ကျန့်လင်တောင်ကြား မျိုးတုံးပျက်စီးခြင်း
Vol. 19 Ch. 278
~ ဖုန်းဝူချန်၏ လက်သီးများမှာ ရူးသွပ်မတတ် ပစ်လွှတ်လိုက်သော ထိုးနှက်ချက်များအဖြစ် ပြောင်းလဲသွားပြီး၊ လက်သီးတစ်ချက်ချင်းစီတိုင်းတွင် ပေါက်ကွဲထွက်မတတ် စွမ်းအားများ ပါဝင်နေလေ၏။
ပေမင် ဘိုးဘေး၏ ဖောင်းကားနေသော ခန္ဓာကိုယ်မှာ ဖုန်းဝူချန်၏ လက်သီးချက်များ၏ အရှိန်အဝါအောက်တွင် ၎င်း၏ မူလ ပုံသဏ္ဌာန်သို့ ပြန်လည် ကျုံ့ဝင်သွားပြီး၊ သွေးဖြင့် ပူဇော်ခြင်း သိုင်းဝိညာဉ်မှ ရရှိထားသော စွမ်းအားများမှာလည်း လုံးဝ ကစဉ့်ကလျား ဖြစ်ကာ ပျံ့လွင့်သွားတော့သည်။
‘ဒါ..ဘယ်လို လက်သီးသိုင်းမျိုးလဲ’
ပေမင် ဘိုးဘေးမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ သွေးဖြင့် ပူဇော်ခြင်း သိုင်းဝိညာဉ်မှ စွမ်းအားများ ဤကဲ့သို့ ပျံ့လွင့်သွားနိုင်သည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။
'ငါ... ငါ့ရဲ့ အသက်နဲ့ရင်းပြီး ဖောက်ခွဲမလို့ဟာကို...။ ဒီလူ.. ဒီကောင်လေးက ဒါကိုတောင် တားဆီးနိုင်တယ်'
ပေမင် ဘိုးဘေးသည် ဧကရာဇ်မြို့တော်ကို ဖျက်ဆီးပစ်ရန်နှင့် ဖုန်းဝူချန်ကို ကြီးမားသော နာကျင်မှုများ ပေးဆပ်စေရန် သူ၏ ခန္ဓာကိုယ်ကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့သော်လည်း၊ ကံမကောင်းစွာပင်၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် လက်သီးသိုင်းက သူ၏ လှုပ်ရှားမှုကို အတင်းအဓမ္မ တန်ပြန် ချေဖျက်လိုက်သည်။
မည်သည့် လက်သီးသိုင်းပညာက ဤမျှ လွှမ်းမိုးနိုင်ပြီး ကြမ်းတမ်းနိုင်ပါသနည်း။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သွေးနဲ့ ပူဇော်ခြင်း သိုင်းဝိညာဉ်ရဲ့ စွမ်းအားတွေ... ဖုန်းဝူချန်ကြောင့် ပျံ့လွင့်သွားပြီ"
"ဘယ်လို သိုင်းပညာကြီးလဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေတယ်"
ကျိုကျိုးမှ ဒါဇင်ပေါင်းများစွာသော အင်အားကြီး ပုဂ္ဂိုလ်များမှာ ထုံထိုင်းသွားကြပြီး၊ ချွေးစေးများ ပျံလာကြသည်။ သူတို့သည် ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေကြပြီး၊ ကြည့်လေလေ ပို၍ ကြောက်ရွံ့လာလေလေ ဖြစ်သည်။
ယန်ဟော်အင်ပါယာမှ အင်အားကြီး ပုဂ္ဂိုလ်များစွာ၏ မျက်နှာများတွင်လည်း ထိတ်လန့်မှုနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။
ဖုန်းဝူချန်၏ လျှို့ဝှက်လက်နက် သိုင်းပညာများမှာ တစ်ခုထက်တစ်ခု ပိုမို ကြောက်မက်ဖွယ်ကောင်းနေသည်။ ကျိုကျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များ မဆိုထားနှင့်၊ ယန်ဟော်အင်ပါယာမှ အင်အားကြီး ပုဂ္ဂိုလ်များပင်လျှင် ဖုန်းဝူချန် ဤမျှ လွှမ်းမိုးနိုင်ပြီး ကြမ်းတမ်းသော လက်သီးသိုင်း ပုံစံမျိုးကို ပြသသည်ကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးကြပေ။
