နဂါးမျိုးနွယ်သား၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်
Vol. 35 Ch. 525
ကြက်ဥခေါင်း ရုံးခန်းထဲတွင် ထိုင်နေရင်း ကွန်ပျူတာနှင့် စားပွဲပေါ်မှ စာရင်းပုံစံကို ကြည့်နေ ခဲ့သည်။ သူက ကီးဘုတ်ဖြင့် ပြင်းထန်စွာ စာရိုက်နေပြီး အချက်အလက်များကို ကွန်ပျူတာ ပေါ်မှ စာရွက်စာတမ်း တစ်ခု အတွင်းသို့ ထည့်သွင်း နေခဲ့သည်။
ဤသည်မှာ သူ၏ အလုပ်အသစ်ပင်။
အတွင်းရေးမှူး တစ်ဦး အနေဖြင့် စာရင်းအင်းဆော့ဝဲကို အသုံးပြု၍ အချက်အလက်များ ထည့်သွင်းရန်မှာ သူ၏ တာဝန်ဖြစ်၏။ ကြက်ဥခေါင်းမှာ ထိုအလုပ်စမလုပ်မီ ရက်အနည်းငယ်ကြာ လေ့ကျင့်ပေးခြင်း ခံခဲ့ရသည်။
"မြောက်ပိုင်းဒန်ဂျင်တွေက ရက်ရောကြတယ်ပဲ။"
ကြက်ဥခေါင်းမှာ ရုံးခန်းတွင် ရှိနေသည့် တစ်ဦးတည်းသော သတ္တဝါတော့ မဟုတ်ပေ။ ပိုလီယိုနှင့် ဖီးနစ်တို့သည်လည်း ထိုနေရာတွင် ရှိနေကြ၏။ ပိုလီယိုက ကြက်ဥခေါင်းရှေ့မှ စာရွက်ကို သူ၏ ခြေသည်းများဖြင့် ဆွဲယူရင်း မှတ်ချက် ပြုလိုက်သည်။
"သေချာတာပေါ။ အရှင်ရှားလော့ခ်က မြေပေါ်ကမ္ဘာ မွန်းစတားတွေကို အနိုင်ယူခဲ့တယ်၊ ဒါကြောင့် တခြား ဒန်ဂျင်အရှင်တွေက သူ့ကို ဖားယားနေတာက သာမန် အဖြစ်အပျက် တစ်ခုပါပဲ။ ရှားလော့ခ်က ဒုတိယ မိုက်ကယ်အိန်ဂျယ်လို ဖြစ်လာ၊ မဖြစ်လာ ဆိုတာကို ဘယ်သူက ကြိုသိနေမှာလဲ။"
"မင်း ဘာဖြစ်လို့ ငါ့ သခင်ရဲ့ နာမည်ကို တိုက်ရိုက် သုံးနေရတာလဲ။ အဲ မဟုတ်ဘူး၊ ငါ ပြောချင်တာက ငါ့ အရင်သခင်... မိုက်ကယ်အိန်ဂျယ်လိုက ကွယ်လွန်သွားပြီ ဆိုပေမဲ့ မင်း သူ့ကို မရိုမသေတော့ မလုပ်သင့်ဘူး။"
ပိုလီယိုက ကြက်ဥခေါင်းကို သတိပေး ခဲ့သော်လည်း သူ၏ လေသံမှာတော့ ခပ်ထေ့ထေ့ ဖြစ်နေသည်။ ဖီးနစ်ကမူ သူ၏ အတောင်ပံများကို ခတ်ရင်း ကျယ်လောင်စွာ ရယ်မော နေခဲ့သည်။
ကြက်ဥခေါင်း သူ၏ ခေါင်းကို ရမ်းကာ အိပ်ချင်စိတ် ဖျောက်ရင်း အဖော်များအား စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံး ဟိုဘက်မှာ သွားဆော့လို့ ရမလား။ ငါ အလုပ်,လုပ်နေတယ်လေ၊ ပြီးတော့ ငါ ငါ့ အလုပ်မပြီးရင် ကွန်ပျူတာ ဂိမ်းတွေ ဆော့ခွင့်ရမှာ မဟုတ်ဘူး။ ငါ ဒီနေ့ ဂိမ်းဆော့ခွင့် ရ၊မရ ကိုတောင် မသေချာသေးဘူး။ မင်းတို့ ငါ့ကို အေးအေးဆေးဆေးလေး အလုပ်ပေးလုပ်ပါကွာ။"
