← Chapters

“ဒီအဖိုးကြီးက မိန်းမစိုးနဲ့ တော်တော်တူတယ်”

Vol. 7 Ch. 63

“ဒီအဖိုးကြီးက မိန်းမစိုးနဲ့ တော်တော်တူတယ်”

Vol. 7 Ch. 63

ကျန်းချင်းရှီ သည် ဖုန်ဝူရွှယ် ၏ အချက်အလက်ကို အသေးစိတ်မှအစ သေသေချာချာ စုံစမ်းထားခဲ့ခြင်း ဖြစ်သည်။

ဤကလေးသည် အကြီးဆုံးဦးလေး ချုံယန်ဆောင်ယန် ဝမ်ရွှမ်ကွေ့ ၏ တပည့်ကြီး ဖေဟန် နှင့် ဆွေမျိုးသားချင်း တော်စပ်သူလည်း ဖြစ်သည်။

ဖေဟန် သည် သူ့ဇာတိမြေသို့ တစ်ခေါက် ပြန်သွားစဉ်အခါက မိသားစုအတွင်းမှ ပါရမီကောင်းသော ကလေးတစ်ဦးကို ပြန်ခေါ်လာခဲ့ပြီး သူ့၏ တပည့်အဖြစ် လက်ခံရန် ဆရာဖြစ်သူထံ သွားရောက် သတင်းပို့ခဲ့သည်။

ထိုအခါ ဝမ်ရွှမ်ကွေ့ က ဖုန်ဝူရွှယ် ကို တစ်ချက်ကြည့်လိုက်ပြီး ပါရမီရှင်တစ်ဦး ဖြစ်သည်ကို တန်းသိသွားသောကြောင့် သူ့၏ တပည့်အဖြစ် ချက်ခြင်း လက်ခံလိုက်ခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ကြောင့် မြေးတပည့်တစ်ဦး အဖြစ်မှ လက်ရင်းတပည့်တစ်ဦးအဖြစ်သို့ အဆင့်တက်သွားခဲ့ရပြီး အလွန်ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက် တစ်ခုဟု ပြောရမလိုပင်။

ဖုန်ဝူရွှယ် သည် ဝမ်ရွှမ်ကွေ့ ၏ တပည့်ဖြစ်လာသည့် အချိန်မှစကာ ချီစွမ်းအင်ကို ကျင့်ကြံသည့် အခါဖြစ်စေ၊ ဓားပညာရပ်ကို လေ့ကျင့်သည့်အခါဖြစ်စေ အလွန်ပါရမီကောင်းသူတစ်ဦး ဖြစ်ခဲ့ပြီး သူ့၏ စွမ်းအားက နေ့ချင်းညချင်း တိုးတက်လာခဲ့သည်။

သူနှင့်ခေတ်ပြိုင် နောက်တစ်ဦးက ကျန်းအစ်မ ၏ အသည်းကျော် တပည့်လေး ထန်းဖန်ရွှယ် ဖြစ်ကာ သူတို့ နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း နာမည်ကြီး ထင်ရှားလာခဲ့ကြသူများ ဖြစ်သည်။

သူတို့အား ဆောင်ယန်ဂိုဏ်း၏ အနာဂတ်တွင် အလားအလာ အရှိဆုံး မျိုးဆက်သစ် ကျင့်ကြံသူများ အဖြစ်ပင် သတ်မှတ်ထားခဲ့ကြ၏။

သို့သော် ဖုန်ဝူရွှယ် သည် ထန်းဖန်ရွှယ် ထက် အသက်အနည်းငယ် ပိုကြီးသလို ကျင့်ကြံမှု အချိန်ကလည်း ပို၍ရှေ့ရောက်သောကြောင့် စွမ်းအားအရာတွင် သိသိသာသာ ပိုမိုသာလွန်နေသည်။

