မင်း ထွက်သွားလို့ မရဘူး
Vol. 35 Ch. 523
"အရှင်ရှားလော့ခ်၊ အရှင့်ကို တွေ့ဆုံမေးမြန်းခွင့်ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်ရပါတယ်။ အရှင့်ရဲ့ ဒဏ္ဍာရီလာ လုပ်ရပ်တွေနဲ့ ဂုဏ်သတင်းကို ကျွန်တော် ကြားဖူးပါတယ်။ အရှင်က ငယ်ရွယ်ပေမဲ့ ဒန်ဂျင် တစ်ခု နဲ့ အားကောင်းတဲ့ စစ်သည်တော် များစွာကို ပိုင်ဆိုင်ထားတယ်။ အရှင်က ယခင် တိုက်ပွဲတွေမှာ အလွန် ကောင်းမွန်စွာ စွမ်းဆောင်ခဲ့ပြီး မြေပေါ်ကမ္ဘာရဲ့ တိုက်ခိုက်မှုတွေကို ပြန်တွန်းလှန် ပြခဲ့တယ်။ အရှင်က မြေအောက်လောကရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက် ကာကွယ်ပေးနေသူ တစ်ဦး ပါ။ မြေအောက်လောက,က နေထိုင်သူတွေက အရှင့်ရဲ့ ဒဏ္ဍာရီလာ အတွေ့အကြုံတွေကို စူးစမ်းလိုစိတ် ရှိနေကြပါတယ်။ သူတို့ သိချင်တဲ့ မေးခွန်းကတော့..."
ရှားလော့ခ် ရှေ့တွင် ထိုင်နေသည်မှာ သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရရန် မှော်ကျောက်တုံး ၅၀,၀၀၀ ပေးချေခဲ့ရသော ဝံပုလွေလူသား သတင်းထောက် တစ်ဦးပင်။ ရှားလော့ခ်မှာ ထိုသို့သော သတင်းထောက်များကို ကြိုဆိုခဲ့ပြီး သူ၏ မေးခွန်းများကို ဖြေကြားပေးရန် ဆန္ဒရှိခဲ့သည်။
ဝံပုလွေလူသားက ရှားလော့ခ်အား မဝံ့မရဲ ကြည့်ကာ မေးလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင့်မှာ အိမ်ထောင်ရှိလား။"
...
"အရှင်ရှားလော့ခ်၊ အရှင့်ကို တွေ့ဆုံမေးမြန်းခွင့် ရတဲ့ အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော် အရှင့် ရည်ရွယ်ချက်ကို နားလည်ပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် အရှင့် အတွက် ဆောင်းပါးကောင်း တစ်ခု ရေးပေးပါ့မယ်။"
ဝံပုလွေလူသားမှာ ရှားလော့ခ်အား ဦးညွှတ်ပြီးနောက် ကျေးဇူးတင်စွာ စိတ်လှုပ်တရှား ထွက်သွားခဲ့သည်။ နီကိုလပ်စ်က ရှားလော့ခ်အား စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ ဒီမေးခွန်း ကျွန်တော် မေးမိလို့ အရှင် စိတ်မဆိုးဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ သတင်းထောက်က အရှင့်ကို အင်တာဗျူးတုန်းက အရှင် အိမ်ထောင်ဖက် မတွေ့ချင်ဘူးလို့ ဘာဖြစ်လို့ သူ့ကို တည့်မငြင်းခဲ့တာလဲ။ ကျွန်တော် သိရသလောက်တော့ အရှင်က ဆန့်ကျင်ဘက်လိင်နဲ့ အတူတွဲသွားရတာကို မကြိုက်ဘူး မဟုတ်လား။"
"ငါ ချမ်းသာတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ရမယ် ဆိုလည်း စိတ်မရှိဘူး။"
