ဆုတ်ယုတ်ပျက်စီးခြင်း
Vol. 35 Ch. 511
ဂူအတွင်းရှိ နေရာမှာ ကြီးမားသော နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ဆံ့နိုင်လောက်အောင် ကျယ်ဝန်းလှ၏။
ဤသည်မှာ မြေပေါ်ကမ္ဘာနှင့် မြေအောက်လောက,ကို ဆက်သွယ် ပေးထားသော ဝင်ပေါက်ပင်။ ဂိမ်းမာများမှာ ၎င်းကို အမှောင်ဝင်ပေါက်ဟု ခေါ်ကြသည်။
အမည်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး အမှောင်ဝင်ပေါက်၏ အသွင်အပြင်မှာလည်း ခန့်ညားထည်ဝါ လှ၏။
ဝင်ပေါက်၏ အမြင့်မှာ မီတာ ၂၀မှ ၃၀ အထိ ရှိပြီး ဖွဲ့စည်းပုံ တစ်ခုလုံးအား ပုံရိပ် ရောင်ပြန်ဟပ်သော ဖန်သားဖြင့် ပြုလုပ်ထားသည်။ မာနာစွမ်းအင်မှာ ဝင်ပေါက်အတွင်းတွင် အရပ်ရပ်သို့ စီးဆင်း နေခဲ့သည်။
ဗိုလ်ချုပ်ရှီဒန် ထိုသို့သော ဝင်ပေါက် တစ်ခုကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ဂူ၏ မှိန်ဖျော့သော ရှေ့ပိုင်းနှင့် မတူတော့ဘဲ အတွင်းဂူနေရာမှာ ဝင်ပေါက်၏ တောက်ပမှုဖြင့် လင်းထိန် နေခဲ့သည်။ အမှောင်ဝင်ပေါက်မှာ ယခု ဗစ်တိုးရီးယား မြို့သားများ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသောကြောင့် ထာဝရတိုင်းပြည်မှ သတ္တဝါများ မြေပေါ်ကမ္ဘာသို့ ရောက်လာ နိုင်ရန်မှာ မဖြစ်နိုင်လု နီးပါးပင်။ သို့သော် ရံဖန်ရံခါတွင်တော့ ထာဝရတိုင်းပြည်မှ သတ္တဝါ အနည်းငယ်မျှ ကာကွယ်ရေး စည်းများကို ဖြတ်ကျော်ကာ မြေပေါ်ကမ္ဘာသို့ ဝင်ရောက် နိုင်ခဲ့ကြသည်။
ဗစ်တိုးရီးယား မြို့သားများက အမှောင်ဝင်ပေါက်ကို ထိန်းချုပ် နိုင်ပြီးနောက် ဗိုလ်ချုပ်ရှီဒန်မှာ မြေအောက်လောက သတ္တဝါများကို ရက်ပေါင်း များစွာ ကြာသည်အထိ မမြင်တွေ့ခဲ့ရပေ။
"ဒါက အမှောင်ဝင်ပေါက်ပဲ။ မင်းတို့ ဒါကို ဖြတ်သွားရင် တခြား တစ်ဖက်မှာ ထာဝရဝက်တွေကို တွေ့လိမ့်မယ်။ သေချာလေး သတိထားကြပါ။" ကျောရိုးပြင်းထန်စွာ ပုံပျက်နေသော လူဆိုးလေးက နတ်ဘုရား တိုင်းပြည်မှ ဗိုလ်ချုပ်များအား ပြောလိုက်သည်။
ဗိုလ်ချုပ်ရှီဒန်က ကျောကုန်း,ကုန်းနေသော လူဆိုးလေးအကြောင်းကို ယခင်က,ကြားဖူးခဲ့သည်။
