← Chapters

“ခရီးစဥ်တစ်ခု”

Vol. 7 Ch. 70

“ခရီးစဥ်တစ်ခု”

Vol. 7 Ch. 70

နန်မန်မိသားစု၏ ခမ်းနားဆန်းပြားသော မြင်းရထားတစ်စီး ပေါ်တွင်တော့ ညီအစ်မ ရှစ်ဦး၏ မျက်နှာများက အနည်းငယ် ခန့်မှန်းရခက်သည့် အခြေအနေများဖြင့် တစ်မျိုးစီ ဖြစ်ပေါ်နေကြသည်။

အကြီးဆုံးအစ်မ နန်မန်ထန် သည် အချိန်အတန်ကြာမှ မတတ်သာစွာ ပြောလိုက်၏။

“ညီမရှစ်… နင်က တော်တော်လေး ရဲတင်းလွန်းတာပဲ…”

“စွန်းယန်ဝမ် ဆိုတာ အခုမှ အသက်ဆယ့်နှစ်နှစ်သားပဲ ရှိသေးတယ်… သူ့အသက်က အရမ်းငယ်နေပြီး စိတ်က ဘယ်လိုမှ တည်ငြိမ်ဦးမှာ မဟုတ်သေးဘူး… နောက်ပိုင်း သူ ငြီးငွေ့လာလို့ ညီမလေးကို စွန့်ပစ်ခဲ့ရင် မင်း ကိုယ့်ဘာသာကိုယ် ဘယ်လိုဆက်ပြီး ရပ်တည်မလဲ…”

“ဒီဘဝမှာ နင့်ကို ယောက်ျားပေးစားဖို့ မဖြစ်နိုင်တော့မှာကိုတောင် စိုးရိမ်မိတယ်…”

နန်မန်ကုန်း က အလွန်ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ချက်ခြင်း ပြန်ဖြေသည်။

“အဲဒါဆိုရင်လည်း အော်မေတောင်ကိုပြန်ပြီး သူတော်စင်မ လုပ်ရုံပဲပေါ့…. တစ်သက်လုံး အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းသွားရုံပဲ…”

နန်မန်တန် က အနည်းငယ် သဘောမကျသည့် အသံဖြင့် ဝင်ပြော၏။

“အိမ်က စီစဉ်ပေးတာက နင့်အတွက် အဆင်မပြေဘူး ဆိုရင်တောင်… ဒီလိုမျိုး သူများနောက် ကပ်လိုက်ရတာထက် စာရင် အများကြီး ပိုဂုဏ်သိက္ခာရှိသေးတယ်…”

“နန်မန်မိသားစုရဲ့ ရှစ်ယောက်မြောက်ညီမက ဝိညာဉ်ဓား အဆောက်အဦထဲမှာ ရက်ပေါင်းများစွာ နေနေခဲ့တာမျိုးက…”

“အခုဆိုရင် ဒီဂုဏ်သတင်းဟာ….”

နန်မန်မိသားစု၏ အစ်မနှစ်သည် သံကိုအပူပေးနိုင်ခဲ့သော်လည်း ပုံမသွင်းနိုင်ခဲ့သည့် အခြေအနေကို အလွန်အမင်း စိတ်ပျက်မိ သလို ညည်းငြူနေ၏။

နန်မန်ကုန်း က မည်သည့်စကားမျှ ပြန်မပြောသလို အတိုက်အခံလည်း မလုပ်ပေ။

သို့သော် သူမ၏ စိတ်ထဲတွင် တွေးတောနေသည့် အရာတစ်ခုရှိသည်။

“ငါ့အသက်က နှစ်ဆယ်ကျော်နေပြီ…. ပဉ္စမအဆင့်ပဲ ရှိသေးတဲ့ အမျိုးသား တစ်ယောက်ကို လက်ထပ်စရာလား…”

ကျားနဂါးဟိန်းဟောက်သူ ကျန်းရှင်းယွမ် ဆိုသည်မှာ ကျင့်ကြံခြင်းလောက၏ နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