ဖုန်းဝူချန်၏ ပုံမှန်မဟုတ်သော စွမ်းအားက လူတိုင်းကို နှိုင်းယှဉ်၍ မရနိုင်လောက်အောင် တုန်လှုပ်သွားစေသည်။
သူတို့၏ တစ်ဘဝတာ ကြုံတွေ့ခဲ့ရသော တုန်လှုပ်မှုများအားလုံးကို ပေါင်းလိုက်သည့်တိုင်၊ ယနေ့ သူတို့ ခံစားလိုက်ရသော ပမာဏကို မမီနိုင်ပေ။
"စစ်သူကြီးချုပ်က... သိုင်းပညာအသစ်တွေ ကျွမ်းကျင်သွားပြန်ပြီလား"
ဟွမ်ယန်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး၊ သူ၏ မျက်နှာမှာ ဖြူဖျော့လျက် ကြောင်ငေးနေသည်။
ချီဟွမ်က သူ၏ ကြောက်ရွံ့မှုကို မျိုချလိုက်ပြီး "ဒီလောက် အစွမ်းထက်တဲ့ လက်သီးသိုင်းပညာမျိုး... တစ်ခါမှ မမြင်ဖူးဘူး။ မြေကမ္ဘာအဆင့် သိုင်းပညာထက်တောင် ပိုကြောက်ဖို့ကောင်းသလိုပဲ"
"လက်သီးသိုင်းရဲ့ အမြန်နှုန်းက အံ့မခန်းပဲ။ စွမ်းအားကလည်း လွှမ်းမိုးနိုင်လွန်းတယ်။ ဒါ မြေကမ္ဘာအဆင့် သိုင်းပညာ သေချာတယ်"
သွမ့်ထျန်းဟွမ်က အခိုင်အမာ ပြောလိုက်ကာ သူ၏ မျက်လုံးများထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
'မျက်တောင်တစ်ခတ်အတွင်းမှာ... လက်သီးပေါင်း ရာနဲ့ချီပြီး ထိုးသွင်းနိုင်တယ်...။ မင်းတို့ရော မကြောက်ဘူးလား'
"ချန်အာက... တစ်နေ့တခြား ပိုပြီး ကြောက်စရာကောင်းလာပါလား။ သူ့ဆရာက တကယ်ပဲ ဘယ်သူလဲ။ ဒီပညာတွေအားလုံးက သူ့ဆရာ သင်ပေးလိုက်တာ ဟုတ်ရော ဟုတ်ရဲ့လား"
ဖုန်းကျိန့်ရှုံးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူသည် သူ၏ သားအရင်းကိုပင် နားမလည်နိုင်တော့ကြောင်း ရုတ်တရက် သဘောပေါက်လိုက်မိ၏။
ဖုန်းဝူချန်သည် အလွန် အစွမ်းထက်နေသောကြောင့် ဖုန်းကျိန့်ရှုံးမှာ သံသယများ စတင် ဝင်လာမိသော်လည်း၊ ၎င်းကို သူ ခေါင်းထဲတွင် ကြာရှည် စဉ်းစားမနေခဲ့ပေ။
ရှေးဦး နဂါးနတ်ဘုရား လက်သီး...။
နတ်ဆိုးနဂါးနတ်ဘုရား၏ သိုင်းပညာတစ်ခု ဖြစ်ပြီး၊ ဖုန်းဝူချန်အတွက် အသစ်အဆန်း ဖြစ်နေသေးကာ၊ သူသည် ကနဦးအဆင့်သို့သာ ရောက်ရှိသေးသည်။ ကနဦးအဆင့်မျှသာ ဖြစ်သော်လည်း၊ ၎င်းက ဤမျှ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်သည်ကပင်၊ ထိုသိုင်းပညာ မည်မျှ အစွမ်းထက်ကြောင်းကို ညွှန်ပြနေသည်။
ရှေးဦး နဂါးနတ်ဘုရား လက်သီးကို ဖုန်းဝူချန်၏ သန်မာသော ရုပ်ခန္ဓာနှင့် ပေါင်းစပ်လိုက်သောအခါ၊ သဘာဝအတိုင်းပင် အားကောင်းသော စွမ်းအားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပေမင် ဘိုးဘေး၏ စွမ်းအားအားလုံး ကုန်ဆုံးသွားခဲ့၏။ သူ၏ သိုင်းဝိညာဉ်မှာ တဖြည်းဖြည်း မှေးမှိန်လာကာ၊ နောက်ဆုံးတွင်တော့ သူသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ချေသည်။
