ပေမင် ဘိုးဘေးနှင့် တိုက်ပွဲ
Vol. 19 Ch. 276
~"မင်းက ဒီလောက်တောင် သေချင်နေမှတော့... ဒီဘိုးဘေးက မင်းကို အရင်သတ်မယ်...။ ပြီးမှ ယန်ဟော်အင်ပါယာကို မျိုးဖြုတ်ပစ်မယ်"
ပေမင် ဘိုးဘေးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများက ဖုန်းဝူချန်ကို တိတိကျကျ ပစ်မှတ်ထား ပိတ်ဆို့လိုက်၏။
ဖုန်းဝူချန်သည် သူ၏ အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်ယံအမြင့်သို့ ပျံတက်သွားသည်။ ထို့နောက် ကိုးထပ် ချန်ခွန်း မျှော်စင်ကြီးမှာလည်း သူ၏ နောက်မှ လိုက်ပါ မြင့်တက်သွား၏။
အကယ်၍ သူတို့သာ တော်ဝင်နန်းတော်၏ အပေါ်ဘက် လေဟာနယ်တွင် တိုက်ခိုက်ကြမည်ဆိုလျှင်၊ နန်းတော် ပျက်စီးရုံသာမက၊ ဧကရာဇ်မြို့တော်မှ အချိန်မီ မထွက်ပြေးနိုင်သေးသော သူများပါ ထိခိုက်ကုန်ကြပေလိမ့်မည်။
"အုန်း"
ပေမင် ဘိုးဘေးသည် ကောင်းကင်ယံအမြင့်သို့ ပြင်းထန်စွာ ပစ်လွှတ် တက်ရောက်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများက လေဆင်နှာမောင်းတစ်ခုအသွင် စုစည်းသွားပြီး ပတ်ဝန်းကျင်ကို တိုက်ခတ်သွား၏။
နောက်တစ်စက္ကန့်တွင်၊ ပေမင် ဘိုးဘေးသည် ဖုန်းဝူချန်နှင့် မျက်နှာချင်းဆိုင် ကောင်းကင်ယံ အမြင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း၊ သူသည် ကိုးထပ် ချန်ခွန်း မျှော်စင်၏ အခင်းအကျင်းအတွင်း၌ ရှိနေဆဲ ဖြစ်သည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ။ ထိုက်ယီ မန္တန်"
ပေမင် ဘိုးဘေးက သူ၏ လက်များကို တံဆိပ်ပုံစံ ဖွဲ့လျက် ပြင်းထန်စွာ ကြိမ်းမောင်းလိုက်၏။
"ကျုပ်ကို ထပ်ပြီး ပိတ်မိအောင် ကြိုးစားနေတုန်းပဲလား" ဖုန်းဝူချန်က မထီမဲ့မြင် ထုတ်ဖော်ပြောသည်။
ပေမင် ဘိုးဘေး ကြိမ်းမောင်းလိုက်သည့် တခဏမှာပင်၊ ဖုန်းဝူချန်သည် လျှပ်တပြက် ရွေ့လျားကာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။
'ဒီအဘိုးကြီး... ဒီအခင်းအကျင်းက ကျုပ်အပေါ် အသုံးမဝင်တော့ဘူး ဆိုတာ မသိသေးဘူးလား။ တစ်ခါ အသုံးခံပြီးပြီ...။ နောက်တစ်ခါ ထပ်အသုံးခံရအောင် ကျုပ်က ခင်ဗျားသား ပေမင်ကျန်း မဟုတ်ဘူး'
တစ်ခါ လှည့်စားခံရပြီးဖြစ်သော ဖုန်းဝူချန်သည် ဒုတိယ အကြိမ် ထပ်မံ လှည့်စားခံရမည် မဟုတ်သည်မှာ သေချာသည်။
စိမ်းပြာရောင် အခင်းအကျင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ... ၎င်းမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီး၊ ဖုန်းဝူချန်က ထိုနေရာမှ ရှောင်တိမ်း ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။
"ချိုးဖျက်စေ"
ဖုန်းဝူချန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး၊ အပေါ်မှနေ၍ အောက်သို့ ပျံဆင်းလာကာ၊ ဧရာမ အခင်းအကျင်းကြီးအပေါ်သို့ လက်ဝါးချက် တစ်ခု ပစ်သွင်းလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားက ထိုအခင်းအကျင်းကို ချက်ချင်းပင် ကျိုးပဲ့သွားစေသည်။
