← Chapters

“သုံးကွက်နဲ့ အနိုင်အရှုံး ခွဲခြားမယ်ဆိုရင်ရော”

Vol. 7 Ch. 64

“သုံးကွက်နဲ့ အနိုင်အရှုံး ခွဲခြားမယ်ဆိုရင်ရော”

Vol. 7 Ch. 64

ခရမ်းရောင်ဝတ်ရုံကို ကျက်သရေရှိစွာ ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါးသည် ပေါ့ပေါ့ပါးပါး ပုံစံနှင့် သူတို့အနီးကို ချက်ခြင်း ရောက်ရှိလာသည်။

ထိုသူက လျူရီကျင်း ၏ တပည့် ဟောင်ယွင်ကျန်း မှလွဲလျှင် အခြားသူမဟုတ်ပေ။

ဤအစ်ကိုကြီးသည် ဘုန်းတော်ကြီးငယ်လေး ခုနှစ်ဦး၊ ရှစ်ဦးခန့်နှင့်အတူ ခန့်ညားထည်ဝါစွာ ရောက်ရှိလာပြီး ပြုံးချိုသော မျက်နှာထားကြောင့် သဘောမနော ကောင်းသည်ဟု ထင်ရစေသည်။

လျူရီကျန်း သည် ဆောင်ယန်ဂိုဏ်း၏ မိတ်ဆွေခုနှစ်ဦးအနက် တစ်ဦးဖြစ်သောကြောင့် ဆောင်ယန်တောင်၌ ၎င်းအပိုင် တောင်ထိပ်မရှိသော်ငြား တောင်ထိပ်သခင်အကြီးအကဲ ရာထူးကတော့ ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

အနောက်ဘက်တောင်စောင်းတွင် အဝါရောင် အဆောက်အဦတစ်လုံး ရှိနေပြီး ဝိညာဉ်ဓား အဆောက်အဦနှင့် အနီးကပ်ဆုံး နေရာတွင် ဆောက်ထားသည်။

ဟောင်ယွင်ကျန်း သည် ဦးလေးများ၏ လက်ရင်းတပည့် ဆယ့်နှစ်ဦးထဲတွင် မပါဝင်သော်လည်း သူသည် အထွဋ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

စီမာအားလုံကဲ့သို့ လက်ရင်းတပည့်ကြီး တစ်ဦးနှင့်ပင် လက်ရည်တူညီစွာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှသာ ကျဉ်းမြောင်းသော ကွာဟချက်နှင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဤကဲ့သို့သော စွမ်းရည်သည် ကျင့်ကြံခြင်းလောက၌ ဆိုပါက အလွန်ရှားပါးသော ထိပ်သီးကျင့်ကြံသူတစ်ဦး ကျိန်းသေပေါက် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဦးလေးလျူရီကျင်း ၏ တပည့်အားလုံးသည် စီးပွားရေးသမားများ ဖြစ်သောကြောင့် စည်းစိမ်ဥစ္စာ ရှာဖွေသည့် နေရာတွင် တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။

ထိုကဲ့သို့သောသူများကို မည်သူက ခင်မင်ရင်းနှီးချင်စိတ် မဖြစ်ပေါ်ဘဲ နေပါမည်နည်း။

စွန်းယန်ဝမ် က တဟဲဟဲရယ်မောကာ ပြောလိုက်သည်။

“အဲဒါဆိုရင်တော့ အစ်ကိုကြီးဟောင် ကိုပဲ ဒုက္ခဖြစ်စေရပြီ…”

ဟောင်ယွင်ကျန်း လည်း အလွန်ဝမ်းသာအားရ ဖြစ်သွားပြီး စွန်းယန်ဝမ်၊ စွန်းလင်အာ နှင့် နန်မန်ကုန်းတို့ကို ခေါ်ကာ သူ့၏ ရွှေတောင်ထွဋ်အဆောက်အဦပေါ်ကို ချက်ခြင်း တက်လာခဲ့သည်။