တိုက်ပွဲကြီး... ပြီးဆုံးသွားခဲ့လေပြီ။
ဧကရာဇ်မြို့တော် အောက်ဘက်တွင်၊ အောင်ပွဲခံသံများ တစ်ခဲနက် ထွက်ပေါ်လာသည်။
ဖုန်းဝူချန်က ပြုတ်ကျလာသော ပေမင် ဘိုးဘေးကို ကြည့်ရင်း၊ လေထဲတွင် လက် ဆန့်ကာ ပေမင် ဘိုးဘေး၏ ရုပ်အလောင်းကို သူ့ထံသို့ ချက်ချင်း ဆွဲငင်လိုက်၏။
"ဟွမ်ယန်၊ လွမ်ရှန်း၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကို ချက်ချင်း ဦးဆောင်ပြီး ကျိုကျိုးကို သွား။ ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ပစ်မယ်"
ထိုသို့ ဖုန်းဝူချန်က အမိန့်ပေးလိုက်သည်။ သူသည် ကျန့်လင်တောင်ကြားကို ဆက်လက် တည်ရှိခွင့် ပေးမည် မဟုတ်ပေ။
"အမိန့်အတိုင်းပါ... စစ်သူကြီးချုပ်"
သူတို့နှစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့က ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။ "ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ပစ်။ ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ပစ်"
သူတို့၏ အသံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး၊ သူတို့၏ အစွမ်းထက်သော အရှိန်အဟုန်မှာ သွေးဆူဖွယ်ရာ ကောင်းလှသည်။
"ထွက်ခွာကြမယ်" ဟွမ်ယန်က အော်ဟစ်လိုက်ပြီး၊ ကျိုကျိုးသို့ ဦးဆောင် ပျံသန်းသွားသည်။
"ဝှစ်... ဝှစ်... ဝှစ်"
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် ကောင်းကင်သို့ ပျံတက်လိုက်ပြီး၊ ကျိုကျိုးသို့ အမြန်ဆုံးနှုန်းဖြင့် ဦးတည်သွားကြတော့သည်။
စစ်သည်တော် ရာပေါင်းများစွာ ကောင်းကင်၌၊ အတူတကွ ပျံသန်းနေကြသည်မှာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်၏။ သူတို့၏ အရှိန်အဟုန်မှာ တိုးတက်လာကာ၊ အင်ပါယာ၏ အထက်တန်းလွှာ စစ်သည်တော်များ၏ စွမ်းပကား အပြည့်အစုံကို ပြသနေပေသည်။
ဖုန်းဝူချန်က ဖုန်းကျိန့်ရှုံးကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်သော အပြုံးဖြင့် ဆိုလိုက်သည်။
"ဖေဖေ၊ မေမေ။ ကျွန်တော် ကျန့်လင်တောင်ကြားကို ရှင်းလင်းပြီးတာနဲ့ ပြန်လာခဲ့ပါမယ်"
တစ်ချိန်တည်းမှာပင် သူ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။
"ချန်အာ၊ အထူး သတိထားပါ" ဖုန်းကျိန့်ရှုံးက ခေါင်းညိတ်ပြလိုက်သည်။
နောက်ထပ် စကားများများ မပြောတော့ဘဲ၊ ဖုန်းဝူချန်သည် သူ၏ အတောင်ပံများကို အရှိန်ပြင်းစွာ ခတ်လိုက်ပြီး၊ ပေမင် ဘိုးဘေး၏ အလောင်းကို ဆုပ်ကိုင်လျက် ကျိုကျိုးသို့ ထွက်ခွာသွားတော့သည်။
လင်ရှောင်ရှောင်ကလည်း သူ၏ နောက်မှ အနီးကပ် လိုက်ပါသွား၏။
"ငါတို့လည်း သွားကြမယ်"
ချီဟွမ်က အော်ဟစ်လိုက်ပြီး၊ ကောင်းကင်သို့ ဦးဆောင် ပျံတက်သွားသည်။
"ချင်းချင်း...လာ၊ သွားစို့"