"လူကြီးမင်း... ခင်ဗျားရဲ့ အခင်းအကျင်းက ကျုပ်အပေါ် ဘာမှ အသုံးမဝင်တော့ဘူး" ဖုန်းဝူချန်က အေးစက်စွာ ထုတ်ဖော်ပြော၏။
"ဝှစ်"
ထိုအခိုက်အတန့်၌ ၊ပေမင် ဘိုးဘေးသည် စကား တစ်ခွန်းမှ မဆိုဘဲ၊ သူ၏ ခန္ဓာကိုယ်မှာ အထက်သို့ လျှပ်စီးအသွင် ပစ်တက်သွားပြီး၊ မျက်တောင် တစ်ခတ်အတွင်းမှာပင် ရောက်ရှိလာသည်။
သူ၏ လက်သီးမှာ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ ဖုန်းဝူချန်၏ ဦးခေါင်းကို ဦးတည် ပစ်သွင်းလိုက်၏။
ပေမင် ဘိုးဘေး၏ ကြမ်းတမ်းသော ဟန်ပန်မှာ ဖုန်းဝူချန်၏ ဦးခေါင်းကို ထိုလက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် လုပ်ပစ်ရန် ရည်ရွယ်ထားသည့် အသွင်။
သို့သော်... ဖုန်းဝူချန်သည် ဤမျှ အလွယ်တကူ အရှုံးပေးမည့်သူ ဟုတ်ပါသလော။
'ငါ့ခေါင်းကို လာထိုးတယ် ဟုတ်လား...။ ရတယ်လေ...။ ဘယ်ကောင့် လက်သီးက ပိုမာလဲ သိရတာပေါ့'
"အုန်း"
ဖုန်းဝူချန်သည် တုန်လှုပ်ခြင်း မရှိဘဲ၊ သူ၏ အစစ်အမှန်ယွမ် စွမ်းအင်ကို နှိုးဆွလိုက်ပြီး လက်သီးချင်း တည့်တည့် ဝင်ဆောင့်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး၊ အဖျက်စွမ်းအားများ ထိန်းမနိုင် သိမ်းမရ ရိုက်ခတ်သွားကာ၊ လေဟာနယ်ကို တုန်ခါသွားစေသည်။ တော်ဝင် နန်းတော်ကြီးမှာပင် အနည်းငယ် တုန်ခါသွား၏။
ခေါင်းချင်းဆိုင် တိုက်ခိုက်မှုတွင် ဖုန်းဝူချန်သည် မည်သူ့ကိုမျှ မကြောက်ခဲ့ဖူးပေ။
ပေမင် ဘိုးဘေး၏ အစွမ်းကုန် လက်သီးတစ်ချက်သည် ဖုန်းဝူချန်ကို ခြေတစ်လှမ်း၏ တစ်ဝက်မျှပင် နောက်သို့ ဆုတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ဟုတ်ပါသည်။ ဖုန်းဝူချန်ကလည်း ပေမင် ဘိုးဘေးကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှုကို ခံထားရသည့်တိုင်၊ ပေမင် ဘိုးဘေး၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းဆဲ ဖြစ်ပြီး၊ ဖုန်းဝူချန်ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။
ပေမင် ဘိုးဘေးက
"မင်းဒဏ်ရာတွေက အပြည့်အဝ မပျောက်သေးဘူး...။ မင်း ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ငါ ကြည့်ရသေးတာပေါ့"
ဟု ကြမ်းကြုတ်စွာ ကြိမ်းဝါးလိုက်ပြီး၊ ချက်ချင်းပင် ပြင်းထန်သော တိုက်စစ်ကို စတင်လိုက်လေသည်။
"ဘုန်း ..ဘုန်း"
လက်သီးချင်း ယှဉ်ပြိုင်ပွဲကြီး စတင်ခဲ့လေပြီ။ သူတို့၏ တိုက်ခိုက်မှုများမှ ကြောက်မက်ဖွယ် စွမ်းအားများက အရိုင်းဆန်စွာ ပေါက်ကွဲထွက်နေသည်။ ကောင်းကင်ကို တုန်ခါစေလောက်သော ပေါက်ကွဲသံများက တော်ဝင်နန်းတော်၏ အထက်တွင် တစ်လုံးပြီးတစ်လုံး ဆက်တိုက် ထွက်ပေါ်နေပြီး၊ အားလှိုင်းအကြွင်းအကျန်များက လှိုင်းလုံးများအလား တစ်လွှာပြီးတစ်လွှာ လိမ့်တက်နေ၏။
ပြင်းထန်လှသော တိုက်ပွဲကြီးမှာ သမုဒ္ဒရာ မျက်နှာပြင်ပေါ်တွင် ဖြစ်ပွားနေသကဲ့သို့ပင်။
