← Chapters

မှော်ကျောက်တုံး ထုတ်ယူခြင်း

Vol. 35 Ch. 520

မှော်ကျောက်တုံး ထုတ်ယူခြင်း

Vol. 35 Ch. 520

"ငါတို့ ဒီနေရာကနေ ဥမင်လိုဏ်ခေါင်းတွေ တူးကြမယ်။ ပြီးတော့ ငါတို့ မသိမသာ ထွက်ပြေးကြမယ်။" ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျက ပြောလိုက်ပြီး နံရံ၏ ခြေရင်းကို ညွှန်ပြလိုက်ရင်း လူအုပ်စု တစ်စုကို စည်းရုံး နေခဲ့သည်။

လူအုပ်စုမှာ ခေါင်းညိတ် လိုက်ကြသည်။ လူတစ်ဦးကမူ သိချင်စိတ် ပြင်းပြစွာဖြင့် ထမေးလိုက်သည်။ "ဆာဂျော့ခ်ျ၊ ကျွန်တော်တို့မှာ ဘာကိရိယာ ဒါမှမဟုတ် ဘာမြေပုံတွေမှ မရှိဘူးဗျ။ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း တူးနေ၊ မတူးနေတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။"

ဂျော့ခ်ျမှာ အံ့ဩ သွားခဲ့သည်။ သူ ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ "အင်း၊ မင်းရဲ့ မေးခွန်းက အပြုသဘော ဆောင်တယ်၊ ပြီးတော့ ငါ ဒါကို ထည့်စဉ်းစား ခဲ့ပြီးပြီ။ ငါ့ရဲ့ မြေမျက်နှာသွင်ပြင် နားလည်ထားမှု အရ ငါတို့ ဒီလမ်းကြောင်းအတိုင်း တည့်တည့် တူးသွားရင် ငါတို့ အပြင်ဘက်ကို ရောက်နိုင်လိမ့်မယ်။"

လူတိုင်း စိတ်လှုပ်ရှား နေခဲ့ကြသည်။ နောက်တစ်ယောက်က ထပြောသည်။ "ဒါပေမဲ့ ဆာဂျော့ခ်ျ၊ ကျွန်တော်တို့ တူးလို့ ထွက်လာတဲ့ မြေကြီးကို ဘယ်မှာ ပစ်ရမလဲ။"

ဂျော့ခ်ျမှာ အံ့ဩ သွားခဲ့သည်။ သူ စဉ်းစားကာ ပြန်ပြောလိုက်သည်။ "ဒါက မေးခွန်းကောင်း တစ်ခုပဲ။ ငါ အဲ့ဒီ မေးခွန်းကိုလည်း အရင်က စဉ်းစားထားခဲ့ပြီးပြီ။ ငါတို့ လမ်းထွက်လျှောက်ရတဲ့ အခါကျ ငါတို့ရဲ့ အိတ်ကပ်တွေကို သုံးပြီး အဲ့မြေကြီးတွေကို အပြင်ဘက်ကို သယ်သွားလို့ ရတယ်။ အဲ့ဒီ မြေအောက်လောက သတ္တဝါတွေက ငါတို့ရဲ့ အစီအစဉ်ကို ဘယ်တော့မှ ရှာဖွေ တွေ့ရှိမှာ မဟုတ်ဘူး။"

ထိုလူပင် နောက်တစ်ကြိမ် ဖြတ်မေးလိုက်သည်။ "ဒါပေမဲ့ ဆာဂျော့ခ်ျ၊ ဒီပတ်ဝန်းကျင်က ကျောက်တုံး အမာတွေချည်းပဲ ရှိနေတာကို။ ပရော်ဖက်ရှင်နယ် ကိရိယာတွေ မရှိဘဲ နံရံတွေကို တူးဖောက်ဖို့က ခက်ခဲမယ်ဗျ။"

ဂျော့ခ်ျ ခဏ စဉ်းစား နေခဲ့သည်။ သူ မတုံ့ပြန်နိုင်မီ လူ တစ်ဦးက ထအော်တော့သည်။ "မင်း ဘာဖြစ်လို့ မေးခွန်းတွေ အများကြီး လျှောက်မေး နေရတာလဲ။"