သူက ၎င်းမှာ အရည်အချင်း မရှိသော ယော့ခ်နယ်စားကြီးက ဗစ်တိုးရီးယား မြို့သားများထံသို့ သူ၏ ရှုံးနိမ့်မှုကို ဆင်ခြေပြရန် ဖန်တီးထားသော အကြောင်းပြချက် တစ်ခုဟုသာ ထင်ခဲ့သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ဒုက္ခိတ လူဆိုးလေးက ဤမျှပင် အားကောင်းနေ လိမ့်မည်ဟု မထင်ထားပေ။ သူက လူဆိုးလေးနှင့်အော့ခ်များ တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်။ ထိုအော့ခ်များပင်လျှင် လူဆိုးလေးနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ယခင်က ဗိုလ်ချုပ်ရှီဒန်မှာ ဒုက္ခိတ လူဆိုးလေးအပေါ် အမြင်စောင်းမှု တချို့ ရှိနေခဲ့သည်။ သို့သော် ယခုတွင်တော့ သူ လူဆိုးလေးကို တခြား နည်းဖြင့် မြင်နေရလေပြီ။
"ဘော့စ်လူဆိုးလေး၊ မင်းရဲ့ စကားတွေကို နားထောင်ရတာ မင်းက အမ်ပီစီတစ်ယောက်နဲ့တောင် တူနေပြီလို့ ငါ ခံစားရတယ်။"
လူဆိုးလေးဘေးမှ လူသား တစ်ဦး ရယ်မော နေခဲ့သည်။ သူ၏ အသံမှာ အတော်အတန် ကျယ်လောင်သောကြောင့် အနီးအနားမှ ဗိုလ်ချုပ်ရှီဒန် ပင်လျှင် သူ့စကားကို ကြားနိုင်သည်။ ဗစ်တိုးရီးယား မြို့သားများမှာ အချို့သော အခြေအနေများတွင် ထူးဆန်းသော ကိစ္စကို အမြဲတမ်း ပြောဆို တတ်ကြသည်။
"ဗိုလ်ချုပ်၊ ဒီနေရာကို ဖြတ်ကျော် သွားပြီးနောက် အရှင် ဗစ်တိုးရီးယားမြို့ကို ရောက်ပါလိမ့်မယ်။ ထာဝရတိုင်းပြည်က သတ္တဝါတွေက အမှောင်ဝင်ပေါက်ကို ဝင်တိုက်ခိုက် ချင်နေကြတယ်။ ကျွန်တော်တို့က ဗစ်တိုးရီးယား မြို့သားတွေကို အမှောင်ဝင်ပေါက်ကို ကာကွယ်ရာမှာ ကူညီပေးဖို့ပဲ လိုတာ။ ပြီးရင် ကျွန်တော်တို့က မြေအောက်လောက သတ္တဝါတွေ ကျွန်တော်တို့ရဲ့ မြေပေါ်ကမ္ဘာကို ဝင်ရောက်တာကို တားကြမယ်။" ဂျော့ခ်ျက ဗိုလ်ချုပ်ရှီဒန်အား ပြောလိုက်သည်။ သူတို့ ဝင်ပေါက်နေရာသို့ ရောက်ရှိပြီး ဖြစ်နေပြီး နောက်ပြန်လှည့်မည် မဟုတ်ပေ။
"ငါ့ အမိန့်ကို နားထောင်ကြ..." ဗိုလ်ချုပ်ရှီဒန်က နောက်လှည့်ကာ သူ၏ ဓားကို ထုတ်လိုက်သည်။ သူ နတ်ဘုရား တိုင်းပြည်မှ စစ်သားများနှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများအား ဦးတည်၍ အော်ဟစ် လိုက်သည်၊
"စစ်သည်တော်တို့။ ငါ ဒီနေရာမှာ ရပ်တည်ပြီး ဒီလောက် လေးလံတဲ့ တာဝန်တွေကို ထမ်းဆောင် ရလိမ့်မယ်လို့ ဘယ်တော့မှ မတွေးမိခဲ့ဘူး။ ငါ့ နောက်မှာ အမှောင်ဝင်ပေါက် ရှိနေတယ်၊ ပြီးတော့ ဝင်ပေါက်ရဲ့ တခြားတစ်ဖက်မှာတော့ ကြောက်မက်ဖွယ် မြေအောက်လောက သတ္တဝါတွေ ရှိနေကြတယ်။ မင်းတို့ ကြောက်ရွံ့နေကြမယ် ဆိုတာ ငါ သိတယ်။ ဒီသတ္တဝါတွေနဲ့ ရင်ဆိုင်ရရင် ဘယ်သူမဆို ကြောက်ရွံ့ကြမှာပဲ။ ဒါပေမဲ့ ဒီကြောက်ရွံ့မှုကို ကျော်လွှားဖို့ အကောင်းဆုံး နည်းလမ်းက ရဲစွမ်းသတ္တိ အပြည့်နဲ့ ရင်ဆိုင်ဖို့ပဲ..."