လျူရီကျင်း ထံတွင် ရွှေတောင်ထွဋ် ဟု အမည်ရသော တောင်ထွဋ်တစ်ခု ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ဆောင်ယန်တောင်တန်းနှင့် မိုင်တစ်ထောင်ခန့်ဝေးသော နေရာတွင် တည်ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ဤအဆောက်အဦကို ရွှေတောင်ထွဋ် အဆောက်အဦဟု ခေါ်ဆိုခြင်းဖြစ်ပြီး အဓိပ္ပာယ်က ရွှေတောင်ထွဋ်ကဲ့သို့ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုထားသည်။

စွန်းယန်ဝမ် သည် ရွှေတောင်ထွဋ် အဆောက်အဦထက်သို့ တက်လာသောအခါ စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားနေမိသည်။

“ရွှေတောင်ထွဋ် ဆိုတဲ့ နာမည်က တကယ်အတိတ်နိမိတ် ကောင်းတဲ့ နာမည်မျိုးပဲ… ရွှေတောင်ထွဋ်ကနေ ဆင်းလာတဲ့ ကျင့်ကြံသူငယ်လေး တစ်ဦးအနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ…”

“ဦးလေးလျူရီကျင်းဆီမှာ ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်ဖို့ ကျန်သေးလဲ မသိဘူး…”

ဤလောကသည် ကျင့်ကြံခြင်းလောက ဖြစ်ပင်ဖြစ်ငြား သော်လည်း ပြန်လည်ဝင်စားလာသူ တစ်ဦးအနေဖြင့် စီးပွားရေးလေး အနည်းငယ်မျှ မလုပ်ရဘူးဆိုလျှင် လူဖြစ်ရကျိုး မနပ်ရချည်ရဲ့….

သူ စီးပွားရေး မလုပ်ရသေးခြင်းတွင် အကြောင်းပြချက် နှစ်ခုရှိပြီး ပထမအချက်မှာ အချိန်မရှိခြင်း နှင့် ဒုတိယအချက်မှာ လည်း အချိန် မရှိခြင်းကြောင့်သာ ဖြစ်သည်။

ထိုသို့သာ မဟုတ်ခဲ့ပါက သူသည် လွန်လေပြီးသော အချိန်များကတည်းက နည်းလမ်းပေါင်းစုံနှင့် စီးပွားရှာပြီး ချမ်းသာကြွယ်ဝခြင်း လမ်းစကို ဖွင့်လှစ်ပြီးနေလောက်ပြီ ဖြစ်သည်။

အမှန်တွင် သူ့လက်ထဲ၌ ရင်းနှီးမြှုပ်နှံစရာ ငွေကြေး အနည်းငယ်လည်း ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။

ထိုငွေကြေးများ ရရှိခဲ့စဉ်က ဤကမ္ဘာ၏ အပျော်ဆုံးလူသားမှာ သူ ဖြစ်ကောင်းဖြစ်နေနိုင်သော်လည်း လက်ရှိအချိန်ထိ ထိုငွေများကို အသုံးချစရာ နေရာမရှိသေးသည်က စိတ်ပျက်ဝမ်းနည်းဖွယ် ကိစ္စပင်။

ယခု အစ်ကိုကြီး ဟောင်ယွင်ကျန်း သည် သူ့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာခဲ့သည်။

ဟောင်ယွင်ကျန်း က ဘယ်ဘက်ရှိ အခန်းတစ်ခုကို လက်ဖြင့်ညွှန်ပြရင်း ပြောသည်။

“စွန်းညီလေးတို့က ဒီအခန်းထဲမှာ ထမင်းသုံးဆောင်နိုင်ပါတယ်…”