ကျန်းချင်းရှီ သည် ဖုန်ဝူရွှယ် အကျွမ်းကျင်ဆုံးဖြစ်သော စွမ်းအားနှင့် ဓားသိုင်းများကို သူ့အား အသေးစိတ် ရှင်းပြပေးခဲ့၏။

သူ့ညီလေး ထိခိုက်နစ်နာမည့် အခြေအနေကို သူ မည်သို့မျှ မမြင်နိုင်ပေ။

ဖုန်ဝူရွှယ် သည်လည်း ဂိုဏ်းအတွင်းသို့ စတင်ဝင်ရောက် လာသည့် အချိန်မှစကာ အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကျင့်ကြံခွင့်ရသူ တစ်ဦး ဖြစ်သည်။

သူ့၏ ကျင့်စဉ်အပေါ် တိုးတက်မှုက အလွန်လျင်မြန်မှု ရှိသောကြောင့် နောက်ထပ် ကျင့်စဉ်တစ်ခု ဖြစ်သည့် နတ်ဘုရား ယန်ချီစွမ်းအင် ကျင့်စဉ်ကို ပြောင်းလဲ ကျင့်ကြံခွင့်ရခဲ့သည်။

သို့သော် ရွှမ်ဟွမ် ကောင်းကင် နတ်လက်ဝါးကျင့်စဥ်ကို မကျင့်ကြံရသေးဘဲ ဆောင်ယန်ဂိုဏ်း၏ ဓားသိုင်းသုံးမျိုးကိုသာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သေးသည်။

ထိုဓားသိုင်းများက မဟာဆောင်ယန်နတ်ဓား၊ လျှပ်စီးဖမ်းဆုပ်ခြင်းဓား၊ ပန်းခြွေလေပြင်းဓား တို့ ဖြစ်သည်။

လျှပ်စီးဖမ်းဆုပ်ခြင်း ဓားသိုင်းသည် မြေမဟာခြေလှမ်းဓားသိုင်း (မြေမဟာဓားကွက်) ကဲ့သို့ပင် ဤလောက၏ အမြန်ဆုံး ဓားသိုင်းသုံးခုအတွင်း ပါဝင်သည်။

အခြားဓားသိုင်းတစ်ခုက ဓားစံအိမ်၏ လျှို့ဝှက်ဓားကျင့်စဉ် တစ်ခုဖြစ်သောကြောင့် ဆောင်ယန်ဂိုဏ်းတွင် မရှိပေ။

မြေမဟာခြေလှမ်း ဓားသိုင်းသည် ခြေသိမ်းခြေနှုတ်များ အပေါ်တွင် အဓိက အသုံးချရသော တိုက်ကွက်ဖြစ်ပြီး ခြေလှမ်းတစ်လှမ်းဖြင့် ပထဝီကို ကျုံ့စေကာ ဓားသည် ရန်သူ၏ လက်တစ်ကမ်း အကွာကို ချက်ခြင်း ရောက်ရှိသွားစေသည်။

ထိုလက်တစ်ကမ်းအကွာ ဆိုသည်က အလွန်အင်မတန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုး ဖြစ်သည်။

လျှပ်စီးဖမ်းဆုပ်ခြင်း ဓားသိုင်းသည် လျှပ်စီးတန်း တစ်ခုကဲ့သို့ ထိုးဖောက်ဝင်ရောက်ခြင်း ဖြစ်ပြီး အကယ်၍ တိုက်ခိုက်မှုက ရည်မှန်းချက်နေရာကို လွဲချော်သွားမည်ဆိုလျှင် ထိုဓားအလင်းတန်းက မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသော အရပ်အထိ ရောက်သွားမည် ဖြစ်သည်။

ထိုဓားသိုင်းတွင် ပါဝင်သော ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်သည် လေဟုန်စီး ကျင့်စဉ်ကဲ့သို့ပင် ဤလောက၏ အထွဋ်အထိပ် လှုပ်ရှားမှုနည်းစနစ်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