ဗိုလ်ချုပ်ရှီဒန် လူတိုင်းကို စုစည်းရန် ကြိုးစားရင်း အော်ဟစ် နေခဲ့သည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သားများက အားပေး ကြွေးကြော် ခဲ့ကြပြီး ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာမူ "အော်လီဂေး။"ဟု အော်ဟစ် ခဲ့ကြသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ဂိမ်းမာများ ဘာတွေ အော်ဟစ်နေသည်ကို နားမလည် သော်လည်း လူတိုင်း၏ စိတ်လှုပ်ရှား နေကြသည်ကို ကြည့်၍ သူတို့ သူ့ကို ထောက်ခံနေကြသည်ဟုသာ စိတ်ထဲ ယုံကြည်ခဲ့သည်။
ဗိုလ်ချုပ်ရှီဒန် သူ၏ လက်ကို မြှောက်ကာ အော်ပြော လိုက်သည်။ "ကျွန်တော်တို့ ဒီမှာ ရှိနေနိုင်တာက နတ်ဘုရား တိုင်းပြည်ရဲ့ ဘုရင်၊ ရဲရင့်တဲ့ ဘုရင်အာလူးကြောင့်ပဲ..."
သူ့မိန့်ခွန်းကို လူဆိုးလေးမှ ကြားဖြတ်ကာ ပြောလိုက်သည်။ "ဗိုလ်ချုပ်၊ ကျွန်တော်တို့ တိုတိုတုတ်တုတ်ပဲ လုပ်ရအောင်။ ည ၈ နာရီ ထိုးခါနီးနေပြီ။ ရှေ့က တိုက်ပွဲက ပြင်းထန်နေတယ်။ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေကို အမြန် အင်အား မဖြည့်တင်းပေးရင် အမှောင်ဝင်ပေါက် ကျရှုံး သွားရလိမ့်မယ်။ ကျွန်တော်တို့ တစ်နာရီခွဲ အတွင်းမှာ အမှောင်ဝင်ပေါက်ကို ကာကွယ် ထားရမယ်။ နားလည်သလား။"
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ည ၁၀ နာရီ မတိုင်မီ တိုက်ပွဲကို အပြီးသတ် ရခြင်း၊ သူတို့ ညစာ မစားသုံး ရသေးခြင်းနှင့် ထာဝရဝက်များ ဦးဆောင်မှု ရရှိခြင်းကို ခွင့်မပြုနိုင်ခြင်း တို့အကြောင်း ပြောဆိုရင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။ ဗိုလ်ချုပ်ရှီဒန်မှာ သူတို့က ထာဝရတိုင်းပြည်မှ သတ္တဝါများ အမှောင်ဝင်ပေါက်ကို ထိန်းချုပ်မှု ရရှိခြင်းကို ခွင့်မပြုနိုင်ကြောင်း ကိုတော့ နားလည်သည်။ သို့သော် ည ၁၀ နာရီ မတိုင်မီ တိုက်ပွဲကို အဆုံးသတ်ရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ထိုသတ္တဝါများ ည ၁၀ နာရီတွင် ပြန်ဆုတ်ခွာ ကြမည်လော။ ဗစ်တိုးရီးယား မြို့သားများက ဤအကြောင်းကို မည်သို့ သိနေကြသနည်း။
ဗိုလ်ချုပ်ရှီဒန်တွင် မေးခွန်းများဖြင့် ပြည့်နှက်နေ ခဲ့သော်လည်း ဗစ်တိုးရီးယား မြို့သားများမှာမူ အမှောင်ဝင်ပေါက် အတွင်းသို့ ပြေးဝင် တိုက်ခိုက်ရင်း အော်ဟစ် နေခဲ့ကြသည်။ ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျကလည်း သူ၏ လက်နက်ကို မြှောက်ကာ အော်ပြော လိုက်သည်။ "အလင်းရောင်နဲ့ လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေ၊ ငါနဲ့ အတူ ပြေးဝင် တိုက်ခိုက်ကြလော့။ ကျုပ်တို့က သမိုင်းမှာ မှတ်ကျောက်တင်ခြင်း ခံရလိမ့်မယ်။"