သိုသော် ထိုမျှလောက်က နန်မန်ကုန်းအတွက် မည်သို့ လုံလောက်ပါမည်နည်း။

သူမ၏ ခင်ပွန်းဖြစ်သူမှာ အနည်းဆုံး မူလပါရမီရှင် ဖြစ်ရမည် ဖြစ်ပြီး ဂိုဏ်းချုပ်ကြီး အဆင့်ကို ကျိန်းသေပေါက် ရောက်ကို ရောက်ရမည် ဖြစ်သည်။

စွန်းယန်ဝမ် တွင်တော့ ထိုအချက်များနှင့် ကိုက်ညီနေရုံသာမက ကျော်ပင် ကျော်ထွက်နေသေးသည်။

ကျန်းချင်းရှီ သည် သူ့၏ ကျင့်ကြံမှုသက်တမ်းကို တမင်တကာ ဖုံးကွယ်ပေးထားသလို၊ ယင်ပိုင်လျန် ကလည်း နတ်ဘုရားရိုက်တူ လက်သီးကျင့်စဉ်ကို အပြည့်အဝ အသုံးပြုခွင့် မပေးခဲ့ပေ။

သို့သော် သူသည် ကိုယ်တိုင်ဖန်တီးထားသော လက်သီးကွက် တစ်ကွက်ဖြင့် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ၏ ပြိုင်ဘက် အတော်များများကို ရှင်းထုတ်ပစ်ခဲ့ခြင်းကြောင့် သူ့၏ အနာဂတ်အောင်မြင်မှုက ဂိုဏ်းချုပ်အဆင့်ဖြင့် လုံးဝရပ်တန့်နေမည် မဟုတ်ကြောင်း သူမ ကျိန်းသေ တွက်ချက်ထားပြီးပြီ ဖြစ်သည်။

တတိယအစ်မ နန်မန်ရွှယ်က ခေါင်းကိုသာ ခါရမ်းနေပြီး မည်သည့်စကားမျှ မပြောနိုင်တော့ပေ။

စတုတ္ထအစ်မ နန်မန်စူး သည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း နန်မန်ညီအစ်မ ကိုးဦးစလုံးတွင် ဉာဏ်ရည်ဉာဏ်သွေး အမြင့်မားဆုံးသူ ဖြစ်သည်။

ယခုအခါ သူမတွင်လည်း ပြောစရာစကားများ မရှိတော့သဖြင့် ခပ်တိုးတိုးသာ မှာလိုက်သည်။

“ညီမရှစ်… မင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက် ကာကွယ်ရမယ်နော်…”

ပဉ္စမအစ်မ နန်မန်ချာချာ က ချက်ခြင်း အော်ဟစ်ပြောဆိုလိုက်၏။

“စတုတ္ထအစ်မရဲ့ စကားကို နားထောင်မနေနဲ့…”

“ညီမရှစ်… နင်တို့က ဒီအခြေအနေထိတောင် ရောက်လာပြီ ဆိုမှတော့ ဒီကိစ္စကို တစ်ချက်တည်းနဲ့ အဆုံးသတ် ပစ်လိုက်တော့… ဘာဖြစ်လို့ ဆန်စိမ်းအတိုင်း ထားနေရမှာလဲ… ချက်ပြီးသား ထမင်းဖြစ်အောင် လုပ်လိုက်ပြီး ဒီနှစ်နှစ် အတွင်းမှာပဲ စွန်းယန်ဝမ် ကို ဖခင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားစမ်း…”

နန်မန်တန် ဒေါသထွက်လာပြီး သူ့ညီမ၏ စကားမပြောနိုင်သည့် အကြောနေရာကို လက်ဖြင့် ဖိချလိုက်၏။

သူမသည် စကားပြောသည့်အခါ ရှေ့နောက်မဆင်မခြင် အလွန်ပြောဆိုတတ်သူဖြစ်ပြီး သူမပါးစပ်မှ ပေါက်တတ်ကရများ နောက်ထပ် ထွက်မလာမီ အချိန်မီ ထိန်းထားရခြင်း ဖြစ်သည်။