လျိုချင်းယန်ကလည်း အော်ဟစ်လိုက်ပြီး၊ မြောင်ချင်းချင်းကို သူနှင့်အတူ လေထဲသို့ ခေါ်ဆောင်သွားသည်။
ထိုအခါ၊ ကျိုကျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များမှာလည်း သူတို့၏ တုန်လှုပ်မှုများမှ ပြန်လည် သတိဝင်လာပြီးနောက်၊ ကျိုကျိုးသို့ အလျင်အမြန် ပြန်လိုက်သွားကြ၏။
ရှောင်ထျန်းချန်သည် မထွက်ခွာမီ၊ သမီးဖြစ်သူ ရှောင်ချင်းချင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ တစ်စုံတစ်ခု ပြောလိုသော်လည်း၊ ရှောင်ချင်းချင်းမှာ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး၊ သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ၊ သူစိမ်း တစ်ယောက်ကဲ့သို့ လုံးဝ သဘောထားလိုက်သည်ကို တွေ့လိုက်ရသည်။
ဖုန်းချန်ယန် တစ်ဦးတည်းသာ ရှောင်ထျန်းချန်ကို အေးစက်သော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်ပြီး ခါးသီးသော အသွင်ဖြင့် ထွက်ခွာသွားသည်။
"ဒီအခြေအနေထိ ရောက်မှတော့... ပြောင်းလဲလို့ မရနိုင်တော့ပါဘူး။ သွားကြစို့"
အကြီးအကဲချုပ် ရှောင်ယွမ်ရှန်းက ခေါင်းခါလိုက်သသည်။ ပြန်လှည့်ရန် လမ်း မရှိတော့ကြောင်း သူ နားလည်လိုက်၏။
ရှောင်ထျန်းချန်မှာ နောင်တများဖြင့် ပြည့်နှက်နေပြီး၊ သူ၏ နှလုံးသားမှာ ဓားဖြင့် မွှန်းခံရသကဲ့သို့ နာကျင်နေသည်။
...
ကျန့်လင်တောင်ကြား၏ နန်းတော် အထက်တွင်၊ ပေမင် ဘိုးဘေး၏ ခန္ဓာကိုယ်မှာ ကောင်းကင်မှ ပြုတ်ကျလာပြီး၊ ကြီးမားကျယ်ပြန့်သော ရင်ပြင်တော်ပေါ်သို့ "ဝုန်း" ခနဲ ကျကာ၊ မြေပြင်ကို သွေးများဖြင့် နီရဲသွားစေသည်။
ကောင်းကင်မှ ပြုတ်ကျလာသော ခန္ဓာကိုယ်တစ်ခုက ရင်ပြင်တော်ရှိ ကျန့်လင်တောင်ကြားမှ တပည့်များကို ထိတ်လန့်သွားစေသည်။
သို့သော်... ထိုအလောင်း၏ မျက်နှာကို မြင်လိုက်ရသောအခါ၊ သူတို့မှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ပုံလဲကျသွားကြပြီး၊ သူတို့၏ ဝိညာဉ်များ လွင့်ထွက်သွားသကဲ့သို့ ဖြစ်သွားကြသည်။
"ဘိုး... ဘိုးဘေး။ ဒါ..ဘိုးဘေးပဲ"
"ဘိုးဘေး သေပြီ။ ဘိုးဘေးလည်း သေသွားပြီလား"
တပည့်များမှာ ကြောက်ရွံ့တကြား နောက်သို့ ဆုတ်ခွာသွားကြပြီး၊ သူတို့၏ မျက်နှာများမှာ သေမတတ် ဖြူဖျော့လျက်၊ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
တပည့်များစွာ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားရသောအခါ၊ နန်းတော် အသီးသီးမှ တပည့်များမှာ အလျင်အမြန် ပြေးထွက်လာကြသည်။
ကျန့်လင်တောင်ကြားမှ တပည့်များအတွက်၊ ပေမင် ဘိုးဘေး၏ သေဆုံးမှုမှာ ဒုက္ခတစ်ခုအပေါ် နောက်ထပ် ဒုက္ခတစ်ခု ထပ်ဆင့် ကျရောက်လာခြင်းပင် ဖြစ်သည်။