"ပေမင် ဘိုးဘေးက ဖုန်းဝူချန်ထက် တကယ်ကို သန်မာတာပဲ။ ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ ရုပ်ခန္ဓာက အစွမ်းထက်လွန်းတော့... အနီးကပ် တိုက်ခိုက်မှုမှာ သူက အသာစီး ရနေတယ်။ ပေမင် ဘိုးဘေး သူ့ကို ဘာမှ လုပ်လို့မရဘူး" ရှီဝမ်ဂိုဏ်းချုပ်က လေးနက်စွာ သုံးသပ်လိုက်သည်။
ထိုစဉ်၊ နန်းကုန်း မိသားစုခေါင်းဆောင်က ဖြည်းညင်းစွာ ဝင်ပြောသည်။
"ပေမင် ဘိုးဘေးက သူ့ရဲ့ မှော်ရတနာတွေကို ထုတ်မသုံးသေးဘူး...။ ပြီးတော့ သူ့ရဲ့ အရည်အချင်း အမှန်ကိုလည်း ထုတ်မသုံးသေးဘူး။ ဒါကြောင့် ဘယ်သူ နိုင်မလဲ ရှုံးမလဲ ပြောဖို့ စောလွန်းနေသေးတယ်"
ဖုန်းလန်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး
"ဖုန်းဝူချန်ရဲ့ စွမ်းအားက အားနည်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပေမင် ဘိုးဘေးက သူ့ထက် တကယ်ကို ပိုသန်မာတယ်။ ကိုးထပ် ချန်ခွန်း မျှော်စင် ရှိနေရင်တောင်မှ... သူက ပေမင် ဘိုးဘေးရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။ ဖုန်းဝူချန်မှာ ဒီထက် ပိုအစွမ်းထက်တဲ့ လျှို့ဝှက်လက်နက်တစ်ခုခု မရှိရင်ပေါ့လေ"
သူတို့သည် ပေမင် ဘိုးဘေးအပေါ် ဤမျှ ယုံကြည်မှု ရှိနေကြသည်မှာ၊ သူ၏ စွမ်းအားကို ကောင်းစွာ နားလည်ထား ပုံရသည်။
“နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန် ရသွားရင်တောင်မှ... ပေမင် ဘိုးဘေးက ဆေးဧကရာဇ်ကို သတ်နိုင်မှာ မဟုတ်ဘူး။ သွမ့်ထျန်းဟွမ်က သူ့ကို အောင်မြင်ခွင့် ပေးပါ့မလား။ ကျုပ်တို့လည်း ပေမင် ဘိုးဘေးကို တားရမှာပဲ” ဟူ၍
ချူချန်ခုံးက လေးနက်သော အသံဖြင့် ထုတ်ဖော်ပြော၏။ သူ ဆုံးဖြတ်ချက် ချလိုက်ပြီး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ သူသည် ဖုန်းဝူချန်၏ ဘက်တွင် ရပ်တည်မည်။
"သူက စိတ်တစ်ချက်တည်းနဲ့ ဆေးလုံး ဖော်စပ်နိုင်တာလေးပဲ မဟုတ်လား။ ခင်ဗျားတို့ အားလုံးက ဘာလို့ သူ့ကို ဒီလောက် ကြောက်နေကြရတာလဲ"
လူငယ် မုရုန်ထျန်းက လေလံရုံဥက္ကဌ ချူချန်ခုံးကို မထီမဲ့မြင် တစ်ချက် ကြည့်လိုက်ပြီး၊ မခန့်လေးစားစွာ မေးလိုက်သည်။
"မင်း... နားမလည်ပါဘူး"
နတ်ဘုရား ဆေးလုံး သခင်ကြီးက ခေါင်းခါလိုက်သည်။
နတ်ဘုရား ဆေးလုံး သခင်ကြီး၏ မိမိကိုယ်ကို အထင်ကြီးနေသော အမူအရာကို မြင်သောအခါ၊ မုရုန်ထျန်း၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး၊ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။
သူတို့သာ ဝင်ရှုပ်လျှင်... သူတို့ အားလုံးကို သတ်ပစ်ဖို့လည်း သူ မုရုန်ထျန်းက ဝန်လေးနေမှာ မဟုတ်ပေ။
"ဝှစ်"
ထိုအခိုက်အတန့်တွင်၊ အဝေးရှိ ကောင်းကင်ယံအမြင့်မှ ပြင်းထန်သော အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ အဘိုးအို တစ်ဦး၏ ပုံရိပ်က သူတို့ထံသို့ လျင်မြန်စွာ ပျံသန်းလာသည်။