နန်မန်ကုန်း ၏ ချောမောလှပသော မျက်နှာလေးပေါ်တွင် သွေးရောင်များ လွှမ်းသွားပြီး အလွန် ရှက်သွားသော်လည်း သူ့အစ်မ နန်မန်ချာချာ ပြောသည့်စကားကို တိတ်တဆိတ် သဘောတူလိုက်မိသည်။

နန်မန်ကုန်း သည် အပြင်ပန်းတွင် နူးညံ့ညင်သာသူ ဖြစ်သော်လည်း ခေါင်းမာသည့် နေရာတွင်တော့ ညီအစ်မများ အားလုံးထဲတွင် ထိပ်ဆုံးမှ ဖြစ်သည်။

ကျန်သည့် ညီအစ်မများမှာလည်း ဘာမှ ထပ်မပြောကြ တော့ပေ။

နန်မန်ကျူ မှာတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။

သူမ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သည့် စွန်းလင်အာ နှင့် အချစ်ဆုံးအစ်မ နန်မန်ကုန်း တို့သည် မည်သည့် အတွက်ကြောင့် စွန်းယန်ဝမ် အပေါ် ရုတ်တရက်ကြီး အသည်းအသန် ဖြစ်သွားကြသည်ကို သူမ ယနေ့အချိန်အထိ နားမလည်နိုင်သေးပေ။

စွန်းယန်ဝမ် မည်မျှထူးချွန်နေသည်ဖြစ်စေ ခုံမှမလှုပ် မြင်းမှလှုပ်ရမည် မဟုတ်ပါလား…

ကျင့်ကြံခြင်းလောကမှ သူရဲကောင်းလူငယ်များ အားလုံးကရော ထိုအတိုင်းပင် မဟုတ်ပါလား…

နန်မန်ထန် သည် ရုတ်တရက် ရှေ့မှ စားပွဲကို “ဖြောင်း”ခနဲ ရိုက်ချလိုက်ကာ ပြောသည်။

“ညီမရှစ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ငါတို့ ညီအစ်မတွေက သူ့အတွက် အားသွန်ခွန်စိုက် ကူညီပေးရမှာ မဟုတ်ဘူးလား… ငါ့ရဲ့ ကိုယ်ရံတော်အစ်မ ဟန်စူး ကို နင့်ဆီ လွှတ်လိုက်မယ်… ကျန်တဲ့ ညီအစ်မတွေကလည်း နင်တို့ တတ်နိုင်သလောက် အကူအညီပေးကြ…”

နန်မန်ကုန်း က အံ့အားသင့်စွာ ပြောသည်။

“ဟန်စူး က အစ်မရဲ့ အရင်းနှီးဆုံး လက်ထောက် မဟုတ်ဘူးလား… ညီမက ဘယ်လိုလုပ်ပြီး သူ့ကို ခေါ်သွားရမှာလဲ…”

နန်မန်ထန် က ညင်သာစွာပြောသည်။

“အစ်မက လက်ထောက်မလိုတော့ပါဘူး…”

နန်မန်တန် ကလည်း သက်ပြင်းချကာ ပြောသည်။

“အစ်မဆီမှာတော့ တန်ဖိုးရှိတဲ့ ပစ္စည်းဘာမှမရှိဘူး… ငွေဒင်္ဂါး တစ်သောင်းခွဲ တန်ကြေးရှိတဲ့ ငွေလဲလက်မှတ်ပဲ ပေးလိုက်တော့မယ်… ခရီးစဉ်တစ်လျှောက် ငွေရေးကြေးရေးကြောင့် ကိုယ့်ကိုယ်ကိုယ် နစ်နာအောင် မလုပ်မိစေနဲ့…”

နန်မန်မိသားစုမှ ညီအစ်မ အချို့က တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ပြောဆိုနေကြ၏။

ခုနှစ်ယောက်မြောက်အစ်မ နန်မန်ကျိ ၏ အလှည့်သို့ ရောက်သောအခါ သူမသည် နောက်ကျောတွင် လွယ်ထားသည့် အထုပ်တစ်ခုကို ယူလိုက်ပြီး အနည်းငယ် နာကျင်နေသော အသံဖြင့် ပြောသည်။

