← Chapters

တုန်လှုပ်ခြောက်ခြားခြင်း။

Vol. 19 Ch. 284

တုန်လှုပ်ခြောက်ခြားခြင်း။

Vol. 19 Ch. 284

~"ရှောင်ရှောင်။ လိုက်မနေနဲ့တော့"

ဖုန်းဝူချန်က အလျင်အမြန် ဝင်တားလိုက်ရ၏။ လင်ရှောင်ရှောင်သာ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းနှင့် ပေမင်ခုံနောက် လိုက်သွားခဲ့ရင်တောင်... ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်လုယူနိုင်ဖို့ အင်အား မရှိဘူးဆိုတာ သူ သိနေသည်။

ပေမင်ခုံ၏ စွမ်းအားက သိပ်ကို ကြောက်စရာကောင်းလွန်းနေပြီ။ လင်ရှောင်ရှောင် မဟုတမ်၊ ... မိမိကိုယ်တိုင်တောင် ထိုလူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။

"ဒါ..အားလုံး ငါ့အပြစ်ပါ၊ ငါသာ ညီအစ်ကိုဖုန်းနဲ့ အစွမ်းပြိုင်ပြီး ဒဏ်ရာ မရခဲ့ဘူးဆိုရင်... အဲ့ဒီ ယုတ်မာတဲ့ ကောင်က ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူသွားနိုင်မှာ မဟုတ်ဘူး"

လိန်ချင်းဖုန်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။

"ငါ ဖုန်းလန်ဂိုဏ်းကို ချက်ချင်း ပြန်ရမယ်။ ပေမင်ခုံကို မဖြစ်မနေ ဆွဲထုတ်ရမယ်"

"ခဏနေဦး"

ဖုန်းချန်ယန်က အလျင်အမြန် ကြားဖြတ် တားလိုက်၏။

"လူငယ်လေး၊ မင်း အခု ပြန်လို့မဖြစ်သေးဘူး။ လမ်းမှာ ပေမင်ခုံက မင်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ရင်... မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူးလေ"

"အကြီးအကဲ ပြောတာ လုံးဝ မှန်ပါတယ်။ ဂိုဏ်းချုပ်လေး... ခင်ဗျား အရင်ဆုံး ဖုန်းမိသားစုမှာ ဒဏ်ရာတွေ ပျောက်အောင် ကုသလိုက်ပါဦး။ အားလုံး ပြန်ကောင်းသွားမှ အစီအစဉ် ဆွဲတာပေါ့"

ဟု ဖုန်းကျိန့်ရှုံးက ထောက်ခံလိုက်သည်။

"တောက်။ တကယ်ကို ရိုင်းစိုင်းတဲ့ကောင်... ပေမင်ခုံ"

လျိုချင်းယန်က ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။

"အစ်ကိုကြီးဖုန်း...ရှင် အဆင်ပြေရဲ့လား"

ဖုန်းဝူချန်နှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရင်း လင်ရှောင်ရှောင်က စိုးရိမ်တကြီး မေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး။ ရက်အနည်းငယ်နေရင် ပျောက်သွားမှာပါ"

"ပေမင်ခုံက ကိုးထပ် ချန်ခွန်း မျှော်စင်ကို ယူသွားပြီ...။ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"ဟု လျိုချင်းယန်က စိုးရိမ်တကြီး မေးလာသည်။

"သိပ် စိတ်မပူနဲ့...။ သူတို့ အဲ့ဒီမျှော်စင်ကို ဘယ်လိုမှ သုံးလို့မရပါဘူး။ ငါ့ရဲ့ ဝိညာဉ်တံဆိပ်ကို ဖျက်ပစ်နိုင်မှသာ ရမယ်...။ ဒါပေမဲ့ အချိန်တိုအတွင်းမှာတော့ သူတို့ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သော်လည်း... သူ၏ အတွင်းစိတ်မှာမူ ဒေါသများ ဆူပွက်နေခဲ့ လေပြီ။

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားသည် မယုံနိုင်လောက်အောင် ကြီးစိုးနိုင်ပြီး သန်မာလှသည်။ ကျိုကျိုးရှိ ဆေးပညာရှင်များအားလုံးထဲတွင်... ဖုန်းဝူချန်၏ ဝိညာဉ်တံဆိပ်ကို ချက်ချင်း ဖျက်ပစ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