ထိုဓားသိုင်းကို သင်ယူရန် အလွန်ခက်ခဲသည် မှန်သော်လည်း တတ်မြောက်သွားပြီ ဆိုသည်နှင့် မိမိထက် ကျင့်ကြံခြင်းအဆင့် ပို၍မြင့်မားသော ရန်သူနှင့် တွေ့လျှင်ပင် လှုပ်ရှားမှုနည်းစနစ်ကို အသုံးချကာ လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း ရှိသည်။

ယင်းက ရန်သူကို မည်သို့မျှ မပိတ်ဆို့နိုင်အောင် ဖြစ်စေလိမ့်မည်။

လတ်တလောတွင် ပွဲစဉ်တိုင်းကို အနိုင်ရထားခဲ့ခြင်းကြောင့် စွန်းယန်ဝမ် ၏ စိတ်ဓာတ်က အမြင့်မားဆုံး အခြေအနေ၌ ရှိနေခဲ့သည်။

သို့သော် အစ်ကိုကြီး၏ ပြောပြမှုကြောင့် ဖုန်ဝူရွှယ် ၏ အရည်အချင်းများကို သိလာခဲ့ရပြီးနောက် သူ့စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။

သူက မကျေမနပ်နှင့် ရေရွတ်လိုက်၏။

“ဦးလေးခြောက် ပြောခဲ့တုန်းက အုပ်စု(ဂ)မှာ ကျွန်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူးဆို… အခုက ဘယ်လိုဖြစ်ရပြန်တာလဲ…”

ကျန်းချင်းရှီ တဟားဟား အော်ဟစ်ရယ်မော လိုက်မိသည်။

“ဦးလေးခြောက် ပြောတဲ့စကားကို ဒီဘက်နားကဝင် ဟိုဘက်နားကထွက်ပဲ သဘောထားပါ… သူက ခြောက်ယောက်မြောက် အဖိုးကြီးတစ်ယောက်ဆိုတာ မင်းသိထားရင်ရပြီ…”

အမှန်တော့ ကျန်းချင်းရှီ မှာ သူ့ညီ နားလည်အောင် ရှင်းပြရမည့် စကားလုံး ရှာမတွေ့သောကြောင့် ပါးစပ်ထဲတွင် ပေါ်လာသလို ပြောလိုက်ခြင်း ဖြစ်သည်။

သုံးလေးနှစ်ကြာအောင် ကျင့်ကြံထားပြီးသားသူ တစ်ဦးအနေဖြင့် ဟွမ်ယွမ်ဓားသိုင်း သုံးကွက် လောက်သာ အသုံးပြုနိုင်သည် ဆိုသည်က ဖြစ်နိုင်ပါမည်လား….

ထိုအခိုက်အတန့်၌ ကမ္ဘာနှစ်ခုစလုံးတွင်ပင် မကြားခဲ့ဘူးသော အဓိပ္ပာယ်မရှိဆုံး စကားများ ဤနေရာတွင် လာစုစည်းနေကြသလို စွန်းယန်ဝမ် ခံစားလိုက်ရသည်။

သူ့တွင် အခြားပြောစရာ ဘာစကားမျှ မရှိတော့ပါ။

စွန်းယန်ဝမ် ၏ နစ်နာမှုကတော့ သူ စတင်ကျင့်ကြံခဲ့သည့် အချိန်သည် သူတို့ပြောထားသည့် အချိန်ထက် များစွာ နောက်ကျ နေခြင်းသာ ဖြစ်တော့သည်။

သူ့၏ ဆဌမမြောက် သွေးကြောသည် မကြာသေးမီကမှ ပွင့်လာခဲ့ခြင်း ဖြစ်သောကြောင့် နောက်ထပ် သွေးကြောတစ်ခု ဖွင့်လှစ်ရန်ဆိုသည်က ဤပြိုင်ပွဲပြီးဆုံးသွားမှသာ ဖြစ်နိုင်တော့မည်။