ဂျော့ခ်ျမှာ ထိုမေးခွန်းများက မှန်ကန်ကြောင်း သိသည်။ သူက ထိုကိစ္စကို ဂရုတစိုက် မစဉ်းစားမိခဲ့ဘဲ သူ့အကြံက အမှားအယွင်း မရှိသော အစီအစဉ် တစ်ခုဟု ထင်ခဲ့မိသည်။ သူက ပတ်ဝန်းကျင်မှာ မြေပေါ်ကမ္ဘာရှိ ပျော့ပျောင်းသော မြေကြီးနှင့် မတူဘဲ ကျောက်တုံးများဖြင့် ဝန်းရံထားမည်ကို မမျှော်လင့် ထားခဲ့ပေ။

သူ ပြန်တုံ့ပြန်ရန် အခွင့်အရေး မရမီ အပြင်ဘက်မှ အသံများ ကြားလိုက်ရ၏။

"ငါ ဝင်လာလို့ ရမလား။"

"မင်းတို့ ဘာလုပ် နေကြတာလဲဟ။ သူတို့က အကျဉ်းသားတွေ၊ ဧည့်သည်တွေ မဟုတ်ဘူး။ ဘာဖြစ်လို့ မင်းတို့ ဒီလောက်တောင် ယဉ်ကျေးပြ နေရတာလဲ။"

သတ္တဝါ နှစ်ကောင်၏ အသံက အကျဉ်းထောင် ဝင်ပေါက်တွင် ရှိနေခဲ့သည်။ ၎င်းမှာ ကြောင်နက် တစ်ကောင်နှင့် နဂါးနက် တစ်ကောင်ပင်။

နဂါးနက်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် သူ၏ ကြီးစိုးသော ဩဇာအရှိန်အဝါပင်။ ဂျော့ခ်ျပင်လျှင် နဂါးဩဇာအရှိန်အဝါ၏ ဖိနှိပ်မှုကို မခံနိုင်ပေ။

"မင်း၊ မင်း၊ ပြီးတော့ မင်းတို့ထဲက အယောက်တစ်ရာ။ ငါ့နောက်က လိုက်ခဲ့။"

ပိုလီယိုက အကျဉ်းထောင် ဝင်ပေါက်တွင် ရပ်ကာ ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျနှင့် စစ်သားများအား လက်ဟန်ပြကာ အော်ပြော လိုက်သည်။

လူသားများမှာ သူတို့ နှစ်ဦးလုံး ဘာတွေ ပြောနေသည်ကို နားမလည်နိုင်ပေ။ ကံကောင်းထောက်မစွာပင် သူတို့ဘေးတွင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ တစ်ဦး ရှိနေသည်။

ဗစ်တိုးရီးယားမြို့သားမှာ မြေပေါ်ကမ္ဘာ ဘာသာစကားကို သုံး၍ ထိုစကားများကို ထပ်ခါထပ်ခါ ပြောနေသည်။ သူသည်လည်း မြေအောက်လောက ဘာသာစကားကို နားလည်နေ၍ မဟုတ်ဘဲ စနစ်မှ ပြသနေသော စာကြောင်းအတိုင်းသာ ဖတ်၍ ပြောနေခြင်း ဖြစ်၏။

ဂျော့ခ်ျမှာ အံ့ဩ သွားခဲ့သည်။ သူက သူ၏ အနားမှ လူများအား တိုးတိုးလေး ကပ်ပြောလိုက်သည်။ "လာနေပြီ။ သူတို့ ငါတို့ကို လမ်းလျှောက်ထွက် ခေါ်ဖို့ ဒီကို ရောက်လာကြပြီ။"

ရွေးချယ်ခံထားရသော အကျဉ်းသားများ ထွက်ခွာ သွားခဲ့ကြသည်။ သူတို့က ပိုလီယိုနှင့် ကြက်ဥခေါင်း နောက်သို့ လိုက်ပါရန် ဆန္ဒ မရှိခဲ့ကြသော်လည်း အကျဉ်းသားများ အနေဖြင့် သူတို့တွင် အခြား ရွေးချယ်စရာ မရှိပေ။

