ကျိုကျိုးအား တုန်လှုပ်စေခြင်း
Vol. 20 Ch. 286
~"နန်းကုန်းကျင်း သေပြီတဲ့"
"ရှူး။ ဟေ့လူ၊ တိုးတိုးပြောစမ်းပါ။ ဟုတ်တယ်။ ကျုပ် ကြားတာလည်း လုံးဝ အမှန်ပဲ။ ဖုန်းဝူချန် သတ်လိုက်တာလို့ ပြောနေကြတယ်ဗျ"
"ဖုန်းဝူချန် ဟုတ်လား။ သူ တော်တော် မောက်မာလွန်းတာပဲ။ နန်းကုန်းကျင်းကိုတောင် သတ်ရဲတယ်"
"ဘာ...။ ဖုန်းဝူချန်က နန်းကုန်းကျင်းကို သတ်လိုက်တယ် ဟုတ်လား"
နန်းကုန်းကျင်း သေဆုံးသွားသည့် သတင်းသည် စတင် သတင်းပျံ့နေခဲ့ပြီး ဖြစ်၏။
တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်... ထိုသတင်းကို လက်ခံရရှိလိုက်သည့် ကျင့်ကြံသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ တစ်ညတာအတွင်းမှာပင် ထိုသတင်းသည် ကပ်ရောဂါတစ်ခုပမာ ကျိုကျိုးတစ်ခွင်လုံးသို့ တိုက်စားသွားခဲ့လေသည်။
ကျိုကျိုးမှ ကျင့်ကြံသူများသည် ဖုန်းဝူချန်တွင် ဤမျှလောက်သော သတ္တိ ရှိနေလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ကြပေ။ သူသည် နန်းကုန်းမိသားစုကို ရန်သူအဖြစ် ပြုလုပ်ရဲလိမ့်မည်ဟု သူတို့ ပို၍ပင် မယုံနိုင်ခဲ့ကြပါ။
—------
ကျိုကျိုး လေလံရုံ အဆောက်အအုံ။
ချူချန်ခုံးနှင့် လေလံရုံမှ အခြား အဆင့်မြင့် အဖွဲ့ဝင်များသည် ယမန်နေ့က ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ အကူအညီကြောင့် ပျော်ရွှင်နေခဲ့ကြ၏။ သို့သော် ယနေ့ ဖုန်းဝူချန်က နန်းကုန်းကျင်းကို သတ်လိုက်ကြောင်း သိလိုက်ရသောအခါ သူတို့၏ မျက်မှောင်များ ကြုတ်သွားကြတော့သည်။
အကယ်၍ ချူချန်ခုံးနှင့် အခြားသူများက သူတို့၏ မီးအဆိပ်ကို အပြီးတိုင် ကုသလိုပါလျှင်၊ သူတို့သည် ဖုန်းဝူချန်၏ ခွင့်လွှတ်မှုကို ရယူရပေမည်။ သို့မဟုတ်ပါက သူတို့အတွင်းမှ မီးအဆိပ်ကို ကုသနိုင်မည် မဟုတ်ချေ။ မီးအဆိပ်သာ မကုသနိုင်ခဲ့လျှင်၊ သူတို့သည် ၎င်း၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက် ခံစားနေကြရပေလိမ့်မည်။
သို့သော်လည်း၊ ဤအရာက ချူချန်ခုံးနှင့် သူ၏ အဖွဲ့သည် နန်းကုန်းမိသားစုကို ရန်သူ ပြုလုပ်ရမည်ဟု အဓိပ္ပာယ် သက်ရောက်နေ၏။ နန်းကုန်းမိသားစု၏ အင်အားမှာ စွမ်းအားကြီးမားလှသည်။ ၎င်းသည် ကျန့်လင်တောင်ကြားနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
တစ်ဖက်တွင် လုံးဝ မပြစ်မှားရဲသော ဖုန်းဝူချန် ရှိနေပြီး၊ အခြားတစ်ဖက်တွင်မူ ကျိုကျိုးမှ ဧရာမ အင်အားစုကြီးဖြစ်သည့် နန်းကုန်းမိသားစု ရှိနေသည်။ လေလံရုံသည် သူတို့နှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
လေလံရုံ အဆောက်အအုံသည် နှစ်ဖက်စလုံးကို မပြစ်မှားလိုသော်လည်း၊ ဆုံးဖြတ်ချက် တစ်ခုကိုတော့ ချမှတ်ရပေတော့မည်။
လေလံရုံ၏ ခန်းမကြီးတစ်ခုလုံးတွင် လေးလံသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။
