← Chapters

တတိယမျိုးဆက် မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာ

Vol. 35 Ch. 519

တတိယမျိုးဆက် မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာ

Vol. 35 Ch. 519

ဖရန်ဂျီပန်နီမှာ ရှားလော့ခ် ထွက်ပေါ်လာ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ဂနိုင်သားမှာ သူ့မန္တန်ဖြင့် စိတ်ညှို့ခံထားရခြင်း မရှိသလော။ သူ၏ အစီအစဉ်မှာ အစပိုင်း ကတည်းက ဖော်ထုတ် ခံခဲ့ရသလော။ အဘယ်ကြောင့် ရှားလော့ခ်က သူ့ကို သိသိချင်း မရိုက်သတ် ခဲ့သနည်း။

ဖရန်ဂျီပန်နီမှာ ဖြစ်နိုင်ခြေ တစ်ခု တည်းကိုသာ စဉ်းစားနိုင်ခဲ့သည်။ ရှားလော့ခ်မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲ လိုခဲ့ခြင်းပင်။

ဖရန်ဂျီပန်နီမှာ ဒေါသထွက် လာခဲ့သည်။ သူ ရှားလော့ခ်၏ တားမြစ်ချက်မှ တိတ်တဆိတ် လျှို့ဝှက် စုဆောင်းခဲ့သော မာနာစွမ်းအင် အားလုံးကို ထုတ်လွှတ် လိုက်သည်။ သူ၏ မာနာစွမ်းအင်မှာ အားနည်းနေဆဲ ဖြစ်သော်လည်း အကယ်၍ သူ ရှားလော့ခ်၏ တားမြစ်ချက်မှ ချိုးဖြတ် လွတ်မြောက်နိုင်ခဲ့ပါက သူ ရှားလော့ခ်ကို အနိုင်ယူနိုင် ပေလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ အရှက်ရခဲ့ခြင်း အတွက် ပြန်လက်စားချေ ပေလိမ့်မည်။

ဖရန်ဂျီပန်နီက သူ၏ ခန္ဓာကိုယ်ထဲမှ မာနာစွမ်းအင် အားလုံးကို အာရုံခံလိုက်ပြီး စွမ်းအားပိုမို အားကောင်းလာသည်ကို ခံစားမိသည်။ သူက ယုံကြည်မှုနှင့် သက်တောင့်သက်သာ ရှိမှု ခံစားချက်များကို ပြန်လည် ရရှိနေသည်။ သူ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်၏ အမြင့်ဆုံး တပ်မှူး ဖြစ်ခဲ့စဉ်က မှတ်ဉာဏ်များကိုပင် ပြန်အောင့်မေ့မိသည်...

"ဒုန်း-"

ဖရန်ဂျီပန်နီ... သူ၏ အခွံအား ကြီးမားသော အင်အား တစ်ခုဖြင့် ရိုက်မိခြင်းကို ခံစား လိုက်ရပြီးနောက် သတိလစ် သွားတော့သည်။

...

ဖရန်ဂျီပန်နီမှာ အိပ်မက်ရှည် တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် ရှားလော့ခ်မှ သူ့ကို ကုလားထိုင် တစ်ခုတွင် ချည်နှောင်ထားပြီး သူ့ကို ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်း နေခဲ့သည်။ ထို့နောက် ပိုလီယို၊ ကြက်ဥခေါင်းနှင့် ဖီးနစ်တို့မှာ ပုံပျက်နေသော မျက်နှာများဖြင့် ထွက်ပေါ်လာပြီး သူ့ကို ရက်စက်စွာ လှောင်ပြောင် ကျီစယ် နေခဲ့ကြသည်။

သူ ရုံးခန်းတွင် အနိုင်ကျင့်ခံရသည်ကို နေသားကျ လေနေပြီ။ သို့သော် အကယ်၍ သူသာ သူ၏ မသိစိတ်ထဲတွင်ပါ အနိုင်ကျင့်ခံနေရပါက ယင်းမှာ အလွန် သနားစရာ ကောင်းလှ၏။

သူ ဤဝေဝါးသော အခြေအနေတွင် အချိန်ကြာမြင့်စွာ မနေခဲ့ရပေ။ ဖရန်ဂျီပန်နီ သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် သူ အခန်းတစ်ခန်း ထဲတွင် ရောက်နေသည်ကို တွေ့ခဲ့ရသည်။

လေးထောင့်ပုံ အခန်းမှာ အမျိုးမျိုးသော ပိုစတာများဖြင့် ပြည့်နှက် နေခဲ့၏။ ၎င်းမှာ ရိုးရှင်းပြီး သန့်ရှင်းနေပုံ ရသော်လည်း အဓိက မေးရမည့် မေးခွန်းမှာ...