ထိုပုဂ္ဂိုလ်က ရွှမ်းထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း... မူထျန်းယွင်ပင်။
"နန်းကုန်း မိသားစုခေါင်းဆောင်... ဖုန်းလန်ဂိုဏ်းချုပ်... နတ်ဘုရား ဆေးလုံး သခင်ကြီး...။ သူတို့အားလုံးက ကျိုကျိုးက အင်အားကြီး ပုဂ္ဂိုလ်တွေပဲ"
ကောင်းကင်ယံအမြင့်ရှိ ထျန်းယွမ်ဘုံ အဆင့် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရသောအခါ မူထျန်းယွင်မှာ အစွမ်းကုန် အံ့ဩသွားရသည်။
"ဒါက ပေမင် ဘိုးဘေးပဲ"
ဖုန်းဝူချန်နှင့် ပေမင် ဘိုးဘေးတို့ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ၊ မူထျန်းယွင်၏ မျက်နှာအိုကြီးမှာ အလွန်အမင်း လေးနက်သွားသည်။
ကျိုကျိုးမှ မဟာအင်အားကြီး ငါးဖွဲ့အကြောင်း အနည်းငယ် နားလည်ထားပြီး၊ ကျိုကျိုးသို့လည်း သွားရောက်ဖူးသောကြောင့် မူထျန်းယွင်က ဤသို့ မှတ်ချက်ပြုလိုက်ခြင်း ဖြစ်သည်။
"မထင်ရဘူး... နိမ့်ကျလှတဲ့ ယန်ဟော်အင်ပါယာမှာတောင် ထျန်းယွမ်ဘုံ အဆင့် ပုဂ္ဂိုလ် ရှိနေသေးတာပဲ" မုရုန်ထျန်းက အေးစက်စွာ မဲ့ပြုံးလိုက်သည်။ သူ၏ အသံထဲတွင် မထီမဲ့မြင် ပြုသော လေသံများက ရှင်းလင်းစွာ ပါဝင်နေသည်။
ဤစကားကို ကြားသောအခါ၊ မူထျန်းယွင်က မုရုန်ထျန်းထံသို့ အကြည့်တစ်ချက် လွှဲလိုက်ပြီး တုံ့ပြန်လိုက်၏။
"ဟုတ်ပါတယ်။ ယန်ဟော်အင်ပါယာက ကျိုကျိုးနဲ့ နှိုင်းယှဉ်လို့ မရနိုင်တာ သဘာဝကျတာပေါ့။ ဒါပေမဲ့... ကျိုကျိုးကလည်း ကောင်းကင်ဘုံ လူသားအဆင့် ကျွမ်းကျင်သူတွေ သာမန် လမ်းသွားလမ်းလာတွေလို ဖြစ်နေတဲ့ တိုက်ကြီးနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ဒါက ကျိုကျိုးမှာ ကောင်းကင်ဘုံ လူသား အဆင့် ကျွမ်းကျင်သူတွေ ရှိတယ်လို့ ဆိုလိုတာမှ မဟုတ်တာ"
"ခင်ဗျား"
မုရုန်ထျန်းမှာ ဒေါသထွက်သွားသည်။
သာမန် ထျန်းယွမ်ဘုံ ပထမအလွှာ တစ်ယောက်ဆီမှ ဤမျှ မောက်မာသော စကား ထွက်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
‘ဒီဘိုးတော်ကတော့... ငါ့ကို လာပြီး စကားနိုင် လုနေတယ်...။ သတ္တိတွေ သိပ်ရှိနေတာပဲ’
မူထျန်းယွင်သည် ထျန်းယွမ်ဘုံ ပထမအလွှာတွင်သာ ရှိနေသော်လည်း၊ သူသည် စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပြီး၊ ပဉ္စမအဆင့် ဆေးပညာရှင် အဖြစ်သို့ ခြေချရန် အသင့် ဖြစ်နေပြီ။ သူက မုရုန်ထျန်းကို ကြောက်ရွံ့နေမည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
"ထျန်းအာ... ရိုသေစမ်း"
နန်းကုန်း မိသားစုခေါင်းဆောင်က မြေးဖြစ်သူအား ကြားဝင် ဟန့်တားလိုက်သည်။
"ဂိုဏ်းချုပ်အဘိုး မူ... တွေ့ရတာ ဝမ်းသာပါတယ်" နတ်ဘုရား ဆေးလုံး သခင်ကြီးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
မူထျန်းယွင်ကလည်း ယဉ်ကျေးစွာ လက်နှစ်ဖက်ကို ဆုပ်လျက် ပြုံးကာ ပြန်လည် နှုတ်ဆက်လိုက်သည်။ "နတ်ဘုရား ဆေးလုံး သခင်ကြီး... ဥက္ကဋ္ဌ ချူ... မဟာအကြီးအကဲ... ဖုန်းလန်ဂိုဏ်းချုပ်..."