ကြက်ဥခေါင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက်တွင် ဖီးနစ်နှင့် ပိုလီယိုတို့က သူတို့၏ ကိုယ်ပိုင်ကိစ္စများကို လုပ်ရန် တစ်နေရာသို့ ထွက်သွားခဲ့ကြသည်။ ၎င်းမှာ သူတို့က ကြက်ဥခေါင်းကို နာခံသောကြောင့်တော့ မဟုတ်ပေ။ အကယ်၍ ရှားလော့ခ်သာ သူတို့က ကြက်ဥခေါင်း အလုပ်,လုပ်နေစဉ် အနှောင့်အယှက် ပေးနေခဲ့ကြောင်း သိသွားခဲ့ပါက သူ သူတို့ကို ပြစ်ဒဏ်ပေး ပေလိမ့်မည်၊ သူတို့က ရှားလော့ခ်၏ ပြစ်ဒဏ်ပေးခြင်းကို မခံလိုကြပေ။
ရုံးခန်းတွင် အခွံ မရှိတော့သော ဖရန်ဂျီပန်နီမှာ ထိုမြင်ကွင်းကို စူးစူးစိုက်စိုက် စိုက်ကြည့် နေခဲ့သည်။ သူက လင်ဗန်းတစ်ချပ်ကို တိတ်ဆိတ်စွာ သယ်ဆောင်ကာ ကြက်ဥခေါင်း နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ချဉ်းကပ်သွားသည်။ ထို့နောက် သူက ပြုံးလိုက်ကာ ပြောလိုက်သည်။ "အရှင် ကြက်ဥခေါင်း၊ ဂန္ဓမာလက်ဖက်ရည်က လုံလောက်ရဲ့လား။ ကျွန်တော် အရှင့် အတွက် ထပ်နွှေးပေးရမလား။"
ပုံမှန်အားဖြင့် ခံစားချက် ကင်းမဲ့သော ဖရန်ဂျီပန်နီမှာ ကြက်ဥခေါင်းအား နွေးထွေးစွာ စကားပြော နေခဲ့သည်။ ဗန်းပေါ်တွင်တော့ သူ ကြက်ဥခေါင်း အတွက် ဖျော်စပ် ပေးထားသော သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက် ရှိနေ၏။ ကြက်ဥခေါင်းက လက်ဖက်ရည်ကို ယူကာ တစ်ကြိုက်မျှ သောက်ပြီးနောက် ဖရန်ဂျီပန်နီအား ပြန်ပြောလိုက်သည်။ "အင်း၊ အပူချိန်က မဆိုးဘူး၊ ဒါပေမဲ့ အရေအတွက်က မလုံလောက်သေးဘူး။ ဂန္ဓမာလက်ဖက်ရည်ကို ဒီ့ထက်ဆယ်ဆ ပိုပြင်ဆင်လိုက်ပါ။"
"ဟုတ်ကဲ့၊ ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်။ အနားယူဖို့နဲ့ ကိုယ့်ကိုယ်ကို အလွန် အကျွံ ဖိအားမပေးဖို့ သတိထားပါ ခင်ဗျ။" ဖရန်ဂျီပန်နီက ဗန်းနှင့်အတူ ထွက်ခွာသွားရင်း ပြောလိုက်သည်။ သူ ဖီးနစ်နှင့် ပိုလီယိုဘေးမှ ဖြတ်သွားသည့်အခါတွင်ပင် သူတို့အား နွေးထွေးစွာဖြင့် နှုတ်ဆက်ခဲ့သေးသည်။
ဖီးနစ်နှင့် ပိုလီယိုတို့မှာမူ ဖရန်ဂျီပန်နီ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော နောက်ကျောကို ကြည့်ပြီး ပိုလီယိုက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။ "ရှားလော့ခ်က ဖရန်ဂျီပန်နီ အတွက် ဘယ်လို ဘဝမျိုး ထည့်ပေး ထားလိုက်တယ်လို့ မင်း ထင်လဲ။ သူက အဲ့ဒီ မာနာကိရိယာထဲက ထွက်လာကတည်းက အပိုးကျိုးနေတာ။"
"ဘယ်သိမှာလဲ။ အရှင်ရှားလော့ခ်က လူတွေကို ချုပ်ကိုင်ခြယ်လှယ်ရာမှာ ကျွမ်းကျင်သူ တစ်ယောက်ပဲ။ ငါတော့ အဲ့ဒီ ကိရိယာကို မြည်းစမ်းကြည့်ချင်စိတ် လုံးဝ မရှိဘူး။ ဖရန်ဂျီပန်နီရဲ့ အခြေအနေကို ကြည့်ရင် သိသာတယ်။ အဲ့ဒီကိရိယာက မြင်နေရလောက် မရိုးရှင်းဘူး။" ဖီးနစ်က ပြောလိုက်သည်။
