“ပန်းရနံ့ မိုင်သုံးဆယ် မမွှေးခဲ့ရင် နန်မန်..လိပ်ပြာ ဘယ်လိုရောက်လာမှာလဲ”
Vol. 7 Ch. 69
နောက်တစ်နေ့ နံနက်တွင် လင်းဟူရှောင် ၏ အရိပ်ကိုပင် မမြင်ရတော့ပေ။
စွန်းယန်ဝမ် သည် ထန်းဖန်ရွှယ် ရှိနေသေးသည်ကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။
ထိုအချိန်၌ ထန်းဖန်ရွှယ် သည် ဝက်ပေါက်လေး တစ်ကောင်ကဲ့သို့ တခူခူးနှင့် အိပ်မောကျနေသော်လည်း သူ့ဦးလေးငယ်၏ အော်ခေါ်သံကို ကြားသောအခါ လန့်ဖြန့်နိုးလာခဲ့၏။
သူမသည် ဆိုးသွမ်းသော ဦးလေးတစ်ယောက်ကို မြင်လိုက်ရသော တူမလေးကဲ့သို့ ခန္ဓာကိုယ်သေးသေးလေးကို စောင်ဖြင့်ပတ်ကာ ခုတင်ပေါ်မှ ခုန်ဆင်းလာပြီး နောက်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
စွန်းယန်ဝမ် အလွန်စိတ်မကောင်း ဖြစ်သွားပြီး တစ်ယောက်တည်းသာ ပြန်လေ့ကျင့်နေခဲ့သည်။
မကြာမီ စွန်းလင်အာ နှင့် နန်မန်ကုန်း တို့က သူ့အတွက် ပူပူနွေးနွေး နံနက်စာကို လာပို့သောကြောင့် လှပသော မိန်းမပျိုလေးနှစ်ဦး အဖော်ပြုသော နံနက်စာကို စားသောက်ပြီးမှ ပေါ့ပေါ့ပါးပါးနှင့် ထိုလူငယ်နှစ်ဦးကို ရှာဖွေရန် ထွက်လာခဲ့သည်။
လင်းဟူရှောင် နှင့် ထန်းဖန်ရွှယ် တို့သည် ကျန်းကျီ ၏ နောက်တွင် လိမ္မာစွာရပ်နေကြပြီး မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်ဟန်များလည်း အထင်းသား ဖြစ်ပေါ်နေကြ၏။
ကျန်းကျီ က အနည်းငယ် စိတ်ပျက်နေသော အမူအယာနှင့် ပြောသည်။
“သွေးဝံပုလွေ မြင်းတပ်ဖွဲ့က အပြစ်မဲ့သူတွေအပေါ် ရမ်းကားနှိပ်စက်နေတာက တော်တော်လေးကို အခြေအနေ ပိုဆိုးလာပြီ… အဲဒါကြောင့် ငါတို့ အနေနဲ့ တစ်စက္ကန့်လောက်တောင် အချိန်ဖြုန်းလို့ မရတော့ဘူး… ငါတို့ ဒီနေ့ပဲ ထွက်ခွာရအောင်…”
“စွန်းညီလေး… ကျင့်ကြံမှုဆိုတာက ခရီးလမ်းအရှည်အကြီးပါ… ခဏတဖြုတ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး… အဲဒီတော့ လမ်းခရီးမှာ အားတဲ့အချိန်တိုင်း ကျင့်ကြံလာလို့ ရပါတယ်…”
စွန်းယန်ဝမ် သည် ယခင်က ရက်အနည်းငယ်ကြာအောင် တံခါးပိတ် ကျင့်စဉ်ဝင်ကာ သူ့၏ ကျင့်ကြံမှု အဆင့်အတန်းကို တိုးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ကျန်းကျီ ၏ စကားကို ကြားသောအခါ မတတ်သာစွာ လိုက်လျောရတော့သည်။
“အစ်ကိုကြီး ပြောသလိုပဲ လုပ်ကြတာပေါ့… ကျွန်တော် ပြင်ဆင်စရာလေးတွေ ပြင်ဆင်ပြီးတာနဲ့ ချက်ခြင်း ထွက်ကြတာပေါ့…”
