← Chapters

ဖရန်ဂျီပန်နီ အရာအားလုံးကို ထိုးထွင်း သိမြင်သွားခြင်း

Vol. 35 Ch. 515

ဖရန်ဂျီပန်နီ အရာအားလုံးကို ထိုးထွင်း သိမြင်သွားခြင်း

Vol. 35 Ch. 515

ကြက်ဥခေါင်း သူ၏ ဝတုတ်တုတ် ခန္ဓာကိုယ်ကို ဆွဲယူရင်း ဒန်ဂျင်အတွင်းရှိ အကျဉ်းသားများကို ထိန်းသိမ်းထားသော ဂူဆီသို့ လမ်းလျှောက် နေခဲ့သည်။ ထိုဂူကို ဂိမ်းမာများမှ နှစ်ရက်အကြာကမှ တူးဖော်ခဲ့ခြင်း ဖြစ်၏။

အကျဉ်းသားများမှာ မှော်ကျောက်တုံးများ ထုတ်လုပ်ရန် ကုန်ကြမ်းများ ဖြစ်သောကြောင့် သူတို့ကို ဦးစားပေးမှု အမြင့်ဆုံးဖြင့် အစောင့်အကြပ် ထားခဲ့သည်။

ဂိမ်းမာများကို အကျဉ်းသားများအား စောင့်ကြပ်ခွင့် မပြုခဲ့ပေ။

အကျဉ်းထောင် အစောင့်များမှာ ကြက်ဥခေါင်း၊ ပိုလီယိုနှင့် ဖီးနစ်တို့ ဖြစ်ကြပြီး သူတို့က အလှည့်ကျ ကင်းစောင့်ခဲ့ကြသည်။ လိပ်အို ဖရန်ဂျီပန်နီမှာမူ အစာငတ်ခံ ဆန္ဒပြ နေခဲ့သည်။ ဂိမ်းမာများကို ထောင်စောင့်ကြပ်ခွင့် မပြုခဲ့သော အကြောင်းရင်းမှာ ရိုးရှင်းသည်၊ သူတို့ ယခင်က ဂျော့ခ်ျနှင့် ပေါက်စီတို့ကို လွှတ်ပေးခဲ့သော ကြောင့်ပင်။

အကယ်၍ သူတို့သာ အရေးမပါသော လူသားနှစ်ဦးမျှသာ ဖြစ်ခဲ့ပါက ရှားလော့ခ်မှာ စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော် ယခုမူ အတော်အတန် များပြားသည့် မှော်ကျောက်တုံးများ ပေးစွမ်းနိုင်သော အကျဉ်းသားထောင်ပေါင်း များစွာ ရှိနေခဲ့၏။ ရှားလော့ခ်မှာ ဂိမ်းမာများ အကျဉ်းသားများကို လွှတ်ပေးခြင်းကို ဘယ်တော့မှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းက ဂိမ်းမာများအား ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ ဖြစ်ပေါ်စေရန် ကြိုးစားခြင်းကိုမူ မတားဆီး ထားနိုင်ခဲ့ပေ။

ကြက်ဥခေါင်းမှာ ဂိမ်းမာများ၏ ပထမဆုံး ပစ်မှတ် ဖြစ်လာ ခဲ့သည်။

ဂုဏ်သိက္ခာ ရှိသော နဂါးနက် တစ်ကောင်အနေဖြင့် သူ အလုပ်,လုပ်နေစဉ် အတွင်း တစ်ချိန်လုံး ရပ်နေရန်မှာ မဖြစ်နိုင်ပေ။

အရှင်ရှားလော့ခ်၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ကြက်ဥခေါင်းမှာ ကြိုတင်ပြင်ဆင်မှု များစွာ ပြုလုပ်ခဲ့သည်။

ကြက်ဥခေါင်းက အကျဉ်းထောင်၏ ဝင်ပေါက်တွင် နူးညံ့ပျော့ပျောင်းသော ဖျာတစ်ချပ် ခင်းထားခဲ့သည်။ ထို့နောက် သူက စားပွဲတစ်လုံး ဆွဲယူကာ သွေးဂန္ဓမာ လက်ဖက်ရည် တစ်အိုးလည်း တောင်းလာခဲ့သည်။