“အစ်မဆီမှာလည်း ကောင်းတဲ့ပစ္စည်း မရှိပါဘူး… ဒီဓားမောင်နှံ တစ်စုံကိုပဲ ညီမလေးအတွက် ပေးလိုက်ပါမယ်…”

နန်မန်စူး သည် တစ်စုံတစ်ခုကို အလွန်အမင်း ပြောဆိုချင် နေသော်လည်း ညီအစ်မများကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် သူမ၏ စကားများကို ပြန်လည်မျိုသိပ် ထားလိုက်သည်။

အစ်မခုနှစ် နန်မန်ကျိ သည် ဓားနတ်ဘုရားငယ်လေး ကျန်းချင်းရှီ ကို အလွန်လေးစား နှစ်သက်သူ ဖြစ်သည်။

သူမသည် အချစ်ကို စတင်ခံစားတတ်သည့် အချိန်မှစကာ သူမရသမျှ ငွေကြေးအားလုံးကို စုဆောင်းခဲ့သူ ဖြစ်ပြီး ထိုအထဲမှ တစ်ဝက်တိတိကို ဤဓားမောင်နှံတစ်စုံအတွက် အသုံးပြုခဲ့သည်။

ဓားတစ်လက်၏ အမည်သည် ချင်လျန် ဟုခေါ်ပြီး နောက်တစ်လက်၏ အမည်ကတော့ ဟောင်ဖန် ဖြစ်ကာ ဖီးနစ်မောင်နှံကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့နှစ်ဦးသည် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။

ရေစက်မရှိ၊ ကံကြမ္မာမဆုံခဲ့ဘဲ ရေကန်ကြီးဘေးတွင် တစ်ကြိမ်သာ ဆုံခဲ့ရသော်လည်း မည်သူမည်ဝါမှန်း မသိခဲ့မှုကြောင့် ကိုရီးယားလွဲ လွဲချော်သွားခဲ့ရသည်။

ယခု နန်မန်ကျိ က သူမ၏ မျှော်လင့်ချက်ကို အဆုံးသတ်လိုက်ပြီး သူမတန်ဖိုးအထားဆုံး ဓားမောင်နှံ တစ်စုံကို သူ့ညီမလေးကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် မျှော်လင့်ချက် တစ်ခုတော့ရှိသေးသည်။

ညီမလေးသည် ကျန်းချင်းရှီ ၏ ညီလေးနှင့် ဘာညာများ ဖြစ်သောကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျန်းချင်းရှီ သည်လည်း ဤဓားစုံတွဲကို မြင်တွေ့ကောင်း မြင်တွေ့သွား နိုင်သည်ဆိုသော မီးတောက်ကလေးပင်။

ဤမျှော်လင့်ချက်က များစွာသေချာရေရာခြင်း မရှိသလို ခံစားချက်များကလည်း သပွတ်အူလို ရှုပ်ထွေးပွေလီ လွန်းလှသည်။

ကိုယ်တိုင်ကိုယ်ကျ ခံစားနေရသူ တစ်ဦး မဟုတ်လျှင် အမှန်တကယ် နားလည်နိုင်ရန် အလွန် ခက်ခဲနေပေလိမ့်မည်။

နန်မန်မိသားစုမှ ညီအစ်မရှစ်ဦးတို့သည် သူမတို့ ပိုင်ဆိုင်သော ပစ္စည်းများကို ရထားလုံးအတွင်း ထားခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် ရထားပေါ်မှ ဆင်းလာကြ၏။

သူမတို့အားလုံး ဝိညာဉ်ဓားတောင်ထိပ်၏ အလှကို လွမ်းမောစွာ ငေးကြည့်နေမိ၏။

စွန်းယန်ဝမ် သည် အဝါရောင် ခပ်ဖျော့ဖျော့ ဘုန်းတော်ကြီး ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားနှစ်လက်ကို ထိုးထည့် ထား၏။