စွန်းယန်ဝမ် က ရယ်မောရင်း ချက်ခြင်း ပြန်ဖြေသည်။

“အစ်ကိုကြီးဟောင်ကလည်း… ညီလေးတို့အားလုံး အတူတူသုံးဆောင်မှ ဖြစ်မှာပေါ့… ဧည့်သည်က အိမ်ရှင်ကိုကျော်ပြီး အိမ်ဦးခန်းထဲ အရင်ဆုံးဝင်တာမျိုး အစ်ကိုကြီး မြင်ဖူးလား…”

ဟောင်ယွင်ကျန်း သဘောကျစွာ ရယ်မောလိုက်ပြီး ပြောသည်။

“ဒီလိုဆိုတော့လည်း ညီလေးကို ပြန်ပြီး ဒုက္ခပေးရဦးမှာပေါ့…”

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့မှာ မည်သည့်စကားကိုမျှ ဝင်ရောက်ပြောဆိုရဲခြင်း မရှိပေ။

သူမတို့နှစ်ဦး၏ ကျင့်ကြံခြင်းလောကမှ အဆင့်အတန်းက နိမ့်ကျခြင်း မရှိသလို၊ ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုဖြစ်စေ၊ နန်မန်မိသားစုဖြစ်စေ အားလုံးသည် ဤလောက၏ ချမ်းသာကြွယ်ဝသော ဂိုဏ်းကြီးများနှင့် မိသားစုကြီးများ စာရင်းဝင်သည်။

သို့သော် ဆောင်ယန်ဂိုဏ်းနှင့် ယှဉ်လာရသည့် အချိန်တွင်တော့ ဤစွန်းမိသားစုနှင့် နန်မန်မိသားစုတို့ ဆိုသည်က ဘာမျှမဟုတ်တော့ပေ။

ဟောင်ယွင်ကျန်း သည် အကြီးအကဲတစ်ဦး မဟုတ်သော်လည်း ဆောင်ယန်ဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်ပြီး ယခုအချိန်တွင် သူ့ဆရာ လျူရီကျင်း ကို အပြည့်အဝ ကိုယ်စားပြုထားသူ ဖြစ်သည်။

အကယ်၍ စွန်းယန်ဝမ် သာ ပါမလာခဲ့ပါက သူမတို့နှစ်ဦး အနေဖြင့် ရွှေတောင်ထွဋ် အဆောက်အဦ၏ အရိပ်ကို နင်းရန်ပင် အရည်အချင်း မမီနိုင်ပေ။

မိန်းမပျိုနှစ်ဦး ပြင်ဆင်လာသော အစားအသောက်များသည် အလွန်သေသပ်လှပြီး စားပွဲထက်၌ စားချင်စဖွယ် ခင်းကျင်း ပြင်ဆင်ထား၏။

မိသားစုကြီးနှစ်ခုမှ ခေါ်ဆောင်လာသော အစေခံမလေးများကလည်း ပန်းပွင့်များကြား လူးလာခေါက်တုံ့ ပျံသန်းနေသော လိပ်ပြာငယ်လေးများကဲ့သို့ ဥဒဟို ပြေးလွှားနေကြပြီး ခဏချင်း အလုပ်များ ရှုပ်ကုန်ကြသည်။

စားပွဲဝိုင်းတွင်တော့ လေးဦးသား ပျော်ရွှင်စွာ ရယ်မောပြောဆိုနေသည့် အသံများသာ ဖုံးလွှမ်းနေသည်။

ဟောင်ယွင်ကျန်း ဆိုသည်မှာ တစ်လောကလုံးကို ခြေဆန့်ဖူးသူ တစ်ဦး ဖြစ်သည်နှင့်အညီ သူ့၏ အတွေ့အကြုံများက အလွန်ကြွယ်ဝပြီး လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ပြောကာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု အဖြစ်ဆုံး နေတတ်သူ ဖြစ်သည်။

သူတို့၏ စကားဝိုင်းသည် စကားစပြတ်သွားသည်ဟူ၍ မရှိဘဲ လေထုတစ်ခုလုံးက နွေးထွေးနေကာ သက်သောင့်သက်သာ ရှိလှသည်။