အရေးကြီးဆုံးပစ္စည်းမှာတော့ လက်ပ်တော့ ကွန်ပျူတာ တစ်လုံးပင်။

ထိုအရာမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြိုးစား၍ အလုပ်,လုပ်ခဲ့သောကြောင့် ရှားလော့ခ်ထံမှ ရလာသည့် သူ၏ ဆုလာဘ်လည်း ဖြစ်၏။ ဤလက်ပ်တော့ ကွန်ပျူတာကို ရလာရန် ကြက်ဥခေါင်းမှာ ရက်ပေါင်း ဆယ်ဂဏန်းမျှ ကြာအောင် ကောင်းကောင်းမွန်မွန် မအိပ်စက်ခဲ့ရပေ။ အဲ့အစား သူက အရှင်ရှားလော့ခ်အား မစ်ရှင်များ ပြီးမြောက်အောင် ကူညီပေးခဲ့ပြီး ထာဝရတိုင်းပြည်တွင်လည်း ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်း ပေးခဲ့သည်။

၎င်းမှာ နဂါးနက် တစ်ကောင် အတွက် ခက်ခဲသော ဘဝ တစ်ခုပင်။

ကြက်ဥခေါင်း အရာအားလုံးကို သပ်ရပ်စွာ နေရာချထားပြီး နောက်မှသာ သူ၏ လက်ပ်တော့ကွန်ပျူတာကို နေရာချခဲ့သည်။ ထို့နောက် သူ "အလုပ်,လုပ်ခြင်း" ကို စတင်လိုက်သည်။ သို့သော် အကျဉ်းထောင် အပြင်ဘက်မှ အသံများ ကြားနေရ၏။

"အရှင်ကြက်ဥခေါင်း။ အရှင်ကြက်ဥခေါင်း။"

ကြက်ဥခေါင်း အပြင်ဘက်မှ အော်ဟစ်သံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကာ ဟမ့်ခနဲ မြည်လိုက်သည်။ ၎င်းမှာ ထိုဒုက္ခပေးသော ဂိုဘလင်များပင်။

ထိုဂိုဘလင်များမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဖြစ်ကြ၏။ သူကောင်းမျိုး နဂါးနက် တစ်ကောင်အနေဖြင့် သူ သူ့ကို ကိုးကွယ်သောဂိမ်းမာများနှင့် ခင်မင်ရင်းနှီးသည်။ သူက ဂိမ်းမာများအား ခွေးခေါင်းလူသားများ ဖြစ်လာနိုင်ရန် သူ၏ သွေးကိုပင် မျှဝေ ပေးခဲ့သည်။ သူက ထိုဂိမ်းမာများ အကူအညီ လိုအပ်သည့် အခါတွင်လည်း အထောက်အပံ့နှင့် ဂရုစိုက်မှုများကိုလည်း ပေးအပ်ခဲ့သည်။ ယခုတစ်ကြိမ်လည်း ထိုကဲ့သို့ပင်။

"ဘာလဲ။" ကြက်ဥခေါင်း သူ၏ လက်ပ်တော့ကို ဘေးဖယ်ထားကာ အော်ပြော လိုက်သည်။

ဖမ်းဆီးခံထားရသော နတ်ဘုရား တိုင်းပြည်မှ စစ်သားများ အပြင်ဘက်ကို စူးစမ်းစွာ ကြည့်နေ ခဲ့ကြသည်။ သို့သော် သူတို့၏ ဘေးပတ်လည်တွင် ရှားလော့ခ် တည်ဆောက်ထားသော အကာအရံ တစ်ခု ရှိနေခဲ့၏။ အကယ်၍ သူတို့ ထွက်ပြေးလိုပါက အပြင်ဘက်မှ တစ်စုံတစ်ယောက်က အကာအရံကို ဖျက်ဆီးပေးမှ ရပေမည်။ သို့မဟုတ် သူတို့တွင် ရှားလော့ခ်ကို ထိုးနှက် သတ်ဖြတ်နိုင်သော အစွမ်းအစ ရှိရမည်။