“ဒါနဲ့ စွန်းအင်မ နဲ့ နန်မန်အစ်မ တို့ကော ကျွန်တော်တို့နဲ့အတူတူ လိုက်ခဲ့မလား…”
ကျင့်ကြံခြင်းလောက၏ ဥစ္စာပေါရုပ်ချော သမီးပျို နှစ်ဦးကို ခေါ်သွားမည်ဆိုပါက မည်မျှအထိ မျက်စိပသာဒ ဖြစ်စရာ ကောင်းလိုက်ပါသနည်း။
ထို့အပြင် မကြာသေးမီကမှ သူရရှိလာခဲ့သော ဘဝသည် အလွန် သက်သောင့်သက်သာ ရှိလှပြီး အဆင့်အတန်း မြင့်မားလွန်းသောကြောင့် ထိုအခြေအနေကို သူက လုံးဝ လျှော့ချပစ်လိုစိတ် မရှိခဲ့ပေ။
သူကိုယ်တိုင် တိတ်တဆိတ် စုံစမ်းထားသော အရေးအကြီးဆုံး အချက်က ဤလောကတွင် ဇနီးမယား ယူခြင်းကို အရေအတွက် လုံးဝကန့်သတ်မထားခြင်း ဖြစ်သည်။
စွန်းလင်အာ သည် အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် မျက်နှာလေးက နှင်းဆီပန်းလေးလို ရဲတက်နေသည်။
နန်မန်ကုန်း သည် ပိုမိုပြတ်သားသူ ဖြစ်သောကြောင့် ကြည်နူးစွာ ပြုံးလိုက်ပြီး ချက်ခြင်း အဖြေပေးသည်။
“ကံကောင်းချင်တော့ ကျွန်မရဲ့ အစ်မတွေ အကုန်လုံးက သူတို့ကိစ္စနဲ့သူတို့ မအားကြဘူး ဖြစ်နေတယ်… ကျွန်မ တစ်ယောက်ပဲ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ဖြစ်နေတာ… စွန်းသခင်လေးနဲ့ အတူတူသွားရမယ့် ခရီးဆိုတော့ ကျွန်မ သေချာပေါက် လိုက်မှာပေါ့…”
စွန်းလင်အာ သူမ၏ နှုတ်ခမ်းကို ဖိကိုက်ပြီး ချက်ခြင်း ပြောသည်။
“ကျွန်မလည်း အတူတူပဲ… စွန်းအစ်ကိုနောက်ကို လိုက်ခဲ့မယ်…”
လင်းဟူရှောင် နှင့် ထန်းဖန်ရွှယ် တို့ နှစ်ဦးစလုံး ပြောစရာစကားများ ပျောက်ရှသွားတော့သည်။
တစ်ယောက်သည် စိတ်ထဲမှ ဝေဖန်နေပြီး နောက်တစ်ယောက်ကတော့ သိသိသာသာ နှုတ်ခမ်းကို မဲ့ရွဲ့နေ၏။
ကျန်းကျီ ကတော့ ထိုစကားများကိုကြားပြီးနောက် သွားများပင် ကျဉ်တက်လာသလို ခံစားလိုက်ရသည်။
သူသည် ငယ်စဉ်အခါက ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာရန် စိတ်ကူးမရှိခဲ့ပေ။
ကျင့်ကြံခြင်းလောကတွင် သူအလွန်နှစ်သက် မြတ်နိုးရသော သူရဲကောင်းမလေး တစ်ဦးရှိခဲ့ဖူးသည်။
သူမနောက်သို့ တစ်ချိန်လုံး လျှောက်လိုက်နေခဲ့သည့် ထိုစဉ်က သူ့၏ သိုင်းပညာသည် များစွာ မြင့်မားခြင်း မရှိသေးသလို မိသားစု နောက်ခံကလည်း ပြောပလောက်အောင် အားမကောင်းခဲ့ပေ။
မရေမတွက်နိုင်သော အခက်အခဲများစွာဖြင့် နှစ်ပေါင်းများစွာ ပိုးပန်းခဲ့သော်လည်း နောက်ဆုံးတော့ သူမ၏ နူးညံ့ယဉ်ကျေးသော ငြင်းပယ်မှုကိုသာ ရရှိခဲ့သည်။