ထိုအချိန် အပြင်ဘက် လောကတွင်တော့ ဝိညာဉ်လိပ်ပြာ နတ်သမီးလေးနှင့် နန်မန်မိသားစု၏ ရှစ်ယောက်မြောက် သမီးလေးတို့သည် စွန်းယန်ဝမ် အတွက် တစ်နေ့သုံးနပ်စာကို မညည်းမငြူ ပြင်ဆင် ပေးနေခြင်းက သူ့၏ ပွဲစဉ်တောက်လျှောက် ဆက်တိုက် အနိုင်ရနေခြင်းထက်ပင် ပိုမို လူပြောများနေသည် ဆိုသည်ကိုတော့ သူ မသိခဲ့ပါချေ။

သူသည် ပြိုင်ပွဲယှဉ်ပြိုင်သည့် အချိန်မှလွဲ၍ ကျန်သည့် အချိန်အားလုံးကို ဝိညာဉ်ဓားအဆောက်အဦ အတွင်း၌သာ ကုန်ဆုံးနေခြင်းကြောင့် အပြင်လောကတွင် ပျံ့နှံ့နေသည့် ကောလဟလ အတင်းအဖျင်း ပေါင်းစုံကို မည်သို့မျှ သိနိုင်ခဲ့ခြင်း မရှိပေ။

ဟောင်ယွင်ကျန်း သည် မူလ ပါရမီရှင်များသာ ရောက်ရှိနိုင်သော အဆင့်ကို မကြာသေးမီကမှ ထိုးဖောက် အောက်မြင်ခဲ့သောကြောင့် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့၏ အဓိကရည်ရွယ်ချက်သည် ချန်ပီယံဆုကို ဆွတ်ခူးရရှိပြီး ယန်နတ်ဆေးလုံး လိုချင်သောကြောင့် မဟုတ်သလို၊ ဤမျိုးဆက်၌ သူ့၏ စွမ်းအားနှင့်ဆိုပါက ထိုကဲ့သို့ အရည်အချင်းမျိုး မုချ မပိုင်ဆိုင်နိုင်သေးပေ။

သို့သော် သူနှင့်မျိုးဆက်တူ တပည့်များက သူ့အား အထင်မသေးနိုင်စေရန် နှင့် စီးပွားရေး လုပ်နေခြင်းကြောင့် ကျင့်ကြံမှုအဆင့် နောက်ကျကျန်ခဲ့ခြင်း မရှိကြောင်းကို သိစေလိုသည်။

ဤရက်များအတွင်း သူယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တိုင်းတွင် စီမာအားလုံး နှင့် ယှဉ်ပြိုင်ခဲ့ရသည့် ပွဲစဉ်မှလွဲ၍ အခြားပွဲစဉ်များ အားလုံးကို အမှန်ပင် အနိုင်ရရှိခဲ့သည်။

သို့သော် သူသည် မူလ ပါရမီရှင်အဆင့်ကို ရောက်ရှိလာခဲ့ပြီး လျူရီကျင်း ၏ လက်ရင်းတပည့်ကြီး ဖြစ်နေပါလျက်နှင့် ဂုဏ်သတင်းကျော်ကြားမှု အရာတွင်တော့ အုပ်စု(ဂ)မှ ညီငယ်လေး တစ်ဦးကို လုံးဝ ယှဉ်နိုင်ခဲ့ခြင်း မရှိပေ။

ဟောင်ယွင်ကျန်း သည် ထိုအချိန်မှစကာ စွန်းယန်ဝမ် အပေါ် အကြီးအကျယ် စိတ်ဝင်စားလာခဲ့တော့သည်။

ဤတစ်ကြိမ် သူ့အတွက် အခွင့်အရေး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သောကြောင့် သူတို့၏ ရင်းနှီးမှုကို အကြီးအကျယ် တိုးမြှင့်ရန် ရည်ရွယ်ကာ ချက်ခြင်းပင် သူ့အဆောက်အဦကို ဖိတ်ခေါ်ခဲ့သည်။