"မိတ်ဆွေတို့... ဒီကိစ္စကို ၏ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ သဘောထားတွေကို ကျေးဇူးပြုပြီး ပြောပြကြပါ"
ချူချန်ခုံးက ခေါင်းခါလိုက်ရင်း ခန်းမကြီး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကျွန်တော်ကတော့ ဆေး ဧကရာဇ် ဘက်က ရပ်တည်ဖို့ ရွေးချယ်တယ်"
ကျောက်ယွင်ချန်က တုံ့ဆိုင်းမှု တစ်စုံတစ်ရာမရှိဘဲ ပထမဆုံး သူ၏ ရပ်တည်ချက်ကို ကြေညာလိုက်သည်။
"ကျွန်တော်လည်း ဒီအတိုင်းပဲ"
"ကျွန်တော်... ကျွန်တော်လည်း ဆေး ဧကရာဇ်ကိုပဲ ရွေးမယ်။ ကျွန်တော် မီးအဆိပ်ဒဏ်ကို ဒီထက်ပိုပြီး မခံစားချင်တော့ဘူး"
"ဒါပေါ့။ မီးအဆိပ်ရဲ့ ညှဉ်းပန်းမှုက သေတာထက်တောင် ဆိုးတယ်။ ကျွန်တော် ဆေး ဧကရာဇ်ကိုပဲ ရွေးမယ်"
ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများက တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ရပ်တည်ချက်ကို ဖော်ပြကြ၏။ သူတို့အားလုံးသည် ကြာမြင့်စွာကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ကြပုံရပြီး၊ တုံ့ဆိုင်းမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
မီးအဆိပ်မှ ခံစားရသော ဝေဒနာသည် သူတို့အတွက် မခံမရပ်နိုင် ဖြစ်နေခဲ့လေပြီ။ ယခု ၎င်းကို ကုသပေးနိုင်သူ တစ်ယောက် ပေါ်လာချိန်တွင်၊ သူတို့သည် မီးအဆိပ်ကို ကုသရန်အတွက် နန်းကုန်းမိသားစုနှင့် ရန်သူဖြစ်ရမည်ကိုပင် ပို၍ ရွေးချယ်လိုက်ကြသည်။
အကယ်၍ မီးအဆိပ်ကို မကုသနိုင်ခဲ့ပါက၊ သူတို့၏ ကျင့်ကြံခြင်း အဆင့်များသည် တိုးတက်ရန် ခက်ခဲသွားမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် မီးအဆိပ် ပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးကြရပေလိမ့်မည်။
ဖုန်းဝူချန်ကို အာခံခြင်းသည် သေချာသော သေခြင်းကို ဆိုလိုသည်။ နန်းကုန်းမိသားစုကို ဆန့်ကျင်ခြင်းကမူ သေလမ်းတစ်ခုဟု တထစ်ချ ဆို၍မရသေးပေ။
ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ၏ ရပ်တည်ချက်သည် ထူးခြားပြီး၊ ကြီးစိုးသော စည်းရုံးနိုင်စွမ်း ရှိကြသည်။ ထို့အပြင် လေလံရုံ အဆောက်အအုံတွင် ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ အုပ်စုလိုက် ရှိနေသေး၏။ သူတို့သည် နန်းကုန်းမိသားစုကို ကြောက်ရွံ့နေရန် မလိုအပ်ဘဲ၊ အသည်းအသန် ဖြစ်လာပါက သေသည်အထိ ပြန်လည် တိုက်ခိုက်နိုင်သေးသည်။
"ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့... ကျုပ်တို့ ယန်ဟော်အင်ပါယာကို ချက်ချင်း ထွက်ခွာကြတာပေါ့"
နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်က ဖြည်းညင်းစွာ ပြောလိုက်၏။ သူသည် ဖုန်းဝူချန်နှင့် ရန်သူဖြစ်ရန် တစ်ခါမျှ အတွေး မရှိပါချေ။ ဆေး ဧကရာဇ် ဘုံ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ ကောင်းကောင်းကြီး သိရှိထားလေသည်။
...