သူ စကား ဆက်ပြောရန် ပြင်နေစဉ် ပိုလီယိုက ချောင်းခြောက်နှစ်ချက်မျှ ဆိုးလိုက်ပြီး သူ၏ ကျောမှ အမွှေးများ ထောင်တက် လာခဲ့သည်။ ဖီးနစ်မှာ ထိုအမူအရာကို ချက်ချင်း သဘောပေါက်ပြီး ရှားလော့ခ် ရုံးခန်းအတွင်းသို့ ဝင်လာသည်နှင့် သူ၏ ပါးစပ်ကို ပိတ်လိုက်သည်။ ရှားလော့ခ်က လမ်းလျှောက်ရင်း တစ်ကိုယ်ကြား တီးတိုး ရေရွတ် နေခဲ့သည်။
"သူတို့က မင်းသမီးကို လိုချင်နေကြတာလား။ လောကသစ်ပင်က ဖယ်ရီတွေလား။ ငါ အဲ့ဒါကို မမျှော်လင့် ထားခဲ့ဘူး။ ငါ့မှာ အကြံဉာဏ်ကောင်း တစ်ခု ရှိတယ်..."
"အရှင်ရှားလော့ခ်၊ အရှင် ကျွန်တော့် အကူအညီ လိုလား။ တစ်နေ့လုံး အပြင်မှာ အလုပ်,လုပ်ရတာ ခက်ခဲပါတယ်ဗျာ။ ကျွန်တော် အရှင့်ခြေထောက်တွေကို နှိပ်ပေးပါရစေ။ ဘယ်လိုလဲ။"
ပိုလီယိုက ရှားလော့ခ် ဝင်ရောက်လာသည်နှင့် ရှေ့သို့ တက်ကာ သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ သူက သူ၏ ခြေနှစ်ချောင်းကို ဆန့်တန်းကာ ရှားလော့ခ်၏ ခြေထောက်များကို နှိပ်နယ်ပေး ခဲ့သော်လည်း ရှားလော့ခ်မှာမူ လက်ကို မြှောက်ကာ ပိုလီယိုကို တွန်းဖယ် လိုက်သည်။ ထို့နောက် ရှားလော့ခ်က ဆက်ပြောလိုက်သည်။ "စိတ်မပူနဲ့၊ မင်း အမှားတွေ မလုပ်မိမချင်း ငါ မင်းကို မာနာကိရိယာထဲမှာ ထည့်ပြီး ပြစ်ဒဏ်ပေးမှာ မဟုတ်ဘူး။ ပိုလီယို၊ မင်းမှာ ဘာမှ လုပ်စရာ မရှိရင် ဒန်ဂျင်ကို ကင်းလှည့်ပေးပြီး ငါ့ကို ကူစမ်းပါ။"
ရှားလော့ခ်က မာနာကိရိယာအကြောင်း ပြောလိုက်သည့်အခါ ဖရန်ဂျီပန်နီမှာတော့ သူ၏ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းထဲမှ ကြောက်မက်ဖွယ် အရာ တစ်ခုခုကို ပြန်သတိရမိ သကဲ့သို့ တုန်လှုပ်လာခြင်းကို မထိန်းထားနိုင်ခဲ့ပေ။
ရှားလော့ခ် သူ၏ ထိုင်ခုံဆီသို့ ပင်ပန်းစွာ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် သူ ကီးဘုတ်ဖြင့် စာစရိုက်တော့သည်။ ဖီးနစ်မှာ မျက်နှာပြင်ကို လှမ်းမမြင်နိုင် ခဲ့သော်လည်း ရှားလော့ခ်၏ မျက်နှာအမူအရာ အရဆိုလျှင် သူက မကောင်းမှု တစ်ခုခု ပြုလုပ်နေပြီး ထာဝရတိုင်းပြည်မှ စစ်သည်တော်များအား သူ့ကို ကူညီပေးရန် တောင်းဆိုနေကြောင်း သိသာသည်။ ရှားလော့ခ် စာရိုက် ပြီးသည့်အခါတွင် အပြင်ဘက်မှ ဂိမ်းမာများက သူတို့၏ အလုပ်ကိစ္စများကို စလုပ်ကြပေလိမ့်မည်။