မူထျန်းယွင်သည် တစ်ဦးချင်းစီကို ခေါင်းညိတ် အရိုအသေ ပေးလိုက်သည်။
ကျိုကျိုးမှ မဟာအင်အားစုများမှ အင်အားကြီး ပုဂ္ဂိုလ်များ
အားလုံးကလည်း ရင်းနှီးဖော်ရွေစွာ ပြန်လည် တုံ့ပြန်ကြပြီး၊ ဤ စတုတ္ထအဆင့် ဆေးပညာရှင်ကို လျှော့တွက်ရန် သတ္တိ မရှိကြပေ။
ကျိုကျိုးမှ အင်ပါယာကြီး လေးခုမှ ဆေးပညာရှင်များမှာမူ၊ မူထျန်းယွင်ကို အံ့ဩသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့ ဘာကို ထူးခြားစွာ သတိပြုမိသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။
မူထျန်းယွင် ရောက်ရှိလာပြီး မကြာမီမှာပင်၊ အင်ပါယာ၏ ပြည်နယ် အသီးသီးမှ အင်အားကြီး ပုဂ္ဂိုလ်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ရောက်ရှိလာကြသည်။
သူတို့ ကောင်းကင်ယံအမြင့်ရှိ ထျန်းယွမ်ဘုံ အဆင့် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာကို မြင်တွေ့လိုက်ရသောအခါ၊ သူတို့အားလုံးမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့အပြင် ဖုန်းဝူချန်နှင့် ပေမင် ဘိုးဘေးတို့၏ ပြင်းထန်သော တိုက်ပွဲ... ထို ကြောက်မက်ဖွယ် စွမ်းအင်များက သူတို့ကို အသက်ရှူပင် မမှန်နိုင်အောင် ဖြစ်စေသည်။
"ထျန်းယွမ်ဘုံ ဒုတိယအလွှာ။ စစ်သူကြီးချုပ်... နောက်တစ်ဆင့် တက်သွားပြန်ပြီ"
မူယွင်ရှန်း၊ ရှင်းထျန်းဖုန်းနှင့် အခြား အင်အားကြီး ပုဂ္ဂိုလ်များမှာ အလွန်အမင်း ထိတ်လန့်
တုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်မတတ် ဖြစ်နေသည်။
ဖုန်းကျိန့်ရှုံး၏ မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် မည်းမှောင်နေ၏။ရှောင်ထျန်းချန်နှင့် အခြား ရှောင်မိသားစုမှ အင်အားကြီး ပုဂ္ဂိုလ်များကို မြင်သောအခါ၊ ဖုန်းကျိန့်ရှုံးက မျက်မှောင် တင်းတင်းကြုတ်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။
'ဟွန့်... ဒီကောင်တွေလည်း ရောက်လာကြတာပဲ'
ရှောင်ချင်းချင်းသည်လည်း ရှောင်မိသားစုမှ လူများကို မြင်တွေ့လိုက်ရ၏။ သို့သော် သူမသည် ဂရုမစိုက်ဘဲ၊ သူစိမ်းတစ်ယောက်ကို ကြည့်သကဲ့သို့ တစ်ချက်သာ ကြည့်လိုက်ပြီးနောက်၊ ကောင်းကင်ယံရှိ ဖုန်းဝူချန်ထံသို့သာ ပြန်လည် လှည့်ကြည့်နေလိုက်သည်။
ပြင်းထန်သော အနီးကပ် တိုက်ပွဲကြီးမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၏။ တိုက်ခိုက်သူ နှစ်ဦးလုံးမှာ အပြန်အလှန် အကြိတ်အနယ် ရှိနေပြီး၊ ပြင်းထန်မှု မြင့်မားသော တိုက်ပွဲက အစစ်အမှန်ယွမ် စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေသည်။
တိုက်ပွဲ ဆက်လက် ကြာမြင့်လာသည်နှင့်အမျှ၊ သူတို့နှစ်ဦးလုံး၏ အသက်ရှူသံများမှာ တဖြည်းဖြည်း အားနည်းလာ၏။