ရုပ်ခန္ဓာကျင့်ကြံမှုသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ၎င်း၏ အဓိက အကျဆုံး အချက်က သူဖန်တီးခဲ့သည့် နတ်ဘုရားရိုက်တူ ကျင့်စဉ်ကြောင့်သာ ယခုလို လျင်မြန်နေခြင်း ဖြစ်သည်။

လက်ရှိ သူ့၏ နဂါးမရီဒန်နှင့် ဆင်မရီဒန် နှစ်ခုသာ သဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိသေးသည်။

ဆိုလိုသည်မှာ နတ်ဘုရားရိုက်တူ ကျင့်စဉ်၏ နဂါးဆင်လက်သီးမှလွဲလျှင် အခြား မည်သည့် လက်သီးကွက်မဆို သတ္တမအဆင့်၏ စွမ်းအားမျိုး ဖော်ထုတ်နိုင်ဦးမည် မဟုတ်ပေ။

ဓားကျင့်ကြံမှုနှင့် ပတ်သက်လျှင်တော့ ပို၍ပင် ဆိုးသွားပြီ ဖြစ်သည်။

သူအမှန်တကယ် အသုံးချနိုင်သော ဟွမ်ယွမ်ဓားကွက်သည် သုံးကွက်အထိသာ ရှိသေးသည်။

နတ်ဆိုးသတ်ဓားသိုင်းများက ကျွမ်းကျင်နေပြီ ဖြစ်သော်လည်း သေရေးရှင်ရေး အခြေအနေ မဟုတ်ဘဲ မည်သို့ အသုံးချ၍ ရနိုင်ပါမည်နည်း။

စွန်းယန်ဝမ် မကျေမချမ်းနှင့် ထပ်ပြောသည်။

“သူပြောချင်တာက နောက်ထပ် တစ်နှစ်စာလောက်ကို ကြိုပြောထားတာနေမှာ…”

“ဟုတ်လောက်တယ်… အဲဒီအချိန်ကျရင်တော့ အုပ်စု(ဂ)မှာ တကယ်ပဲ ကျွန်တော်နဲ့ ယှဉ်နိုင်တဲ့သူ လုံးဝ မရှိတော့ဘူး…”

ကျန်းချင်းရှီ စိတ်ထဲတွင် တွေးနေမိသည်။

“မင်းနဲ့ အခု တိုက်ခိုက်နေတာကလည်း ကလေးတွေ ချည်းပဲလေ… တစ်နှစ်ကြာရင်တော့ အုပ်စု(ခ)ကိုပဲ မင်းကိုလွှတ်တော့မှာပေါ့ဟ…”

စွန်းယန်ဝမ် ၏ ကျင့်စဉ်တိုးတက်မှုနှုန်းက ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်သောကြောင့် နောက်ထပ် တစ်နှစ်ကြာသောအခါ သူ့၏ ညီလေးသည် မည်သည့်အဆင့်သို့ ရောက်ရှိနေမည်ဆိုသည်ကို ကျန်းချင်းရှီ အမှန်တကယ် မခန့်မှန်းရဲပေ။

တစ်နှစ်အတောအတွင်း ရုတ်တရက်ကြီး ဆဌမအဆင့်ထိ ထိုးဖောက်သွားမည်ဆိုလျှင် ယန်နတ်ဆေးလုံး နောက်တစ်လုံး ထပ်ရသည် ဆိုစေဦးတော့ အုပ်စု(ခ)ကိုသာ မဖြစ်မနေ သွားပြိုင်ဆိုင်ရပေလိမ့်မည်။

ဆရာဖြစ်သူ ဂိုဏ်းချုပ်ကြီး ၏ မျက်နှာကိုလည်း ထောက်ထားရသေးသည် မဟုတ်ပါလား….

