← Chapters

“ပထဝီအာရုံသွေးကြော”

Vol. 7 Ch. 71

“ပထဝီအာရုံသွေးကြော”

Vol. 7 Ch. 71

ယွီကျင့်ထင် သည် ဟုန်ဟွာဂိုဏ်း၏ ဆက်ခံသူ ဖြစ်သော်လည်း ဟုန်ဟွာဂိုဏ်းဆိုသည်မှာ ဆောင်ယန်ဂိုဏ်းကို မှီခိုအားကိုးနေရသော ဂိုဏ်းငယ်လေး အဆင့်မျှသာ ရှိသည်။

သူတို့၏ အဆင့်အတန်းဖြင့် ဆောင်ယန်တောင်ပေါ်သို့ တက်ရန် အရည်အချင်း မမီသောကြောင့် သူသတင်းပို့ရန် လာရောက်သောအခါ ဆောင်ယန်တောင် ခြေရင်းမှ ဤခြံဝန်းထဲတွင် နေရာချထားပေးခြင်း ခံခဲ့ရသည်။

သူ မြင်းရထားအတွင်း ဝင်ရောက်လာပြီးနောက် ရထားတန်းသည် ဆက်လက်ထွက်ခွာလာခဲ့ပြီး မည်သည့်နေရာတွင်မျှ မရပ်တော့ရန် ကျန်းကျီ က အမိန့်ပေးလိုက်သည်။

မြင်းရထားတန်းကြီးသည် အလွန်ခမ်းနားစွာဖြင့် လမ်းတစ်လျှောက်လုံး ခဏတဖြုတ်သာ နားပြီး ခုနှစ်ရက်၊ ရှစ်ရက်ကြာအောင် ခရီးနှင်လာခဲ့ရာ ဟုန်ဟွာဂိုဏ်း တည်ရှိရာ ခွေယန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဤမြို့ငယ်လေး၌ ရှေးအခါက ခွေသားရဲ တစ်ကောင် ပေါ်ထွက်လာခဲ့သည်ဟု ဒဏ္ဍာရီများက ဆိုထားသည်။

နောက်ပိုင်းတွင် နတ်ဘုရားတစ်ပါး ပေါ်ထွက်လာပြီး ၎င်းကို သတ်ပစ်ခဲ့ခြင်းကြောင့် ခွေယန်တောင်ဟု အမည်တွင်သွားခဲ့ပြီး ဤနာမည်ကို အစွဲပြုကာ ခွေယန်မြို့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မူလက ခွေယန်တောင်ပေါ်တွင် ဓားပြအဖွဲ့တစ်ဖွဲ့ အခြေချနေထိုင်ခဲ့သည်။

ထိုသူများသည် အင်အား နည်းပါးသော်လည်း တောင်ပေါ်မှ ဆင်းကာ လုယက်သည့်အချိန်တိုင်း ငွေကြေးကိုသာ ဦးတည်ပြီး လူသတ်ခြင်းမှာ မရှိသလောက် ဖြစ်သည်။

သွေးဝံပုလွေ မြင်းတပ်ဖွဲ့က ခွေယန်တောင်ပေါ်မှ ဓားပြစခန်းကို သိမ်းပိုက်ပြီးနောက် ဓားပြခေါင်းဆောင်ကိုသတ်ကာ ကျန်သူများအားလုံးကို လက်နက်ချ အညံ့ခံစေခဲ့သည်။

ထို့နောက် ခွေယန်တောင်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ နေရာအနှံ့အပြားတွင် လုယက်မှုများ စတင်ကျူးလွန်လာခဲ့၏။

အင်ပါယာတော်ဝင်မိသားစုမှ ဦးဆောင်သော ရှောင်တခင် နှိမ်နင်းမှုတွင် ဟုန်ဟွာဂိုဏ်းလည်း ပါဝင်ခဲ့သည်။