ပေမင်ကျန်းမှာ အသတ်ခံခဲ့ရပြီး၊ ကျန့်လင်တောင်ကြား၏ မဟာအကြီးအကဲမှာလည်း ပေမင်ကျန်း၏ အလောင်းကို ကျန့်လင်တောင်ကြားသို့ ပြန်လည် သယ်ဆောင်လာပြီး မကြာသေးမီမှာပင်၊ ပေမင် ဘိုးဘေး၏ အလောင်းက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
"ဘိုးဘေး။ ဘိုးဘေး" ကျန့်လင်တောင်ကြား၏ မဟာအကြီးအကဲက ခန်းမဆောင်ကြီးထဲမှ ပြေးထွက်လာရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ကြည့်ရတာ ကျန့်လင်တောင်ကြားက တပည့်တွေ အကုန် ပြန်ရောက်နေကြပြီ ထင်တယ်"
ဖုန်းဝူချန်၏ အေးစက်သော အသံက နန်းတော်၏ အထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဖုန်းဝူချန်"
ဝမ်းနည်းပူဆွေးမှုများဖြင့် ဖိစီးနေသော မဟာအကြီးအကဲ၏ မျက်နှာအမူအရာမှာ ကြီးစွာ ပြောင်းလဲသွားပြီး၊ ဖုန်းဝူချန်ကို မော့ကြည့်လိုက်စဉ် အလွန်အမင်း ထိတ်လန့်သွားသည်။
"ဖုန်းဝူချန်"
ကျန့်လင်တောင်ကြားမှ တပည့်များ ဤအမည်ကို ကြားလိုက်ရသောအခါ၊ သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဖုန်းဝူချန်၏ တည်ရှိမှု သက်သက်ကပင် သူတို့၏ ကျောရိုးထဲ စိမ့်တက်သွားစေရန် လုံလောက်နေသည်။
"ခင်ဗျား အသက်ရှင်နေသေးတာကို ကျုပ် မေ့တော့မလို့။ ကြည့်ရတာ ခင်ဗျားက ပေမင်ကျန်းရဲ့ အလောင်းကို ပြန်သယ်လာခဲ့ပုံပဲ"
ဖုန်းဝူချန်က အနည်းငယ် အေးစက်စွာ ပြုံးလိုက်ပြီး၊ တဖြည်းဖြည်း အောက်သို့ ဆင်းသက်လာရာ၊ ကျန့်လင်တောင်ကြားမှ တပည့်များမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွားကြ၏။
"ဝှစ် ဝှစ် ဝှစ်"
ထိုအချိန်တွင်၊ ကျန့်လင်တောင်ကြား၏ နန်းတော် အထက်မှ၊ အသံလှိုင်းများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ပုံရိပ်များ လျှပ်တပြက် ပေါ်ပေါက်လာသည်။ သူတို့၏ သံမဏိကဲ့သို့ သွေးသံရဲရဲ လူသတ်အရှိန်အဝါများက ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့မှာ ယန်ဟော်အင်ပါယာ၏ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်... ။
ယန်ဟော် အင်ပါယာ၏ အဆင့်အတန်း အမြင့်ဆုံး စစ်သည်တော်များ ဖြစ်ကြသည်။
အင်ပါယာ စစ်သည်တော် ရာပေါင်းများစွာ ဝေဟင်၌ ပျံလွှား ဝင်ရောက်လာသည်မှာ... မည်မျှ ခမ်းနားထည်ဝါသော မြင်ကွင်းပါနည်း။
ပထမတော့၊ ကျန့်လင်တောင်ကြားမှ တပည့်များမှာ ထျန်းယွမ်ဘုံ အဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာ ရောက်ရှိလာသည်ဟု ထင်မှတ်ပြီး၊ ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားကြသည်။
ကျန့်လင်တောင်ကြားမှ တပည့်များကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး၊ ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ကြေညာလိုက်သည်။
"ကျန့်လင်တောင်ကြားက လူ... တစ်ယောက်မကျန်... သေရမယ်"