ထိုသို့မဟုတ်ဘဲ တစ်နှစ်ကြာပြီးသောအခါ စွန်းယန်ဝမ် က ပဉ္စမအဆင့်ထိ ထိုးဖောက်သွားနိုင်မည် ဆိုလျှင်တော့….

ကျန်းချင်းရှီ ဆက်မတွေးရဲတော့ပေ။

ထိုအတိုင်းသာဆိုလျှင် ယန်နတ်ဆေးလုံး တစ်လုံးလောက်က မယူဘဲနေတာကမှ ပိုကောင်းပေဦးမည်။

စွန်းယန်ဝမ် သည် ထိုနေ့ ညနေပိုင်း တစ်ပိုင်းလုံး ခေါင်းမီးတောက်မတတ် စဉ်းစားနေခဲ့သည်။

ရန်သူကို ယာယီတုံ့ပြန်နိုင်မည့် ဓားသိုင်းတစ်ခုတစ်လေလောက် ရလိုရငြားဖြစ်သည်။

သို့သော် တစ်နေဝင်၍ တစ်လ ထွက်လာသောအခါ သူသည် အမှန်ပင် အညံ့စားဖြစ်ကြောင်းကို တွေ့ရှိရပြီး ဓားသိုင်း တစ်ကွက်ကိုပင် ဖန်တီး၍ မရနိုင်ခဲ့ပေ။

သူစဉ်းစားမိခဲ့သည့် ဓားကွက်များ အားလုံးသည် နတ်ဆိုးသတ်ဓားကျင့်စဉ်မှ ဓားကွက်များကို ပုံစံပြောင်းလဲထားခြင်း ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် မည်သူမဆို ချက်ခြင်း သိနိုင်နေသည်။

ဟွမ်ယွမ်ဓားကျင့်စဉ် အတွက်ကတော့ လိုအပ်သည့် စွမ်းအားပမာဏသည် အကြီးမားဆုံး ကန့်သတ်ချက် ဖြစ်နေသောကြောင့် ယောင်၍ပင် ပုံဖော်မကြည့်ရဲပေ။

နောက်ဆုံး မည်သို့မျှ မစဉ်းစားတတ်တော့သည့်အဆုံး သည်အတိုင်း ပစ်ထားကာ အိပ်ပစ်လိုက်ရ တော့သည်။

မည်သို့ပင်ဆိုစေ ခွန်အားကို ချွေတာစုဆောင်းခြင်းက စိတ်ဓာတ် ရင်းမြစ်များ လွန်လွန်ကျူးကျူး ကုန်ခမ်းသွားခြင်းထက်တော့ ပိုကောင်းသေးသည်ဟု သူက ယူဆသည်။

ထိုအစား နောက်တစ်နေ့ အိပ်ယာနိုးသောအခါ စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ မိန်းမပျိုလေး နှစ်ဦးက သူ့အတွက် မည်ကဲ့သို့ စားကောင်းသောက်ဖွယ်ရာများ ထပ်လာပို့မည်ကိုသာ အာရုံခံ ကြည့်နေတော့သည်။

ထိုမိန်းကလေးများသည် မကြာသေးမီကမှ စတင်ကာ သူ့အတွက် နေ့စဉ် အစားအသောက်များ စီစဉ်ပေးကြသလို တစ်နေ့သုံးနပ်စာသည် အမြဲတမ်း ယှဉ်ပြိုင်မှုနှင့် မရိုးရအောင် ပြင်ဆင်သည်။

ဝိညာဉ်ဓား အဆောက်အဦသို့ နေ့စဉ် မမောနိုင် မပန်းနိုင် လာနေကြသော်လည်း စွန်းယန်ဝမ် သည် ပြိုင်ပွဲကို အကြောင်းပြကာ သူ့၏ ကျင့်ကြံမှုအတွင်း စိတ်နှစ်မြှုပ်ထားသောကြောင့် သူမတို့အတွက် အချိန်ပေးသည်ဟူ၍ မရှိခဲ့ပေ။