ထိုအရာမှာ မဖြစ်နိုင်သော အလုပ် တစ်ခုပင်။

ကြက်ဥခေါင်းက အော်ဟစ် ဖြေခဲ့သော်လည်း မည်သူမျှ အထဲသို့ ဝင်ရောက်လာခြင်း မရှိခဲ့ပေ။ သူ ခဏမျှ စောင့်ဆိုင်းပြီးနောက်မှသာ ၎င်းက ဂိမ်းမာများ အတွက် တားမြစ်နယ်မြေ တစ်ခု ဖြစ်နေကြောင်း အမှတ်ရသွားသည်။

ကြက်ဥခေါင်း သူ၏ ဝတုတ်တုတ် ခန္ဓာကိုယ်ကို ပင်ပင်ပန်းပန်း ဆွဲထူကာ ထရပ် လိုက်သည်။ ထို့နောက် သူက ဂူဝင်ပေါက်ဆီသို့ လေးလံစွာ လမ်းလျှောက် သွားခဲ့သည်။

အပြင်ဘက်တွင်တော့ ထာဝရတိုင်းပြည်မှ နေထိုင်သူ များစွာ စောင့်ဆိုင်း နေခဲ့ကြ၏။ သူတို့က ပျော်ရွှင်နေပုံ ရပြီး ကြက်ဥခေါင်းကို စောင့်ဆိုင်းနေပုံ ရ၏။

ကြက်ဥခေါင်း ဂူထဲမှ ထွက်လာသည့်အခါ ဂိမ်းမာများက စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။

"အရှင်ကြက်ဥခေါင်း။ အရှင်ကြက်ဥခေါင်း၊ ကျွန်တော်တို့ အရှင့်ကို ချစ်ပါတယ်။"

"ဝါး။ ဒါက ကြက်ဥခေါင်းပဲ။ အမိုက်စားပဲ။"

"ငါ ကြက်ဥခေါင်းကို နောက်တစ်ကြိမ် တွေ့ရလိမ့်မယ်လို့ မမျှော်လင့် ထားခဲ့ဘူး။ ဒါက အရမ်း အမိုက်စားပဲ။"

စိတ်အား ထက်သန်သော အားပေးကြွေးကြော်သံများ နှင့် လေးစားကိုးကွယ်မှု အသံများက ကြက်ဥခေါင်းကို လွှမ်းခြုံ သွားခဲ့သည်။

ကြက်ဥခေါင်းမှာတော့ တည်ငြိမ် နေခဲ့သည်။ သူ ထိုသို့သော မြင်ကွင်းနှင့် အကျွမ်းတဝင် ရှိနေလေပြီ။ ထာဝရတိုင်းပြည်ရှိ ဒုတိယအကြီးအကဲ တစ်ဦး အနေဖြင့် နေထိုင်သူများက သူ့အပေါ် လေးစားမှု ပြသခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ။

"ငါ့ကို ပြော၊ မင်းတို့ ဘာအကူအညီ လိုနေလို့လဲ။"

ကြက်ဥခေါင်း ခါးထောက်ကာ ရပ်နေခဲ့သည်။ ထိုဂိမ်းမာများက သူတို့ အကူအညီ လိုအပ်သည့် အခါတိုင်း သူတို့ သူ့ကို လွန်လွန်မင်းမင်း မြှောက်ပင့်ဖားယား လုပ်ပေလိမ့်မည်။

ဟမ့်၊ သူတို့က သူ့ အာရုံစိုက်မှုကို ရရှိရန် ထိုသို့သော ညံ့ဖျင်းသော နည်းလမ်းများကို အသုံးပြု ဝံ့ကြသလော။ သူ့ဘက်မှ ကူညီရန် လိုလိုလားလား ဆန္ဒရှိနေ၍သာ ကူညီလိုက်ခြင်းသက်သက်ပင်။ သူက ထိုမျှ မြှောင့်ပင့် ချော့ပေါင်းရန် လွယ်ကူသော နဂါးတစ်ကောင်လော။ သူတို့၏ ချီးကျူးမှုများနှင့် မြှောက်ပင့်ပြောဆိုမှုများ အပေါ် မူတည်၍ သူက သူတို့ကို အကူအညီ ပေးလိမ့်မည်ဟု ထင်နေကြသလော။ ၎င်းမှာ ဟာသပင်။ သူ၊ အရှင် ကြက်ဥခေါင်း၊ သေချာပေါက် ကူညီ ပေလိမ့်မည်။