သူ အနည်းငယ် ပြုံးလိုက်သောအခါ အမှန်တကယ် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလွန်းနေသလို ထင်ရပြန်သည်။

နန်မန်ချာချာ က ရုတ်တရက် ကောက်ကာငင်ကာ ပြောလိုက်၏။

“ညီမရှစ်သာ စွန်းယန်ဝမ် နဲ့ တကယ်လက်ထပ်ဖြစ် သွားရင်တော့…”

ညီအစ်မအားလုံး၏ ရင်ထဲတွင် “ဒိန်း”ခနဲ တုပ်လှုပ်ကုန်ကြ၏။

နန်မန်ကုန်း သည် နောက်ဆုံးမှသာ ရထားပေါ်မှ ဆင်းလာသည်။

သူမသည် ဆံနွယ်များအားလုံးကို ပေါ့ပေါ့ပါးပါး စုချည်ထားပြီး အလွန်လှပသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပန်းချီကားထဲမှ ထွက်ပေါ်လာသော နတ်သမီးလေး တစ်ဦးကဲ့သို့ လှပကြော့ရှင်းနေတော့၏။

ထို့နောက် အလွန်ချိုသာသော အပြုံးလေးတစ်ခုနှင့် စွန်းယန်ဝမ် ကို ပြုံးပြလိုက်သည်။

သူမ၏ မျက်လုံးအိမ်အတွင်း စွန်းယန်ဝမ် တစ်ယောက်သာ ရှိတော့ပြီး အခြားသူများအားလုံး ရုတ်တရက် ကွယ်ပျောက်သွားလေတော့သည်။

စွန်းယန်ဝမ် မှာလည်း မြင်တွေ့ရသည် မြင်ကွင်းကြောင့် သူမ၏ အလှတရားကို အမှန်တကယ် ခံစားခဲ့ရပြီး တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

“နန်မန်ညီမရှစ်က တကယ်လှပတဲ့သူလေး တစ်ယောက်ပဲ…”

ထိုအချိန်တွင် စွန်းလင်အာ မှာလည်း ရထားပေါ်မှ ဆင်းလာခဲ့သည်။

ဤလင်အာ နတ်မိမယ်လေးကတော့ သူရဲကောင်းပုံစံဖြင့် ရိုးရှင်းသော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သောကြောင့် သူမ၏ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်တို့က အထူး ပေါ်လွင် ထင်ရှားနေခဲ့သည်။

ထိုအလှက အလွန်လှပသော ကျောက်စိမ်းပန်းပုရုပ်လေး ထုဆစ်ထားသကဲ့သို့ တင့်တယ်လွန်းနေ၏။

စွန်းယန်ဝမ် ၏ စိတ်ထဲမှ နောက်ထပ်စကားတစ်ခွန်း ဖြည့်စွက်လိုက်ရပြန်သည်။

“လိပ်ပြာလေးကလည်း အရမ်းကိုလှပလွန်းနေတယ်…”

သူသည် ကျန်းကျီ၊ လင်းဟူရှောင်၊ ထန်းဖန်ရွှယ် နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ကျွန်တော်တို့ အခုပဲ ခရီးစလိုက်ရအောင်…”

“စွန်းအိမ်တော်နဲ့ နန်မန်အိမ်တော်က ကျွန်တော်တို့အတွက် ရထားတွေ စီစဉ်ပေးထားခဲ့တယ်… အကုန်လုံးကို သေသေချာချာ ပြင်ဆင်ထားတဲ့အတွက် ခရီးပန်းတဲ့ဒဏ်ကို ခံစားရမှာ မဟုတ်တော့ဘူး…”

လင်းဟူရှောင် သည် လက်ထဲမှ အထုပ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ဓားရှည်ကို ပွတ်သပ်နေ၏။

သူသည် စွန်းယန်ဝမ် နှင့် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ချင်သေး သော်လည်း မနေ့က လေ့ကျင့်ခဲ့သည့် အခြေအနေကို ပြန်တွေးမိသောအခါ သူ့လက်ကို အသာအယာ ပြန်ရုတ်လိုက်ပြီး တိတ်တဆိတ် ပြောဆိုလိုက်သည်။