ရှီဝမ်ဂိုဏ်း၏ ပင်မခန်းမဆောင်။
"ဒီကောင်လေး ဖုန်းဝူချန်ကတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ။ နန်းကုန်းမိသားစုရဲ့ ပါရမီရှင်ကိုတောင် သတ်ရဲတယ်"
ဂိုဏ်းချုပ် ရှီဟွမ်က ဆိုလိုက်သည်။ ထိုသတင်းကို ကြားသောအခါ သူ၏ အဘိုးကြီး မျက်နှာပေါ်တွင် တုန်လှုပ်မှုတစ်ခု ပေါ်လာ၏။
နန်းကုန်းကျင်းသည် အသက် ဆယ့်ကိုးနှစ်သာ ရှိသေးပြီး၊ သူ၏ ကျင့်ကြံမှုမှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် နန်းကုန်းမိသားစု အတွင်းမှ ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်၏။
ထို့အပြင် နန်းကုန်းကျင်းသည် နန်းကုန်းမိသားစု၏ မဟာအကြီးအကဲ၏ တိုက်ရိုက် ဆင်းသက်သော မြေး ဖြစ်သည်။ ဖုန်းဝူချန် သူ့ကို သတ်လိုက်ခြင်းသည် သံသယရှိစရာမလိုဘဲ မိမိကိုယ်တိုင် သေလမ်းရှာခြင်းပင် ဖြစ်၏။
"ဟုတ်ပါရဲ့။ ဖုန်းဝူချန်မှာ မောက်မာဖို့ အရင်းအနှီး ရှိနေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နန်းကုန်းလီလို ရက်စက်တဲ့ ဝံပုလွေတစ်ကောင်ကို ရန်စလိုက်တာကတော့... နည်းနည်း မိုက်မဲရာ ကျသွားပုံပဲ"
မဟာအကြီးအကဲက ခေါင်းခါလိုက်သည်။
"ကျွန်တော်တော့ ဖုန်းဝူချန်ကို မိုက်မဲတယ်လို့ မထင်ဘူး။ ဖုန်းဝူချန်က နန်းကုန်းကျင်းကို သတ်ရဲတယ်ဆိုရင်... ဒါက သူ နန်းကုန်းမိသားစုနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကျင့်ကြံ စွမ်းအား ရှိနေတယ်ဆိုတာကိုလည်း သွယ်ဝိုက်ပြီး ဆိုလိုနေတာ မဟုတ်ဘူးလား"
ဟူ၍ ဂိုဏ်းချုပ်လေးက လေးနက်စွာ သုံးသပ်လာသည်။
"ဖုန်းဝူချန်မှာ အဲ့ဒီ အရည်အချင်း မရှိသေးဘူး"
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ အနက်ရောင် ဝတ်ရုံရှည်နှင့် ပုံရိပ်တစ်ခုက အခန်းထဲသို့ လျှပ်တပြက် ပေါ်ထွက်လာသည်။
“တောင်ကြားသခင်လေး ကိုယ်တိုင် ကြွလာတာပဲဗျ”
ဂိုဏ်းချုပ် ရှီဟွမ်က ထိုသို့ နှုတ်ဆက်ကာ ငါးခူပြုံးလေး ပြုံးလိုက်ရာ၊ လူတိုင်း၏ အကြည့်များက ထိုသူ့ထံသို့ ကျရောက်သွားသည်။
အနက်ရောင် ဝတ်ရုံရှည်နှင့် ထိုလူမှာ ပေမင်ခုံ ဖြစ်လေသည်။
မဟာအကြီးအကဲက ခပ်ပြုံးပြုံးနှင့် "ကြည့်ရတာ တောင်ကြားသခင်လေးက ကျွန်တော်တို့ထက် ပိုသိထားပုံရတယ်"
ဟု မှတ်ချက်ပြုလိုက်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်က ဖုန်းဝူချန် လက်ထဲမှာ မရှိတော့ဘူး။ ခင်ဗျားတို့ သူ့ကို ဘာလို့ ကြောက်နေသေးတာလဲ"
ပေမင်ခုံက ခပ်ပေါ့ပေါ့ ဆက်ပြောလိုက်သည်။
"ဂိုဏ်းချုပ် ရှီဟွမ်အတွက် သတင်းကောင်းတစ်ခုလည်း ကျွန်တော် ပါးလိုက်ပါသေးတယ်"