ဂျော့ခ်ျက မိန့်ခွန်း တိုတိုတုတ်တုတ်သာ ပြောခဲ့သော်လည်း တပ်ဖွဲ့များ၏ စိတ်ဓာတ်မှာ မြင့်တက် လာခဲ့သည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သားများလည်း မာန်သွင်း အော်ဟစ်ကာ ဂျော့ခ်ျနှင့် ဗစ်တိုးရီးယား မြို့သားများ နောက်မှ အမှောင်ဝင်ပေါက် အတွင်းသို့ ဝင်ရောက် ခဲ့ကြသည်။
ဝင်ပေါက်၏ နောက်ကွယ်တွင်တော့ ငရဲဘုံကဲ့သို့သော ပတ်ဝန်းကျင် တစ်ခုက သူတို့ကို စောင့်ကြို နေခဲ့သည်။
...
မီးလုံးကြီး တစ်ခုက ကောင်းကင်မှ ပျံဝဲသွားပြီး သူ့လမ်းကြောင်းတွင် မီးခိုးမြူရှည် တစ်ခု ကျန်ရှိ နေခဲ့သည်။ ၎င်းမှာ ဥမင်လိုဏ်ခေါင်း တစ်ခုလုံးကိုပင် လင်းထိန် စေခဲ့သည်။
ဗိုလ်ချုပ်ရှီဒန် သူ၏ ခေါင်းကို မော့ကာ မီးခိုးရောင် မြူခိုးထုကို ကြည့်လိုက်သည်။ သူက မြေအောက်လောကမှာ နိမ့်ကျပြီး မြေအောက်ခံတပ်များကဲ့သို့သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူက မြေအောက်လောကသည် နေရောင်ခြည် မရှိသော မြေပေါ်ကမ္ဘာကဲ့သို့သာ ဖြစ်နေမည်ကို မမျှော်လင့်ထားပေ။
သူ၏ ခေါင်းပေါ်မှ ကောင်းကင်မှာ အဆုံးမဲ့ဟန် ရ၏။ မှော်ဆရာ တစ်ဦးက ဗစ်တိုးရီးယားဘက်သို့ ကျရောက်နိုင်သော မီးလုံးကြီး တစ်ခုကို လွှတ်ထုတ်ခဲ့သည်။
ထိုပေါက်ကွဲမှုမှာ စစ်မြေပြင် တစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များမှာ ကြောက်ရွံ့တုန်လှုပ် နေခဲ့ကြသော်လည်း ဗစ်တိုးရီးယား မြို့သားများမှာမူ မကြောက်ရွံ့ ကြပေ။ ယင်းအစား သူတို့က ပိုမို၍ပင် စိတ်လှုပ်ရှားလာ ခဲ့ကြသည်။
ကြီးမားသော အမှောင်ဝင်ပေါက်မှာ ဗိုလ်ချုပ်ရှီဒန်၏ နောက်တွင် ရှိနေပြီး မရေမတွက်နိုင်သော မြေအောက်လောက သတ္တဝါများက သူ၏ ရှေ့တွင် ရပ်နေ ခဲ့ကြသည်။ သူတို့က ကြောက်မက်ဖွယ်ရာ လက်နက်များ ကိုင်ဆောင်ကာ ထူးဆန်းသော မြေလျှောက်ငှက်များကို စီးနင်းရင်း အမှောင်ဝင်ပေါက်ဆီသို့ ပြေးဝင် တိုက်ခိုက် နေခဲ့ကြသည်။ ဗစ်တိုးရီးယား မြို့သားများက ကျောက်တုံးများ၊ သစ်သားတိုင်များဖြင့် တည်ဆောက်ထားသော ခံတပ်များမှာမူ အပျက်အစီးများပင် ဖြစ်နေလေပြီ။ ဗစ်တိုးရီးယားမှ မှော်ဆရာ များစွာက ထာဝရတိုင်းပြည်မှ သတ္တဝါများကို တားဆီးနိုင်ရန် ထူးဆန်းသော မန္တန်များ ရွတ်ဖတ်ကာ ကြောက်မက်ဖွယ် မာနာစွမ်းအင်များ ထုတ်လွှတ် နေခဲ့ကြသည်။ အချို့ဗစ်တိုးရီးယား မြို့သားများမှာမူ ဓားရှည်ကြီးများကို ကိုင်ဆောင်ကာ သူတို့ မသေဆုံးမီ သတ္တဝါ သုံးကောင်မျှ ထပ်သတ်ဖြတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရန်သူဆီသို့ ပြေးဝင် တိုက်ခိုက် နေကြသည်။ ဗိုလ်ချုပ်ရှီဒန်နှင့် နတ်ဘုရား တိုင်းပြည်မှ စစ်သားများကတော့ တိုက်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုကို တအံ့တဩ ကြည့်နေကြသည်။