“ဒီလို ပုံမှန်မဟုတ်တဲ့ကောင်နဲ့ ဘာမှပတ်သက်နေစရာ အကြောင်းမရှိဘူး…”

စွန်းယန်ဝမ် သည် နန်မန်ကုန်း ကို ခေါ်ကာ စွန်းလင်အာ ၏ မြင်းရထားပေါ်သို့ အတူတကွ တက်လာခဲ့ကြသည်။

ရထားလုံးအတွင်း စွန်းယွမ်ဟဲ ကို မြင်သောအခါ သူက ချက်ခြင်း မေး၏။

“စွန်းအဘိုးကော ကျွန်တော်တို့နဲ့အတူတူ လိုက်မှာလား…”

စွန်းယွမ်ဟဲ ၏ မျက်နှာကြီးက “ရဲ”ခနဲ ဖြစ်သွားပြီး ချက်ခြင်း ပြန်ပြောသည်။

“ငါ့မှာ တခြားကိစ္စတွေနဲ့ မအားသေးဘူး… မင်းတို့နဲ့ အတူတူလိုက်ဖို့ မဖြစ်နိုင်ဘူး…”

ထိုအဘိုးကြီးသည် မြင်းရထားအတွင်းမှ ချက်ခြင်း ထွက်ကာ လေထဲသို့ ပျံတက်သွားပြီး မကြာမီ အလွန်ဝေးကွာသော အရပ်ကို ရောက်သွားတော့သည်။

မြင်းရထားဆယ်စီးကျော် ပါဝင်သော ရထားတန်းကြီးသည် ဖြည်းညှင်းစွာနှင့် ခရီးရှည်ကြီး တစ်ခုကို စတင်လာခဲ့သည်။

လမ်းဘေးတွင် ရပ်ကျန်ခဲ့သော နန်မန်မိသားစုမှ ညီအစ်မရှစ်ဦးသည် အတော်ဝေးဝေး ရောက်သည်အထိ လက်ပြနှုတ်ဆက်၍ ကောင်းနေဆဲ ဖြစ်သည်။

သူမတို့အနေဖြင့် ညီမရှစ်၏ ဤခရီးကို ထွက်ခွာသွားခြင်း အကျိုးဆက်သည် မည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို လုံးဝသိနိုင်ခြင်း မရှိခဲ့ပေ။

လင်းဟူရှောင် သည် စိတ်ထဲတွင် မခံချိမခံသာ ဖြစ်နေသော်လည်း စွန်းမိသားစု၏ မြင်းရထားတစ်စီး ပေါ်ကို မဖြစ်မနေ တက်လာခဲ့ရသည်။

ဤမြင်းရထားသည် စွန်းလင်အာ အထူးစီစဉ်ထားသော ရထားများ ဖြစ်သောကြောင့် အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းကာ သက်သောင့်သက်သာ ရှိလှသည်။

ဘေးနှစ်ဖက်မှ ပြတင်းပေါက်တွင် လိုက်ကာများ တပ်ထားပြီး လိပ်တင်လိုက်ရုံဖြင့် ပတ်ဝန်းကျင် ရှုခင်းများကို အကောင်းဆုံးမြင်နိုင်ပြီး လေဝင်လေထွက် အလွန်ကောင်းလှသည်။

သူတို့သုံးဦးသည် ရထားလုံးအတွင်း မွန်းကြပ်မှုမရှိဘဲ ချောင်ချောင်ချိချိ စီးနင်းလိုက်ပါလာခဲ့ကြ၏။

နန်မန်ကုန်း သည် လိုက်ကာကိုလိပ်တင်ကာ ညီအစ်မများကို နှုတ်ဆက်နေရင်း စိတ်ထဲမှလည်း စဉ်းစားနေမိသည်။