ထျန်းယွမ်ဘုံ ဆဌမအလွှာ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးပင်လျှင်... အချိန် အတော်ကြာ ပေးဆပ်ရပေလိမ့်မည်။

လေးနက်သော လေသံဖြင့် ဖုန်းဝူချန်က ဆက်လက် ဖွင့်ဟလိုက်သည်။

"ပေမင်ခုံ ဘယ်လို ပြန်ရှင်လာမှန်း ကျွန်တော် မသိဘူး...။ ကျန့်လင်တောင်ကြားမှာတုန်းက သူ့ကို ကျွန်တော် သတ်ခဲ့တာ သေချာတယ်...။ ကျွန်တော် မှားနိုင်စရာ အကြောင်းမရှိဘူး"

ထိုအခါ၊ ဖုန်းချန်ယန်က မျက်မှောင်ကြုတ်ရင်း တွေးဆလိုက်၏။

"ပေမင်ခုံ ပြန်ရှင်လာတာက တကယ်ကို နားလည်ရ ခက်ခဲလွန်းတယ်...။ သူသာ ပြန်ရှင်လာနိုင်တယ်ဆိုရင်... ပေမင်ကျန်းနဲ့ ပေမင် ဘိုးဘေးတို့ရော... ပြန်ရှင်လာနိုင်ဦးမလား"

...အကယ်၍သာ သူတို့ပါ ပြန်ရှင်လာပြီး...သူတို့၏ ကျင့်ကြံမှုတွေပါ ထိုးတက်သွားခဲ့လျှင်... အကျိုးဆက်တွေက စိတ်ကူးနှင့်တောင် မမှန်းဆဝံ့စရာပင်...။

"တကယ်လို့... တကယ်လို့ သူတို့ပါ ပြန်ရှင်လာခဲ့ရင်... အစ်ကိုကြီးဖုန်းမှာက ကိုးထပ် ချန်ခွန်း မျှော်စင်လည်း မရှိတော့ဘူး...။ ဒါဆို ကျွန်မတို့..."

မြောင်ချင်းချင်းသည် တွေးရင်း တွေးရင်း ပို၍ ထိတ်လန့်တုန်လှုပ်လာတော့သည်။

ပေမင် ဘိုးဘေး ပြန်လည် ရှင်သန်လာနိုင်သည်ဟူသော အတွေးတစ်ခုတည်းကပင်... ဖုန်းမိသားစုအား ကြောက်ရွံ့တုန်လှုပ်သော အခြေအနေသို့ တွန်းပို့လိုက်လေသည်။

ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ပေမင်ကျန်းနှင့် ပေမင် ဘိုးဘေးတို့ ပြန်ရှင်လာနိုင်မလား ဆိုသည်ကို... သူကိုယ်တိုင်ပင် အတည်ပြုရန် မဝံ့ရဲခဲ့ပေ။

'ငါ... ထျန်းယွမ်ဘုံ တတိယအလွှာကို အမြန်ဆုံး ချိုးဖြတ်နိုင်မှ ဖြစ်မယ်'။

ဖုန်းဝူချန်က စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ တတိယအလွှာသို့ ရောက်ရှိမှသာလျှင်... သူ ပေမင်ခုံကို ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

"ချန်အာ... အရင်ဆုံး အိမ်ပြန်ပြီး ဒဏ်ရာတွေ ပျောက်အောင် ကုလိုက်ဦး...။ မင်း အားလုံး ပြန်ကောင်းသွားမှ အစီအစဉ်ဆွဲလည်း နောက်မကျပါဘူး"

ဖုန်းကျိန့်ရှုံးက လေးနက်စွာ မှာကြားလိုက်သည်။

ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ဖုန်းဝူချန်၏ ဒဏ်ရာများ ပြန်လည် နာလန်ထူလာစေရန် ဖြစ်လေသည်။

...

" ရော့၊ မင်း လိုချင်တဲ့ ပစ္စည်း..."