ဟုန်ဟွာဂိုဏ်းခေါင်းဆောင်၏ ကျင့်ကြံမှု အဆင့်အတန်းသည် အနည်းငယ် မြင့်မားသည် ဆိုသော်လည်း သွေးဝံပုလွေ မြင်းတပ်ဖွဲ့မှ ခေါင်းဆောင်နှစ်ဦး၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ခေါင်းဆောင်တစ်ဦး၏ ဓားချက်ဖြင့် သေဆုံးခဲ့ရသည်။

ကျန်းကျီ သည် မြင်းရထားများကို မြို့အတွင်းသို့ ဝင်ရောက်ရန် အမိန့်ပေးတော့မည်ပြုစဉ် ဤရက်များအတွင်း ရထားအတွင်း၌သာ ခက်ခက်ခဲခဲ ကျင့်ကြံနေပြီး လုံးဝ လူလုံးထွက်မပြခဲ့သည့် စွန်းယန်ဝမ် သည် ရထားအတွင်းမှ ရုတ်တရက် ခုန်ဆင်းလာသည်။

သူသည် ဝေးကွာသော နေရာမှ ခွေယန်တောင်ကို လှမ်းမျှော်ကြည့်ကာ ပြောလိုက်၏။

“ကျန်းကျီ အစ်ကိုကြီး… ကျွန်တော်တို့ မြို့ထဲကို မဝင်ဘဲ ရှေ့မှာရှိတဲ့ ချန်မိသားစုရဲ့ ခြံဝင်းကိုပဲ တိုက်ရိုက်သွားရအောင်…”

ကျန်းကျီ က နားမလည်စွာ မေးသည်။

“စွန်းညီလေးက ဘာဖြစ်လို့ ချန်မိသားစုရဲ့ ခြံထဲကို သွားချင်ရတာလဲ…”

စွန်းယန်ဝမ် သည် ဤရက်များအတွင်း ရထားအတွင်းမှ မဆင်းခဲ့သော်လည်း ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစု၏ လူများက သူတို့သခင်မလေးကို အကြိမ်ပေါင်းများစွာ သတင်းပေးပို့နေသောကြောင့် ခွေယန်မြို့၏ အခြေအနေကို ကြိုတင်သိရှိထားခဲ့ပြီး သွေးဝံပုလွေ မြင်းတပ်ဖွဲ့၏ အခြေအနေ အများစုကိုလည်း အကြမ်းဖျင်းနားလည်လာခဲ့သည်။

သူက ရယ်မောကာ ပြောလိုက်၏။

“ခွေယန်မြို့ထဲမှာ ဒီလောက်များတဲ့ မြင်းရထားတွေ ရပ်တန့်ဖို့ နေရာမရှိသလို လူတိုင်းအတွက် နေရထိုင်ရတာလည်း အဆင်ပြေမှာ မဟုတ်ဘူး… ချန်မိသားစုရဲ့ ခြံဝန်းကတော့ တော်တော်လေး ကြီးမားတယ်…”

“အဓိက အချက်က ခွေယန်တောင်နဲ့ နီးကပ်တာပဲ… အခုဆိုရင် ချန်မိသားစု တစ်ခုလုံးကိုလည်း သွေးဝံပုလွေ မြင်းတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့ပြီ… ကျွန်တော်တို့က အဲဒီမှာ ယာယီစခန်းချပြီး ခေတ္တအနားယူဖို့ အသင့်လျော်ဆုံးပဲ…”

“နောက်ပြီးတော့ ညရောက်ရင် ခွေယန်တောင်ရဲ့ ရန်သူ့စခန်းကို လျှို့ဝှက်စုံစမ်းမှုတွေလည်း လုပ်ချင်တယ်… မြို့ထဲကနေသွားမယ်ဆိုရင် ခရီးက တော်တော်လေး ဝေးနေတာကြောင့် ချန်အိမ်တော်က အဆင်အပြေဆုံးပဲ…”

ကျန်းကျီ က ခဏကြာအောင် စဉ်းစားလိုက်ပြီး ပြောသည်။

“အဲဒါဆိုရင်လည်း ညီလေး သဘောပါ…”