“ဒီတစ်ခေါက်သွားတာက နန်မန်မိသားစုကို ပြန်လာဖို့ နှစ်အတော်ကြာအောင် အခွင့်အရေး မရှိတော့ဘူးထင်တယ်… နောက်တစ်ကြိမ် အိမ်ပြန်လာရင် ငါ့မှာ ကလေးတွေ ဘာတွေများ ပါလာမလားမသိဘူး…”

စွန်းယန်ဝမ် သည် ခါးမှ ဓားနှစ်လက်ကို ဖြုတ်ယူလိုက်ပြီး ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ချက်ခြင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူ့အတွက် အချိန်တစ်စက္ကန့်မျှ အလဟသ ပြုန်းတီး၍ မဖြစ်သောကြောင့် ကျင့်ကြံမှုကို နောက်တစ်ကြိမ် ပြန်လည်စတင်လိုက်၏။

မြင်းရထားများသည် မိုင်ပေါင်းများစွာ ခရီးနှင်လာပြီးနောက် ခြံဝန်းတစ်ခုအရှေ့တွင် ရုတ်တရက် ရပ်တန့်သွားကြသည်။

ကျန်းကျီ သည် ရထားပေါ်မှ ချက်ခြင်း ဆင်းသွားပြီး မကြာမီ အသက်နှစ်ဆယ် အရွယ်ခန့်ရှိသော လူငယ်တစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ထိုလူငယ်မှာ ဟုန်ဟွာဂိုဏ်း ဂိုဏ်းခေါင်းဆောင်၏ သားဖြစ်သူ ယွီကျင့်ထင် ဖြစ်သည်။

သူ့ပုံစံသည် မျက်ခုံးမွှေးထူထူ၊ မျက်လုံးပြူးပြူးနှင့် ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်မျိုး ဖြစ်သည်။

သူ့၏ လက်နှစ်ဖက်သည် သာမန်လူတစ်ဦးထက် အနည်းငယ် ပိုကြီးနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရုပ်ခန္ဓာကျင့်စဉ်ကို အဆင့်အတန်း မြင့်မားစွာ ကျင့်ကြံထားကြောင်း သိနိုင်သည်။

ဟုန်ဟွာဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သွေးဝံပုလွေ မြင်းတပ်ဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဂိုဏ်းခေါင်းဆောင်၏ ဇနီးဖြစ်သူသည် အရေးပေါ်အချိန်တွင် ဂိုဏ်း၏ ကိစ္စများကို ဝင်ရောက် တာဝန်ယူခဲ့ပြီး သားဖြစ်သူကို ဆောင်ယန်ဂိုဏ်းထံ အကူအညီတောင်းရန် စေလွှတ်ခဲ့သည်။

ယင်းကိုကြည့်ပါက သူမသည် စစ်မှန်သော အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း သေချာနေသည်။

ယွီကျင့်ထင် သည် ဤမျှ ခမ်းနားထည်ဝါနေသော ရထားတန်းကြီးကို မြင်သောအခါ ဆောင်ယန်ဂိုဏ်းမှ တပည့်များ ခရီးသွားသည့်အခါ အားလုံးသည် ဤအတိုင်းသာ ဖြစ်လိမ့်မည်ဟု အထင်ရှိသွားသည်။

ထို့အပြင် သူ့ကိုယ်သူ အနည်းငယ် စိတ်မလုံမလဲ ဖြစ်နေသလိုလည်း ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် သူဆိုသည်မှာ ဂိုဏ်းငယ်လေး တစ်ခု၏ ဆက်ခံသူသာ ဖြစ်သောကြောင့် ကျယ်ပြန့်သော လောကကြီးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိသေးပေ။

ပုံမှန်အားဖြင့် သူတို့မြို့မှ ငွေကြေးချမ်းသာသူများကိုသာ အလွန်အဆင့်အတန်း မြင့်မားသူများဟု ယူဆထားခဲ့ပြီး ယခု ဤရထားတန်းနှင့် ယှဉ်လိုက်သောအခါ ထိုသူကြွယ်များသည် အလွန်ရိုးရှင်းသော တောသူတောင်သားများပမာ ဖြစ်သွားရတော့သည်။

All Chapters