၎င်းမှာ ရှားလော့ခ်၏ အသစ်ရှာဖွေ တွေ့ရှိထားသော စစ်တပ်ကွပ်ကဲမှု နည်းဗျူဟာသာ ဖြစ်ရမည်။ သူတို့အချိန်ကဆိုလျှင် အမိန့် အားလုံးကို အော်ဟစ်ခြင်း သို့မဟုတ် မာနာအသုံးပြုခြင်းဖြင့် ပေးပို့ ခဲ့ကြသော်လည်း ယခုမူ ၎င်းကို အဆင့်မြင့် ကွန်ပျူတာဖြင့် ပြုလုပ် နေသည်။ ၎င်းမှာ အတော်အတန် အံ့ဩဖွယ် ကောင်း၏။
ဖီးနစ်မှာလည်း ၎င်းမှာ အံ့ဩဖွယ်ကောင်း၏ ဟု ထင်မှတ်ခဲ့သည်။
ထာဝရတိုင်းပြည်ရှိ လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်တာဝန် တစ်ခုစီ ရှိနေကြ၏။ ဖိုးဉာဏ်ကျယ်မှာ အင်တာနက်တီဗီအား တီထွင်ဖန်တီးခြင်း သုတေသနကို ပြီးမြောက်ခဲ့ပြီ ဖြစ်သောကြောင့် ယင်းထုတ်ကုန်ကို အစုလိုက် အပြုံလိုက် ထုတ်လုပ်ရန် အချိန်တန်လေပြီ။
အင်တာနက်တီဗီ၏ ထုတ်ကုန် တပ်ဆင်ခြင်း နည်းပညာမှာ အချိန်ကြာမြင့်စွာ သုတေသနပြုလုပ်ပြီး နောက်တွင် အောင်မြင်သွားခဲ့ပြီ ဖြစ်သောကြောင့် အစုလိုက် အပြုံလိုက် ထုတ်လုပ်ရန်မှာ ပြဿနာ ကြီကြီးမားမား မဟုတ်ခဲ့ပေ။
နောက်တစ်ဆင့်မှာ အင်တာနက်တီဗီ အသုံးပြုမှုကို မြှင့်တင်ပေးရန်ပင်။ အကယ်၍ အင်တာနက်တီဗီကို ဝယ်သူများထံ မရောင်းချနိုင်ခဲ့ပါက အကျိုးအမြတ်များ ရှိလိမ့်မည် မဟုတ်ပေ။ ဖိုးဉာဏ်ကျယ်မှာ ယင်းအပိုင်းအတွက် စိုးရိမ်နေစရာ မလိုပေ။ အကြောင်းမှာ နီကိုလပ်စ်က ထုတ်ကုန်အကြောင်းကို ဖြန့်ဝေမြှင့်တင်ပေးရာတွင် ကူညီပေးလိမ့်မည် ဖြစ်သောကြောင့်ပင်။ ကုန်သည် မဟာမိတ် အဖွဲ့မှာလည်း အရှင်ရှားလော့ခ်အား မြောက်ပိုင်း မြေအောက်လောကရှိ ဒန်ဂျင်အားလုံးသို့ အင်တာနက်တီဗီ အကြောင်းကို ကြေညာရာတွင် ကူညီပေးရန် ဆန္ဒ ရှိခဲ့သည်။ စစ်သည်တော် ပြိုင်ကွင်းမှာလည်း အင်တာနက်တီဗီ အဝယ် တစ်သုတ်စာမှာ ယူခဲ့သည်။ အကြောင်းမှာ ယင်းထုတ်ကုန်က စစ်သည်တော် ပြိုင်ကွင်းရှိ အစီအစဉ်များကို ကြေညာထုတ်လွှင့်ရန် ရည်ရွယ် ထားသောကြောင့်ပင်။ စစ်သည်တော် ပြိုင်ကွင်းမှ ယင်းတို့ကို မဝယ်ယူခဲ့မှသာ ထူးဆန်း ပေလိမ့်မည်။
ကိစ္စအားလုံး ချောချောမွေ့မွေ့ ရှိခဲ့သော်လည်း ဖိုးဉာဏ်ကျယ်မှာ ဂိမ်းမာများနှင့် ပတ်သက်၍ ပြဿနာအချို့နှင့် ကြုံတွေ့ ခဲ့ရသည်။
ထုတ်ကုန်အား တပ်ဆင်ခြင်းနှင့် အစုလိုက် အပြုံလိုက် ထုတ်လုပ်ခြင်းကို ဂိမ်းမာများမှ ပြုလုပ်ကြရခြင်း ဖြစ်၏။ အင်တာနက်တီဗီ၏ အသွင်အပြင်နှင့် လုပ်ဆောင်ချက်များမှာ သူတို့ လက်တွေ့ဘဝတွင် မြင်တွေ့ခဲ့ဖူးသော အရာနှင့် အလွန် ဆင်တူနေသည်။ ထုတ်ကုန်မှာ လျှပ်စစ်စွမ်းအင်အစား မာနာဖြင့် လည်ပတ်နေ ခဲ့သော်လည်း ယင်းက ဂိမ်းမာများ ဖိုးဉာဏ်ကျယ်အား မေးခွန်းများ မေးမြန်းခြင်းကို မထိန်းထား နိုင်ခဲ့ပေ။