သူ ဘယ်မှာ ရောက်နေသနည်း။ သူက ဘယ်သူနည်း။ သူ အဘယ်ကြောင့် ထိုနေရာတွင် ရှိနေရသနည်း။

ဖရန်ဂျီပန်နီမှာ တိတ်ဆိတ် နေခဲ့သည်။ ထို့နောက်တွင် သူက ထူးဆန်းသော မှတ်ဉာဏ်များ လက်ခံ စုပ်ယူ နေရသည်ဟု ခံစားရသည်။ သူ့တွင် ထူးဆန်းသော အမည် တစ်ခု ရှိနေပြီး ထူးဆန်းသော နေရာ တစ်ခုတွင် စာသင် နေခဲ့ရသည်။ သူ အဘယ်ကြောင့် ကျောင်းတက် ရမည်နည်း။ ဖရန်ဂျီပန်နီမှာ နားမလည်နိုင်ပေ။

သူ တွေဝေစွာဖြင့် ထရပ်လိုက်စဉ် သူ၏ ခန္ဓာကိုယ်က သူ့ကို အလျင်အမြန် ပြင်ဆင်ရန် ပြောနေခဲ့သည်။ သူက သူ၏ အံ့ဩဖွယ်ရာ သင်ယူမှု အတွေ့အကြုံကို စတင် ရဦးမည်။

မည်မျှ သောက်ကျိုးနည်းနေသနည်း...

...

"အရှင်ရှားလော့ခ်၊ မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာက ကောင်းကောင်းမွန်မွန် အလုပ်,လုပ် နေပါတယ်။"

ယိုဒါက ရှားလော့ခ် ရှေ့တွင် ရပ်ကာ ရှားလော့ခ် ဆောင်းတောင်ကုန်းမြို့မှ ပြန်ယူလာခဲ့သော ကိရိယာကြီးကို ကြည့်နေသည်။

"အင်း၊ မာနာအင်ဂျင်နီယာ နည်းပညာက အရမ်း လျင်လျင်မြန်မြန်နဲ့ တိုးတက်နေတယ်။ ဒါက တတိယမျိုးဆက် မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာ မဟုတ်ဘူးလား။ ကျွန်တော်တို့ မှော်ကျောက်တုံး ထုတ်ယူဖို့ မြေပေါ်ကမ္ဘာလူမျိုးစုတွေ နှစ်ထောင်ပေါင်း များစွာ ကြာအောင် မရှိခဲ့ဘူး။"

ရှားလော့ခ် ခေါင်းညိတ်ပြလိုက်ကာ အလုပ်,လုပ်နေသော ကိရိယာကို စိတ်ကျေနပ်စွာဖြင့် ကြည့်နေသည်။

"အရှင်ရှားလော့ခ်၊ မှော်ကျောက်တုံး ထုတ်ယူခြင်းက မာနာအင်ဂျင်နီယာ ပညာရပ်မှာ အရေးကြီးတဲ့ နယ်ပယ် တစ်ခု အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အခု အသုံးမပြုနိုင်ရင်တောင်မှ နည်းပညာ တိုးတက်မှုက ဆက်လက် ဖြစ်ပေါ်နေဆဲပါပဲ။" ယိုဒါက ရှားလော့ခ်အား ပရော်ဖက်ရှင်နယ် ဆန်စွာ ရှင်းပြ လိုက်သည်။

သူတို့ နောက်ဘက်တွင်တော့ ဖိုးဉာဏ်ကျယ်၊ ပိုလီယို၊ ကြက်ဥခေါင်း၊ ဖီးနစ်နှင့် ထာဝရတိုင်းပြည်မှ တခြား အလုပ်သမားများ ရှိနေကြ၏။

မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာ၏ အသွင်အပြင်မှာ အရည်ပြည့်နေသော ကြီးမားသော အိုးတစ်လုံး ကဲ့သို့ပင်။ ၎င်းတွင် အမျိုးမျိုးသော မှော်အက္ခရာများ၊ မာနာအစိတ်အပိုင်းများ နှင့် ကြီးမားသော မှော်အမြုတေ တစ်ခု ရှိနေ၏။

အရည်ထဲတွင်တော့ လိပ်အို တစ်ကောင် မျောနေခဲ့သည်။ ၎င်းက ဖရန်ဂျီပန်နီပင်။

ရှားလော့ခ် ဖရန်ဂျီပန်နီကို အကျဉ်းထောင်တွင် ဖမ်းဆီး မိခဲ့သည်။ ယခုတွင်တော့ သူက ဖရန်ဂျီပန်နီကို နောက်ဆုံးပေါ် မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာကို စမ်းသပ်ကြည့်ရန် အသုံးချနေသည်။

၎င်းမှာ ရှေ့ပြေးပုံစံ အသစ် တစ်ခုသာ ရှိသေးသောကြောင့် အကယ်၍ တစ်စုံတစ်ခုသာ မှားယွင်းသွားခဲ့ပါက သူ၏ အကျဉ်းသားများ သေဆုံးခြင်းနှင့် မှော်ကျောက်တုံးများ အကြီးအကျယ် ဆုံးရှုံးခြင်းကို ဖြစ်ပေါ် စေနိုင်ပေသည်။ သူက မြေပေါ်ကမ္ဘာ လူမျိုးစုများအပေါ် ဂရုဏာစိတ် မရှိသော်လည်း ရက်စက်သော လူသတ်သမား တစ်ဦးတော့ မဟုတ်ပေ။ ရှေးဦး နတ်ဆိုးများသာ ထိုသို့သော အရာမျိုးကို ပြုလုပ်ကြ ပေလိမ့်မည်။

ဤသည်မှာ ခေတ်သစ် တစ်ခုပင်။ မည်သူမျှ အကျိုးကျေးဇူး မရှိသော ကိစ္စကို အဘယ်ကြောင့် အပင်ပန်းခံ ပြုလုပ်နေမည်နည်း။

"ဖရန်ဂျီပန်နီရဲ့ လက်ရှိ အခြေအနေအရ အဲ့ဒီ လူသားတွေကလည်း ဒီမျိုးဆက်သစ် မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာရဲ့ အစွမ်းကို ခံနိုင်ရည် ရှိမှာပါ။ စိတ်မပူပါနဲ့ အရှင်ရှားလော့ခ်။"

အချက်အလက်များကို စစ်ဆေးပြီးနောက် ယိုဒါက ရှားလော့ခ်အား တင်ပြလိုက်သည်။

"အရှင်ရှားလော့ခ်က တော်လိုက်တာ။ မကြာခင်မှာ ကျွန်မတို့က နှစ်ထောင်ပေါင်း များစွာ အတွင်းမှာ လူသားတွေကို အသုံးပြုပြီး မှော်ကျောက်တုံးတွေ ပြန်ထုတ်ယူတဲ့ ပထမဆုံး ဒန်ဂျင် ဖြစ်လာတော့မယ်။" အိဗလင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဖိုးဉာဏ်ကျယ်ကမူ ခံစားချက် ကင်းမဲ့စွာဖြင့် မေးလိုက်သည်။ "အရှင်ရှားလော့ခ် ဖရန်ဂျီပန်နီကို ဘယ်လို အတွေ့အကြုံမျိုး ပေးခဲ့တာလဲ။ သူ အရမ်း စိတ်လှုပ်ရှား နေပုံရတယ်။"

"အာ၊ ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွာ။ ငါ သူ့ကို သိပ္ပံပညာ နဲ့ တက္ကသိုလ် ဥပဒေ မော်ဂျူးတွေ ပါဝင်တဲ့ ကိုးနှစ်တာ မသင်မနေရ ပညာရေးစနစ်ကို ပေးသင်လိုက်တာ။"

မည်သူမျှ ရှားလော့ခ် စကားကို နားမလည်ခဲ့ကြပေ။ အထက်တန်းစား နတ်ဆိုး တစ်ဦးက နှစ် ၉၀ တာ မသင်မနေရ ပညာရေးကို သင်ယူခဲ့ရပြီးပြီ မဟုတ်ပါလော။ ဥပဒေမော်ဂျူး ဆိုသည်ကရော အဘယ်နည်း။