သို့သော်... ဖုန်းဝူချန်သည် တဖြည်းဖြည်း အသာစီး ရလာခဲ့ပြီး၊ ပေမင် ဘိုးဘေး၏ တိုက်ခိုက်မှုများမှာ အရာမထင်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ဖုန်းဝူချန်၏ တိုက်ခိုက်မှုများက ပေမင် ဘိုးဘေးကို စတင် လွှမ်းမိုးလာသည်။
"အဘိုးကြီး... ခင်ဗျားရဲ့ တိုက်ကွက်တွေက ဒီလောက်ပဲလား" ဖုန်းဝူချန်က မထီမဲ့မြင် မေးလိုက်သည်။
နတ်ဆိုးနဂါးနတ်ဘုရား၏ ကြွယ်ဝသော အတွေ့အကြုံများကို အသုံးပြုလျက်၊ သူသည် ပေမင် ဘိုးဘေး၏ နည်းစနစ်များကို မြင်တွေ့ နားလည်သွားခဲ့ပြီ ဖြစ်သည့်အလျောက်၊ မျက်လုံးများ မှိတ်ထားသည့်တိုင် ၎င်းတို့ကို ရှောင်တိမ်းနိုင်စွမ်း ရှိနေ၏။
ပေမင် ဘိုးဘေး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေသည်။
ပြင်းထန်သော လက်ချင်းယှဉ် တိုက်ခိုက်မှုအတွင်း၊ သူ၏ တိုက်ခိုက်မှုများ မည်မျှပင် လျှို့ဝှက်ပြီး ကြမ်းတမ်းစေကာမူ၊ ဖုန်းဝူချန်က လိမ္မာပါးနပ်စွာ ရှောင်တိမ်းသွားသည်ကို သူ တွေ့ရှိလိုက်ရသည်လေ။
ဖုန်းဝူချန်က သူ၏ နောက်ထပ် လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းနိုင်နေသကဲ့သို့ အမြဲ ခံစားနေရရာ၊ ပေမင် ဘိုးဘေးမှာ အဆုတ်များ ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေမိသည်။
"ဘုန်း ..ဘုန်း"
ပေမင် ဘိုးဘေး အရေးနိမ့်သွားသည်နှင့်၊ ဖုန်းဝူချန်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ တန်ပြန် တိုက်စစ်ဆင်လိုက်သည်။ ပေမင် ဘိုးဘေး မတိုက်ခိုက်မီမှာပင်၊ ဖုန်းဝူချန်က သူ၏ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းမိပြီးဖြစ်ကာ၊ ကြိုတင် တိုက်ခိုက်လိုက်သည်။ လက်သီးချက်များမှာ တစ်ချက်ပြီး တစ်ချက်၊ မရပ်မနားနှင့်၊ အရှိန်ပြင်းပြင်းပင် ပေမင် ဘိုးဘေးအပေါ်သို့ ကျရောက်နေတော့၏။
"မဖြစ်နိုင်ဘူး"
ပေမင် ဘိုးဘေးမှာ နှလုံးသားထဲတွင် တုန်လှုပ်သွားပြီး၊ လုံးဝ ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပေ။
"ဘုန်း ..ဘုန်း"
ဖုန်းဝူချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကြောင့် ပေမင် ဘိုးဘေး၏ ခုခံကာကွယ်မှုမှာ လုံးဝ ပြိုကျသွားသည်။ သူသည် လက်သီးတစ်ချက်ကိုမျှ မတားဆီးနိုင်ခဲ့ပေ။
ကြောက်မက်ဖွယ် စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်ပြီး၊ သည်းမခံနိုင်သော နာကျင်မှုများက တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင်၊ ဖုန်းဝူချန်က သူ့ကို လွင့်စင်သွားအောင် ကန်ထုတ်လိုက်စဉ် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
"ဟူး..."