"ဒါက ရုပ်မြင်သံကြားစက်ကြီး မလား။ မင်း ဘာဖြစ်လို့ ရုပ်မြင်သံကြားစက်ကို သုံးနေတာလဲ။"
"ဟေး၊ မင်းရဲ့ စကားပြောတာကို သတိထားဦး။"
"မင်း ဒီကိရိယာနဲ့ အစီအစဉ်တွေ ကြည့်လို့ ရလား။ ငါ ငါ့ အိမ်အတွက် တစ်စုံ ဝယ်လို့ကော ရမလား။"
"ဘာတုန်း။ တစ်စုံကို မှော်ကျောက်တုံး ဆယ်ခုတောင်လား။ မင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာလား။"
"ငါ့မှာ ဂုဏ်သတင်း ရမှတ်တွေနဲ့ ဂုဏ်သတင်း ရမှတ်တွေ အများကြီး ရှိတယ်။ ငါ အဲ့ဒါတွေကို တစ်ခုခုနဲ့ လဲလို့ ရမလား။"
"ငါတို့ရဲ့ လစာကို အမှတ်တွေအဖြစ် ပြောင်းလဲပြီး မာနာတီဗီလိုမျိုး ဆုတွေနဲ့ လဲခွင့် ရသင့်တယ်လို့ ငါ ထင်တယ်။"
ဂိမ်းမာများမှာ ဤအင်တာနက် တီဗီအပေါ် စူးစမ်းလိုစိတ်ရှိ နေသောကြောင့် သူတို့က သူ့ကို ဝန်းရံကာ မေးခွန်း များစွာ မေးမြန်း နေခဲ့ကြသည်။ ပုံမှန်အားဖြင့် တသီးတသန့်နေသည့် ဖိုးဉာဏ်ကျယ်မှာ ထိုမေးခွန်းများကို ပြန်ဖြေပေ။ ယင်းအစား သူက ထိုမေးခွန်းများကို တိတ်တဆိတ် မှတ်သားပြီး ပြန်ထွက်ခွာ သွားသည်။ ထို့နောက် သူက ယင်းမေးခွန်းများကို ရှားလော့ခ် ထံသို့ ပေးပို့ခဲ့ရာ ရှားလော့ခ်က ပြန်ဖြေသည်။ "မင်း လုပ်တာ ကောင်းတယ်။ အဲ့ဒီမြို့သားတွေရဲ့ မေးခွန်းတွေကို စိတ်မပူပါနဲ့။ ငါ သူတို့က တီဗီ တစ်လုံး လိုချင်တယ်ဆိုတာကို သိတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းရင် ငါ သူတို့ကို တီဗီ တစ်လုံး ဆုချီးမြှင့်ပေးဖို့ စဉ်းစားပါ့မယ်။ ကုန်သည် မဟာမိတ် အဖွဲ့က သူတို့ ပစ္စည်းတွေ ဘယ်အချိန် လိုချင်တယ် ဆိုတာကော ပြောခဲ့သေးလား။ ပထမအသုတ် အတွက် သူတို့ တီဗီ ဘယ်လောက်များများ လိုချင်တယ် ဆိုတာရော မင်း သိသလား။"
"ကုန်သည် မဟာမိတ် အဖွဲ့နဲ့ ဆက်သွယ်ဖို့ တာဝန်ယူထားတဲ့ သတ္တဝါက ကျွန်တော် မဟုတ်ဘူး။ အဲ့ဒါက အိဗလင်းပဲ။"
ရှားလော့ခ် ခေါင်းညိတ် လိုက်သည်။ ဖိုးဉာဏ်ကျယ်မှာ စီးပွားရေး ညှိနှိုင်းမှု အတွက် အမှန်ပင် မသင့်တော်ပေ။ သူက သုတေသနပြုလုပ်ခြင်းနှင့် တိုက်ခိုက်ရေး အတွက်သာ ပိုမို သင့်တော်သည်။ တစ်ဖက်ကကြည့်လျှင် အိဗလင်းမှာတော့ ကုန်သည် မဟာမိတ် အဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့် အကျွမ်းတဝင် ရှိနေသည်။ သူမ,မှာ ဖိုးဉာဏ်ကျယ်လောက်တော့ အရည်အချင်း မရှိသော်လည်း သူမက စီးပွားရေး ညှိနှိုင်းမှုများတွင်မူ အရည်အချင်း ရှိနေဆဲပင်။