သူသည် ဒေါသအကြီးအကျယ် ထွက်ခဲ့ရသလို အသည်းများလည်း ဟက်တက်ကွဲခဲ့ရသောကြောင့် အကြံကုန် ဂဠုန်ဆားချက်လုပ်ကာ ဆောင်ယန်တောင်တွင် ဘုန်းကြီး ဝင်ဝတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်ကြီး ဖြစ်လာပြီးနောက် ကျန်းကျီ ၏ ကျင့်ကြံမှု အဆင့်အတန်းက အလွန်မြင့်မား လာခဲ့ပြီး ထိပ်သီးကျင့်ကြံသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ရှည်လများ ကျင့်ကြံခဲ့ခြင်းနှင့် မဆုတ်မနစ် ကြိုးပမ်းခြင်းကြောင့် ရရှိလာသော ရလဒ်သာ ဖြစ်သည်။
သူ့၏ ပါရမီကို ဆောင်ယန်ဂိုဏ်း၏ ထိပ်သီးပါရမီရှင် တစ်ဦးဟု မည်သို့မျှ သတ်မှတ်၍မရပေ။
ယခု သူ့၏ ညီလေး စွန်းယန်ဝမ် မှာတော့ အသက်မည်မျှပင် မကြီးသေးသော်လည်း မိသားစုကြီး နှစ်ခု၏ သမီးပျိုလေး နှစ်ဦးက သိသိသာသာ လိုက်လံပတ်သက်နေကြသည်။
ထိုမိန်းကလေးနှစ်ဦးသည် နေ့စဉ် မမောနိုင် မပန်းနိုင်ဘဲ အစားအသောက်များအား အပြိုင်အဆိုင် ပို့နေကြသည် ကိုလည်း သူ မြင်နေရသည်။
အလွန်လှပသော မိန်းကလေးနှစ်ဦး၏ အနီးကပ် ပြုစုစောင့်ရှောက်မှုဖြင့် ကျေနပ်စရာ ဘဝကို ဖြတ်သန်းနေသည့်အပြင် နေ့စဉ်ကျင့်ကြံမှုတွင်လည်း ထိုအလှအပလေး နှစ်ဦးနှင့်အတူ အစေခံမလေးများကပါ အဖွဲ့လိုက် အားပေးနေကြသောအခါ မြင်တွေ့ရသူ မည်သူမဆို မနာလို အားမကျဘဲ မည်ကဲ့သို့ နေနိုင်ပါတော့မည်နည်း။
ကျန်းကျီ ဘုန်းတော်ကြီး ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူ့၏ ဒေါသနှင့် မကျေနပ်မှုများအပေါ် ထိန်းချုပ်နိုင်စွမ်းက အလွန်မြင့်မားနေပြီ ဖြစ်သည်။
ထိုသို့သာ မဟုတ်ခဲ့လျှင် သူက “ဒါဟာ ဂိုဏ်းရဲ့ လျှို့ဝှက်တာဝန် တစ်ခု ဖြစ်တဲ့အတွက် အပြင်လူတွေ လုံးဝခေါ်ခွင့် မရှိဘူး” ဟု ချက်ခြင်း ပြောမိပေလိမ့်မည်။
စွန်းယန်ဝမ် ကမ္ဘာမြေ၌ ရှိစဉ်က ဝူရှဝတ္ထုဇာတ်လမ်းသွားများ ဖတ်ရှုသောအခါ ဤကျင့်ကြံခြင်း လောကမှ မိန်းမပျိုများသည် ပုံစံမျိုးစုံနှင့် ရေလာမြောင်းပေး လုပ်တတ်ကြသော်လည်း ဇာတ်လိုက် အမျိုးသားသည် အကြောင်းပြချက် မျိုးစုံဖြင့် ရှောင်တိမ်းသွားတတ်ခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငြင်းဆန်နေခဲ့ခြင်း တို့ကြောင့် အိုးကမပူ စလောင်းကပူ နေပြီဟု သူ အမှန်တကယ် မချင့်မရဲ ဖြစ်ခဲ့ရသည်။