ဖုန်းဝူချန်၏ ကြမ်းတမ်းသော တန်ပြန်တိုက်စစ်ကို မြင်တွေ့ရသောအခါ၊ သူသည် တိုက်ပွဲတိုင်းတွင် ပိုမို အင်အားကြီးမားလာသကဲ့သို့၊ စောင့်ကြည့်နေသော ကျိုကျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များမှာ အံ့ဩတကြီး အသက်ရှူမှား
သွားကြသည်။
"ပေမင် ဘိုးဘေးရဲ့ နည်းစနစ်တွေကို... ဖုန်းဝူချန်က အကုန် မြင်နေရပြီ"
ဖုန်းလန်ဂိုဏ်းချုပ်မှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
'ဒါ..ဘယ်လို ပါရမီရှင်မျိုးလဲ။ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခုအတွင်းမှာ... ရန်သူရဲ့ တိုက်ကွက်တွေကို မြင်အောင် ကြည့်နိုင်တယ်'
ယခင်က သူတို့နှစ်ဦးမှာ အပြန်အလှန် အကြိတ်အနယ် ရှိခဲ့သော်လည်း၊ မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ ဖုန်းဝူချန်သည် တားဆီးမရနိုင်သော စွမ်းအား တစ်ခုကို ရရှိသွားသကဲ့သို့ တိုက်ခိုက်ခဲ့ပြီး၊ ပေမင် ဘိုးဘေးကို လုံးဝ ရှုံးနိမ့်သွားစေကာ၊ ခုခံတွန်းလှန်နိုင်စွမ်း မရှိအောင် ပြုလုပ်လိုက်၏။
ဤ ပြတ်သားသော ခြားနားမှုမှာ မယုံကြည်နိုင်လောက်စရာပင်။
"ဒါမှ ငါ ဖုန်းကျိန့်ရှုံးရဲ့ သားကွ"
ဖုန်းကျိန့်ရှုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူ၏ အသံမှာ ကျယ်လောင်လှပြီး၊ ဖုန်းမိသားစုသည် ယခင်ကကဲ့သို့ အားနည်းသော မိသားစု မဟုတ်တော့ကြောင်း ရှောင်မိသားစုကို တမင် ကြားစေလိုသည့်နှယ်။
ဖုန်းကျိန့်ရှုံး၏ ဝမ်းမြောက် ဂုဏ်ယူနေသော အမူအရာကို ကြားလိုက်ရသောအခါ၊ ရှောင်မိသားစုမှ အင်အားကြီးများမှာ ဒေါသများဖြင့် ဆူပွက်လာသော်လည်း၊ သူတို့မှာ ဒေါသထွက်ရန် သတ္တိ မရှိကြဘဲ၊ ထိုဒေါသများကိုသာ အောင့်အီး မြိုသိပ်ထားရသည်။
ရှောင်ထျန်းချန်၏ မျက်နှာမှာ ခါးသီးသော အသွင် ဖြစ်နေပြီး၊ သူ၏ မျက်နှာမှာ နောင်တများဖြင့် ပင်ပန်းနွမ်းနယ်နေသည်။
‘အ... အား...။ ငါ... ငါ ဘာလို့ ဒီလောက်တောင် အမြင်အာရုံ ဆိုးရွားခဲ့ရတာလဲ’
အကယ်၍သာ ရှောင်ထျန်းချန်သည် ထိုစဉ်က ဖုန်းဝူချန်ကို အနည်းငယ်မျှ ပိုမို အာရုံစိုက်ခဲ့မည်ဆိုလျှင်၊ ယနေ့ ဖုန်းဝူချန် ရရှိသော ဂုဏ်ကျက်သရေများမှာ ရှောင်မိသားစု ပိုင်ဆိုင်ရမည့် အရာများ ဖြစ်လာပေလိမ့်မည်။
"စစ်သူကြီးချုပ်။ စစ်သူကြီးချုပ်" အင်ပါယာမှ စစ်သည်တော်များက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဖုန်းဝူချန်သည် သူတို့ကို စိတ်ပျက်အောင် မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးပေ။ သူတို့၏ မျက်လုံးများထဲတွင်၊ ဖုန်းဝူချန် မကိုင်တွယ်နိုင်သော အစွမ်းထက် ရန်သူဟူ၍ မရှိပေ။
"ဝူး…."