နေရာတစ်ခုရှိ တောင်ထိပ်ပေါ်တွင်... ပေမင်ခုံသည် လျှပ်တပြက် ပေါ်ထွက်လာပြီး... ကိုးထပ် ချန်ခွန်း မျှော်စင်ကို ခပ်ပေါ့ပေါ့ ပစ်ပေးလိုက်သည်။

"တစ်ပိုင်း အင်မော်တယ် လက်နက်ပဲ...။ လူတိုင်း လိုချင်နေကြတာ...။ ခင်ဗျား တကယ် မလိုချင်တာ သေချာလို့လား"

မုရုန်ထျန်းက ပေမင်ခုံကို ကြည့်ရင်း မေးလိုက်၏။

"ငါ လိုချင်တာက ခွန်အားပဲ... ရတနာတွေ မဟုတ်ဘူး။ ပြီးတော့... ဖုန်းဝူချန်ရဲ့ ဝိညာဉ်တံဆိပ်က အလွန်အမင်း သန်မာတယ်...။ မင်းရော ငါရော ဘယ်သူမှ ဒါကို ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး...။ ဒီတော့ သိမ်းထားလည်း အသုံးမဝင်ဘူး"

ပေမင်ခုံက ကိုးထပ် ချန်ခွန်း မျှော်စင်ကို စိတ်ဝင်စားခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။

မုရုန်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...။ကျွန်‌တော်တို့ ဒါကို ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး...။ နတ်ဘုရား ဆေးလုံး သခင်ကြီးတွေတောင်မှ ဒါကို မလုပ်နိုင်လောက်ဘူး...။ ကျွန်‌တော့်အဘိုးဆီကိုပဲ ပေးထားလိုက်ရတော့မယ်...။ ဒါပေမဲ့... ဖုန်းဝူချန်က ဒါကို ပြန်မခေါ်နိုင်အောင် အရင်ဆုံး ချိပ်ပိတ်ထားဖို့ လိုတယ်"

ထိုစဉ်၊

"နန်းကုန်းကျင်း... အဲ့ဒီ အသုံးမကျတဲ့ကောင် သေသွားပြီ။ နန်းကုန်းမိသားစု ဘယ်လိုဖြစ်မယ် ထင်လဲ" ဟု ပေမင်ခုံက မထီမဲ့မြင် အပြုံးဖြင့် မေးလိုက်၏။

မုရုန်ထျန်းက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"နန်းကုန်းမိသားစု ဘယ်လိုဖြစ်မလဲတော့ ကျွန်‌တော် မသိဘူး...။ ပြီးတော့ ဒါက ကျွန်‌တော်နဲ့လည်း မဆိုင်ဘူး...။ အဲ့ဒီ အဘိုးကြီး (နန်ကုန်းယွီဝမ်) က ကျွန်‌တော့်ကို အမြဲ ပစ်မှတ်ထားနေတာ...။ ကျွန်‌တော်လည်း တစ်ခုခုတော့ ပြန်တုံ့ပြန်သင့်တယ် မဟုတ်လား။ နန်းကုန်းကျင်းကို ခေါ်လာခဲ့တာက... အဲ့ဒီအဘိုးကြီး ဒေါသထွက်အောင် သက်သက်ပဲ"

ပေမင်ခုံက လေးနက်စွာ ပြန်မေးလိုက်သည်။

"ပြောစမ်းပါဦး...။ ဖုန်းဝူချန်ကို ကိုင်တွယ်ဖို့ မင်း ဘာအစီအစဉ် ရှိလဲ။ ငါ သူ့ကို အရှင်လိုချင်တယ်။ ဂိုဏ်းချုပ် ရှီဟွမ်က ဖုန်းဝူချန်ကို သူ့ဆီ ခေါ်လာဖို့ ငါ့ကို စောင့်နေတယ်...။ ငါ ဂိုဏ်းချုပ်ကြီးရဲ့ အကူအညီ လိုအပ်တယ်"

ထိုအခါ၊ မုရုန်ထျန်းက မဲ့ပြုံးလိုက်၏။

"ဖုန်းဝူချန်ရဲ့ သိုင်းပညာတွေက အစွမ်းထက်တယ်...။ အားလုံးက မြေကမ္ဘာ အဆင့်တွေချည်းပဲ။ ခင်ဗျားကော မလိုချင်ဘူးလား။ မြေကမ္ဘာ အဆင့် သိုင်းပညာဆိုတာ ရှာရခက်တယ်...။ ဝယ်လို့ ရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူးလေဗျာ"