ထိုစကားများကြောင့် ရှီဝမ်ဂိုဏ်းမှ လူများ အနည်းငယ် ကြောင်သွားကြသည်။
ကိုးထပ် ချန်ခွန်း မျှော်စင်က ဖုန်းဝူချန်ထံတွင် မရှိတော့ဘူး ဟုတ်လား။
"သတင်းကောင်း ဟုတ်လား။ တောင်ကြားသခင်လေး... ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါဦး"
မဟာအကြီးအကဲက စူးစမ်းစွာ ဆိုလိုက်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်ကို မုရုန်ထျန်းက လုယူသွားပြီ။ ဆိုလိုတာက... အဲ့ဒါ အခု နန်းကုန်းမိသားစု လက်ထဲမှာ ရောက်နေပြီ"
ပေမင်ခုံက ပြောလိုက်သည်။
"နန်းကုန်းမိသားစု လက်ထဲမှာ ဟုတ်လား"
ရှီဟွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒီလိုဆိုရင်... နန်းကုန်းလီက ကိုးထပ် ချန်ခွန်း မျှော်စင်ပေါ်က ဝိညာဉ်တံဆိပ်ကို ဖျက်လိုက်တာနဲ့... ဒီအဘိုးကြီးကို ဘယ်သူမှ ရင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူးလေ။ ပြီးတော့ ဖုန်းဝူချန်က သေလူတစ်ယောက် ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ် သတင်းကောင်း ဖြစ်ရမှာလဲ"
ဂိုဏ်းချုပ် ရှီဟွမ်သည် အနည်းငယ် ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။
"ဒါက သတင်းကောင်းရဲ့ အပိုင်းတစ်ပိုင်းပဲ ရှိသေးတယ်။ ကိုးထပ် ချန်ခွန်း မျှော်စင် မရှိတော့ဘဲနဲ့... ဖုန်းဝူချန်ရဲ့ ကျင့်ကြံ စွမ်းအား က အကောင်းဆုံးမှ ထျန်းယွမ်ဘုံ စတုတ္ထအလွှာ အထွတ်အထိပ်ပဲ"
ပေမင်ခုံက သူ၏ လက်ညှိုးကို ထောင်ပြလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မောက်မာမှု အနည်းငယ် ပေါ်လာသည်။
"မုရုန်ထျန်းက စတုတ္ထအလွှာမှာပဲ ရှိတာ။ သူ ဖုန်းဝူချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ သူ ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မင်း လိမ်နေတာ"
ဂိုဏ်းချုပ်လေး ရှီထျန်းက ပေမင်ခုံကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ်လေး ရှီထျန်း... ကျေးဇူးပြုပြီး ကျွန်တော် စကားဆုံးအောင် အရင်ပြောခွင့်ပြုပါ... ပြီးမှ ဝင်ပြောပါ"
ပေမင်ခုံက ရှီထျန်းကို ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
ရှီထျန်း၏ မျက်နှာသည် ချက်ချင်း ရေခဲတမျှ အေးစက်သွားပြီး၊ သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရှီထျန်း၏ အကြည့်ကို လျစ်လျူရှုရင်း ပေမင်ခုံက ဆက်ပြောသည်။
"မုရုန်ထျန်း ကိုးထပ် ချန်ခွန်း မျှော်စင်ကို မလုယူခင်မှာ... ဖုန်းဝူချန်က လိန်ချင်းဖုန်းနဲ့ တိုက်ခိုက်နေခဲ့တာ။ နှစ်ယောက်လုံးက အင်အားတူညီပြီး ဒဏ်ရာရသွားကြတယ်။ အဲ့ဒီအချိန်မှာမှ မုရုန်ထျန်းက အခွင့်အရေး ယူလိုက်တာ... ပြီးတော့... အဲ့ဒီအချိန်မှာပဲ နန်းကုန်းကျင်းက ဖုန်းဝူချန်ဘေးက လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လက်ချက်နဲ့ အသတ်ခံလိုက်ရတာပဲ"