မြင်းရထားများသည် မြို့ထဲသို့ မဝင်တော့ဘဲ နောက်ထပ် နေ့တစ်ဝက်ကြာအောင် ဆက်လက် ခရီးနှင်ပြီးနောက် ချန်အိမ်တော်၏ ခြံဝန်းကျယ်ကြီးအတွင်းကို ရောက်ရှိလာကြသည်။

မူလက ချန်မိသားစု ဆိုသည်မှာ ခွေယန်မြို့၏ အချမ်းသာဆုံး မိသားစုကြီး တစ်ခုဖြစ်ခဲ့သည်။

မြေဧကပေါင်း တစ်ထောင်၊ ဆိုင်ခန်းခုနှစ်ခန်း၊ ရှစ်ခန်းပိုင်ဆိုင်ပြီး မိသားစုဝင် အရေအတွက်ကလည်း ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်ရှိသည်။

သို့သော် မြို့ငယ်လေးမှ သူဌေးများ ဖြစ်သည့်အားလျော်စွာ နှစ်ရှည်လုပ်သားများနှင့် နေ့စားလုပ်သားများ ငှားရမ်းထားသည့်တိုင် ကိုယ်တိုင်လည်း လယ်ထဲသို့ ဆင်းကာ အလုပ်လုပ်ရသည်က ရှောင်လွှဲ၍ မရခဲ့ပေ။

သွေးဝံပုလွေ မြင်းတပ်ဖွဲ့ သူတို့ဆီ ရောက်လာသောအခါ ခြံဝန်းအတွင်း ရှိနေသူများ အားလုံး အသတ်ခံခဲ့ရသော်လည်း လယ်ထဲတွင် အလုပ်လုပ်နေသည့် ချန်မိသားစုဝင်များက ကံကောင်းထောက်မစွာ အသက်ရှင်သန်ခွင့် ရခဲ့ကြသည်။

မြင်းရထားများ ချန်အိမ်တော်အတွင်းသို့ ရောက်လာသောအခါ အဘိုးအိုတစ်ဦးနှင့် လူငယ်အချို့ ရောက်ရှိလာကာ ခရီးဦးကြိုပြုပြီးနောက် ချက်ခြင်း ပြောလိုက်သည်။

“ဧည်သည်တော်တို့ခင်ဗျာ… ဒီခြံထဲမှာ လူတွေနေလို့ မရတော့ပါဘူး… ခွေယန်မြို့ထဲကိုပဲ ပြန်လှည့်ကြဖို့ မေတ္တာရပ်ခံပါတယ်…”

ကျန်းကျီ က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

“မြို့ထဲကို ပြန်သွားမယ်ဆိုရင် နောက်ထပ် နေ့တစ်ဝက်လောက် ကြာဦးမှာဆိုတော့ အဘိုးက ငွေနည်းနည်းလောက် လက်ခံပြီး ဒီတစ်ည ကျွန်တော်တို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးပါ… မနက်ဖြန်ကျရင် ကျွန်တော်တို့ ထွက်သွားပါမယ်…”

ကျန်းကျီ က ကြေးဒင်္ဂါးပိသာဝက်ကို ပစ်ပေးလိုက်သောအခါ အဘိုးအိုသည် ခေတ္တမျှ တုံ့ဆိုင်းသွား၏။

သူသည် လက်ထဲသို့ ရောက်နေပြီဖြစ်သော ငွေကြေးကို အလွန်နှမျောသွားပြီး ချက်ခြင်း ပြောသည်။

“ဧည့်သည်တော်တို့ အနေနဲ့ တည်းခိုလို့တော့ရပါတယ်… ဒါပေမဲ့ မြင်းစာကိုတော့ မပေးနိုင်တော့ပါဘူး…”

ကျန်းကျီ သည် ကျင့်ကြံခြင်းလောက၏ ဓလေ့ထုံးတမ်းများကို ကောင်းစွာ နားလည်ထားသူ ဖြစ်သောကြောင့် ခဏတာ ထပ်မံညှိနှိုင်းပြီး အဘိုးအို၏ လက်ထဲသို့ ကြေးဒင်္ဂါးအချို့ ထပ်ထည့်ကာ အောင်အောင်မြင်မြင် စည်းရုံးခဲ့သည်။