မိန်းကလေးနှစ်ဦးသည် ငြိုငြင်ခြင်းမရှိသလို ငြူစူခြင်းလည်း မရှိဘဲ တိတ်တဆိတ် ရောက်လာကာ တိတ်တဆိတ် ပြန်ပြန်သွားကြသည်။

နန်မန်ကုန်း သည် ညနေခင်း အချိန်တိုင်း သူမ၏ မိန်းကလေးများကို အဆောက်အဦအား သန့်ရှင်းရေး လုပ်စေပြီးမှသာ ပြန်တတ်လေ့ရှိသောကြောင့် အိမ်မှုကိစ္စနိုင်နင်းကာ စိတ်ရှည်နူးညံ့မှုကို ဖော်ပြနေသည်။

ကျွန်ုပ်တို့၏ ကမ္ဘာပေါ်တွင် ဆိုပါက ဤကဲ့သို့ မိန်းကလေးမျိုးသည် တစ်ထွာလောက်ရှိသည့် သမိုင်းစာအုပ်များ အတွင်း၌သာ တွေ့နိုင်တော့မည်ဖြစ်ပြီး လက်တွေ့ဘဝထဲတွင်တော့ မီးခွက်ထွန်း ရှာလျှင်ပင် တွေ့နိုင်မည် မထင်ပေ။ (စာရေးဆရာ ပြောတာနော်၊ အနော်မပြောဘူး)

စွန်းလင်အာ သည် ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုမှ ဆင်းသက်လာသော အထက်တန်းစား သခင်မလေး ဖြစ်သလို နန်မန်ကုန်း ဆိုသည်က နန်မန်မိသားစုမှ ဆင်းသက်လာသော ပြစ်မျိုးမှဲ့မထင် သခင်မလေးတစ်ဦး၊ သို့မဟုတ် အော်မေဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။

သူမ၏ ဆရာ နဂါးနှိမ်နင်းသူသည် ဂိုဏ်းချုပ်အဆင့်ရှိသော ကျင့်ကြံသူ တစ်ဦးဖြစ်သည်။

စွမ်းအားအရာနှင့် စိတ်နေသဘောထားကို ကြည့်မည်ဆိုလျှင်လည်း တစ်ကမ္ဘာလုံး၊ သို့မဟုတ် တိုင်းပြည်တစ်ခုလုံး၊ သို့မဟုတ် ကျင့်ကြံခြင်းလောက တစ်ခုလုံး မည်သည့်နေရာတွင်မဆို သူမကို ယှဉ်ပြိုင်နိုင်မည့် မိန်းကလေးက မရှိသလောက်ပင်။

စွန်းယန်ဝမ် ၏ မကြာသေးမီက အပြုအမူများနှင့် ပတ်သက်၍ သူ့အစ်ကိုကြီး ကျန်းချင်းရှီ သည်ပင် သည်းမခံနိုင်တော့ဘဲ ညီဖြစ်သူကို အားသည့်အချိန်တိုင်း မိန်းကလေးနှစ်ဦးနှင့် စကားစမြည် ပြောဆိုရန်၊ ကျင့်ကြံမှု တစ်ခုတည်းကိုသာ အာရုံစိုက်မနေရန် ပြောလာရသည်အထိ ဖြစ်သည်။

ကျန်းချင်းရှီ စိုးရိမ်မိသည့် အရာတစ်ခုက သူ့ညီသည် ဤပုံစံအတိုင်းသာ ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် မကြာမီ လူသားမဆန်တော့သည့် အခြေအနေကို မုချရောက်သွား ပေလိမ့်မည်။

စွန်းယန်ဝမ် သည် ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို စတင်ကျင့်ကြံရန် သူ့ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်လိုက်စဉ် အောက်ထပ်မှ ထွက်ပေါ်လာသော မိန်းမဆန်ဆန် အသံတစ်သံကို ကြားလိုက်ရ၏။