သူတို့က ဂိမ်းမာများ၏ ကြောက်ရွံ့ခြင်း မရှိမှုနှင့် ရဲရင့်မှုကြောင့် အလွန်ပင် ထိတ်လန့် သွားခဲ့ကြသည်။ ယခင်က ဗိုလ်ချုပ်ရှီဒန်က ဗစ်တိုးရီးယား မြို့သားများ၏ စည်းစနစ်မကျသော တိုက်ခိုက်ရေး အင်အားကြောင့် သူတို့ကို အထင်သေး ခဲ့သော်လည်း ယခု သူ အမြင် ပြောင်းသွားလေပြီ။ အကယ်၍ သူ၏ စစ်တပ်သာ ဗစ်တိုးရီးယား မြို့သားများနှင့် မည်သည့် ပြင်ဆင်မှုမျှ မရှိဘဲ တိုက်ခိုက်ခဲ့ရပါက သူအနိုင်ရနိုင်လျှင်ပင် သူ၏ စစ်တပ်မှာ အကြီးအကျယ် ထိခိုက်သေဆုံးမှုများ ခံစားရ ပေလိမ့်မည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ မတိုးသာ မဆုတ်သာ အခြေအနေတွင် ရှိနေကြသည်။ တပ်ဖွဲ့ဝင် အရေအတွက်နှင့် စစ်လက်နက်ပစ္စည်း ကိရိယာများအရ သူတို့က မြေအောက်လောက သတ္တဝါများထက် နိမ့်ကျ နေခဲ့ကြ၏။ သူတို့က ကြမ်းတမ်းသော တိုက်ပွဲ တစ်ခုတွင် ချောင်ပိတ်မိ နေခဲ့ကြသည်။ သူတို့ အမှောင်ဝင်ပေါက်ကို မြေအောက်လောက သတ္တဝါများထံသို့ ဆုံးရှုံးရရန်မှာ အချိန်ကာလ တစ်ခုသာ ကြာပေတော့မည်။
သို့သော် ဗစ်တိုးရီးယား မြို့သားများမှာ စိတ်မပူပန်နေကြပေ။ သူတို့၏ စကားများအရ သူတို့က ည ၁၀ နာရီအထိသာ တောင့်ခံထားနိုင်ရန် လိုအပ်ပြီး ထို့နောက်တွင်တော့ သူတို့ဘက်မှ အနိုင်ရ ပေလိမ့်မည်။
နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များက သူတို့၏ စစ်ကြောင်း ပုံစံကွက်ကို ထိန်းထားရင်း ရှေ့သို့ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။ ဗိုလ်ချုပ်များ၏ ညွှန်ကြား ကွပ်ကဲမှုဖြင့် သူတို့က တိုက်ပွဲအတွင်းသို့ စနစ်တကျ ချီတက်ကြသည်။ ၎င်းမှာ စည်းကမ်းမဲ့သော ဂိမ်းမာများနှင့် နှိုင်းယှဉ်ကြည့်လျှင် သိသိသာသာပင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။ မည်သို့ဆိုဆို စစ်သားများမှာ ပရော်ဖက်ရှင်နယ် စနစ်တကျ လေ့ကျင့်ခြင်း ခံထားရသူများ ဖြစ်ကြ၏။ ဗိုလ်ချုပ်များက သူတို့၏ ရှေ့တန်းရှိ အားနည်းချက် နေရာများကို ရှာဖွေပြီး စစ်သားများအား ထိုကွက်လပ်များကို ဖြည့်စွက်ရန် အမိန့်ပေး ခဲ့ကြသည်။
နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာ သူတို့၏ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ မရှိသောကြောင့် သူတို့ကို ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများနှင့် ခွဲခြားသိနိုင်ရန် လွယ်သည်။ အုပ်စုနှစ်ခုလုံးမှ ဂိမ်းမာများမှာ အမ်ပီစီများကို မြင်တွေ့ရသည်နှင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား ခဲ့ကြသည်။ အကြောင်းမှာ ၎င်းက သူတို့အတွက် ပိုမို များပြားပြီး ပိုမို ကောင်းမွန်သော ပစ္စည်း ကိရိယာများ ရရှိနိုင်သည်ဟု အဓိပ္ပါယ် ရသောကြောင့်ပင်။
နတ်ဘုရား တိုင်းပြည်မှ စစ်သားများ အတွက်မူ ၎င်းမှာ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ကြုံဖူးသမျှထဲ အခက်ခဲဆုံး တိုက်ပွဲ ဖြစ်ပေလိမ့်မည်။
...
"အာ-"
နတ်ဘုရား တိုင်းပြည်မှ စစ်သား တစ်ဦးက သူ၏ ဒိုင်းနှင့် ဓားတိုကို မြှောက်ကာ အနီးမှ အော့ခ် တစ်ဦး ဆီသို့ အော်ဟစ်ရင်း ပြေးဝင် တိုက်ခိုက်ခဲ့သည်။ သူ၏ နောက်တွင်တော့ တခြား စစ်သားနှစ်ဦး ရှိနေ၏။ သူတို့ သုံးဦးက အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အချင်းချင်း မြင့်မားသော အချိတ်အဆက် စွမ်းဆောင်ရည်ဖြင့် ချီတက် တိုက်ခိုက်ရာတွင် ကူညီခဲ့ကြသည်။ သူတို့က ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အပေါ် အတော်အတန် ထိခိုက်မှု ပေးနိုင်ခဲ့ကြသည်။
စစ်သားများမှာ ရဲရင့်သော်လည်း ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ပို၍ပင် ရဲရင့်ပြီး ကြောက်ရွံ့ခြင်း မရှိခဲ့ကြပေ။
ဂနိုမ်း တစ်ဦးက စစ်သားဆီသို့ ပြေးဝင် တိုက်ခိုက်ကာ သူ၏ ဒိုင်းကို အသုံးပြု၍ စစ်သား၏ ဓားတိုကို ကာကွယ်လိုက်သည်။ တစ်ဆက်တည်း ဂနိုမ်းမှာ စစ်သားကို သူ၏ တုတ်ကြီးဖြင့် လှမ်းရိုက်လိုက်သည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ အမ်ပီစီများကို သတ်ဖြတ်ရန် မကြိုးစားကြပေ။ ယင်းအစား သူတို့ကို အရှင်ဖမ်းဆီးရန်သာ ကြိုးစားကြသည်။ အမ်ပီစီ တစ်ဦး စီတိုင်းက လျှို့ဝှက် မစ်ရှင် တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး သူတို့ကို သတ်ဖြတ်ပစ်ခြင်း အတွက် ဆုများလည်း မရှိခဲ့ပေ။ သူတို့ကို သတိလစ်အောင် ရိုက်နှက်ပြီး ဒန်ဂျင်သို့ ပြန်လည် ဖမ်းခေါ်သွားခြင်းကသာ ရက်ရောသော ဆုများ ရရှိစေ ပေလိမ့်မည်။
ထိုအရာမှာ စနစ်မှ ဂိမ်းမာများအား ပေးအပ်ထားသော မစ်ရှင်လမ်းညွှန်ပင်။ ဘရုမှာ ကြင်နာတတ်ပြီး ဤစစ်သားများကို မသတ်ဖြတ် လိုသောကြောင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ မြေအောက်လောက၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ဘရုမှာ မြေပေါ်ကမ္ဘာနှင့် အဆက်အသွယ် ပြုနိုင်ခြင်း မရှိပေ။ သို့သော် သူက နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို ငွေနှင့် သယံဇာတများဖြင့် ပြန်လဲလှယ်နိုင်ကြောင်းတော့ သိသည်။