ထိုစဉ်က ထိုဇာတ်လိုက်အမျိုးသားသည် အမှန်တကယ် မျိုးဆက် မပြန့်ပွားနိုင်သူ တစ်ဦး ဖြစ်နေသည်လားဟုပင် သံသယများ ဝင်ခဲ့ဖူးသည်။
ထိုဝတ္ထုအများစု၏ ဇာတ်လမ်းနှောင်းပိုင်း ရောက်လာသော အခါ ထိုကဲ့သို့ ဇာတ်လိုက်ကျော်များသည် သားသမီးတစ်ဦး ထွန်းကားရန် အလွန်အင်မတန် ခဲယဉ်းသွားကြပြီး ၎င်းတို့ အများစုသည် လူသားမျိုးနွယ်ကို လူမျိုးတုံးအောင် လုပ်နေသူများသာ ဖြစ်သည်ဟု သူက ယူဆလိုက်တော့သည်။
ဤကဲ့သို့သော ဝတ္ထုမျိုးကို ရေးသားသည့် စာရေးဆရာများသည် ဘဝတွင် မည်သည့် စိတ်ဒဏ်ရာမျိုး ခံစားခဲ့ရခြင်းကြောင့် ထိုပုံစံ ဇာတ်လိုက်မျိုးကို မဖြစ်မနေ ရေးနေရခြင်းဖြစ်မှန်း အမှန်ပင် မစဉ်းစားတတ်ပါ။
ဇာတ်လိုက်ဆိုသည်မှာ စိတ်သဘောထား နူးညံ့သူတစ်ဦး ဖြစ်သင့်ပြီး တစ်ဖက်သား၏ ခံစားချက်ကို သဘောထားကြီးမားစွာ လက်ခံ၍ အကုန်လုံးကို လက်ခံ ပေါင်းသင်းပေးရမည် မဟုတ်ပါလား။
ထို့နောက်ပိုင်း အင်တာနက်များ ခေတ်စားလာသောအခါ အွန်လိုင်း ရှန်းရှဝတ္ထုများ ပေါ်ပေါက်လာခဲ့ပြီး စာရေးဆရာများကလည်း ယခင်လို နှမျောတွန့်တိုနေခြင်း မရှိတော့ပေ။
တချို့ဆိုလျှင် အလွန်တရာ လွယ်လွန်းနေသဖြင့် နာမည်များပင် မမှတ်မိချင်သလို ဖြစ်ရသည်။
မည်သို့ပင်ဆိုစေ သူတို့လက်ထက်တွင်တော့ အလွန်လှပသော မိန်းမပျိုများကို အလျှံအပယ် မြင်တွေ့ခွင့် ရခဲ့သည်။
သို့သော် အမြတ်လိုချင်လျှင် အရှုံးကိုလည်း ခံနိုင်ရမည် ဖြစ်သောကြောင့် ဇာတ်လိုက်၏ ကိုယ်ကျင့်သီလနှင့် ဂုဏ်သိက္ခာပိုင်းကတော့ အနည်းငယ် လျော့ကျသွားရသည်။
သို့သော် ထိုအရာကို ဘဝ၏ ကြီးမားသော ချို့ယွင်းချက်ကြီးဟု မည်သူက ယူဆနေလို့နည်း။
မိန်းမပျိုနှစ်ဦးက ခရီးအတူတူသွားရန် သဘောတူလိုက် သောအခါ စွန်းယန်ဝမ် အလွန်အမင်း ပျော်ရွှင်သွားသည်။
သူက ချက်ခြင်း ပြောလိုက်၏။
“ကျွန်တော့်မှာတော့ ယူစရာဆိုလို့ ဓားနှစ်ချောင်းပဲရှိတယ်… အစ်မနှစ်ယောက်က လိုအပ်တာတွေ သွားယူဖို့ အတွက် အရင်ဆုံး ပြင်ဆင်နိုင်ပါတယ်… ကျွန်တော် ဒီနေရာကနေ အစ်မတို့ကို စောင့်နေပါမယ်…”
လင်းဟူရှောင် သည်းမခံနိုင်တော့ဘဲ ဝင်ပြောသည်။
“စွန်းညီလေး… မင်းက အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတာလား… မိသားစုဝင်တွေကော ခေါ်လာဦးမှာလား…”
စွန်းယန်ဝမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်းဟူရှောင် ၏ ပခုံးကို ပုတ်ကာ ပြောသည်။