သူက စီးပွားရေး ညှိနှိုင်းမှု ကိစ္စရပ်များတွင် ဝင်စွက်ဖက်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့ကို ပုံမှန်အားဖြင့် သူ၏ ဝန်ထမ်းများမှသာ ကိုင်တွယ်ဖြေရှင်း သောကြောင့်ပင်။ သူ့ ကိုင်တွယ်ဖြေရှင်းရန် ပိုအရေးကြီးသော ကိစ္စရှိနေ၏။ ၎င်းကိစ္စမှာ လောကသစ်ပင်က ဖယ်ရီများနှင့် ပတ်သက်သော အရာပင်။
"အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ရဲ့ သတင်း အချက်အလက်အရ ဖယ်ရီတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေကို နဂါးမျိုးနွယ်သားနဲ့အတူ ဗစ်တိုးရီးယားမြို့ကို စေလွှတ် လိုက်ပါပြီ။ သိပ်မကြာခင် ဗစ်တိုးရီးယားမြို့ရဲ့ ပိုင်နက်ထဲကို ရောက်လာကြတော့မယ်။ သူတို့ရဲ့ ရည်မှန်းချက်က ဆေးဖော်စပ်ရေးနည်းပြ ဖြစ်တဲ့ သူတို့ မင်းသမီး ဖယ်ရီမလေးကို ကယ်တင်ဖို့ပါပဲ။" ဘရုက နဂါးမျိုးနွယ်သားအား ဆက်လက် စောင့်ကြည့်ရင်း ရှားလော့ခ်ကို ပြောလိုက်သည်။
နဂါးမျိုးနွယ်သား သူ၏ ဝိုင်ဗန်နဂါးမစ်ရှင်ကို လက်ခံရရှိကတည်းက ဘရုမှာ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေ ခဲ့သည်။ အထူးသဖြင့် သူက လောကသစ်ပင် ဖယ်ရီများနှင့် ဆုံတွေ့သည့် အခါတွင်ပင်။
ရှားလော့ခ်မှာ သူ၏ အာဏာစက်နယ်မြေကို ချဲ့ထွင် လိုသောကြောင့် အဖွင့်ဘီတာ စမ်းသပ်မှုကို အကောင်အထည် ဖော်မှ ရမည်။ သို့သော် တိုးပွားလာသော ဂိမ်းမာ အရေအတွက်နှင့်အညီ မာနာစွမ်းအင်ကို ပိုလိုအပ် လာလိမ့်မည်။ ဂိမ်းမာ ၅,၀၀၀၏ မာနာစွမ်းအင် လိုအပ်ချက်ကို ထောက်ပံ့ပေးထားခြင်းကပင် ရှားလော့ခ်နှင့် လီလိုတို့ အတွက် ခက်ခဲနေပြီ ဖြစ်၏။ သူတို့၏ မာနာစွမ်းအင် လုံးဝ ကုန်ဆုံးသွားမည်တော့ မဟုတ်သော်လည်း အကယ်၍ ဂိမ်းမာများ ပိုမို ဝင်ရောက်လာပါက သူတို့က နေ့စဉ်နေ့တိုင်း အိပ်ရာထဲတွင် လှဲလျောင်းကာ သူတို့၏ မာနာစွမ်းအင်ကို ပြန်လည် ဖြည့်တင်းရန် မှော်ကျောက်တုံးများ အသုံးပြု ရနိုင်ပေသည်။
ထိုအရာမှာ ရှားလော့ခ် လိုချင်သောရလာဒ် မဟုတ်ပေ။ သူက မာနာရေကန် အတွက် အစားထိုးပေးနိုင်မည့် အရာတစ်ခု ရှာဖွေရန် လိုအပ် ခဲ့သည်။ ဂိမ်းမာ ၅၀,၀၀၀ ကျော်ကို မာနာစွမ်းအင် ထောက်ပံ့ပေးနိုင်သော လောကသစ်ပင် ကဲ့သို့သော အရာပင်။