သူတို့ အပြည့်အဝ နားမလည် ခဲ့ကြသော်လည်း ၎င်းဝေါဟာရမှာ အထင်ကြီးဖွယ် ကောင်းနေခဲ့သည်။

"ပြဿနာ မရှိရင် ငါ စိတ်သက်သာရာ ရသွားပါပြီ။ ကိရိယာအစုံ ၁၀၀ ဝယ်ယူပြီး အရင်ဆုံး စမ်းသပ်ကြည့်ပါ။"

ရှားလော့ခ် သူ၏ ခေါင်းကို လှည့်ကာ ဖိုးဉာဏ်ကျယ်အား ပြောလိုက်သည်။ "လူသား ၁၀၀ ဆီကနေ မှော်ကျောက်တုံးတွေ ထုတ်ယူဖို့ ကနဦး စီစဉ်ပါ။ ပြင်းအားအဆင့်ကို အရမ်း မမြင့်ထားနဲ့။ ငါ့မှာ လူသားတွေကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ သူတို့က သူတို့ရဲ့ မာနာစွမ်းအင်ကို ပေးပြီး ငါ့ကို မှော်ကျောက်တုံးတွေ ထုတ်လုပ်ဖို့ ကူညီဖို့ပဲ လိုအပ်တယ်။"

ဖိုးဉာဏ်ကျယ်က ခေါင်းညိတ်လိုက်ကာ သူ၏ အလုပ်ကို လုပ်ဆောင်ရန် ထွက်သွားသည်။

မှော်ကျောက်တုံး ထုတ်ယူရေး ကိရိယာ ရပ်တန့် သွားခဲ့သည်။ ယိုဒါက ထိုအရာကို သတိပြုမိပြီး ပြောလိုက်သည်။ "အာ၊ အရှင်ရှားလော့ခ်၊ ပထမအကြိမ် လည်ပတ်မှု ပြီးဆုံးသွားပါပြီ။ ဖရန်ဂျီပန်နီက အလင်းမျိုးနွယ်စုဝင် မဟုတ်တဲ့ အတွက် မှော်ကျောက်တုံးတွေ မရပါဘူး။"

ရှားလော့ခ် ခေါင်းညိတ်ကာ သေလုမျောပါး ဖြစ်နေသော ဖရန်ဂျီပန်နီကို ကြည့်လိုက်သည်။ ဖရန်ဂျီပန်နီမှာ "ငါ မလုပ်နိုင်ဘူး။ ငါ တကယ် မလုပ်နိုင်ဘူး။ မလာနဲ့။ ထွက်သွား၊ ဟွမ်ကန်း (တက္ကသိုလ်ဝင်ခွင့်) စာမေးပွဲ။"ဟု တတွတ်တွတ် ရေရွတ် နေခဲ့သည်။

ရှားလော့ခ် ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် သူ၏ ခေါင်းကို တဖက်လှည့်ကာ မေးလိုက်သည်။ "ဒါက တကယ်ကော ဘေးကင်းရဲ့လား။ ဒါက ဘာသေဆုံးမှုမှ ဖြစ်ပေါ်စေမှာတော့ မဟုတ်ပါဘူးနော်။"

...

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ မှိန်ဖျော့သော ဂူထဲတွင် ထိုင်နေခဲ့သည်။ သူက အဝတ်အစားများ မဝတ်ဆင် ထားခဲ့ရသော်လည်း နေ့ည အပူချိန် ပြောင်းလဲမှုများမှာ မြေပေါ်ကမ္ဘာကဲ့သို့ မကြီးမားခဲ့ပေ။ ၎င်းမှာ အတော်အတန် သက်တောင့်သက်သာ ရှိနေခဲ့သည်။

သူက ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစား နေခဲ့သည်။ သူ တစ်ကြိမ် တစ်ခါမျှ လက်မလျှော့ခဲ့ပေ။

ဂျော့ခ်ျမှာ အချိန်ခဏတာ အကျဉ်းချ ခံခဲ့ရပြီးနောက် သူက ထွက်ပြေးလွတ်မြောက်ရေး အစီအစဉ် တစ်ခုကို စဉ်းစား မိခဲ့သည်။

All Chapters