ပေမင်ခုံက ခေါင်းခါလိုက်သည်။

"ဖုန်းဝူချန်ရဲ့ သိုင်းပညာတွေနဲ့ ဓားသိုင်းတွေက တကယ်ကို အားကောင်းတာ မှန်တယ်...။ ငါလည်း ရချင်တာပေါ့...။ ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ စရိုက်ကို သိထားတဲ့အတိုင်း... မင်း သူ့ကို သတ်လိုက်ရင်တောင်... သူ မြေကမ္ဘာအဆင့် သိုင်းပညာတွေကို ထုတ်ပေးမှာ မဟုတ်ဘူး"

"ကျွန်‌တော့်မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ အခု လောစရာ မလိုသေးဘူး...။ ကျွန်‌တော်တို့ အချိန်ဆွဲထားဖို့ လိုတယ်။ ပြီးတော့... ကျွန်‌တော်တို့မှာ အခု လုပ်စရာ ပိုအရေးကြီးတာတွေ ရှိသေးတယ်။ သွားကြစို့"

မုရုန်ထျန်းက ယုံကြည်မှုအပြည့်ဖြင့် မောက်မာစွာ ပြုံးလိုက်လေ၏။

...

ကျိုကျိုး လေလံရုံက

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့အား ဖိတ်ကြားခဲ့ပြီး... အမြင့်မားဆုံးသော ဧည့်ဝတ်ကျေပွန်မှုဖြင့် ဆက်ဆံခဲ့သည်။

ချူချန်ခုံး၊ နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် လေလံပွဲမှ စီနီယာ လူကြီးပိုင်းများအားလုံး... အလွန်အရေးပါသော ဧည့်သည်တော်ကြီးများကို ကြိုဆိုနေရသကဲ့သို့... မျက်နှာများ ပြုံးရွှင်လျက်... ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနေကြသည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် ယခင်က ကျိုကျိုး လေလံပွဲသို့ လာရောက်ဖူးသော်လည်း... ဤသို့သော ဆက်ဆံမှုကို တစ်ခါမျှ မရရှိခဲ့ဖူးပေ။

အဘိုးကြီး နှစ်ဦးစလုံးမှာ ဉာဏ်များသူများ ဖြစ်ကြ၏။ ဤအရာသည် ဖုန်းဝူချန်နှင့် ပတ်သက်နေကြောင်း သူတို့ သဘာဝအတိုင်းပင် ခန့်မှန်းမိကြသည်။

...ဟုတ်ပါ၏။ ယန်ထျန်းရှန်၏ လက်ရှိ အဆင့်အတန်းမှာ ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ... သူသည် နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ သူတို့ထက် များစွာ ပိုမို သန်မာနေသည်မှာ ထင်ရှားလှ၏...။

...စစ်ထူကျန့်ထျန်း၏ လက်နက်သန့်စင်ခြင်း ဘုံအဆင့်သည်လည်း ကျောက်ယွင်ချန်ထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်...။

လူကြီးနှစ်ဦးလုံး၏ ဤသို့ ထူးကဲသော တိုးတက်မှုများအားလုံးမှာ ဖုန်းဝူချန်ကြောင့်ပင် ဖြစ်လေသည်။

သူတို့၏ လက်ရှိ ဘုံအဆင့်များအရ... ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် အခြားသူများက သူတို့ကို ဦးညွှတ်ရမည့် အနေအထားတွင် ရှိနေခဲ့သည်။

ဖုန်းဝူချန် ပေမင် ဘိုးဘေးနှင့် တိုက်ခိုက်စဉ်က... နတ်ဘုရား ဆေးလုံး သခင်ကြီးများသည် ယန်ထျန်းရှန်၏ ဆေးပညာ ဘုံအဆင့်မှာ သူတို့ထက် များစွာ ပိုမြင့်မားနေသည်ကို သိရှိသွားခဲ့ပြီး ဖြစ်၏။

သူတို့၏ ဤသို့ အံ့ဩဖွယ်ရာ တိုးတက်မှုများမှာ... ဆေးဧကရာဇ် ဖုန်းဝူချန်မှလွဲ၍... အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။

နတ်ဘုရား ဆေးလုံး သခင်ကြီးများ အလွန် သေချာနေခဲ့သည်။

...ဖုန်းဝူချန်က သူတို့ကို အစွမ်းထက်သော ဆေးပညာ ဆုံးဖြတ်ချက်များနှင့် လက်နက်သန့်စင်ခြင်း ကျမ်းများကို သင်ကြားပေးခဲ့သည်မှာ သေချာသည်...။