သူတို့ စားသောက်ပြီးကာနီး အချိန်တွင် ပြိုင်ပွဲကြေညာသူက စွန်းယန်ဝမ် ၏ နာမည်အား နောက်တစ်ကြိမ် ခေါ်သည်ကို ကြားလိုက်ရ၏။

ပြိုင်ဘက်သည် ဆောင်ယန်တောင်ထွဋ်မှ ဖုန်ဝူရွှယ် ပင် ဖြစ်သည်။

သူက ချက်ခြင်းပင် ထရပ်လိုက်ပြီး နဂါးရိုင်းဓားကို ကောက်ယူကာ ဂုဏ်ယူဝံ့ကြားသည့် ဟန်ပန် အပြည့်နှင့် ရွှေတောင်ထွဋ် အဆောက်အဦထက်မှ ဆင်းလာခဲ့သည်။

စွန်းလင်အာ သည် သူ့အတွက် အလွန်စိတ်ပူနေဆဲ ဖြစ်သောကြောင့် ချက်ခြင်း မေးလိုက်သည်။

“ကျွန်မ ကြားဖူးတာက ဖုန်ဝူရွှယ် ဟာ ဂိုဏ်းခေါင်းဆောင် ဝမ်ရွှမ်ကွေ့ ရဲ့ နောက်ဆုံးတပည့်ဖြစ်ပြီး ဆောင်ယန်ဂိုဏ်းရဲ့ အထွဋ်အထိပ် ကျင့်စဉ်ကိုလည်း ကျင့်ကြံခွင့် ရထားသူတဲ့…. စွန်းအစ်ကို အနေနဲ့ သူ့ကို အနိုင်ယူနိုင်ပါ့မလား မသိဘူး…”

ဟောင်ယွင်ကျန်း က သဘောကျစွာ တဟားဟား အော်ဟစ်ရယ်မောရင်း ပြောလိုက်၏။

“စွန်းညီလေးရဲ့ ကျင့်ကြံမှု သက်တမ်းက သုံးလေးနှစ်လောက်ပဲ ရှိသေးပြီး အခြေခံ စွမ်းအားက တော်တော်လေး နိမ့်ကျနေသေးတယ် ဆိုပေမယ့် သူ့ဆရာက ဒီလောကရဲ့ ဂိုဏ်းချုပ်ကြီး တစ်ဦး ဆိုတာ မေ့သွားပြီလား…”

“ကျန်းဦးလေးရဲ့ ဓားလမ်းစဉ်ဟာ ဒီလောကတစ်ခုလုံးမှာတောင် ဒုတိယနေရာမှာ ရှိတယ်လို့ လူတိုင်းက သတ်မှတ်ထားကြတယ်… ဒီလိုဆရာတစ်ယောက်ရဲ့ သင်ကြားပြသမှုကို ရရှိထားတဲ့ တပည့် တစ်ယောက်က ဓားနည်းစနစ်မှာ မကျွမ်းကျင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား…”

“စွန်းညီလေးဟာ ပွဲစဉ်တစ်လျှောက်လုံး ယှဉ်ပြိုင်လာခဲ့ပေမယ့် တကယ်တမ်း ဓားကို ဟုတ်တိပတ်တိ ထုတ်သုံးခဲ့တဲ့ အချိန်က မရှိသလောက်ပဲ… ဒီတစ်ခေါက် ပြိုင်ပွဲမှာတော့ စွန်းညီလေးရဲ့ စစ်မှန်တဲ့ ဓားပညာကို အတိအကျ မြင်တွေ့ခွင့်ရမယ်ဆိုတာက သေချာပါတယ်…”