"ဒါပေါ့... အဲ့ဒီ အသေးစိတ်တွေက အရေးမကြီးပါဘူး။ အရေးကြီးတာက လိန်ချင်းဖုန်း အဲ့ဒီနေရာမှာ ရှိနေခဲ့တယ် ဆိုတာပဲ။ တစ်နည်းပြောရရင်... နန်းကုန်းကျင်း သေဆုံးမှုက လိန်ချင်းဖုန်းနဲ့လည်း လွတ်ကင်းလို့ မရဘူး။ ဒီသတင်းသာ ပျံ့သွားရင်... တော်တော်လေး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်၊ ဟီးဟီး"
ပေမင်ခုံက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
"လိန်ချင်းဖုန်းနဲ့ ဖုန်းဝူချန်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြတယ် ဟုတ်လား"
"နှစ်ယောက်လုံး ဒဏ်ရာရသွားတယ် ဟုတ်လား။ ဖုန်းဝူချန်က လိန်ချင်းဖုန်းနဲ့ အမှန်တကယ် ယှဉ်တိုက်နိုင်ခဲ့တယ်လား"
ရှီဝမ်ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များအားလုံး တုန်လှုပ်သွားပြီး စကားမဆိုနိုင် ဖြစ်သွားကြသည်။
ဂိုဏ်းချုပ် ရှီဟွမ်က မျက်မှောင်ကြုတ်ရင်း
"လူကို သတ်တာက လိန်ချင်းဖုန်း မဟုတ်ဘူး။ ပြီးတော့ ဒါက လိန်ချင်းဖုန်းနဲ့ ပတ်သက်နေတယ် ဆိုရင်တောင်မှ... နန်းကုန်းမိသားစုက ဖုန်းဝူချန်ကိုပဲ အဓိက ပစ်မှတ်ထားမှာပဲ"
"သတင်းကို ဖြန့်ဝေမယ့်သူက ကျွန်တော်ပဲလေ... ကျွန်တော် ကြိုက်သလို ပြောလို့ရတာပဲ။ သတင်းက ပျံ့သွားတာနဲ့... နန်းကုန်းမိသားစုက ဒီအရှက်တရားကို မျိုချထားနိုင်ပါ့မလား။ အဲ့ဒီအချိန်ကျရင်... ရှီဝမ်ဂိုဏ်းက အကျိုးအမြတ် ခံစားရမယ့်သူ ဖြစ်လာမှာပေါ့" ဟု ပေမင်ခုံက ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များက အန္တရာယ်ရှိသော အကွေးအဝိုက်တစ်ခုအဖြစ် ကွေးတက်သွားသည်။
ဤစကားကို ကြားသောအခါ၊ ဂိုဏ်းချုပ် ရှီဟွမ်၏ နက်ရှိုင်းစွာ ကြုတ်ထားသော မျက်မှောင်များမှာ နောက်ဆုံးတွင် ပြေလျော့သွား၏။
"နန်းကုန်းမိသားစုသာ ဒီတိုက်ခိုက်မှုကို မျိုချနိုင်ခဲ့ရင်... သူတို့ နန်းကုန်းမိသားစု ဖြစ်လာမှာ မဟုတ်ဘူးပေါ့"
ဂိုဏ်းချုပ် ရှီဟွမ်က ကျေနပ်စွာ ရယ်မောရင်း ဆိုလိုက်သည်။
"တောင်ကြားသခင်လေးက တကယ် ဉာဏ်ပညာ ကြီးမားပါပေတယ်။ ဒါက တကယ်ပဲ သတင်းကောင်းပါပဲ"
စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ဂိုဏ်းချုပ် ရှီဟွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒါပေမဲ့ နန်းကုန်းမိသားစုက ဖုန်းဝူချန်ကို အရင် သတ်မှာ မဟုတ်ဘူးလို့ မင်း ဘယ်လို သေချာနိုင်မှာလဲ။ မင်း သိထားသင့်တယ်... ဖုန်းဝူချန် မရှိဘဲနဲ့... မင်း ဒီဂိုဏ်းကို တောင်းဆိုထားတဲ့ ကိစ္စက ပြီးမြောက်မှာ မဟုတ်ဘူး"
"ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဂိုဏ်းချုပ် ရှီဟွမ် ကျွန်တော့်ကို သတိပေးစရာ မလိုပါဘူး။ နှုတ်ဆက်ပါတယ်"
ပေမင်ခုံက အရာအားလုံး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ပေမင်ခုံသည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်နှင့်၊
" တောက်၊ ပေမင်ခုံ ငါတို့ကို လုံးဝ အလေးမထားတာပဲ"
ရှီထျန်းက အေးစက်စွာ ပြောလိုက်ခြင်းပါ။
အကြီးအကဲက ခေါင်းခါလိုက်သည်။
"ပေမင်ခုံရဲ့ မောက်မာမှုက ကြာကြာ ခံမှာ မဟုတ်ပါဘူး"
ဂိုဏ်းချုပ် ရှီဟွမ်က လက်ကာပြလိုက်ပြီး ၊
"ဂရုစိုက်နေစရာ မလိုဘူး။ သူ့မှာ ဒီယုံကြည်မှု ရှိနေတယ်ဆိုရင်... ငါတို့က တံငါသည်ရဲ့ အကျိုးအမြတ်ကိုပဲ ခံစားကြတာပေါ့... သူ့ရဲ့ သတင်းကောင်းကို စောင့်နေလိုက်ရုံပဲ"
ပေမင်ခုံ ထွက်သွားပြီးနောက်၊ သတင်းစကားတစ်ခုသည် ကျိုကျိုးတစ်ခွင်လုံးသို့ စတင် တောမီးလို လောင်မြိုက်သွားတော့သည်။
ထိုသတင်းစကားထဲတွင်... နန်းကုန်းကျင်း၏ သေဆုံးမှုသည် ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်လေး လိန်ချင်းဖုန်းနှင့် ပတ်သက်နေခဲ့သည်။ လိန်ချင်းဖုန်းသည် ဖုန်းဝူချန်ကို စိန်ခေါ်ခဲ့ပြီး ပြင်းထန်သော အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့နောက်တွင်... အပြင်းအထန် ဒဏ်ရာရနေသော လိန်ချင်းဖုန်းသည် လင်ရှောင်ရှောင်နှင့် ပူးပေါင်းကာ နန်းကုန်းကျင်းကို သတ်ဖြတ်ခဲ့သည်တဲ့။
သတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်၊ ၎င်းသည် ကျိုကျိုးအား တုန်လှုပ်စေခဲ့ပြန်သည်။
နန်းကုန်းကျင်းကို ဖုန်းဝူချန် သတ်ခဲ့တာ မဟုတ်ဘူးလား။ အခုတော့ လိန်ချင်းဖုန်းနဲ့ လင်ရှောင်ရှောင်တို့ ပူးပေါင်းပြီး နန်းကုန်းကျင်းကို သတ်ခဲ့တယ်လို့ ဆိုပြန်ပြီလား။
ဘယ်ဟာက အမှန်တရားလဲ။
အကယ်၍ လိန်ချင်းဖုန်းနှင့် လင်ရှောင်ရှောင်တို့ ပူးပေါင်းပြီး နန်းကုန်းကျင်းကို သတ်ခဲ့သည်ဆိုလျှင်၊ နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့ အချင်းချင်း သဘောထား ကွဲလွဲသွားကြပြီ မဟုတ်လော။
လင်ရှောင်ရှောင်ဆိုတာ ဘယ်သူလဲ။ သူမက ဖုန်းဝူချန်ဘေးက ခပ်ချောချော မိန်းကလေး မဟုတ်ဘူးလား။
အကယ်၍ လိန်ချင်းဖုန်းနှင့် လင်ရှောင်ရှောင်တို့ ပူးပေါင်းပြီး နန်းကုန်းကျင်းကို သတ်ခဲ့သည်ဆိုလျှင်၊ ၎င်းသည် ဖုန်းဝူချန်က နန်းကုန်းကျင်းကို သတ်ခဲ့ခြင်းနှင့် ဘာကွာခြားသွားသနည်း။
ဘာမှ ကွာခြားမှု မရှိပေ။