ထိုသို့ ၊ နတ်ဘုရား ဆေးလုံး သခင်ကြီးများ အခိုင်အမာ ယုံကြည်နေကြသည်။

"နန်းတွင်းအကြံပေးကြီး... မင်းသားကြီး... ကျေးဇူးပြုပြီး ကြွပါ"

ချူချန်ခုံးက သူ၏ မျက်နှာ ကြည်နူးမှုများဖြင့် တောက်ပလျက်... ကြိုဆိုသော အမူအရာဖြင့် ရိုသေစွာ ပြုံးရင်း ဆိုလိုက်သည်။

ယခင်က ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ လာရောက်လည်ပတ်စဉ်က... သူတို့ကို နာမည်ဖြင့်သာ ခေါ်ဝေါ်ခဲ့သော်လည်း... ယခုအခါတွင်မူ နန်းတွင်းအကြံပေးကြီး၊ မင်းသားကြီး ဟူ၍ ရိုသေလေးစားစွာ ရည်ညွှန်း ခေါ်ဝေါ်နေကြပါသည်။

ဥက္ကဋ္ဌကြီးက ဧည့်သည်များကို ဤမျှ ရိုသေစွာ ဆက်ဆံနေသည်ကို မြင်သောအခါ... လေလံအိမ်မှ အစောင့်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များ စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

'...တိုင်းပြည်ငယ်လေး တစ်ခုက နန်းတွင်းအကြံပေးနဲ့ မင်းသား တစ်ပါးက... နတ်ဘုရား ဆေးလုံး သခင်ကြီးတွေနဲ့ သခင် ချူချန်ခုံးလို အဆင့်မြင့် ပုဂ္ဂိုလ်တွေကတောင်... ဒီလောက် ဆက်ဆံရတဲ့အထိ အရေးပါနေလို့လား...'။

လေလံအိမ်မှ လူများ ရှုပ်ထွေးသွားကြ၏။ အကြောင်းရင်းကို သူတို့ နားမလည်ကြသော်လည်း... မည်သူ တစ်ဦးတစ်ယောက်မျှ မေးခွန်းထုတ်ရန် မဝံ့ရဲခဲ့ကြပေ။

ခန်းမကြီးထဲတွင်... နတ်ဘုရား ဆေးလုံး သခင်ကြီးများက ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ကို ယဉ်ကျေးစွာ ထိုင်ခုံ၌ ထိုင်စေ၏။ သူတို့၏ စိတ်အားထက်သန်မှုက လူကြီးနှစ်ဦးကို အနည်းငယ် မသက်မသာ ဖြစ်သွားစေသည်။

'...အကြောင်းမရှိဘဲ လိုတာထက် ပို လိုက်လျောနေတာကတော့... တစ်ခုခုတော့ တစ်ခုခုပဲ...'။

"နတ်ဘုရား ဆေးလုံး သခင်ကြီးတို့... ဥက္ကဋ္ဌ ချူ... ခင်ဗျားတို့အားလုံးကို ဒီလောက် ဝမ်းမြောက်စေတဲ့ ကိစ္စက ဘာများလဲဆိုတာ ကျွန်တော် သိခွင့်ရမလား"

ယန်ထျန်းရှန်က ထိုင်ပြီး မကြာမီပင် မေးလိုက်သည်။ ...ဟုတ်ပါသည်။ သူတို့ အကြောင်းရင်းများကို ခန့်မှန်းမိပြီးသား ဖြစ်ပါ၏...။

"ကျွန်တော့်ကို အဲ့ဒီဘွဲ့နဲ့ မခေါ်ဝံ့ပါဘူး..."