ဟောင်ယွင်ကျန်း ၏ ဂုဏ်သိက္ခာပိုင်းအရ သူပြောသည့် စကားလုံးတိုင်းက လုံးဝယုံကြည်ထိုက်စရာ ကောင်းသည်က အတိအကျပင်။

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့နှစ်ဦးစလုံး ချက်ခြင်း စိတ်သက်သာရာ ရသွားကြ၏။

အမှန်တော့ ယင်ပိုင်လျန် မှာလည်း ထိုအတိုင်းသာ တွေးတောခဲ့ခြင်း ဖြစ်သည်။

စွန်းယန်ဝမ် ၏ ပြိုင်ပွဲတစ်လျှောက် ဓားနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည့် အချိန်က မရှိသလောက် ဖြစ်သည့်အပြင် ဤတူတော်စပ်သူ တပည့်လေး၏ ကျင့်ကြံမှုသက်တမ်းသည် လအနည်းငယ်သာ ရှိသေးပြီး ဟွမ်ယွမ်ဓားသိုင်းကို သုံးကွက်အထိသာ အသုံးပြုနိုင်သေးကြောင်း သူ မည်သို့ တွေးမိပါမည်နည်း။

ထို့ကြောင့် နတ်ဘုရားရိုက်တူ လက်သီးကျင့်စဉ်ကို အသုံးမပြုလျှင်ပင် အုပ်စု(ဂ)၌ သူ့ကို ယှဉ်ပြိုင်နိုင်သူ မရှိတော့ကြောင်း အတိအကျ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤလျှို့ဝှက်ချက်ကို သိထားသူက ကျန်းချင်းရှီ တစ်ဦးတည်းသာ ရှိသည်။

သို့သော် သူ့အနေဖြင့် စွန်းယန်ဝမ် ကို ရှင်းပြနိုင်သည့် နည်းလမ်းအား ရှာမတွေ့ခဲ့ပေ။

မူလက သူတို့၏ ဆရာသည် စွန်းယန်ဝမ် အား ယန်နတ်ဆေးလုံးကို ရယူကာ ပင်ပင်ပန်းပန်း ကျင့်ကြံရမည့် ငါးနှစ်တာကာလကို လျှော့ချပြီး အောင်မြင်မှုကို ဖြတ်လမ်းမှ လိုက်စေလိုခြင်း ဖြစ်သည်။

သို့သော် ပြိုင်ပွဲများ ယှဉ်ပြိုင်လာခဲ့သည့် နေ့ရက်များအတွင်း စွန်းယန်ဝမ် သည် သူ့၏ ထိုးထွင်းသိမြင်မှုဖြင့် ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့သောကြောင့် ဤနတ်ဆေးလုံး မရလျှင်ပင် ကိစ္စမရှိတော့ဟု ကျန်းချင်းရှီ က ယူဆလိုက်သည်။

ဤ နတ်ဆေးလုံးသည် တခြားသူများအတွက် ဆိုလျှင် ငါးနှစ်တာ ကျင့်ကြံမှု အချိန်ကို လျှော့ချပေးနိုင်မည် ဖြစ်သော်လည်း သူ့ညီလေးအတွက် ဆိုလျှင်တော့ တစ်နှစ်တင်းတင်းပင် အပြည့်အဝ ရချင်မှ ရပေလိမ့်မည်။

အမှန်တွင် ဆောင်ယန်ဂိုဏ်း တစ်ဂိုဏ်းလုံးနှင့် လာရောက်ကြည့်ရှုအားပေးကြသည့် ဂိုဏ်းအသီးသီးမှ ဧည့်သည်များ အားလုံး၏ အတွေးများကလည်း ယင်ပိုင်လျန်၊ ဟောင်ယွင်ကျန်း တို့၏ အတွေးများနှင့် အတူတူသာ ဖြစ်သည်။

စွန်းယန်ဝမ် သည် သူ့၏ အစစ်အမှန် စွမ်းရည်ကို ထုတ်ဖော်ခြင်း မရှိသေးသလို အလွန်ထူးခြားသည့် ဓားသိုင်းများကိုလည်း ထုတ်မပြသေးခြင်းသာ ဖြစ်သည်ဟု ယူဆနေကြသည်။

သုံးလေးနှစ် ကျင့်ကြံထားသည့် ဂိုဏ်းချုပ်ကြီး၏ တပည့်တစ်ဦးသည် ဓားသိုင်းသုံးကွက်သာ ကျွမ်းကျင်သေးသည်ဟု လာပြောမည်ဆိုလျှင်တော့….