"အာ။ အရှင် ဘာတွေ ပြောနေတာလဲ အရှင်ရှားလော့ခ်။ အရှင် ဘာပြောလိုက်တာလဲ။"
နီကိုလပ်စ်မှာ မယုံနိုင်ဖွယ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ရှားလော့ခ်မှာတော့ သူ စကား မှားပြောမိသည်ဟု မထင်ပေ။ သူ သူ၏ စကားကို ထပ်ဖြည့်ပြောလိုက်သည်။ "ဒီလိုအရေးကြီးတဲ့ အချိန်အခါမျိုးမှာတော့ ချမ်းသာပြီး အားကောင်းတဲ့ အမျိုးသမီး တစ်ဦးက ငါ့ကို မြေပေါ်ကမ္ဘာ မွန်းစတားတွေကို တိုက်ခိုက်ရာမှာ အကူအညီ ပေးနိုင်မယ်ဆို ငါ ငါ့ရဲ့ ပျော်ရွှင်မှုကို စတေးပြီး သူနဲ့ လက်ထပ်ပေးလိုက်ဖို့ မတုန့်ဆုတ်နေဘူး။ ငါ ငါ့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကိုတောင် ဘေးဖယ် ထားခဲ့ပြီးပြီပဲ။ မြေအောက်လောကရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ ငါ့ကိုယ်ငါ ပေးဆပ်ထားတယ်။ အဲ့ဒါကို မင်း နားလည်ပြီလား။"
နီကိုလပ်စ်မှာ ရှားလော့ခ် အပေါ် လေးစားမှုများဖြင့် ပြည့်နှက် နေတော့သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင်က အရမ်းပဲ ထူးချွန်ပါတယ်။ ကျွန်တော် အရှင်လို ထူးချွန်တဲ့ နတ်ဆိုး တစ်ပါးကို တစ်ခါမှ မမြင်ဖူးဘူး။ စိတ်မပူပါနဲ့၊ ကျွန်တော် ကုန်သည် မဟာမိတ် အဖွဲ့ကို အကူအညီ အတွက် တောင်းခံ လျှောက်ထားပါ့မယ်။ ဒီလိုအရေးကြီးတဲ့ အချိန်အခါမှာ လူတိုင်းက စောင့်ကြည့်နေရုံသက်သက် မဟုတ်ဘဲ အရှင့်ကို ထောက်ခံ ပေးသင့်ကြပါတယ်။ ကျွန်တော်က မဆိုင်သလိုနေ,နေတဲ့ ဒန်ဂျင်အရှင်တွေကို ရှုံ့ချပါတယ်။ ကျွန်တော်ကတော့ မြေပေါ်ကမ္ဘာ မွန်းစတားတွေ ရှုံးနိမ့်သွားတဲ့ အထိ အရှင့်ကို ဆက်ထောက်ခံပါ့မယ်။"
"နီကိုလပ်စ်..." ရှားလော့ခ် ကျေနပ်မှုကို ခံစားခဲ့ရသည်။ သူ နီကိုလပ်စ်၏ ပခုံးကို ခပ်ဖွဖွ ပုတ်ကာ ပြောလိုက်သည်။ "ငါ မင်းကို အမြဲတမ်း ယုံကြည်ခဲ့တယ်။ မင်းက သွေးစုပ်ဖုတ်ကောင် ဖြစ်နေလို့ ဆိုပြီးတော့ ငါ မင်းကို တစ်ခါမှ သံသယ မဝင်ခဲ့ဖူးဘူး။ မင်းရဲ့ ထောက်ခံမှု ရတာနဲ့တင် ငါ စိတ်သက်သာရာ ရသွားပြီ။"
ရှားလော့ခ် သူ၏ အပေါ်အင်္ကျီကို ညှိလိုက်ပြီး ဆက်ပြောလိုက်သည်။ "ငါ ဒီကိစ္စကို မင်းဆီ အပ်လိုက်ပြီ။ ငါ့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်၊ ဒါကြောင့် ငါ ဒန်ဂျင်ကို ပြန်တော့မယ်။"
နီကိုလပ်စ်မှာ ရှားလော့ခ် ထွက်ခွာသွားစဉ် သူ့ကို လေးစားစွာဖြင့် ကြည့်နေ ခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ ကြီးမြတ်သော အရှင်ရှားလော့ခ်ပင်။
...