ထို့နောက် သူတို့ဆီသို့ ပြန်လှည့်လာကာ အော်ဟစ်လိုက်၏။

“အရင်ဆုံး ခြံထဲကို ဝင်လာခဲ့ကြ…”

စွန်းယန်ဝမ် သည် ရထားအတွင်း ထိုင်နေသော်လည်း သူ့၏ နားရွက်များက အနည်းငယ် လှုပ်ရှားသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“အစ်မတို့… ရထားပေါ်ကနေ ခိုးဆင်းလာခဲ့ကြ…”

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့သည် မည်သည့်မေးခွန်းမျှ ထုတ်မနေဘဲ လှုပ်ရှားမှုပညာရပ်ကို အသုံးပြုကာ သုံးဦးသား ရထားအတွင်းမှ လျှို့ဝှက်စွာ ဆင်းလာခဲ့ကြသည်။

စွန်းယန်ဝမ် ထိုးဖောက်ခဲ့သော သွေးကြောကိုးခုအနက် ခုနှစ်ခုသည် အဓိကသွေးကြောနှင့် အထွဋ်အထိပ် သွေးကြောများမှ ဖြစ်ပြီး အခြားနှစ်ခုမှာ လျှို့ဝှက်သွေးကြောများ ဖြစ်သည်။

ထိုသွေးကြော နှစ်ခုအနက် တစ်ခုသည် ပထဝီအာရုံ သွေးကြောဖြစ်ပြီး နောက်တစ်ခုက စန္ဒာလမင်း အနှစ်သာရ သွေးကြောဖြစ်သည်။

လျှို့ဝှက်သွေးကြောများသည် အဓိကသွေးကြောကြီးရှစ်ခုနှင့် အထွဋ်အထိပ် သွေးကြော ဆယ့်နှစ်ခုထက် ပို၍တိုတောင်းကာ သွေးကြောပေါက်ငယ်များလည်း ပိုနည်းသည်။

၎င်း၏ ချီစွမ်းအင်ကို သိုလှောင်နိုင်မှု ပမာဏသည် အဓိကသွေးကြောများနှင့် အထွဋ်အထိပ် သွေးကြောများကို မယှဉ်နိုင်သော်လည်း လျှို့ဝှက်သွေးကြော တစ်ခုချင်းစီတိုင်းတွင် ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားသည်။

ဥပမာ ပထဝီအာရုံ လျှို့ဝှက်သွေးကြောသည် စွန်းယန်ဝမ် ၏ အကြားအာရုံကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

ထို့အပြင် သူ့၏ ချီစွမ်းအင်ကို နားနှစ်ဖက်သို့ ပို့လွှတ်လိုက်မည်ဆိုလျှင် သူ့၏ အကြားအာရုံသည် အလွန်အမင်း တိုးတက်လာပြီး အသံများအားလုံးကို ကြားနိုင်စွမ်း ရှိလာမည် ဖြစ်သည်။

အစောပိုင်းက ခြံဝန်းအတွင်း အခြားသူများ၏ တီးတိုးစကားသံများကို ကြားခဲ့ရသောကြောင့် စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကို ခေါ်ကာ လျှို့ဝှက် စစ်ဆေးရန် ထွက်လာခဲ့ခြင်း ဖြစ်၏။

စွန်းယန်ဝမ် သည် သွေးကြောကိုးခုအထိ ထိုးဖောက်ထားနိုင်ခဲ့ပြီး ပျံသန်းနိုင်ခြင်း မရှိသေးသော်လည်း သူ့၏ လှုပ်ရှားမှုပညာရပ်က ယခင်ကထက် အဆပေါင်းများစွာ ပိုမိုတိုးတက်လာခဲ့ပြီ ဖြစ်သည်။

ယင်းက စွန်းလင်အာ ကို မှီနိုင်ခြင်း မရှိသေးသလို နန်မန်ကုန်း နှင့်ဆိုလျှင် အလွန် အလှမ်းကွာဝေးနေ သေးကြောင်း ပြောရမည် ဆိုသော်လည်း ပေါ့ပါးဖျတ်လတ်မှုက အလွန်မြင့်မားသွားပြီ ဖြစ်သည်။