“တုကုမိန် က ချင်းရှီ သခင်လေးကို ဂါရဝပြု တွေ့ဆုံဖို့ ခွင့်တောင်းပါတယ်…”

စွန်းယန်ဝမ် ချက်ခြင်းပင် အောက်ဘက်ကို ခေါင်းပြူကြည့်လိုက်ရာ ဝဝဖိုင့်ဖိုင့်နှင့် အဖိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။

သူ့၏ လက်ထဲတွင် သားမြီးယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ပြိုးပြိုးပျက်ပျက် လက်နေသည့် ထူးခြားဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။

ထိုသူက ဘေးတွင် သန်မာထွားကျိုင်းသော လူထွားကြီး ဆယ်ဦးကျော်ကိုလည်း ခေါ်ဆောင်လာပြီး ပြုံးရွှင်သော မျက်နှာထားနှင့် အပေါ်ကို လှမ်းကြည့်နေ၏။

စွန်းယန်ဝမ် က ထို ဖက်တီးအဖိုးအို၏ နောက်ခံဇစ်မြစ်ကို မသိသောကြောင့် အော်ဟစ်မေးမြန်း လိုက်သည်။

“အဖိုး… ခင်ဗျားက ကျွန်တော့် အစ်ကိုကြီးနဲ့ ဘာတော်တာလဲ…”

သူ့ကိုယ်သူ တုကုမိန် ဟု ခေါ်သော ထိုဖက်တီးအဖိုးအိုက ရယ်မောပြီး ချက်ခြင်း ဖြေသည်။

“ဒီအဖိုးကြီးက ချင်းရှီသခင်လေးရဲ့ အိမ်တော်က အစေခံအိုကြီးပါ…”

စွန်းယန်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် ချက်ခြင်းစဉ်းစားလိုက်မိသည်။

“ဒီဖက်တီးအဖိုးကြီးက မိန်းမစိုးတစ်ယောက်နဲ့ ဘာဖြစ်လို့ တူနေတယ်လို့ ခံစားရတာလဲ…”

စွန်းယန်ဝမ် နောက်ပြန်လှည့်လာသောအခါ အစ်ကိုကြီး သည် မတ်တပ်ရပ်ရင်း အသင့်ပြင်ထားသည်ကို တွေ့လိုက်ရသည်။

သူက တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သော်လည်း ကျန်းချင်းရှီ ၏ အသံက ညင်သာစွာ ထွက်ပေါ်လာ၏။

“တချို့ကိစ္စတွေက မင်းနားထောင်ဖို့ မသင့်တော်ဘူး… ဒုတိယညီလေး… ခဏလောက် အပြင်ထွက်ပေးပါ… အမွှေးတိုင်တစ်တိုင် ကုန်လောက်တဲ့ အချိန်ဆို ပြန်လာလို့ရပြီ…”

စွန်းယန်ဝမ် က ဆက်လက်မေးမြန်းနေခြင်း မပြုဘဲ သူ့၏ နဂါးရိုင်းဓားကို ယူကာ ဝိညာဉ်ဓား အဆောက်အဦထက်မှ ဆင်းလာခဲ့သည်။

ထိုအချိန်တွင် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့သည် အစေခံမိန်းကလေးများကို ခေါ်ဆောင်ကာ စားသောက်ဖွယ်ရာများနှင့်အတူ ရောက်လာပြီ ဖြစ်သည်။

စွန်းယန်ဝမ် က ချက်ခြင်းပင် မိန်းမပျိုနှစ်ဦးကို တားလိုက်ပြီး ပြောသည်။

“ကျွန်တော့် အစ်ကိုကြီးမှာ အိမ်တွင်းရေး ကိစ္စလေးတချို့ ရှိနေလို့ ဒီနေ့တော့ အပေါ်တက်ဖို့ အဆင်မပြေသေးဘူး… ကျွန်တော်တို့ တခြားနေရာ တစ်ခုခုရှာပြီး အဲဒီမှာ ထမင်းသွားစားကြမယ်…”