မှိန်ဖျော့သော သစ်တော တစ်ခုတွင် နေရောင်ခြည်က ထူထပ်သော သစ်ရွက်အုပ်ကို ထိုးဖောက်ဝင်လာပြီး အလင်းရောင် ခပ်ဖျော့ဖျော့က မြေပြင်ကို လင်းနေစေခဲ့သည်။
တောဝံပုလွေကြီး နှစ်ကောင်က ရွက်ခြောက်များကို နင်းလျှောက် နေသဖြင့် တကျွတ်ကျွတ် အသံများ ထွက်နေသည်။ ဝံပုလွေများ နောက်တွင်တော့ အရပ်ရှည်ရှည်ဖြင့် ဝတ်ရုံခြုံထားသော လူတစ်ဦး ရှိနေခဲ့ပြီး ထိုသူ့ကြည့်ရသည်မှာ အတွေ့အကြုံ ရှိသော ခြေသလုံး အိမ်တိုင်သမား တစ်ဦး ကဲ့သို့ပင်။
သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ဖာထေးမှုများဖြင့် ပြည့်နှက် နေခဲ့သည်။ သူက ပျက်စီးနေသော ဓားတိုတစ်လက်အား ကိုင်ဆောင် ထားခဲ့သည်။ ထိုသူက ခက်ခဲသော ဘဝ တစ်ခုတွင် ရှိနေပုံပင်။
သာမန် အခြေအနေအရဆိုလျှင် တောဝံပုလွေများမှာ လူသားများကို မြင်တွေ့သည်နှင့် တိုက်ခိုက် ကြပေလိမ့်မည်။ အကြောင်းမှာ လူသားများက ဝံပုလွေများ အတွက် အစားအစာ ဖြစ်သောကြောင့်ပင်။ သို့သော် ယခု တောဝံပုလွေ နှစ်ကောင်မှာတော့ သူ့ကို မတိုက်ခိုက်ကြပေ။ ယင်းအစား သူတို့က ထိုလူသား၏ ဘေးသို့ သွားရောက်ကာ သူ့ကို ပွတ်သပ်ရင်း ချစ်ခင်စွာ အသံပြု နေခဲ့ကြသည်။
ထိုလူက ဝံပုလွေများ၏ ခေါင်းများကို ပုတ်ကာ ငှက်တစ်ကောင်ကဲ့သို့ လေချွန် လိုက်သည်။
ခပ်ပိန်ပိန် လူတစ်ဦး သစ်ပင်များ ကြားထဲမှ ထွက်လာခဲ့သည်။ သူ၏ နောက်ကွယ်တွင်တော့ အတောင်ပံများ တဖျတ်ဖျတ် ခတ်ရင်း ဒယိမ်းဒယိုင် လမ်းလျှောက်လာသော ဝိုင်ဗန် နဂါးငယ်လေး တစ်ကောင် ရှိနေ၏။ ဤလူမှာ နဂါးမျိုးနွယ်သား ဖြစ်ပြီး သူက သူ၏ ထူးဆန်းသော တွေ့ကြုံမှုအတွင်း တွေ့ဆုံခဲ့ရသော ဝိုင်ဗန် နဂါးငယ်လေး နှင့်အတူ ရှိနေသည်။
ဤအချိန်အတောအတွင်း နဂါးမျိုးနွယ်သားမှာ တခြား ဂိမ်းမာများ နှင့်အတူ မမြင်တွေ့ ရသောကြောင့် သူအခြေအနေက အော့ဖ်လိုင်း ဆင်းသွားသည် အလားပင်။ နဂါးမျိုးနွယ်သားက ရံဖန်ရံခါ ဖိုရမ်ပေါ်တွင် ပိုစ့်များ ဖန်တီးကာ တခြား ဂိမ်းမာများအား သူ၏ အခြေအနေကို အသိပေးနေခဲ့သည်။ အဓိကအားဖြင့် သူက သူ၏ ဆရာ ခရမ်းချဉ်သီးထံမှ ပညာသင်ယူနေခဲ့ပြီး လိုက်လံဖမ်းဆီးနေသော ဖယ်ရီများထံမှ ထွက်ပြေး နေခဲ့သည့် အကြောင်းကိုပင်။ သူတို့က ဖယ်ရီများ၏ နယ်မြေမှ ထွက်ပြေး လွတ်မြောက် လာပြီးနောက်တွင် ထိုဖယ်ရီများက သူတို့ နောက်သို့ အပူတပြင်း လိုက်လာနေသည်ကို သိရှိခဲ့ရသည်။ ခရမ်းချဉ်သီး၏ ကြွယ်ဝသော အတွေ့အကြုံကို အသုံးချ၍ သူတို့နောက်မှ လိုက်ဖမ်းသူများကို ခြေရာဖျောက် နိုင်ခဲ့ကြသည်။ သို့သော် အနှီး ဖယ်ရီများမှာ ဖိနပ်အောက်တွင် ကပ်နေသော ပီကေကဲ့သို့ပင် သူတို့ နောက်သို့ သဲကြီးမဲကြီး ထပ်မံ လိုက်လာကြပေလိမ့်မည်။