သူတို့အားလုံး ရထားလုံးအတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားသောအခါ လင်းဟူရှောင်နှင့် ထန်းဖန်ရွှယ် တို့သည် ကျင့်ကြံမှု အဆင့်နိမ့်သေးသောကြောင့် လုံးဝသိရှိခြင်း မရှိခဲ့ပေ။

ကျန်းကျီ သည် ယခင်ကတည်းက သတိထားမိပြီး ဖြစ်သော်လည်း မသိချင်ဟန်ဆောင်ကာ ပုံမှန်အတိုင်း ဆက်ရှိနေခဲ့သည်။

ရထားများ၏ ဖွဲ့စည်းပုံကို နေရာချသောအခါ စွန်းယန်ဝမ် တို့ လိုက်ပါလာသော ရထားကို အလယ်တည့်တည့်တွင် ထားလိုက်ပြီး ယင်းကို သူက တမင်တကာ စီစဉ်လိုက်ခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် အသက်တစ်ရှိုက် ရှုသွင်းလိုက်ပြီးနောက် အုတ်နံရံခုနှစ်ခုကို ဆက်တိုက် ခုန်ကျော်သွားသည်။

ထို့နောက် အိမ်ခေါင်မိုးတစ်ခုပေါ်သို့ အသာအယာ ဆင်းလိုက်သောအခါ သူ့အနောက်မှ စွန်းလင်အာ လည်း အဆက်မပြတ် ကပ်ပါလာ၏။

သူမ၏ ချောမောလှပသော မျက်နှာလေးက အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး အသံခပ်တိုးတိုးနှင့် သတိပေးသည်။

“အထဲမှာ ကျင့်ကြံသူတွေ ရှိနေတယ်…”

ဤအိမ်၏ ခြံဝန်းအတွင်း မြင်းအချို့ကို ချည်နှောင်ထားပြီး ထိုမြင်းများအားလုံးသည် သန်မာ ထွားကျိုင်းကာ အမျိုးအစား အလွန်ကောင်းသည်။

ထို့အပြင် အင်ပါယာတော်ဝင်မိသားစုမှ မြင်းများဖြစ်ကြောင်း မည်သည့် သက်သေအထောက်အထားမျှ ရှိမနေသောကြောင့် ဤအိမ်အတွင်းမှ ကျင့်ကြံသူများ၏ မြင်းများဖြစ်ကြောင်း ထင်ရှားနေသည်။

နန်မန်ကုန်းသည် အိမ်ခေါင်မိုးထက်သို့ လှပစွာ ဆင်းသက်လာခဲ့ပြီး ခေါင်မိုးကို နားဖြင့်ကပ်ကာ နားထောင်လိုက်သည်။

ထို့နောက် သူမ၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားကာ စွန်းယန်ဝမ် ကို လက်ဟန်တစ်ခုဖြင့် အချက်ပြလိုက်၏။

စွန်းယန်ဝမ် သည် ပထဝီအာရုံ လျှို့ဝှက်သွေးကြော၏ အစွမ်းဖြင့် ဤအိမ်အတွင်းမှ လူများအားလုံး၏ စကားသံများကို ကြားသိပြီးသား ဖြစ်သည်။

သူက လက်ဟန်အမူအယာဖြင့် ပြန်လည် အချက်ပြလိုက်၏။

ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို ဖိချလိုက်သောအခါ ခေါင်မိုးသည် “ဝုန်း”ခနဲ ပေါက်ထွက်သွားပြီး သူ့ ခန္ဓာကိုယ်သည် အိမ်အတွင်း ရောက်ရှိသွားတော့သည်။

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ နှစ်ဦးစလုံးမှာ သူသည် ဤမျှလောက် ရဲရဲတင်းတင်း လုပ်လိမ့်မည်ဟု လုံးဝ ထက်မှတ်မထားကြပေ။