"အရှင်ကြက်ဥခေါင်း။ ကျွန်တော့်ရဲ့ ဆွေမျိုး တစ်ယောက်က အထဲမှာ အကျဉ်းကျ နေပါတယ်။ အရှင် သူ့ကို လွှတ်ပေးဖို့ ကူညီ ပေးနိုင်မလား။"

"ကျွန်တော့် သူငယ်ချင်းကောင်း တစ်ယောက်က အထဲမှာ အကျဉ်းကျနေပါတယ်။ ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးဖို့ ကျွန်တော့်ကို ကူညီပေးပါဗျာ။"

"ကျွန်တော့် သူငယ်ချင်းကတော့ ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျပါ။ ကျွန်တော် အရှင့်ကို အားကိုးပါတယ်။"

ဂိမ်းမာများမှာ ကြက်ဥခေါင်းအား အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆို နေခဲ့ကြသည်။

ကြက်ဥခေါင်း ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ၏ ခေါင်းကိုမော့ကာ ပြန်ပြောလိုက်သည်။ "မင်းတို့က အထဲက လူသားတွေက မင်းတို့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေလို့ ပြောနေတာလား။ အဲ့ဒါမှန်သလား။"

ဂိမ်းမာများ တညီတညွတ်တည်း ခေါင်းညိတ် လိုက်ကြရာ ကြက်ဥခေါင်းမှာ သူ၏ ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်သည်။ ၎င်းမှာ ခက်ခဲသော ပြဿနာ တစ်ခု ဖြစ်နေ၏။ သူ ဂိမ်းမာများကို တခြား ပြဿနာများတွင် အကူအညီ ပေးနိုင်သော်လည်း အရှင်ရှားလော့ခ်မှာ သူတို့အား အကျဉ်းသားများနှင့် နီးကပ်စွာ ဆက်ဆံခြင်းပြုခြင်းကို တားမြစ် ထားခဲ့သည်။

ကြက်ဥခေါင်း စက္ကန့်ပိုင်းမျှ ကြာအောင် စဉ်းစားခဲ့သည်။ ထို့နောက် သူက ခေါင်းခါကာ ပြန်ပြောလိုက်သည်။ "မရဘူး၊ မရဘူး။ အရှင်ရှားလော့ခ်က ငါ့ကို မင်းတို့ကို အကျဉ်းသားတွေအနား ပေးမကပ်ဖို့ ထပ်ခါထပ်ခါ မှာခဲ့တယ်။ ကျေးဇူးပြုပြီး ပြန်ထွက်သွားကြတော့။ မင်းတို့ ငါ့ကို ဖေဖေလို့ ခေါ်ရင်တောင် ငါ မင်းတို့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။"

ကြက်ဥခေါင်း ဂူအတွင်းသို့ ပြန်ဝင် သွားခဲ့သည်။ ဂိမ်းမာများ ဝင်ပေါက်တွင် အော်ဟစ်နေသည့်တိုင် ကြက်ဥခေါင်းမှာ ပြန်ထွက်မလာတော့ပေ။

ဂိမ်းမာများမှာ သူတို့ ကြက်ဥခေါင်းအား နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို လွှတ်ပေးရန် မပြုလုပ်နိုင်ကြောင်း သိသွားကြသည်။

သူတို့ စိတ်ပျက်စွာ ထွက်ခွာသွားရန် မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။ သူတို့ တခြား နည်းလမ်းများ ထပ်စဉ်းစား ရပေမည်။

ဂိမ်းမာများ ပြန်ထွက်ခွာသွားစဉ် လိပ်တစ်ကောင်က သူ၏ မျက်လုံးများကျဉ်းကာ ထိုဖြစ်ရပ်ကို ဂရုတစိုက် လေ့လာ နေခဲ့သည်။

ဖရန်ဂျီပန်နီ တစ်စုံတစ်ခုကို နားလည် သွားသည်။ သူ သူ၏ ခေါင်းကို သူ၏ အခွံအတွင်းသို့ ဖြည်းညင်းစွာ တိုးဝင်ရင်း ကောက်ကျစ်စွာ ပြုံးချလိုက်သည်။

All Chapters