မှော်ကျောက်တုံးများကို ရှားပါးသော မှော်ကျောက်တုံး သတ္တုကြောများမှ ရရှိနိုင်သည် မှန်သော်လည်း လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများ၏ မာနာစွမ်းအင် မှလည်း ထုတ်ယူ၍ ရရှိနိုင်ပေသည်။ သို့သော် သေဆုံးသွားသော လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများထံမှတော့ မှော်ကျောက်တုံးများကို ထုတ်ယူ၍ မရနိုင်ပေ။
မြေပေါ်ကမ္ဘာ လူမျိုးစုများထံမှ မှော်ကျောက်တုံးများ ထုတ်ယူပြီးနောက် သူတို့ကို နတ်ဘုရား တိုင်းပြည်သို့ အကျဉ်းသားများအဖြစ် ပြန်ရောင်းချကာ သယံဇာတများနှင့် ပစ္စည်း ကိရိယာများဖြင့် အလဲအလှယ် ပြုနိုင်သည်။ ၎င်းမှာ စစ်သားများကို သတ်ဖြတ်ပစ်ခြင်းထက် ပို၍ တန်ဖိုး ရှိ၏။
ရှားလော့ခ်မှာ နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို ဖမ်းဆီးရန် အကြံအစည်ကို သဘောတူခဲ့သည်။ သူက ဤအကြောင်းကြောင့်သာ စစ်သားများကို အမှောင်ဝင်ပေါက်သို့ ဆွဲဆောင်ခဲ့ခြင်းလည်း ဖြစ်၏။ တစ်ဖက်တွင်တော့ သူက နတ်ဘုရား တိုင်းပြည်အား ဗစ်တိုးရီးယား မြို့သားများ၏ တိုက်ခိုက်ရေး စွမ်းပကားကို မျက်မြင် မြင်တွေ့စေလိုပြီး သူတို့အား ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်ရန် သူတို့၏ အစီအစဉ်များကို ပယ်ဖျက် စေလိုခဲ့သည်။
တခြား တစ်ဖက်တွင်တော့ ရှားလော့ခ်မှာ မှော်ကျောက်တုံးများ ထုတ်ယူရန် လူသားများကို အရှင်ဖမ်းဆီး လိုခဲ့သည်။
စစ်သားမှာ တုတ်ကြီးဖြင့် ခေါင်းကို အရိုက်ခံရပြီး သူ၏ သတ္တုသံခမောက် ပင်လျှင် ကျယ်လောင်သော ဒေါင်ခနဲ့ အသံ ထွက်လာခဲ့သည်။ သူ တစ်ပတ် လည်သွားပြီးနောက် မြေပြင်ပေါ်သို့ အပုံသား လဲကျ သွားခဲ့သည်။
တခြား စစ်သားများက သူ့ကို ပြန်ကယ်တင်ရန် ကြိုးစား ခဲ့သေးသော်လည်း သတိလစ်နေသော ထိုစစ်သားမှာ ချက်ချင်းဆိုသလို ဆွဲခေါ်သွားခြင်း ခံခဲ့ရသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများက စစ်မြေပြင်ရှိ စစ်သားများကို ဖမ်းဆီးနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
စစ်မြေပြင်မှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများအတွက် နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို ဖမ်းဆီးရန် ကစားကွင်း တစ်ခုနှယ် ဖြစ်လာ ခဲ့သည်။
ယင်းကို ဝင်ကူညီပေးသော ဗစ်တိုးရီးယား မြို့သားများပင်လျှင် ရှိနေခဲ့သည်...