သို့သော် လောကသစ်ပင်၏ တည်နေရာမှာ ဗစ်တိုးရီးယားမြို့နှင့် အတော်အတန် ဝေးကွာနေပြီး ဖယ်ရီများမှလည်း ယင်းကို ကောင်းစွာ ကာကွယ် ထားခဲ့သည်။ လောကသစ်ပင် အနားသို့ ချည်းကပ်ရန်မှာ ခက်ခဲပြီး လောကသစ်ပင်ကို အင်အားသုံး သိမ်းပိုက်ရန်မှာလည်း လက်တွေ့မကျပေ။ လူသားတိုင်းပြည်များနှင့် တခြားသော လူမျိုးစုများမှာ လောကသစ်ပင်အား အင်အားအကုန်သုံးကာ ကာကွယ်ပေး ကြပေလိမ့်မည်။ အကယ်၍ ကောင်းကောင်းမွန်မွန် မစီစဉ်မိပါက ၎င်းဖြစ်ရပ်ကို အစပြု၍ မြေပေါ်ကမ္ဘာနှင့် မြေအောက်လောက,ကြားတွင် မဟာစစ်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာနိုင်သည်။ ထိုအရာမှာ ရှားလော့ခ် ဖြစ်စေချင်သောအရာ မဟုတ်ခဲ့ပေ။ သူ၏ အစီအစဉ်မှာ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်ကြားမှ စစ်ပွဲဖြစ်နေသည်ကို ခုတုံးလုပ် အသုံးချ၍ တခြား အဖွဲ့အစည်းများက ဤပဋိပက္ခထဲ ပါဝင်လာခြင်းကို ကာကွယ် တားဆီးထားရန်ပင်။ ထိုအရာမှာ သူ့အကြံအစည်ပင်။
ရှားလော့ခ်၏ အစီအစဉ်မှာ လောကသစ်ပင်ကို ဒန်ဂျင်အမြုတေနှင့် လျှို့ဝှက် ချိတ်ဆက်ကာ မာနာရေကန်ကို ခိုးယူ အသုံးပြုရန်ပင်။ သူက ဖယ်ရီများ ထိုချိတ်ဆက်မှုကို မရှာဖွေ တွေ့နိုင်စေရန် သေချာ လုပ်ဆောင် ရမည်။
၎င်းမှာ အကောင်အထည် ဖော်ရန် ခက်ခဲသော အစီအစဉ် တစ်ခု ဖြစ်ပြီး ရှားလော့ခ်ပင်လျှင် တိတ်တဆိတ် မလုပ်ဆောင် နိုင်ပေ။ ဖယ်ရီများမှာ လောကသစ်ပင်ပတ်လည်တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပေလိမ့်မည်။ ဖယ်ရီများ၏ ဖိတ်ကြားချက် မရှိပါက ရှားလော့ခ်မှာ သူတို့ နယ်မြေနယ်နိမိတ် အတွင်းသို့ စွန့်စားဝင်ရောက် သွားသည်နှင့် ရှာဖွေ တွေ့ရှိခြင်း ခံရ ပေလိမ့်မည်။
သို့သော် အခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။ ဖယ်ရီများမှာ သူတို့ မင်းသမီးကို ရှာဖွေရန် စိုးရိမ်ပူပန် နေခဲ့ကြသည်။ ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုပင်။
ရှားလော့ခ်၏ အစီအစဉ်မှာ ရိုးရှင်းသည်၊ သူက ဂိမ်းမာများကို အသုံးပြု၍ ဖယ်ရီများကို သူ၏ ထောင်ချောက်အတွင်းသို့ ဦးဆောင် ခေါ်သွားရန်ပင်။
ယင်းသို့ လုပ်နိုင်ရန် နဂါးမျိုးနွယ်သားက ဖယ်ရီများ၏ ယုံကြည်မှုကို ရရှိစေရန် လိုအပ်သည်။ ထို့ကြောင့် ရှားလော့ခ်က နဂါးမျိုးနွယ်သား အတွက် သီးသန့် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ဒီဇိုင်း ထုတ်ပေးခဲ့သည်။
...