“ကျွန်တော့်မှာ လင်းဟူ လို့ ခေါ်တဲ့ အသိမိတ်ဆွေ တစ်ယောက် ရှိခဲ့ဖူးတယ်… သူ့ရဲ့ စိတ်နေစိတ်ထားက လင်းဟူ အစ်ကိုကြီးနဲ့ တစ်ပုံစံတည်းပဲ… သူက အာကြမ်းလျှာကြမ်းဆိုတော့ ဂိုဏ်းထဲက မိန်းမပျိုတွေ အကုန်လုံး သူ့ကို တစ်ယောက်မှ စိတ်မဝင်စားကြဘူး…”
“နောက်ပိုင်း သူ့အသက် သုံးဆယ်နားကို ရောက်လာတဲ့ အချိန်ကျမှ နတ်ဆိုးဂိုဏ်းထဲက အသက် ရှစ်ဆယ်ကျော် အဖွားကြီးတစ်ယောက်နဲ့ အကြောင်းပါပြီး လင်မယားဖြစ်သွားကြတယ်…”
လင်းဟူရှောင် ၏ မျက်နှာကြီးသည် ချက်ခြင်း ရဲတက်လာပြီး ရန်ဖြစ်ရန် ပြင်လိုက်စဉ် ကျန်းကျီ က အလျင်အမြန် ကြားဝင် ဟန်တားလိုက်၏။
“ညီလေးနှစ်ယောက်စလုံး တော်ကြတော့… စကားလုံးတွေနဲ့ တိုက်ခိုက်မနေကြနဲ့…”
“လင်အာနတ်သမီးရဲ့ သိုင်းပညာက မဆိုးဘူး… သူမက ဆဌမအဆင့်ကိုတောင် ရောက်နေပြီ… နန်မန်နတ်သမီးကတော့ ပိုပြီးတော့တောင် အဆင့်မြင့်သေးတယ်… သူမက ပဉ္စမအဆင့်ကို ရောက်နေပြီး… ငါ့ကိုမှီဖို့တောင် နည်းနည်းပဲ လိုတော့တယ်…”
“ဒီမိန်းကလေးတွေ အတူတူလိုက်လာမယ်ဆိုရင် ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့ကို အကူအညီ အများကြီး ပေးနိုင်လိမ့်မယ်…”
အမှန်တွင် ကျန်းကျီလည်း ခေါင်းကိုက်နေပြီ ဖြစ်သည်။
သူသည် လင်းဟူရှောင် ကို နားချပြီးနောက် စွန်းယန်ဝမ် ကိုလည်း ရွှေပြည်အေးတရား လာဟော၏။
“စွန်းညီလေး… လင်းဟူညီလေးကို ဒေါသထွက်တဲ့အထိ မစပါနဲ့…”
စွန်းယန်ဝမ် မှာ ဤရိုးသားပုံရသော ကျန်းကျီကိုယ်တော်သည် ဖြောင့်မတ်မှန်ကန်သည့် ပုံစံမျိုး ရှိသော်လည်း လျှို့ဝှက်ချက်များပါသော စကားကို စောင်းပါးရိပ်ခြေ ပြောတတ်လိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။
သူက စိတ်ထဲတွင် တိတ်တဆိတ်ရယ်မောရင်း တွေးလိုက်မိသည်။
“လင်းဟူ အစ်ကိုကြီးကို တဂိုဏ်းတည်းသားချင်း ညီမတစ်ယောက်ယောက်က တကယ်ပဲ ငြင်းပယ်ခဲ့တာများလား…”
လင်းဟူရှောင် သည် ကျန်းကျီ က သူ့အား စောင်းပြောသွားသည်ကို အနည်းငယ်မျှ ရိပ်မိခြင်း မရှိဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။
“ငါက ကိုယ်ကျင့်သီလ ဖြောင့်မတ်တဲ့ လူကြီးလူကောင်း တစ်ယောက်ကွ… မင်းလို မိန်းမတွေကို စွဲဆောင်နေတဲ့သူမျိုး မဟုတ်ဘူး…”
စွန်းယန်ဝမ် က သဘောကျစွာ တဟားဟား ရယ်မောလိုက်ပြီးမှ ပြောသည်။