ဤစကားကို ကြားသောအခါ... နတ်ဘုရား ဆေးလုံး သခင်ကြီးများ ထိတ်လန့်သွားကြပြီး... အလျင်အမြန် လက်ကာပြကြသည်။ ယန်ထျန်းရှန်၏ ဘုံအဆင့်သည် သူ၏ အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ... သူက မိမိကိုယ်တိုင် နတ်ဘုရား ဆေးလုံး သခင်ကြီးဟု ခေါ်ဝေါ်ခြင်းကို မည်သို့ ဝံ့ရဲပါမည်နည်း။

မော့ယန်က ထို့နောက် ပျော်ရွှင်သော အပြုံးဖြင့် ဆိုလိုက်သည်။

"ဒီတစ်ကြိမ် ကျွန်တော်တို့ နန်းတွင်းအကြံပေးကြီးနဲ့ မင်းသားကြီးကို ဒီကို ဖိတ်ကြားခဲ့တာက... အဓိကအားဖြင့် ဆေးပညာနဲ့ လက်နက်သန့်စင်ခြင်း ကိစ္စတွေနဲ့ ပတ်သက်ပါတယ်။ ခင်ဗျားတို့ရဲ့ ထူးကဲတဲ့ တိုးတက်မှုတွေက... ဆေး ဧကရာဇ်ကြီးရဲ့ လမ်းညွှန်မှုကြောင့်ပဲ ဖြစ်ရမယ်"

"ဆေး ဧကရာဇ် ဟုတ်လား"

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ ခေတ္တမျှ ကြောင်အသွားကြပြီး... နတ်ဘုရား ဆေးလုံး သခင်ကြီး မည်သူ့ကို ရည်ညွှန်းနေမှန်း မသေချာ ဖြစ်သွားကြသည်။

"အိုး... ခင်ဗျားတို့ရဲ့ ဆရာ... ဖုန်းဝူချန်လေ...။ တစ်ချက်တည်းသော အတွေးနဲ့ ဆေးလုံးဖော်စပ်ခြင်း... အဲ့ဒါ ဆေး ဧကရာဇ်ရဲ့ ဘုံအဆင့်ပဲ"

နတ်ဘုရား ဆေးလုံး သခင်ကြီးက အလျင်အမြန် ထပ်ဖြည့် ပြောလိုက်သည်။ သူ စကားပြောရင်း ပြောရင်း... ပို၍ ပို၍ စိတ်လှုပ်ရှားကာ ကြည်ညိုလေးစားမှုများ တိုးလာတော့သည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆရာရဲ့ ဆေးပညာနဲ့ လက်နက်သန့်စင်ခြင်းမှာ တတ်ကျွမ်းမှုတွေက... ကျွန်တော်တို့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး... နားလည်ရ ခက်ခဲလွန်းပါတယ်"

စစ်ထူကျန့်ထျန်းက ခေါင်းညိတ်လိုက်၏။ သူ အမှန်တရားကို ဖုံးကွယ်မထားခဲ့သလို... ဖုံးကွယ်ထားရန်လည်း မလိုအပ်ခဲ့ပေ။

ဤစကားကို ကြားသောအခါ... နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့ စိတ်လှုပ်ရှားလာကြသည်။

"နားလည်ရ ခက်ခဲလွန်းတယ်" ဟူသော စကားလေးလုံးသည်... သူတို့၏ သွေးများကို ဆူပွက်စေရန် လုံလောက်နေခဲ့ပြီ။

"နန်းတွင်းအကြံပေးကြီးနဲ့ မင်းသားကြီးတို့... ကျွန်တော်တို့ကို လမ်းညွှန်မှုတွေ ပိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ချူချန်ခုံးက အလျင်အမြန် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ဥက္ကဋ္ဌ ချူ... ခင်ဗျား ကျွန်တော်တို့ကို တော်တော် မြှောက်စားလွန်းနေပါပြီ။ လမ်းညွှန်မှု ပေးရမယ် ဟုတ်လား။ ကျွန်တော်တို့ရဲ့ ဆရာ ရှေ့မှောက်မှာ ဘယ်လိုလုပ်ပြီး ကြွားဝါဝံ့မှာလဲဗျာ"