—-----
နန်းကုန်းမိသားစု၌၊
"အဖေ.. ဘယ်လိုနေလဲ။ ဝိညာဉ်တံဆိပ်ကို ဖျက်ပစ်ဖို့ ဖြစ်နိုင်ပါ့မလား"
နန်းကုန်းထျန်းဟန်က ခြံဝင်းထဲတွင် မေးလိုက်သည်။
နန်းကုန်းလီက ခေါင်းခါလိုက်၏။ သူ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ဖုံးလွှမ်းနေပြီး ဆိုလိုက်သည်။
"ဖုန်းဝူချန်ရဲ့ ဝိညာဉ်စွမ်းအားက အလွန်အမင်း ကြီးစိုးလွန်းတယ်။ ငါ့ရဲ့ ကျင့်ကြံ စွမ်းအား အကုန်သုံးပြီး နှစ်နာရီကြာအောင် ကြိုးစားခဲ့တာတောင်... အသေးငယ်ဆုံး တစ်စကိုတောင်မှ မဖျက်နိုင်ခဲ့ဘူး"
"နှစ်နာရီ ကြာတာတောင် နည်းနည်းလေးမှ မပျက်ဘူး ဟုတ်လား"
နန်းကုန်းထျန်းဟန်၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။
စတုတ္ထအဆင့် ဆေးပညာရှင်မျှသာ ဖြစ်သော ဖုန်းဝူချန်က မည်သို့သော ကြီးစိုးလွန်းသည့် ဝိညာဉ်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသောကြောင့်၊ ထျန်းယွမ်ဘုံ ဆဌမအလွှာ ကျွမ်းကျင်သူတစ်ဦးကပင် ဝိညာဉ်တံဆိပ်ကို မဖျက်နိုင်ရသနည်း။
"ဒါဆို မဟာအကြီးအကဲလည်း နည်းလမ်း မရှိဘူးလား"
နန်းကုန်းထျန်းဟန်က ထပ်မံ မေးလိုက်သည်။
"မဟာအကြီးအကဲရဲ့ ဝိညာဉ်စွမ်းအားလည်း ဘာအကျိုးသက်ရောက်မှုမှ လုံးဝ မရှိခဲ့ဘူး"
ဟု နန်းကုန်းလီက ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ပြောလိုက်သည်။
ဝိညာဉ်တံဆိပ်ကို မဖျက်နိုင်ခြင်း ဆိုသည်မှာ သူတို့ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်လည် ရယူနိုင်ခဲ့လျှင်ပင်၊ ၎င်းကို အသုံးမပြုနိုင်ဟု အဓိပ္ပာယ်ရသည်။ အများဆုံး သူတို့ လုပ်နိုင်သည်မှာ ဖုန်းဝူချန်၏ ကျင့်ကြံ စွမ်းအား ကို အားနည်းသွားစေရန်သာ ဖြစ်၏။
"ဖုန်းဝူချန်ရဲ့ ဝိညာဉ်တံဆိပ်ကို ဖျက်ဖို့ဆိုရင်... ငါတို့ နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ယောက်ရဲ့ အကူအညီကို ရှာဖို့ လိုလိမ့်မယ်"
နန်းကုန်းလီက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"မိသားစုခေါင်းဆောင်... ကျွန်တော် သတင်းတစ်ခု ခုလေးတင် လက်ခံ
ရရှိလာပါတယ်။ နန်းကုန်းကျင်း သေဆုံးမှုက ဖုန်းလန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး လိန်ချင်းဖုန်းနဲ့ ပတ်သက်မှု ရှိနေတယ်လို့ ဆိုပါတယ်"
အကြီးအကဲ တစ်ဦးက ခြံဝင်းထဲသို့ အရေးတကြီး ဝင်လာရင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ နန်းကုန်းလီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး မေးလိုက်သည်။
“လိန်ချင်းဖုန်းနဲ့ ဘယ်လို သွားပတ်သက်နိုင်မှာလဲ။ သူ့ကို သတ်သွားတာ အဲ့ဒီငတိမလေး မဟုတ်ဘူးလား”