တုကုမိန် က စွန်းယန်ဝမ် နှင့် မိန်းမပျိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး အားနာစွာ ပြုံးပြရင်း ပြောသည်။

“သခင်လေး ရဲ့ အကူအညီပေးမှုကို ကျေးဇူးအများကြီး တင်ပါတယ်…”

စွန်းယန်ဝမ် က ရယ်မောကာ ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး… အားမနာပါနဲ့… အဖိုးဆီမှာ ကိစ္စရှိနေတာကို ကျွန်တော်တို့က အဆင်ပြေအောင် သေချာပေါက် လုပ်ပေးရမှာပေါ့…”

ဖက်တီးအဖိုးအို၏ မျက်နှာက အနည်းငယ် ထူးခြားသွားပြီး ဆက်ပြောသည်။

“တကယ်ပဲ ဂိုဏ်းချုပ်ကြီးရဲ့ တပည့်ပီသပါပေတယ်… စိတ်နေသဘောထားလည်း ပြည့်ဝလွန်းတယ်…”

နန်မန်ကုန်း သည် ယနေ့ ဝိညာဉ်ဓား အဆောက်အဦပေါ်သို့ မတက်ရတော့ဟု ကြားသောအခါ စိတ်ထဲတွင် အလွန်ဝမ်းသာသွားပြီး ချက်ခြင်း ပြောသည်။

“ကျွန်မတို့ နန်မန်မိသားစုက ငှားထားတဲ့ အနီရောင်အဆောက်အဦပေါ်ကို သွားကြမယ်လေ…”

စွန်းလင်အာ က အနည်းငယ်မျှ မလိုလားပေ။

ဤရက်ပိုင်းအတွင်း သူမနှင့် နန်မန်ကုန်းတို့ကြား ပေါ်တင်ရော၊ နောက်ကွယ်တွင်ပါ အပြိုင်အဆိုင် ဖြစ်နေခဲ့ပြီး အနိုင်အရှုံးများလည်း ရှိထားသည်။

အကယ်၍ အနီရောင်အဆောင်သို့ လိုက်သွားမည်ဆိုပါက နန်မန်မိသားစု၏ ပိုင်နက်နယ်မြေထဲကို ရောက်သွားခြင်းနှင့် ခြားမည်မဟုတ်တော့ပေ။

နန်မန်ကုန်း ဆီတွင် ညီအစ်မရှစ်ဦးအထိ ရှိနေပြီး နန်မန်ကျူမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည် မှန်သော်လည်း ညီအစ်မချင်းဘက်မှ မပါဘဲ သူငယ်ချင်းဘက်က ပါမည်ဆိုသည့် သဘောတရားတော့ မရှိနိုင်ဟု သူမယူဆသည်။

သို့သော် သူမအနေဖြင့် ကန့်လန့်တိုက်၍လည်း အဆင်မပြေပြန်ပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ အဖိုးသည် နောက်ကျမှ လက်လှမ်းခဲ့သောကြောင့် ကောင်းကင်ယန္တရားဂိုဏ်း အတွက် မည်သည့် ရောင်စုံ အဆောက်အဦ တစ်လုံးကိုမျှ မရရှိခဲ့ခြင်း အခြေအနေက မည်သူ့ အပြစ်ပါနည်း။

စွန်းလင်အာ အကြံအိုက်နေစဉ် ရုတ်တရက် ကျယ်လောင်သော ရယ်သံတစ်သံကို ကြားလိုက်ရသည်။

“စွန်းညီလေး… မင်း ဒီနေ့ အဆင်မပြေဖြစ်နေတယ်ဆိုတာ အစ်ကို အစောက ကြားလိုက်ရတယ်… အစ်ကိုကြီး နေရာကို ဘာဖြစ်လို့ မလာနိုင်ရတာလဲ…”

All Chapters