ကြက်ဥခေါင်းနှင့် ပိုလီယိုတို့က ရှေ့မှ လမ်းလျှောက်ရင်း စကားပြောဆို နေခဲ့ကြသည်။ ဂျော့ခ်ျနှင့် အကျဉ်းသားများမှာမူ သူတို့ ဘာတွေ ပြောနေသည်ကို နားမလည် နိုင်ခဲ့ကြဘဲ ဗစ်တိုးရီးယား မြို့သားမှာပင်လျှင် သူ နားမလည်သောကြောင့် ယင်းတို့ကို ဘာသာပြန်ပေးနိုင်မည် မဟုတ်ပေ။

ဂျော့ခ်ျနှင့် အကျဉ်းသားများကို မာနာကိရိယာ အစုံတစ်ရာ ရှိနေသော အခန်းတစ်ခန်း ထဲသို့ ခေါ်သွားခဲ့ကြသည်။

နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာ ထိုစက်ပစ္စည်းများကို မသိကြသော်လည်း စက်ပစ္စည်းများ၏ ပုံစံမှာ ကြောက်မက်ဖွယ် ကောင်းသောကြောင့် သူတို့ ကြောက်ရွံ့ နေခဲ့ကြသည်။

စစ်သားများမှာ ပြန်ခုခံရန် တွေးမိခဲ့သော်လည်း သူတို့ နောက်မှ နဂါးနက်ကို ကြည့်ပြီးနောက် သူတို့၏ ခြေထောက်များ တုန်လှုပ်စ ပြုလာ ခဲ့ကြသည်။ ဂျော့ခ်ျမှာ ခုခံရန် ရည်ရွယ်ချက် မရှိပေ။ သူက ဖြစ်လာမည့် မည်သည့် အရာကို မဆို ရင်ဆိုင်ရန် မိမိကိုယ်ကို ပြင်ဆင် ထားခဲ့သည်။

"မင်းတို့ အားလုံး ဝင်ကြ။ စိတ်မပူနဲ့၊ အဆင်ပြေ သွားလိမ့်မယ်။" ပိုလီယိုက နတ်ဘုရား တိုင်းပြည်မှ စစ်သားများအား ပြောလိုက်သည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာမှာလည်း စိတ်လှုပ်ရှားစွာ ဘာသာပြန် ပေးခဲ့သည်။

တစ်ယောက်ယောက်က ဗစ်တိုးရီးယားမြို့သားအား အော်ပြော လိုက်သည်။ "မင်းမှာ အရှက်အကြောက် ဆိုတာ မရှိဘူးလားကွ။ မင်းက မြေအောက်လောက သတ္တဝါတွေကို ကူညီနေတာလား။"

ဗစ်တိုးရီးယားမြို့သားမှာတော့ အံ့ဩ သွားခဲ့သည်။ သူက သူ မစ်ရှင်လုပ်နေစဉ်အတွင်း အမ်ပီစီ တစ်ဦး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ၎င်းမှာ နားလည်နိုင်ဖွယ် ဖြစ်၏၊ အကြောင်းမှာ သူတို့က ဆန့်ကျင်ဘက် အုပ်စုများမှ ဖြစ်သောကြောင့်ပင်။

ဗစ်တိုးရီးယားမြို့သားမှာ ဆူပူကြိမ်းမောင်း ခံရခြင်းကို စိတ်မကွက်ပေ။ မစ်ရှင်ကြောင့်ဆိုလျှင် သူ ဆူပူကြိမ်းမောင်းခြင်းကို ခံယူရန် ဆန္ဒရှိသည်။ ၎င်းမှာ ဂိမ်း တစ်ခု မျှသာ ဖြစ်၏။ အမ်ပီစီ တစ်ဦး ဘာတွေ ပြောနေသည်ကို မည်သူက ဂရုစိုက်နေရမည်နည်း။ ဂိမ်း၏ လက်တွေ့ကျသော ဇာတ်ကောင် တည်ဆောက်မှုမှာ အလွန် စွဲလမ်းဖွယ် ကောင်းလှ၏။