အရူးတစ်ယောက်ကို လှည့်စားချင်လျှင်ပင် ထို့ထက်သာလွန်ကောင်းမွန်သော စကားလုံးမျိုး ရှာသင့်ကြောင်း သေချာပေါက် အပြောခံရနိုင်သည်။

စွန်းယန်ဝမ် ၏ အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး သိသူက ကျန်းချင်းရှီ တစ်ဦးတည်းသာရှိပြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိ ဖြစ်နေသူကလည်း စွန်းယန်ဝမ် တစ်ဦးတည်းသာ ရှိသည်။

မျက်နှာထား ခပ်တင်းတင်းနှင့် လူငယ်တစ်ဦး စင်မြင်ထက်တွင် ရပ်နေ၏။

စွန်းယန်ဝမ် တက်လာသည်ကို မြင်သောအခါ သူက လေးနက်သည့် အသံနှင့် အရင်ဆုံး ပြောလိုက်သည်။

“စွန်းညီလေး… ဒီနေ့ မင်းနဲ့ငါ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်က အုပ်စု(ဂ)ရဲ့ နောက်ဆုံးပွဲစဉ်ပဲ… ငါတို့တွေ သုံးကွက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြမယ် ဆိုရင်ကော ဘယ်လိုသဘောရလဲ…”

စွန်းယန်ဝမ် အကြီးအကျယ် အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

“ဒါက ဦးလေးခြောက်ကိုယ်တိုင် ငါ့အတွက် ဝင်ပြောပေးထားလို့ များလား…”

“အစ်ကိုကြီး ပြောပုံအရဆိုရင် ဦးလေးခြောက်ကို ဘယ်နေရာမှ အားကိုးမရဘူး ထင်နေတာ… အခုလိုကျတော့လည်း ဘယ်ဆိုးလို့လဲ….”

သူက ဝမ်းသာအားရနှင့် ချက်ခြင်းလက်ခံလိုက်သည်။

“သိပ်ကောင်းတာပေါ့…”

လူငယ်နှစ်ဦးစလုံး မိမိတို့၏ ကိုယ်ပိုင်ဓားများကို ချက်ခြင်း ဆွဲထုတ်လိုက်ကြသည်။

ဖုန်ဝူရွှယ် ၏ စိတ်ထဲတွင် ချက်ခြင်း စဉ်းစားလိုက်မိ၏။

“ငါတို့ ဆောင်ယန်ဂိုဏ်းဟာ ဂိုဏ်းခွဲတစ်ခု မဟုတ်တဲ့အတွက် ဂိုဏ်းထဲကို အရင်ရောက်တဲ့သူက စီနီယာ ဖြစ်ရမယ်ဆိုတဲ့ သဘောတရားမျိုး မရှိဘူး… ငါက သူ့ကို ညီလေးလို့ ခေါ်လိုက်တာကို သူကလည်း ငြင်းဆန်မှုမရှိဘဲ လက်ခံတယ်… ဒါက ငါ အသာစီးရသွားတာ မဟုတ်ဘူးလား…”