နန်းကုန်းထျန်းဟန်က မျက်မှောင်ကြုတ်ရင်း “လိန်ချင်းဖုန်းက ဘယ်လို ပါဝင်ပတ်သက်လာရတာလဲ ”ဟု မေးလိုက်သည်။
"အဲ့ဒီအချိန်တုန်းက... လိန်ချင်းဖုန်းက ဖုန်းဝူချန်ကို အပြင်းအထန် ရှုံးနိမ့်သွားခဲ့တာ။ ပြီးတော့ မုရုန်ထျန်း လှုပ်ရှားလိုက်တဲ့ အချိန်မှာ... လိန်ချင်းဖုန်းနဲ့ အဲ့ဒီ ကောင်မလေး လင်ရှောင်ရှောင်တို့က ပူးပေါင်းပြီး နန်းကုန်းကျင်းကို သတ်လိုက်တာတဲ့။ သတင်းက အမှန်တရားကတော့ မသိရသေးဘူး။ ကျွန်တော်တို့ မုရုန်ထျန်းကို မေးကြည့်ဖို့ လိုတယ်"
အကြီးအကဲက လေးနက်စွာ ရှင်းပြသည်။
"ထျန်းအာက လိန်ချင်းဖုန်းအကြောင်း တစ်ခွန်းမှ မပြောခဲ့ဘူး။ တကယ်လို့ ဒါက သူနဲ့ တကယ် ပတ်သက်နေခဲ့ရင်... ထျန်းအာက ဘာလို့ မပြောဘဲ နေရမှာလဲ"
နန်းကုန်းလီက ရှင်းရှင်းလင်းလင်း ရှုပ်ထွေးသွားဟန်ဖြင့် တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဒီသတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲ"
နန်းကုန်းလီက မေးလိုက်သည်။
"အဘိုး... အဲ့ဒီသတင်းကို ဖြန့်လိုက်တာ ကျွန်တော်ပါ"
မုရုန်ထျန်းက ခြံဝင်းထဲသို့ ရုတ်တရက် လျှောက်ဝင်လာရင်း ပြောလိုက်သည်။
"ထျန်းအာ။ မင်း... မင်း ဖြန့်လိုက်တာ ဟုတ်လား"
နန်းကုန်းလီသည် အံ့အားသင့်သွားပြီး၊ နန်းကုန်းထျန်းဟန်နှင့် အကြီးအကဲတို့ နှစ်ဦးသား ရှုပ်ထွေးသော အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်မိကြသည်။
"ထျန်းအာ... ငါ့ကို အမှန်အတိုင်း ပြောစမ်း။ နန်းကုန်းကျင်း သေဆုံးမှုက လိန်ချင်းဖုန်းနဲ့ တကယ် ပတ်သက်နေတာလား"
နန်းကုန်းလီက အဖြေတစ်ခုကို ဖိအားပေး မေးလိုက်သည်။
"ဟုတ်ကဲ့..."
မုရုန်ထျန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"နန်းကုန်းကျင်းက လိန်ချင်းဖုန်းနဲ့ လင်ရှောင်ရှောင်တို့ နှစ်ယောက် ပူးပေါင်း သတ်ဖြတ်တာကို ခံခဲ့ရတာပါ။ ကျွန်တော် မနေ့က မပြောရဲခဲ့ဘူး။ ခင်ဗျားတို့လည်း မဟာအကြီးအကဲရဲ့ စိတ်နေစိတ်ထားကို သိသားပဲ။ ကျွန်တော်သာ ပြောလိုက်မိရင်... သူက ဖုန်းလန်ဂိုဏ်းကို ပထမဆုံး ပြေးသွားပြီး... မလွဲမသွေ တိုက်ပွဲကြီး ဖြစ်တော့မှာ။ ကျွန်တော့်မှာ ဒီသတင်းကို တိတ်တိတ်ကလေး ပေါက်ကြားအောင် လုပ်လိုက်ရတာက လွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ဘူး"
"ဒါ တကယ်ကို ရိုင်းစိုင်းလှချည်လား။ လိန်ချင်းဖုန်း... အဲ့ဒီ သောက်ကလေးက ဒီလောက်တောင် သတ္တိရှိနေပါလား"
နန်းကုန်းလီသည် ဒေါသများ ပေါက်ကွဲထွက်လာပြီး အော်ဟစ်လိုက်သည်။
"ဖုန်းလန်ဂိုဏ်းကို ချက်ချင်း သွားတိုက်ခိုက်ဖို့ ပြင်ဆင်ကြ"