီး သွေးကြောသုံးခုအထိ ထိုးဖောက်နိုင်ခဲ့သော်လည်း ထိုအထဲမှ နှစ်ခုသည် လျှို့ဝှက်သွေးကြောများ ဖြစ်နေသောကြောင့် ဟွမ်ယွမ်ဓားကျင့်စဉ်အတွက် အသုံးဝင်သော သွေးကြောများ မဟုတ်သေးပေ။

ထို့ကြောင့် သူ့၏ ဟွမ်ယွမ်ဓားကွက်များကလည်း ဒုံရင်းဒုံရင်း အတိုင်း သုံးကွက်သာ အသုံးပြုနိုင်ဆဲ ဖြစ်သည်။

သူ့စိတ်ထဲတွင် အနည်းငယ် မခံချိမခံသာ ဖြစ်နေသော်လည်း အိမ်ရှင်ဖြစ်နေသောကြောင့် လင်းဟူရှောင် နှင့် ထန်းဖန်ရွှယ် တို့ကို အတင်းပြန်ဆွဲခေါ်လာကာ ထိုင်ခိုင်းလိုက်သည်။

စွန်းယန်ဝမ် မေးခွန်းတစ်ခုနှင့် စကားဝိုင်းကို ဖွင့်ပေးလိုက်၏။

“လင်းဟူ အစ်ကိုကြီး အသုံးပြုနိုင်တဲ့ ဟွမ်ယွမ်ဓားငါးကွက်က မြေဖြတ်သက်တန့်ဖြူ… မိုင်တစ်သောင်း သဲဝါလွင်ပြင်… ထောင်ပေါင်းများစွာဖယ်ရှားခြင်း… အောင်လံထူသူရဲကောင်းနဲ့ ကောင်းကင်ဖောက်ဓား တို့ ဖြစ်ရမယ်… ဟုတ်တယ် မဟုတ်လား…”

“အစောပိုင်းက ခုနှစ်ကွက်မြောက် ဓားချက်မှာ လင်းဟူအစ်ကိုကြီးက မြေဖြတ်သက်တန့်ဖြူ ဓားကွက်ကို အသုံးမပြုဘဲ ကောင်းကင်ဖောက်ဓားကို အသုံးပြုခဲ့မယ်ဆိုရင် ရန်သူကို ဦးမနှိမ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံး ဟန်ချက်ပြန်ထိန်းနိုင်ပြီး အနည်းဆုံး နောက်ထပ် ဓားကွက်သုံးကွက်လောက်တော့ အသာအယာ ခုခံနိုင်ခဲ့လိမ့်မယ်…”

လင်းဟူရှောင် ကိုယ်တိုင်မှာလည်း ဟွမ်ယွမ်ဓားကျင့်စဉ်ကို အထပ်ထပ်အခါခါ လေ့ကျင့်ထားသူ ဖြစ်သောကြောင့် စွန်းယန်ဝမ် ပြောသွားသည့် အချက်များက အခြေခံသဘောတရားများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။

သူက အနည်းငယ် စဉ်းစားလိုက်ပြီးမှ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။

သူတို့သုံးဦးသည် တိုက်ခိုက်မှုတိုင်းကို ပြန်လှန်ဆန်းစစ်ကာ အားနည်းချက် နေရာတိုင်းကို ထောက်ပြနေသောကြောင့် လင်းဟူရှောင် ၏ စွန်းယန်ဝမ် အပေါ် ထားရှိသော အမြင်ကလည်း အကြီးအကျယ် စတင်ပြောင်းလဲလာခဲ့သည်။

ဤညီလေး၏ ဓားသိုင်းအပေါ် သိမြင်နားလည်မှုက အလွန်နက်ရှိုင်းသည့် အဆင့်ထိ ရောက်ရှိနေပြီး ထူးခြားဆန်းကြယ်သော စိတ်ကူးများဖြင့်လည်း ပြည့်နှက်နေသည်ဟု ခံစားရသည်။

ဟွမ်ယွမ်ဓားကျင့်စဉ်ကို မကျင့်ကြံသော ထန်းဖန်ရွှယ် သည်ပင် ဘေးမှ နားထောင်နေရုံဖြင့် အကျိုးကျေးဇူးများ တနင့်တပိုး ရလိုက်သည်။

သူမ စိတ်ထဲတွင် စဉ်းစားနေမိ၏။

“စွန်းဦးလေးငယ် ပြောသွားတဲ့ နည်းစနစ်တွေက ဓားကျင့်စဉ် အားလုံးအတွက် အကျုံးဝင်တာပဲ… ဒီနည်းစနစ်တွေ အတိုင်းသာ လိုက်နာရင် ငါလည်း သူ့ဓားကွက်ကို ပိုပြီးခုခံနိုင်ခဲ့လိမ့်မယ်…”

ပြန်လည်ဆန်းစစ်ခြင်း ပြီးဆုံးသွားသောအခါ စွန်းယန်ဝမ် က လင်းဟူရှောင် နှင့် ထန်းဖန်ရွှယ် တို့ကို နောက်တစ်ကြိမ် ခေါ်ကာ ထပ်မံယှဉ်ပြိုင်ခိုင်းခဲ့သည်။

ထိုနေ့က သူတို့သုံးဦး၏ စုစုပေါင်း ယှဉ်ပြိုင်မှုသည် နှစ်ဆယ့် ရှစ်ပွဲအထိ ရှိခဲ့သည်။

ထန်းဖန်ရွှယ် သည် ကလေး တစ်ဦးဖြစ်သောကြောင့် အလွန်အမင်း ပင်ပန်းမှုကို မည်သို့မျှ ဆက်လက် တောင့်မခံနိုင်တော့သဖြင့် လင်းဟူရှောင် မည်သို့ ခေါ်သည်ဖြစ်စေ မလိုက်နိုင်တော့ဘဲ စွန်းယန်ဝမ် နေထိုင်သော နေရာမှာပင် ချက်ခြင်းအိပ်ပျော်သွားတော့သည်။

လင်းဟူရှောင် မှာလည်း သူမထက် အနည်းငယ် ပိုကောင်းသည်ဟုသာ ပြောရသော်လည်း ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ချိန်တိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို နာကျင်ကိုက်ခဲသည့် ဝေဒနာက နှိပ်စက်နေသည်။

သူသည် ရှေ့မှ မြက်တောထဲ အတင်းတိုးဝှေ့ကာ ထိုးအိပ်ပစ်ချင်စိတ်များ ပေါက်နေသဖြင့် သူနေထိုင်သည့် နေရာကို အတင်း အားယူကာ ပြန်လာခဲ့ရ၏။

သူ့ဘဝတွင် ထိုမျှ ခက်ခဲကြမ်းတမ်းသော ခရီးရှည်မျိုး တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ရဘူးပေ။

သူ့နေရာသို့ ပြန်ရောက်ပြီး ခုတင်ပေါ် ခေါင်းချလိုက်သည်နှင့် ဘာမှန်းမသိလိုက်စွာ အိပ်ပျော် သွားတော့သည်။

ထိုအချိန် သူ့လည်ပင်းကို တစ်စုံတစ်ဦးက လာဖြတ်မည်ဆိုလျှင်တောင် သူမထချင်တော့ပေ။

All Chapters