မိန်းမပျိုနှစ်ဦးစလုံး အလွန်အမင်း စိုးရိမ်သွားကြပြီး တစ်ယောက်သည် စွန်းယန်ဝမ် ဆင်းသွားသော အပေါက်အတိုင်း လိုက်ခုန်ဆင်းလာသည်။

အခြားတစ်ဦးသည် ခေါင်မိုးထက်မှ ခုန်ဆင်းသွားပြီး အိမ်အပြင်ဘက်မှနေကာ ပြတင်းတံခါးတစ်ခုကို ဖျက်ဆီးပစ်လိုက်၏။

ထို့နောက် အနီးရှိ သစ်တုံးတစ်တုံးကို အိမ်အတွင်းသို့ ဦးစွာ ကန်ထည့်လိုက်ပြီးမှ နောက်က ကပ်လျက်လိုက်ပါ ဝင်ရောက်လာခဲ့သည်။

မိန်းမပျိုနှစ်ဦး အိမ်အတွင်းသို့ ရောက်လာသောအခါ ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျနေသော အနက်ရောင်ဝတ်ရုံနှင့် လူနှစ်ဦးကို တွေ့လိုက်ရသည်။

တစ်ဦး၏ ရင်ဘတ်တွင် လင်ရှီးဓားက တန်းလန်းစိုက်ဝင်နေပြီး အခြားတစ်ဦး၏ နဖူးတွင်တော့ နဂါးရိုင်းဓားကို ထိုးစိုက်ထားသည်။

၎င်းတို့ နှစ်ဦးစလုံး စွန်းယန်ဝမ် ၏ လက်ချက်ဖြင့် သေဆုံးသွားကြခြင်း ဖြစ်သည်။

နောက်ထပ်တစ်ဦး သည် စွန်းယန်ဝမ် နှင့် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဦးသား လက်သီးများဖြင့် တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသော လေတိုးသံ တရွှီရွှီကို အတိုင်းသား ကြားနေရ၏။

စွန်းယန်ဝမ် ၏ လက်ကွက်များသည် ပြောင်းလဲခြင်းမရှိဘဲ နဂါးဆင်လက်သီး တစ်ကွက်တည်းကိုသာ အသုံးပြု တိုက်ခိုက်နေခြင်း ဖြစ်သည်။

သူသည် မည်သည့် အချိန်တွင်မဆို ထိုလက်သီးကွက် တစ်ကွက်ကိုသာ ထပ်ကာတလဲလဲ အသုံးပြုနေသောကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူသည် စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းနေတော့သည်။

ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာတစ်ခုတွင် ဤမျှ ပြင်းထန်သော လက်သီးချက်များကို ၎င်းအနေဖြင့် မည်သို့မျှ မရှောင်တိမ်းနိုင်ဘဲ ချီစွမ်းအားကို အပြည့်အဝ ဖော်ထုတ်ကာ အစွမ်းကုန် ခုခံနေရုံသာ တတ်နိုင်သည်။

စွန်းယန်ဝမ် သည် ပထဝီအာရုံ သွေးကြောကို အသုံးချကာ အိမ်အတွင်းမှ လူသုံးဦး၏ တည်နေရာကို ကြိုတင်သိရှိခဲ့သည်။

သူသည် ထိုအားသာချက်ကို အသုံးချကာ တိတ်တဆိတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်သည်နှင့် သူ့၏ စွမ်းအားကို လျှပ်စီးမိုးကြိုးများကဲ့သို့ အလွန်ပြင်းထန်စွာ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဟွမ်ယွမ်ဓားကျင့်စဉ်ကို အသုံးပြုကာ ဓားနှစ်ချောင်းကို စွမ်းအားပြည့်ဖြင့် ပစ်လွှတ်တိုက်ခိုက်ပြီး ရန်သူနှစ်ဦးကို ရှင်းလင်းပစ်ခဲ့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူနှစ်ဦးသည် သူ့၏ ဓားနှစ်လက် ဝင်ရောက်လာသောအခါ အနည်းငယ်မျှ ခုခံနိုင်ခြင်း မရှိဘဲ နေရာမှာတင် အသက်ပျောက်သွားခဲ့၏။