"ဖုန်းဝူချန်... မင်း ဘိုးဘေးကို သတ်တယ်... ပေမင်ခုံကို သတ်တယ်... ငါတို့ရဲ့ တောင်ကြားသခင်ကို သတ်တယ်... ဒါတောင် မလုံလောက်သေးဘူးလား။ မင်း... ငါတို့အားလုံးကို တကယ် မျိုးဖြုတ်ပစ်မလို့လား"
မဟာအကြီးအကဲက မည်းမှောင်သော မျက်နှာဖြင့် မေးလိုက်သည်။
မဟာအကြီးအကဲမှာ အားနည်းသူ မဟုတ်သော်လည်း၊ ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကြောင့် အစောပိုင်းကတည်းက ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး၊ ဖုန်းဝူချန်ကို ရင်ဆိုင် တိုက်ခိုက်နိုင်သည့် အခြေအနေတွင် မရှိတော့ပေ။
"သတ်... တစ်ယောက်မှ မချန်နဲ့"ဟူ ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက် တော့သည်။
သူ၏ ခန္ဓာကိုယ်မှာလည်း လျှပ်တပြက် ရွေ့လျားသွားပြီး၊ မဟာအကြီးအကဲ၏ ဦးခေါင်းကို တိုက်ရိုက် ဆွဲလှည့် လိမ်ချိုးလိုက်သည်။ သူ၏ နည်းလမ်းများမှာ ရက်စက်လွန်းပြီး သွေးဆာကာ ခံစားချက် ကင်းမဲ့လှသည်။
" ညီအစ်ကိုတို့၊ သတ်ကြ"
ဟွမ်ယန်နှင့် လွမ်ရှန်းတို့က ကြွေးကြော်လိုက်ကြပြီး၊ စစ်သည်တော် ရာပေါင်းများစွာမှာ သူတို့၏ အစစ်အမှန်ယွမ် စွမ်းအင်များကို နှိုးဆွကာ၊ ရူးသွပ်မတတ် အောက်သို့ ထိုးဆင်းသွားကြသည်။
အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီး... စတင်ခဲ့လေပြီ။
"စစ်သား ရာဂဏန်းလောက်နဲ့ ကျန့်လင်တောင်ကြားကို မျိုးဖြုတ်နိုင်မယ် ထင်နေတာလား။ ညီအစ်ကိုတို့... သူတို့နဲ့ အသေသာ တိုက်ကြ"
ယွမ်တန်ဘုံ နဝမအလွှာရှိ စီနီယာ တပည့်တစ်ဦးက မာန်သွင်းလိုက်သည်။
သို့သော်၊ သူ့အား တုံ့ပြန်သော တပည့်မှာ အလွန် နည်းပါးလှသည်။ သူတို့သည် ခုခံရန် သတ္တိ မရှိကြပေ။ သူတို့သည် ကျန့်လင်တောင်ကြားမှ ထွက်ပြေးရန်သာ ဆန္ဒရှိနေကြသည်။
"ဝှစ်"
ထိုစီနီယာ တပည့်ကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး၊ ဖုန်းဝူချန်သည် သူ၏ ရှေ့မှောက်သို့ ချက်ချင်း ပေါ်ပေါက်လာလေ၏။ ထိုတပည့်မှာ အလွန် ထိတ်လန့်သွားပြီး၊ သူ၏ တစ်ကိုယ်လုံးမှာ ရေခဲတိုက်ထဲသို့ ကျသွားသကဲ့သို့ တောင့်တင်းသွားသည်။
"မင်းက ဘာနဲ့ တိုက်မှာလဲ" ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
"အုန်း"
ကြောက်ရွံ့မှုကြောင့် ကျောက်ရုပ်ဖြစ်နေသော ထိုတပည့်မှာ စကားတစ်ခွန်းမျှ မပြောနိုင်ပေ။
ထိုအခိုက်၊ ဖုန်းဝူချန်က လက်သီးတစ်ချက်ကို ပေါ့ပေါ့ပါးပါး ပစ်သွင်းလိုက်ရာ၊ ခွပ်ခနဲအသံနှင့်အတူ ထိုစီနီယာ တပည့်မှာ တစ်ချက်တည်းဖြင့် အသက်မရှိတော့ချေ။
"ဝှစ် ဝှစ် ဝှစ်"
စစ်သည်တော်များမှာ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း နည်းပညာများကို အသုံးပြုကာ၊ ရူးသွပ်မတတ် သတ်ဖြတ်ပွဲကြီးကို စတင်လိုက်ကြသည်။ သူတို့မှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည်။
သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ ကျန့်လင်တောင်ကြားမှ တပည့်များ အစုလိုက်အပြုံလိုက် ကြောက်မက်ဖွယ် သေဆုံးမှုများဖြင့် ကြုံတွေ့ကြရသည်။
ထူးဆန်း အံ့ဩဖွယ်ကောင်းသော ကိုယ်ဖော့သိုင်းပညာ နည်းလမ်းများက ကျန့်လင်တောင်ကြားမှ တပည့်များကို အကူအညီမဲ့ သွားစေပြီး၊ ဘာမှ မသိလိုက်ရဘဲ၊ ရန်သူ၏ တည်နေရာကိုပင် မခွဲခြားနိုင်မီမှာပင် အသတ်ခံလိုက်ကြရသည်။
ကျန့်လင်တောင်ကြားမှ တပည့်များမှာ ထိတ်လန့်တကြားဖြင့် အသက်လု ထွက်ပြေးကြပြီး၊ သူတို့၏ အော်ဟစ်သံများမှာ မရပ်မနား ထွက်ပေါ်နေသည်။
" နတ်ဆိုးပဲ... နတ်ဆိုး"
"ဖုန်းဝူချန်... မင်း အသေမကောင်းစေရဘူး"
"မင်းအဖေ အဖမ်းခံရတာ ငါတို့နဲ့ ဘာမှမဆိုင်ဘူး... ခြေထောက်အချိုးခံရတာလည်း ငါတို့နဲ့ မဆိုင်ဘူး။ ဖုန်းဝူချန်... မင်း အပြစ်မဲ့သူတွေကို သတ်နေတာ"
ကျန့်လင်တောင်ကြားမှ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက် လေသည်။
"ကျန့်လင်တောင်ကြားက လူ ဖြစ်သရွေ့... အကုန် သေရမယ်"
ကျန့်လင်တောင်ကြားမှ တပည့်များအပေါ် သူက သနားစာနာမှု တစ်စက်မျှ မရှိပေ။
ရန်သူများကို ရင်ဆိုင်ရာတွင်၊ သူတို့ကို အမြစ်ပြတ် ချေမှုန်းရမည်။
မိနစ်အနည်းငယ်အတွင်းမှာပင်၊ ကျန့်လင်တောင်ကြားမှ တပည့် ထောင်ပေါင်းများစွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရပြီး၊ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေကာ၊ သွေးချောင်းစီးလျက် ရှိသည်။ ထို သွေးညှီနံ့မှာ အလွန် ပြင်းထန်သဖြင့် လူများကို အော့အန်ချင်စိတ် ပေါက်သွားစေသည်။
ချီဟွမ်နှင့် လျိုချင်းယန်တို့၏ မျက်လုံးများမှာ သတ်ဖြတ်မှုကြောင့် နီရဲနေပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ ကျန့်လင်တောင်ကြားမှ တပည့်များ၏ သွေးများဖြင့် ပက်ဖျန်းခံထားရကာ၊ သွေးစိမ်ထားသော ပုံရိပ်များ ဖြစ်နေလေ၏။
ကျန့်လင်တောင်ကြားရှိ သေဆုံးသူ အရေအတွက်မှာ အရှိန်အဟုန်ဖြင့် တိုးပွားလာနေပြီး၊ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့မှာ သတ်ဖြတ်ရေး စက်ယန္တရားများလို... ကြမ်းတမ်းသော ဝံပုလွေ အုပ်စုကြီး တစ်စုလိုပင်။
နာရီဝက်မျှ အချိန်အတွင်းမှာပင်၊ ကျန့်လင်တောင်ကြားမှ တပည့် နှစ်သောင်းနီးပါးမှာ အားလုံး အသတ်ခံလိုက်ရပြီး၊ အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
ကျန့်လင်တောင်ကြား တစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နှက်နေပြီး၊ ခမ်းနားထည်ဝါသော နန်းတော်များအားလုံးမှာလည်း ပျက်စီးသွားခဲ့၏။
ကျန့်လင်တောင်ကြား... လုံးဝ ရှင်းလင်း သုတ်သင်ခံလိုက်ရလေပြီ။
ဖုန်းဝူချန်က တပ်ဖွဲ့နှစ်ခုကို ဦးဆောင် ထွက်ခွာသွားလေသည်။