ယန်ထျန်းရှန်က ကျိုးနွံစွာ လက်ဟန်ပြလိုက်သည်။

ခေတ္တမျှ ရပ်တန့်ပြီးနောက်... ယန်ထျန်းရှန်က ဆက်လက် ဆိုလိုက်၏။

"ကျွန်တော်တို့ ဆရာရဲ့ အကြံဉာဏ်အတိုင်း... ကျွန်တော်တို့ နေ့တိုင်း မီးထိန်းချုပ်မှုကို လေ့ကျင့်ပါတယ်။ ကျွန်တော်တို့ ဆရာအတွက်တော့... ကျွန်တော့်ရဲ့ မီးထိန်းချုပ်မှုက တော်တော် အမှိုက်ကျလွန်းနေပါသေးတယ်။ သူ့ရဲ့ လမ်းညွှန်မှုနဲ့... သူ ပေးအပ်ခဲ့တဲ့ နည်းစနစ်တွေကြောင့်သာ... မင်းသားနဲ့ ကျွန်တော်တို့ လက်ရှိ ဘုံအဆင့်ကို ရောက်ရှိနိုင်ခဲ့တာပါ"

"ဒါပေမဲ့... တစ်ချက်တည်းသော အတွေးနဲ့ ဆေးလုံးဖော်စပ်ခြင်း... အတွေးဖြင့် ပုံဖော်ခြင်း ဆိုတဲ့ ဘုံအဆင့်တွေကို ရောက်ဖို့ကတော့... အများကြီး ဝေးလွန်းနေပါသေးတယ်"

ဖုန်းဝူချန်၏ တစ်ချက်တည်းသော အတွေးဖြင့် ဆေးလုံးဖော်စပ်ခြင်း အင်မော်တယ် အဆင့် အရည်အချင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက်... ဆေးပညာ ဆိုသည်မှာ ဘာလဲ... စစ်မှန်သော ဆေးပညာ သခင် တစ်ဦး မည်သို့ ဖြစ်သင့်သည်ကို သူတို့ နားလည်သွားခဲ့ကြ၏။

'...ဒါ ငါတို့ ထင်တဲ့အတိုင်းပါပဲ...။ ဖုန်းဝူချန်က သူတို့ကို အစွမ်းထက်တဲ့ နည်းစနစ်တွေ တကယ် ပေးအပ်ခဲ့တာပဲ...။ ယန်ထျန်းရှန်နဲ့ စစ်ထူကျန့်ထျန်းတို့ရဲ့ ဘုံအဆင့်တွေ ဒီလောက် မြန်မြန် တိုးတက်လာတာ မဆန်းတော့ပါဘူး...'။

...ဆေးပညာအတွက်... ဆေးလုံးဖိုတစ်ခုတောင် မလိုအပ်ဘူးတဲ့...။ သူတို့၏ လွှမ်းမိုးနိုင်လောက်အောင် သန်မာသော မီးထိန်းချုပ်နိုင်စွမ်းဖြင့်... လက်ဝါးတစ်ဖက်တည်းကပင် အစွမ်းထက် ပဉ္စမအဆင့် ဆေးလုံးများကို စိတ်တိုင်းကျ သန့်စင်နိုင်ခဲ့သည်...။

...သည်အဖြစ်က အမှန်တကယ်ပင် အင်မော်တယ် အဆင့် ဆေးပညာ အရည်အချင်းပါတကား...။

နတ်ဘုရား ဆေးလုံး သခင်ကြီးများ၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို မြင်တွေ့ရသော်လည်း... ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့မှာမူ စိတ်ထဲမှ တိတ်တိတ်ကလေး ရယ်မောနေကြပြီး... သူတို့၏ မျက်နှာများပေါ်တွင်မူ ထိုအမူအရာကို မပေါ်ထွက်စေခဲ့ပေ။

"နန်းတွင်းအကြံပေးကြီး... မင်းသားကြီး... ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက မီးအဆိပ်တွေ ပျောက်သွားပြီလို့ ကျွန်တော် ခံစားမိတယ်...။ အဲ့ဒါ ဘယ်လိုဖြစ်သွားတာလဲ"

ချူချန်ခုံးက စူးစမ်းစွာ မေးလိုက်သည်။

ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ အတွင်းမှ မီးအဆိပ်သည် အလွန်တရာ ဆိုးရွား ကြောက်မက်ဖွယ် ကောင်းလှသည်ကို သိထားရပေမည်။ သူတို့၏ ဘုံအဆင့် မြင့်မားလေလေ... စုပုံလာသော မီးအဆိပ်သည် ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေ ဖြစ်ပြီး... ၎င်းကို ဖယ်ရှားပစ်ရန်မှာ... ထျန်းယွမ်ဘုံမှ ပုဂ္ဂိုလ်များအတွက်ပင်... ကောင်းကင်သို့ တက်ခြင်းကဲ့သို့ ခက်ခဲလှသည်။