ခေါင်းဆောင်ဖြစ်သူ အနက်ရောင်ဝတ်ရုံနှင့်လူ၏ ကျင့်ကြံမှု အဆင့်သည် အလွန်မြင့်မားသောကြောင့် စွန်းယန်ဝမ် ၏ နဂါးဆင်လက်သီး တိုက်ကွက်ကို ခုနှစ်ကွက်၊ ရှစ်ကွက်ခန့်အထိ ခုခံပြီးသော်လည်း အားနည်းသွားသည့် လက္ခဏာမျိုး မမြင်ခဲ့ရပေ။

သို့သော် ထိုသူမှာ အလွန်အမင်း အံ့အားသင့်နေရုံသာမက အနည်းငယ်လည်း ထိတ်လန့်နေပြီ ဖြစ်သည်။

သူသည် အံကြိတ်ရဖန် များလွန်းသောကြောင့် သွားများပင် ပဲ့ကြွေထွက်လုနီးပါး ဖြစ်နေ၏။

သူတို့နှစ်ဦးသည် တိုက်ကွက်ပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး သူ့၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားနေသော်လည်း ပြိုင်ဘက်၏ အစွမ်းထက်လွန်းသည့် လက်သီးတစ်ကွက်ကြောင့် အကြီးအကျယ် စိတ်များ ရှုပ်ထွေးနောက်ကျိ နေခဲ့သည်။

သို့သော် သူတို့နှစ်ဦး ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် အနက်ရောင်ဝတ်ရုံနှင့် လူသည် ဖိနှိပ်ခံနေရသော်လည်း အနိုင်ရမည်ဟု ယုံကြည်မှု အပြည့်ရှိသည်။

သို့သော် ဤကောင်လေး၏ နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ကူညီသူနှစ်ဦး ကပ်ပါလာလိမ့်မည်ဟုတော့ သူ ယောင်၍ပင် မစဉ်းစားမိခဲ့ပေ။

စွန်းလင်အာ သည် လက်ကို မြှောက်လိုက်သောအခါ ဓားနှစ်လက် “ရွှီး”ခနဲ ပြေးထွက်သွားသည်။

နန်မန်ကုန်း သည် သူမ၏ လက်ထဲမှဓားကို အဆက်မပြတ် ဝှေ့ရမ်းကာ ထိုသူ၏ မျက်နှာတည့်တည့်ကို တိုက်ခိုက်လိုက်၏။

သူမသည် နန်မန်မိသားစုနှင့် အော်မေးဂိုဏ်းမှ သိုင်းပညာများကို တစ်ပြိုင်တည်း ကျင့်ကြံထားသူ ဖြစ်သောကြောင့် ကျင့်စဉ်သက်သက်ချည်း တွက်ချက်မည်ဆိုလျှင်ပင် ဆောင်ယန်ဂိုဏ်း ပြိုင်ပွဲ၏ အုပ်စု(ဂ)မှ တပည့်များ အားလုံးထက် များစွာသာလွန်နေသည်။

ထို့အပြင် သူမ၏ ကျင့်ကြံမှုသက်တမ်းက ငါးနှစ်တာကာလလည်း မကတော့ပေ။

အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ သွေးအန်လုနီးပါး ဖြစ်သွား၏။

သူ မည်သို့မျှ မစဉ်းစားနိုင်သော အချက်တစ်ခုက သူတို့၏ ခေါင်းဆောင်သည် သူ့ကို အစားအသောက်များအတွင်း အဆိပ်ခတ်ရန် အတွက်သာ ဤနေရာကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဆောင်ယန်ဂိုဏ်းမှ တပည့်များနှင့် လုံးဝ မျက်နှာချင်းဆိုင် ဖြေရှင်းစရာ အကြောင်းမရှိပေ။

သို့သော် သူ့၏ လှုပ်ရှားမှုများသည် မည်သည့်အတွက်ကြောင့် ယခုလို ဖော်ထုတ်ခြင်း ခံလိုက်ရသည်ကိုတော့ သူလုံးဝ နားမလည်နိုင်တော့ပေ။

All Chapters