ဤသို့သော နေ့ရက်များမှာ ထပ်ခါထပ်ခါ ဖြစ်ပျက်နေသည်။ ထွက်ပြေးနေစဉ်အတွင်း ခရမ်းချဉ်သီးမှာ နဂါးမျိုးနွယ်သားအား တိုက်ခိုက်ရေး နည်းစနစ်များနှင့် လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်များကို သင်ကြား ပေးခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့ ဖယ်ရီများ၏ နယ်မြေ အစွန်းအဖျား နယ်နိမိတ်သို့ ရောက်ရှိ သွားခဲ့ကြသည်။ အကယ်၍ သူတို့သာ ထိုသစ်တောကို ဖြတ်သန်းသွားနိုင်ခဲ့ပါက သူတို့က လူသားကမ္ဘာသို့ ပြန်လည် ရောက်ရှိ နိုင်ပေလိမ့်မည်။ ခရမ်းချဉ်သီး၏ အဆိုအရဆိုလျှင် ထိုနယ်မြေက အင်ပါယာပိုင်ဖြစ်၏။ သူသည်လည်း နတ်ဘုရား တိုင်းပြည်၏ ဝရမ်းပြေး တစ်ဦး ဆက်ဖြစ်နေတော့မည် မဟုတ်ပေ။
နဂါးမျိုးနွယ်သားမှာ သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို မယုံနိုင်ဖွယ် လက်နက်အဆင့် ၂၀ အထိ လေ့ကျင့်ထား နိုင်ခဲ့သည်။ သူက ဤအဆင့် ရှိသည့် တစ်ဦးတည်း သော ဂိမ်းမာလည်း ဖြစ်၏။ လူဆိုးလေးသည်ပင် လက်နက်အဆင့် ၁၃တွင်သာ ရှိနေသေးသည်။
"ငါ့နောက် အမီလိုက်ခဲ့။ ဒီသစ်တောကို ဖြတ်သွားပြီးရင် ငါတို့က မင်းရဲ့ အိမ်မွေးတိရစ္ဆာန်ကို ပုံဖျက်ပေးမှ ရမယ်။ အင်ပါယာက နိုင်ငံသားတွေက နတ်ဘုရား တိုင်းပြည်က နိုင်ငံသားတွေလို ဝိုင်ဗန်နဂါးတွေအပေါ် ရူးသွပ်နေတာမျိုးတော့ မရှိပေမဲ့ ဝိုင်ဗန် နဂါးငယ်လေးကို ရှာတွေ့ခံရရင် ပြဿနာ အကြီးကြီးတွေ တက်လာနိုင်တယ်။" ခရမ်းချဉ်သီး နဂါးမျိုးနွယ်သားအား ပြောရင်း သူတို့က သစ်တောကို ဖြတ်သန်းသွားနေကြသည်။
နဂါးမျိုးနွယ်သားက ခေါင်းညိတ် လိုက်သည်။ သူက ခရမ်းချဉ်သီး ဝိုင်ဗန်နဂါးကို မည်သို့ ပုံဖျက်ပေးမည်ကို မသိသော်လည်း သူ့ဆရာ၏ စွမ်းရည်များကို မြင်တွေ့ ရဖူးသည်။ သူက သူ့ဆရာ၏ စွမ်းရည်ထူးများကြောင့် ထပ်အံ့ဩဦးမည် မဟုတ်ပေ။
ခရမ်းချဉ်သီး ရုတ်တရက် ရပ်သွားပြီး နဂါးမျိုးနွယ်သားကို တားရန် သူ၏ လက်ကို ဆန့်လိုက်သည်။
"ဆရာ၊ ဘာလဲ။"
နဂါးမျိုးနွယ်သား စကားမဆုံးမီတွင်ပင် သူ့ ရှေ့တည့်တည့်၌ ကျယ်လောင်သော အသံ တစ်ခု ကြားလိုက် ရသည်။ ဖယ်ရီ ဆယ်ဂဏန်းမျှ သစ်ကိုင်းများ ပေါ်တွင် ထွက်ပေါ် လာခဲ့ကြ၏။ သူတို့ တစ်ဦးစီတိုင်းက လေမှုတ်သေနတ် ကဲ့သို့သော ထူးဆန်းသော လက်နက် တစ်ခုကို ကိုင်ဆောင် ထားခဲ့ကြသည်။
ဖယ်ရီများမှာ နဂါးမျိုးနွယ်သားနှင့် ခရမ်းချဉ်သီးကို ပြင်းပြင်းထန်ထန် စိုက်ကြည့် နေခဲ့ကြသည်။
နဂါးမျိုးနွယ်သားက တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု တွေးလိုက်စဉ်မှာပင် ဖယ်ရီတစ်ကောင် ရှေ့ထွက်လာပြီး ခရမ်းချဉ်သီးအား ပြောလိုက်သည်။ "မင်းက ငါတို့ နယ်မြေကနေ ထွက်သွားနိုင်တယ်၊ ဒါပေမဲ့ သူတော့ ထွက်သွားလို့ မရဘူး။"
ထိုဖယ်ရီမှာ နဂါးမျိုးနွယ်သားကို ရည်ညွှန်းနေခဲ့ခြင်း ဖြစ်၏။