"ငါက လူသားကမ္ဘာဘက်ကပါ။ ဗစ်တိုးရီးယားမြို့က နတ်ဘုရား တိုင်းပြည်နဲ့ စစ်ဖြစ်နေတာ ဆိုပေမဲ့ ငါ မင်းတို့ကို စာနာပါတယ်။ ငါက တကယ်တော့ သူလျှို တစ်ယောက်ပါ။ ငါက ထာဝရတိုင်းပြည်ရဲ့ ကင်းလှည့်မှုတွေ အကြောင်း သတင်းစုဆောင်းဖို့ ဒီကို ရောက်နေတာ။ ဘာမှ စိတ်မပူနဲ့၊ ငါ မင်းတို့ကို ပြန်လွှတ်ပေးဖို့ အခွင့်အရေး တစ်ခု ရှာပေးမယ်။" ဗစ်တိုးရီးယားမြို့သားက နတ်ဘုရား တိုင်းပြည်မှ စစ်သားများအား အော်ပြော လိုက်သည်။

စစ်သားများမှာ ဗစ်တိုးရီးယားမြို့သား၏ စကားကို မယုံဘဲ သူ့ကို နောက်တစ်ကြိမ် ဆူပူကြိမ်းမောင်းစ ပြုလာ ခဲ့ကြသည်။ ဗစ်တိုးရီးယားမြို့သားကို ဆူပူကြိမ်းမောင်း နေခြင်းမှာ အသုံးမဝင်ပေ။ အကြောင်းမှာ ကြက်ဥခေါင်းနှင့် ပိုလီယိုတို့မှာ စိတ်ထဲတွင် ထားမည်ပင် မဟုတ်သောကြောင့်ပင်။ သူတို့ နှစ်ဦးလုံးက ရှားလော့ခ် ပေးအပ်ခဲ့သော မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင် လိုခဲ့ကြပြီး ၎င်းမစ်ရှင်မှာ အကျဉ်းသား အားလုံးအား မာနာကိရိယာများ အတွင်းသို့ သေချာ ထည့်သွင်းခြင်းပင်။

ပိုလီယိုက အဖွင့်ခလုတ် တစ်ခုကို နှိပ်လိုက်ရာ မာနာကိရိယာများ စတင်အလုပ်,လုပ်ခဲ့ကြသည်။ ကိရိယာများအတွင်း နစ်မြုပ်နေသော ရုန်းကန်နေသည့် လူသားများမှာ တိတ်ဆိတ် သွားခဲ့ကြသည်။ မာနာစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်များ ပတ်ပတ်လည်တွင် လည်ပတ်ကာ ကြိုတင်၍ ဇာတ်လမ်း သတ်မှတ်ထားသော အတုအယောင် ဘဝ တစ်ခုကို သူတို့၏ စိတ်ထဲသို့ ထိုးသွင်း ခဲ့သည်။ သူတို့က စိတ်လှုပ်ရှားမှု အတက်အကျ ရှိစေမည့် ပုံရိပ်ယောင်ကမ္ဘာ တစ်ခုတွင် ပိတ်မိနေ ကြပေလိမ့်မည်။ ထိုဖြစ်စဉ်အတွင်းတွင် သူတို့၏ ဝိညာဉ်စွမ်းအင်များ ထုတ်ယူစုဆောင်းခြင်း ခံရပြီး မှော်ကျောက်တုံးများ အဖြစ် ပုံသွင်းခြင်း ခံရပေလိမ့်မည်။

လူတစ်ဦး၏ အင်အားနှင့် စိတ်ခံစားမှုများ၏ ပြင်းအားမှာ မှော်ကျောက်တုံးများ ထုတ်လုပ်မှုကို အကျိုးသက်ရောက်စေ ပေလိမ့်မည်။ ထို့ကြောင့် ရှားလော့ခ်က သူတို့၏ ပုံရိပ်ယောင်ဘဝများ အတွက် ဇာတ်လမ်းကောင်း တစ်ခု ပြင်ဆင် ပေးထားခဲ့သည်။

ထိုအရာမှာ ရှားလော့ခ်၏ အစီအစဉ်ပင်။

All Chapters