ဗိုလ်ချုပ်ရှီဒန် သူ၏ အထက်တန်းစား ဓားကို မြေအောက်လောက သတ္တဝါများဆီသို့ လွှဲယမ်း လိုက်သည်။ သံကြိုးတစ်ချောင်း ကိုင်ထားသော ဗစ်တိုးရီးယားမြို့သား တစ်ဦးက သူ့ အနီးသို့ ချဉ်းကပ် လာသည်။ ထိုဗစ်တိုးရီးယားမြို့သား၏ လက်နက်မှာ ထူးဆန်းနေသော်လည်း သူက လူသားများဘက်မှ ဝင်တိုက်ခိုက် နေသရွေ့ လက်နက် အားလုံး လက်သင့်ခံနိုင်ဖွယ် ဖြစ်၏။
ဗိုလ်ချုပ်ရှီဒန် ဗစ်တိုးရီးယား မြို့သားကို တစ်ချက် ဝေ့ကြည့်လိုက်စဉ် ထိုဗစ်တိုးရီးယားမြို့သားမှာ သံကြိုးဖြင့် သူ့ဆီသို့ ပြေးဝင်လာရင်း ထူးဆန်းသော စကားလုံးများ အော်ဟစ်လိုက်သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ထိုစကားကို နားမလည် ခဲ့သော်လည်း အနီးအနားမှ အော့ခ်များကမူ နားလည်ပြီး အလားတူ ထူးဆန်းသော နဂါးကဲ့သို့ ဘာသာစကားဖြင့် ပြန်ပြော ခဲ့ကြသည်။
ထို့နောက်တွင်တော့ ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယားမြို့သား၏ သံကြိုးဖြင့် ရစ်ပတ် ပစ်ခြင်းကို ခံလိုက်ရပြီး သံကြိုး၏ အဆုံးတစ်ဖက်မှာ ဗိုလ်ချုပ်ရှီဒန်၏ ခေါင်းကို လာထိမှန်ခဲ့သည်။ သူ မူးဝေသွားပြီး မြေပြင်ပေါ်သို့ လဲကျလု နီးပါးပင် ဖြစ်သွားခဲ့သည်။ သူ၏ အစောင့်များက အော်ဟစ် ကြမ်းမောင်းကာ သူ့ကို ကာကွယ်ပေးရန် ကြိုးစားပြေးဝင် လာခဲ့ကြသည်။
အော့ခ်မှာ ဗိုလ်ချုပ်ရှီဒန်ကို ဖမ်းဆီးရန် ကြိုးစားရင်း ရှေ့သို့ ဝင်တိုက်ခိုက်သော်လည်း အစောင့်များက အရေအတွက် အလွန် များပြား နေခဲ့သည်။ အော့ခ်များမှာလည်း ကာကွယ်ရေးစည်းများကို မထိုးဖောက်နိုင်ခဲ့ကြပေ။ သို့သော် ထိုဗစ်တိုးရီးယားမြို့သား၏ သစ္စာဖောက်မှုက ဗိုလ်ချုပ်ရှီဒန်ကို ထိတ်လန့်သွား စေခဲ့သည်။ သူက ဗစ်တိုးရီးယားမြို့သား တစ်ဦးမှာ မြေအောက်လောက သတ္တဝါများ၏ သွေးဆောင် ဖျက်ဆီးခြင်းကို ခံရ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ၎င်းမှာ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ် တစ်ခုပင်။