“ပန်းရနံ့က မိုင်သုံးဆယ်ပတ်လည်ကို မွှေးမနေခဲ့ဘူးဆိုရင် ဘယ်နေရာက နန်မန်လိပ်ပြာ က ရောက်လာမှာလဲ…”
စွန်းလင်အာ နှင့် နန်မန်ကုန်း တို့၏ မျက်နှာလေးများက ချက်ခြင်းဆိုသလို “ဖြန်း”ခနဲ ရဲတက်သွားပြီး လင်းဟူရှောင် ကို လုံးဝမကြည့်တော့ဘဲ အလွန်ရှက်ရွံ့စွာ ပြေးထွက်သွားကြသည်။
ထိုအခိုက် လင်းဟူရှောင် ၏ ရင်ထဲတွင် ခံစားချက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ယင်းက သူ့၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ အမှန်တကယ်ပင် နိမ့်ကျနေခဲ့သည် ဟူ၍ဖြစ်လေသည်။
ထန်းဖန်ရွှယ် သည် ထိုကဲ့သို့ သဘောတရားရေးရာများ အနည်းငယ်ပါဝင်နေသော စကားများအပေါ် နားလည်နိုင်စွမ်း မရှိသေးပေ။
သူမအနေဖြင့် ဦးလေးငယ်၏ တော်ကီများကို အမှန်တကယ်ပင် နှစ်သက်မြတ်နိုးနေပြီ ဖြစ်သည်။
သို့သော် ဤဦးလေးငယ်လေး၏ လူများကို အတင်းအကျပ် လေ့ကျင့်ခိုင်းတတ်သည့် အရူးစိတ်ကို ပြန်စဉ်းစားမိသောအခါ သူမ၏ကျောထဲတွင် “စိမ့်”ခနဲပင် ဖြစ်သွားရသည်။
ကျန်းကျီ သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူသည် ဘုန်းတော်ကြီး တစ်ဦးဖြစ်နေသောကြောင့် စွန်းယန်ဝမ် ၏ အနီးတွင် မိန်းမပျိုနှစ်ဦး ရှိနေခြင်းကို လက်မခံနိုင်စရာ အကြောင်းမရှိဟုလည်း ရုတ်တရက် ခံစားလိုက်ရသည်။
နာရီဝက်ခန့် ကြာသောအခါ ကျန်းကျီ သည် ကလေးနှစ်ဦးကို ခေါ်ဆောင်ပြီး အထုပ်အပိုး ကိုယ်စီဖြင့် ဝိညာဉ်ဓားတောင်အောက်သို့ ဦးစွာ ဆင်းသွားကြသည်။
စွန်းယန်ဝမ် သည် လင်ရှီးဓားနှင့် နဂါးရိုင်းဓား နှစ်လက်ကိုသာ ယူဆောင်လာပြီး အခြား မည်သည့် အထုပ်အပိုးမျှ ယူဆောင်လာခြင်း မရှိပေ။
လင်းဟူရှောင် စိတ်ထဲမှကြိတ်ကာ လှောင်ပြောင်လိုက်ပြီး ကျန်းကျီ နှင့် ထန်းဖန်ရွှယ် တို့ကို ခပ်တိုးတိုးပြောသည်။
“သူက ဒီလောကထဲမှာ သွားလာရတာကို လွယ်လွယ်လေး ထင်နေတဲ့ပုံပဲ… ညရောက်လို့ တစ်ခုခုလိုလာမှ ငါတို့ဆီ လာငှားရင် ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြနဲ့…”
လင်းဟူရှောင် ၏ စကားသံ မဆုံးမီမှာပင် မြင်းရထားတန်း နှစ်ခုက ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာ၏။
ပထမရထားတန်းသည် ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုမှ ရထားများဖြစ်ပြီး၊ စွန်းမိသားစုသည် သစ်ကုန်သည်များ ဖြစ်သောကြောင့် ၎င်းတို့၏ မြင်းရထားများက အလွန်လှပသေသပ်မှုရှိသည်။