[မစ်ရှင်ခေါင်းစဉ်: ဖယ်ရီများ သူတို့ မင်းသမီးကို ရှာဖွေရာတွင် ကူညီပါ (ထူးဆန်းသော တွေ့ကြုံမှု )
မစ်ရှင်ဖော်ပြချက်: လောကသစ်ပင်ကဖယ်ရီများ သူတို့ မင်းသမီးကို ရှာဖွေ နေကြသည်။ သူတို့၏ မင်းသမီး ထာဝရတိုင်းပြည်တွင် အကျဉ်းကျနေကြောင်း မည်သို့သိခဲ့သည်ကိုတော့ မသိရှိရပေ။ ထာဝရတိုင်းပြည်မှ နေထိုင်သူများမှာ သူတို့၏ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိနေကြ၏။ ဤထူးခြားသော လက္ခဏာကြောင့် ဖယ်ရီများမှာ သင့်အား ထာဝရတိုင်းပြည်နှင့် ဆက်စပ်နေသည်ဟု ယုံကြည် နေကြသည်။ ဤသည်မှာ ဖယ်ရီများအား သူတို့၏ မင်းသမီးကို ရှာဖွေရာတွင် ကူညီပေးပြီး သူတို့၏ ယုံကြည်မှုနှင့် ခင်မင်မှုကို ရရှိရန်အတွက် အခွင့်အရေးကောင်းပင်။
မစ်ရှင်ရည်မှန်းချက်: ဖယ်ရီများ၏ မင်းသမီးကို ရှာဖွေပါ။
မစ်ရှင်ဆု: ဆုအဆင့် တစ်ခု စီတိုင်းအတွက် မတူညီပေ။ အဆင့်မြင့်မားလေ ဆုပိုမို ရက်ရောလေ ဖြစ်ပေလိမ့်မည်။
မစ်ရှင်မှတ်စုများ : ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် မစ်ရှင် တစ်ခုပင်။ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုပါ။ သင်က ဗစ်တိုးရီးယားမြို့၏ သူရဲကောင်း ဖြစ်လာ ပေလိမ့်မည်။ သင့်လုပ်ရပ်က နောက်ဆက်တွဲ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များနှင့် အုပ်စုစစ်ပွဲ တစ်ခုကိုပင် ဖြစ်ပေါ်စေ ပေလိမ့်မည်။ ရဲရင့်စွာ ရှေ့ဆက် ချီတက်ပါ သူရဲကောင်း။]
နဂါးမျိုးနွယ်သား နိုးလာပြီးနောက် အွန်လိုင်း တက်ခဲ့သည်။ သူက ထိမစ်ရှင်ဖော်ပြချက်ကို သတိပြု မိသည့်အခါ အလွန်ပင် စိတ်လှုပ်ရှား သွားခဲ့သည်။ သူ ဘာတစ်ခုမှ မလုပ်ဆောင် ခဲ့သော်လည်း ထိုသို့သော အံ့ဩဖွယ် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခုအား လက်ခံ ရရှိခဲ့သည်။ သူ သူ၏ သူငယ်ချင်းများကို အော့ဖ်လိုင်း မှတဆင့် ထိုအကြောင်းကို အသိပေး လိုခဲ့သော်လည်း အခွင့်အရေး မရလိုက်ပေ။ သူ ဘေးဘက်မှ အသံ တစ်ခု ကြားလိုက် ရသည်။
"နင် နောက်ဆုံးတော့ ပြန်နိုးလာပြီလား။ နင့်ရဲ့ အဖော်က နင် မသေသေးဘူးလို့ ငါ့ကို အာမ,မခံ ပေးခဲ့ရင် နင် သေသွားပြီလို့တောင် ငါ ထင်မိမှာ။ နင် အမြဲတမ်း ဒီလောက်တောင် လူသေလို အိပ်တတ်တာလား။" ဖယ်ရီတစ်ကောင်က မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။ သူက နဂါးမျိုးနွယ်သားကို မကျေမနပ် စိုက်ကြည့်နေသည်။