စွန်းယန်ဝမ် သည် ဖုန်ဝူရွှယ် နှင့် ရင်းနှီးခြင်းမရှိပေ။

ဤမျက်နှာကြောတင်းတင်းနှင့် လူငယ်လေးသည် အနည်းငယ် မောက်မာပြီး သောက်ကျင့်မကောင်းသူ အဖြစ် ဂိုဏ်းခွဲ ခုနှစ်ခုစလုံးတွင် နာမည်ကျော်ကြားကြောင်း၊ အထူးသဖြင့် သူသည် ခပ်တည်တည် မျက်နှာပေးနှင့် လိမ်ညာရခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပြီး ဆောင်ယန်ဂိုဏ်းတစ်ခုလုံးတွင် သူ့၏ လိမ်ညာမှုကို မခံရဘူးသူဟူ၍ သိပ်မကျန်တော့ကြောင်း သိထားသည်။

ဝေအစ်မကြီးသည်ပင် သူ့၏ အကျင့်စရိုက်ကို မကြိုက်သောကြောင့် တစ်ခါရိုက်နှက်ခဲ့ဖူးပြီး ယင်းက သူ့အစ်ကိုကြီး ကျန်းချင်းရှီ နှင့် အစ်မကြီးတို့၏ စိတ်ဓာတ်များက တစ်ထပ်တည်း တူညီသည်ဟု ဆိုနိုင်သည်။

သို့သော် ဝေအစ်မကြီး ရိုက်နှက်သည့် တုတ်ကတော့ သူတို့နှစ်ဦးစလုံးအတွက် အတူတူပင် ဖြစ်နိုင်လောက်သည်….

ဖုန်ဝူရွှယ် က စင်အောက်ဘက်ကို မသိမသာ ခိုးကြည့်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံး‌ အေးစက်သည့် အရှိန်အဝါများ ဖုံးလွှမ်းနေပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားသူ တစ်ဦး သူ့အား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ့စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီးမှ မျက်နှာကို မချိုမချဉ်ပုံစံသို့ ပြောင်းလိုက်ပြီး ဓားအပေါ်တွင် ပြန်လည် အာရုံစူးစိုက်ကာ ပထမဆုံးစတင် တိုက်ခိုက်မှုကို ရွေးချယ်လိုက်သည်။

စွန်းယန်ဝမ် ၏ စိတ်အခြေအနေကလည်း ပို၍ တည်ငြိမ် သွားခဲ့သည်။

သူကျွမ်းကျင်သည့် ဟွမ်ယွမ်ဓားကွက်က သုံးကွက်မျှသာ ရှိသောကြောင့် စိတ်ထဲတွင် အစီအစဉ်များကို တန်းစီကာ ချထားလိုက်သည်။

သူသည် ဖုန်ဝူရွှယ် တိုက်ခိုက်လာသော ဓားချက်ကို လုံးဝလျစ်လျူရှုထားပြီး တိမ်ဖောက်သက်တန့် ဓားကွက်ကို ပထမဆုံး ဖော်ထုတ်ကာ ချင်းခြင်းဆိုသလို မြစ်ဖြတ်နဂါးဖြူ ဓားကွက်သို့ ပြောင်းလဲလိုက်ပြီး နောက်ဆုံးတွင် သူ့စွမ်းအင်များ အားလုံး စုစည်းနေသော မိုင်တစ်သောင်း သဲဝါလွင်ပြင် ဓားကွက်ကို ဖော်ထုတ်လိုက်သည်။

သူတို့၏ သတ်မှတ်ချက်အရ စတုတ္ထမြောက် ဓားကွက်ကို ထည့်သွင်းတွက်ချက်ရန် မလိုအပ်သောကြောင့် ဤနောက်ဆုံး ဓားကွက်တွင် သူ့၏ စွမ်းအင် အားလုံးကို အပြည့်အဝ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

ထိုဓားကွက်သုံးကွက် ပြီးဆုံးသွားချိန်တွင်တော့ သူခိုးဝင်သွားသည့် အိမ်က အကုန်ပြောင် ဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံး လုံးဝဟာလာဟင်းလင်း ဖြစ်သွားပြီး မည်သည့်စွမ်းအားမျှ မကျန်ခဲ့တော့ပေ….

All Chapters