စစ်ထူကျန့်ထျန်းက တည်ငြိမ်သော အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"သဘာဝအတိုင်းပဲပေါ့...။ ဒါလည်း ကျွန်တော်တို့ ဆရာရဲ့ အကူအညီနဲ့ပဲ... ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက မီးအဆိပ်တွေကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်ခဲ့တာပါ"

"လုံးဝ... ပျောက်ကင်းအောင် ဟုတ်လား"

စစ်ထူကျန့်ထျန်း၏ စကားကို ကြားသောအခါ... နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး... သူတို့၏ မျက်လုံးများ တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားကြသည်။

စစ်ထူကျန့်ထျန်း ရည်ညွှန်းလိုက်သည်မှာ... လုံးဝ ပျောက်ကင်းအောင် ကုသခြင်း ဖြစ်သည်။

သူတို့ လုံးဝ နားကြားမှားခြင်း မဟုတ်ပေ။

...လုံးဝ ပျောက်ကင်းအောင် ကုသခြင်း ဟူသည် အဘယ်နည်း...။ ၎င်းမှာ မီးအဆိပ်ကို လုံးဝ ဖယ်ရှားပစ်ခြင်းဟု အဓိပ္ပာယ် ရသည်။

ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများအတွက်... ထိုအရာသည် သူတို့ အသည်းအသန် တောင့်တနေခဲ့ကြသော အရာ ဖြစ်ပါသည်။

"ဆေး ဧကရာဇ်ကြီးမှာ... မီးအဆိပ်ကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း... ရှိနေတာလား"

နတ်ဘုရား ဆေးလုံး သခင်ကြီးက သူ၏ နှလုံးသားထဲမှ တုန်လှုပ်မှုနှင့် ဝမ်းသာကြည်နူးမှုကို ကြိုးစား ဖိနှိပ်ရင်း... တံတွေး မျိုချကာ... အလျင်အမြန် မေးလိုက်သည်။

ချူချန်ခုံး၊ ကျောက်ယွင်ချန်နှင့် အခြားသူများအားလုံး... စစ်ထူကျန့်ထျန်းနှင့် ယန်ထျန်းရှန်တို့က ခေါင်းညိတ် အတည်ပြုပေးဖို့.. မျှော်လင့်လျက်... မမှိတ်မသုန် ကြည့်နေကြသည်။

ယန်ထျန်းရှန်က ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။

"ကျွန်တော်တို့ ဆရာအတွက်တော့... ဒါက လုံးဝ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး...။ ကျွန်တော်တို့တင် မကဘူး... ဂိုဏ်းချုပ် မူနဲ့ အကြီးအကဲ ဝေ့ယွင်တို့ နှစ်ယောက်လုံးလည်း... သူတို့ရဲ့ မီးအဆိပ်တွေကို ကျွန်တော်တို့ ဆရာကပဲ လုံးဝ ပျောက်ကင်းအောင် ကုသပေးခဲ့တာလေဗျာ"

"ဘုရားရေ..."

ယန်ထျန်းရှန်၏ အဖြေကို ကြားသောအခါ... နတ်ဘုရား ဆေးလုံး သခင်ကြီးများ တုန်လှုပ်မှုဖြင့် အသက်ရှူမှားသွားကြသည်။

'...ဒါ..ဘယ်လို အင်မော်တယ် အဆင့် စွမ်းအားမျိုးလဲ...။ ကြီးစိုးနိုင်လွန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မီးအဆိပ်ကိုတောင်... လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်တယ် ဟုတ်လား...'။

သူတို့၏ မျက်နှာများမှာ အံ့အားသင့်မှုကြောင့် မှင်သက်သွားကြပြီး... ဤလောကတွင် အတုန်လှုပ်ဆုံး သတင်းကို ကြားလိုက်ရသကဲ့သို့သော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"ဆေး ဧကရာဇ်မှာ... ကုသနည်း တကယ် ရှိနေတာပဲ"

နတ်ဘုရား ဆေးလုံး သခင်ကြီးက ထိုဖွင့်ဟချက်ကြောင့် တုန်ရီလျက်... စိတ်လှုပ်ရှားစွာ ဆိုလိုက်လေသည်။

All Chapters