ထို့နောက်၊ ကျန့်လင်တောင်ကြားမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘဲ သေမတတ် တိတ်ဆိတ်သွားပြီး၊ သွေးနံ့များသာ ထူထပ်စွာ ကျန်ရစ်ခဲ့လေ၏။
ကျန့်လင်တောင်ကြား အတွင်းရှိ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းများမှာ ကြည့်ရှုရန် မခံနိုင်လောက်အောင် ဖြစ်ပြီး၊ ကြည့်ရှုရန် အလွန်တရာ ထိတ်လန့်စရာ ကောင်းလှသည်။
တပည့်များ၏ သွေးများက ကျန့်လင်တောင်ကြား တစ်ခုလုံးကို နီရဲသွားစေသည်။
တပည့်များ၏ သွေးများက ကျန့်လင်တောင်ကြား၏ နေရာတိုင်းကို ဆိုးဆေးတင်လိုက်သည့် တခဏမှာပင်၊ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ဧရာမ သွေးရောင် အခင်းအကျင်းကြီးတစ်ခု နန်းတော်၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာပြီး၊ ၎င်း၏ သွေးရောင်အလင်းမှာ မှိန်ဖျော့နေကာ အလွန်တရာ ထူးဆန်း အစိမ်းသက်နေသည်။
အကယ်၍ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သာ ထိုနေရာတွင် ရှိနေခဲ့ပါက၊ သူတို့မှာ ကြောက်လန့်မှုကြောင့် ဧကန်မလွဲ မေ့မျောသွားပေလိမ့်မည်။
အခင်းအကျင်းကြီးသည် တပည့်များ၏ သွေးများကို ရူးသွပ်မတတ် စုပ်ယူနေပြီး၊ ၎င်း၏ သွေးရောင်အလင်းမှာ ပိုမို တောက်ပလာကာ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖွဲ့တည်လာသည်။
နောက်တစ်ခဏတွင်၊ ကြီးမားလှသော သွေးစွမ်းအင် ပမာဏက ဧရာမ အခင်းအကျင်းကြီး၏ ဗဟိုချက်သို့ စုစည်းသွားသည်။
သွေးစွမ်းအင်များ စုစည်းလာသည်နှင့်အမျှ၊ မှိန်ဖျော့သော ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ဤ ပုံရိပ်မှာ မစိမ်းလှသော ပုံရိပ်တစ်ခု ဖြစ်သည်။
ထို မှိန်ဖျော့သော ပုံရိပ်မှာ ဖြည်းညင်းစွာ ခေါင်းမော့လာပြီး၊ သူ၏ မျက်လုံးများတွင် သွေးရောင်အလင်းများ ဖြတ်ပြေးသွားသည်။ သူကား... ယခင် ဖုန်းဝူချန် သတ်ဖြတ်ခဲ့သော... ပေမင်ခုံ။
အခင်းအကျင်း၏ ဗဟိုတွင် ပေါ်ပေါက်လာသော မှိန်ဖျော့သော ပုံရိပ်မှာ အမှန်တကယ်ပင် ပေမင်ခုံ ဖြစ်သည်။
မှန်ပေသည်။ ၎င်းမှာ ပေမင်ခုံ၏ ဝိညာဉ်ခန္ဓာ အမှန်ပင် ဖြစ်သည်။
တစ္ဆေ ပုံရိပ်ယောင် ပေမင်ခုံသည် သူ၏ လက်များကို ပြင်းထန်စွာ ပူးယှက်လိုက်ပြီး၊ မန္တန် ရေရွတ်လိုက်သည်။
"ဝိညာဉ် တစ်ထောင် မြှုပ်နှံခြင်း”
နောက်တစ်စက္ကန့်တွင်၊ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ဧရာမ အခင်းအကျင်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး၊ သွေးများမှာ ပင်လယ်ကြီးတစ်ခုအလား လှိုင်းထလာသည်။ ကျန့်လင်တောင်ကြားမှ အသက်ပျောက်သွားသော တပည့်များ၏ ဝိညာဉ်များအားလုံးမှာ... အခင်းအကျင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။