ထို့အပြင် ခရီးဝေးသွားသည့် အခါမျိုးတွင် ပစ္စည်း အများအပြားကို တင်ဆောင်နိုင်သည်အထိ ခိုင်ခံမှု ရှိသည်။
နောက်ထပ် ရထားတန်း တစ်ခုက နန်မန်အိမ်တော်မှ မြင်းရထားများဖြစ်သည်။
ဤလောက၏ အကြီးဆုံး မိသားစုကြီး ငါးခုအနက်မှ တစ်ခုဖြစ်သော နန်မန်မိသားစုသည် အလွန် ချမ်းသာကြွယ်ဝပြီး ၎င်းတို့ အသုံးပြုထားသော မြင်းရထားများသည် အင်ပါယာမြို့တော်မှ တိုက်ရိုက် မှာယူထားခြင်းဖြစ်သောကြောင့် ပြုလုပ်ထားသည့် ဒီဇိုင်းများက ထူးခြားနေကာ အဆင်တန်ဆာမျိုးစုံလည်း အလှဆင်ထားသည်။
ရထားတန်းနှစ်ခု ပေါင်းလိုက်သောအခါ စုစုပေါင်း ရထားဆယ်စီးကျော်အထိ ရှိသွားသည်။
မိန်းမပျိုနှစ်ဦးသည် ပုံမှန်ခေါ်လာနေကျ အစေခံမိန်းမပျိုလေးများ အပြင် အခြားအစေခံ အမျိုးသမီး ဆယ်ဦးကျော်နှင့် အစောင့်အရှောက်အဖြစ် လိုက်ပါလာသော လူနှစ်ဆယ်၊ သုံးဆယ်ကျော်ခန့်ကိုလည်း ခေါ်ဆောင်လာကြသည်။
ထိုအစောင့်အရှောက် တစ်ဦးချင်းစီတိုင်းသည် ခန္ဓာကိုယ်များ ကြံ့ခိုင်တောင်တင်းပြီး သိုင်းပညာကိုလည်း အတော်အတန် ကျွမ်းကျင်သူများ ဖြစ်သည်။
စွန်းမိသားစု၏ မြင်းရထားတစ်စီးပေါ်တွင် လိုက်ပါလာသော စွန်းယွမ်ဟဲ က အနည်းငယ် စိတ်မချသည့် ပုံစံမျိုးဖြင့် ပြောလိုက်၏။
“လင်အာ… ဒီတစ်ခေါက်သွားရမယ့် ခရီးက တော်တော်လေး ဝေးတယ်…. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…. အဘိုး ဒီတစ်ခေါက်တော့ သမီးနဲ့အတူတူ လိုက်နိုင်မှာ မဟုတ်ဘူး…”
စွန်းလင်အာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း စွန်းယန်ဝမ် နှင့် အတူတူ သွားရသည့် ခရီးရှည် တစ်ခုဖြစ်ကြောင်း စဉ်းစားမိသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သူမက အဘိုးကို နှစ်သိမ်ရင်း ပြောလိုက်၏။
“ဒီတစ်ခေါက် သမီးတို့ သွားနှိမ်နင်းမယ့် သွေးဝံပုလွေ မြင်းစီးတပ်ဖွဲ့ဆိုတာက ဘယ်လောက်မှ အန္တရာယ်မများပါဘူး… သမီးတစ်ယောက်တည်း သွားရင်တောင် အဲဒီပေယန်က မြင်းစီးဓားပြတွေကို ကြောက်စရာမလိုဘူး…”
စွန်းယွမ်ဟဲ စိတ်ထဲမှ ဒေါသတကြီး ပြောလိုက်မိ၏။
“ငါက သွေးဝံပုလွေ မြင်းစီးတပ်ကို စိတ်ပူနေတဲ့ပုံစံမျိုး ပေါက်နေလို့လား…. ငါ တကယ်စိတ်ပူတာက စွန်းယန်ဝမ် ဆိုတဲ့ကောင်ကိုပဲ…. အဲဒီကောင်က အသက်မပြည့်သေးလို့သာ တော်တော့တယ်… မဟုတ်လို့ကတော့ သူက မင်းကို ကျိန်းသေပေါက် စားပစ်လိမ့်မယ်…”