ကောင်းကင်ယံအမြင့်တွင်၊ ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်လိုက်သည်။
ထိုအခါ တိုးတက်လာသော ဓားစိတ်ဆန္ဒတစ်ခု သူ၏ အတွင်းမှ ပေါက်ကွဲထွက်လာစဉ် ဝိညာဉ်များကို ဖမ်းစားနိုင်ကာ၊ ကြောက်မက်ဖွယ် ကြီးမားသော စွမ်းအားဖြင့်၊ သူ၏ တစ်ကိုယ်လုံးတွင် သွေးရောင် အလင်းတန်းများ လွှမ်းခြုံသွားသည်။
ဤ ဓားစိတ်ဆန္ဒသည် ဝင်္ကပါ ဓားသိုင်းထက်ပင် ပိုမို လွှမ်းမိုးနိုင်ပြီး ကြောက်ရွံ့ဖွယ်
ကောင်းလှသည်။
"ပိုပြီး အစွမ်းထက်တဲ့ ဓားသိုင်း"
"ဒီ... ဒီ ဓားစိတ်ဆန္ဒက... ဝိညာဉ်ကိုတောင် ဖမ်းစားနိုင်တဲ့ အရှိန်အဝါ ရှိနေတယ်"
"ဒါ..ဘယ်လို ဓားသိုင်းမျိုးလဲ"
ဤ ဓားစိတ်ဆန္ဒ၏ ဝိညာဉ်ကို ဖမ်းစားနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောအခါ၊ ကျိုကျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များမှာ ကြောက်လွန်းသဖြင့် လိပ်ပြာ လွင့်မတတ် ဖြစ်သွားကြပြီး၊ မျက်နှာများ ပြာနှမ်းသွားသည်။
ဤမျှ ဝိညာဉ်ကို ဖမ်းစားနိုင်သော ဓားစိတ်ဆန္ဒ ပိုင်ဆိုင်သည့် ကြောက်မက်ဖွယ် ဓားသိုင်းမျိုးကို သူတို့ လုံးဝ စိတ်ကူးပင် မယဉ်နိုင်ခဲ့ကြ။
သည်အဖြစ်က ဒဏ္ဍာရီလာ အင်မော်တယ် သိုင်းကျမ်းများထဲမှ တစ်ခု ဖြစ်နိုင်ပါသလော။
အဝေးရှိ ပေမင် ဘိုးဘေးမှာလည်း လန့်ဖျတ်သွားသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒမျိုးကို သူ တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ဘဲ၊ ၎င်းက သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
"ဖုန်းဝူချန်က... အခုချိန်ထိတောင် သူ့အစွမ်းကို ချန်ထားတုန်းပဲ" ပေမင် ဘိုးဘေးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
ပေမင်ကျန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း၊ ဖုန်းဝူချန်သည် သူ၏ စွမ်းအားအမှန်ကို ဖုံးကွယ်ထားခဲ့သည်။ ပေမင် ဘိုးဘေးမှာ ဖုန်းဝူချန်က ထိုသို့ ပြုလုပ်ရဲသော ယုံကြည်မှုကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို အံ့ဩနေမိသည်။
ကြောက်မက်ဖွယ် ရန်သူ တစ်ဦးနှင့် တိုက်ခိုက်နေစဉ်မှာပင် အစွမ်းကို ချန်ထားရဲခြင်းမှာ အသက်နှင့် ကစားနေသကဲ့သို့ပင်။
ထိုစဉ်၊ ဖုန်းဝူချန်သည် သူ၏ သွေးမျိုးဆက် စွမ်းအားကို အထွတ်အထိပ် နဂါးနတ်ဘုရားဓားထဲသို့ ထည့်သွင်းလိုက်ရာ၊ ဓားမှာ တုန်ခါလာသည်။
အဖျက်စွမ်းအား အရှိန်အဝါတစ်ခု လွှမ်းခြုံလာပြီး၊ အထွတ်အထိပ် နဂါးနတ်ဘုရားဓားမှ အသက်ရှူမှားလောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။
"ဝိညာဉ် ချေမှုန်း ဓားသိုင်း။ ဝိညာဉ်ချေမှုန်း နတ်ငိုသရဲအော်သံ”
နောက်ဆုံး အမိန့်ပေးသံနှင့်အတူ၊ ဖုန်းဝူချန်သည် နတ်ဘုရားဓားကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်တော့သည်။