နန်းကုန်းကျန့်
Vol. 20 Ch. 293
~"ဖုန်းလန်ဂိုဏ်းရဲ့ အခင်းအကျင်းက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်နေတာလား”
တိုက်ပွဲမြေပြင်တစ်ခုလုံး သေမလောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
လေးလံသော အငွေ့အသက်တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး... လူတိုင်း၏ အကြည့်များမှာ အသံ ထွက်ပေါ်လာရာ ကောင်းကင်ယံဆီသို့သာ ဦးတည်သွားကြတော့သည်။
ကျိုကျိုးမှ ကျင့်ကြံသူများသည် ထိုအသံပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြဘဲ... အားလုံးမှာမူ အတော်ပင် သိချင်စိတ် ပြင်းပြနေကြ၏။
ထိုအခိုက်... မိုးရေလို သွန်ချလာသည့် အားကောင်းမောင်းသန်သော အရှိန်အဝါတစ်ခုက ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာသည်။ ၎င်းသည် အရိုးထဲထိ စိမ့်ဝင်အောင် အေးစက်လှပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
'ထျန်းယွမ်ဘုံ ဆဌမအလွှာ...'
ဤကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ... လိန်ဝူယဲ့ ဦးဆောင်သော အင်အားကြီး ပုဂ္ဂိုလ်များ အပါအဝင်... ရှိရှိသမျှ လူတိုင်း... တုန်လှုပ် ထိတ်လန့်သွားကြရသည်။
ကြောက်မက်ဖွယ် အရှိန်အဝါ၏ ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအားသည်... လူတိုင်းအား ဝူရှင်းတောင်ကြီး (ဘာသာပြန်သူ မှတ်ချက်: Five Elements Mountain - တရုတ်ဒဏ္ဍာရီလာ တောင်ကြီး) တစ်ခုလုံးက သူတို့၏ ဦးခေါင်းများပေါ်သို့ ဖိကြိတ်လိုက်သကဲ့သို့ ခံစားသွားရစေ၏။ သူတို့၏ မျက်နှာများပေါ်တွင် နာကျင်သော အမူအရာများ ပေါ်လာပြီး... အားနည်းကာ ခုခံနိုင်စွမ်းမရှိသလို ခံစားလိုက်ကြရသည်။
'ထျန်းယွမ်ဘုံ ဆဌမအလွှာပါလား...'
လိန်ဝူယဲ့၏ မျက်နှာပေါ်တွင်လည်း တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့၏။
လိန်ချင်းဖုန်းသည် မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
'သူ ထျန်းယွမ်ဘုံ ဆဌမအလွှာကို အဆင့်ချိုးဖြတ်သွားခဲ့ပြီ ဆိုပါလား။ မထင်ထားစရာပါပဲ'
"နန်းကုန်းကျန့်ရဲ့ ကျင့်ကြံမှုက ထျန်းယွမ်ဘုံ ဆဌမအလွှာကို တကယ်ကြီး အဆင့်ချိုးဖြတ်သွားခဲ့ပြီ။ သူ လိန်ချင်းဖုန်းကိုတောင် ကျော်တက်သွားပြီ"
ရှီထျန်းက သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
"ဒါက နန်းကုန်းမိသားစုရဲ့ ယုံကြည်မှု အစစ်အမှန်ပဲ ဖြစ်ရမယ်..."
ရှီဟွမ်သည် မျက်ခုံးများကို နက်ရှိုင်းစွာ တွန့်ချိုးလိုက်၏။ ဒါက သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်နေသည်။
"ဝှစ်"
ပုံရိပ်တစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုကြောက်မက်ဖွယ် ဖိအားပေးသော အရှိန်အဝါသည် ထိုသူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်သော အငွေ့အသက်သည် အမှန်တကယ်ပင် ထျန်းယွမ်ဘုံ ဆဌမအလွှာ အဆင့်ဖြစ်ပြီး... အတိုင်းအဆမရှိ ကျယ်ပြောလှပါ၏။
ဤပုဂ္ဂိုလ်မှာ နန်းကုန်းမိသားစုမှ နန်းကုန်းကျန့်မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။
အရပ်အမောင်း မြင့်မား၍ အနက်ရောင် ဇာမဏီ ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ နန်းကုန်းကျန့်၏ ဥပဓိမှာ ချောမော ခန့်ညာူပြီး... မျက်နှာသွင်ပြင်မှာ နူးညံ့ကာ... မျက်ခုံးများက ကျင့်ကြံ စွမ်းအား ထက် ပုဂ္ဂိုလ်တစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင်... မွေးရာပါ ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။
"ဒါဆို... နန်းကုန်းမိသားစုမှာ တကယ်ကြီး နောက်ထပ် ထျန်းယွမ်ဘုံ ဆဌမအလွှာ တစ်ယောက် ရှိနေတာပဲ။ သူတို့ ဖုန်းလန်ဂိုဏ်းကို လာတိုက်ခိုက်ရဲတာ မဆန်းတော့ဘူး"
"သူ ဘယ်သူလဲ။ ကြည့်ရတာ အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးပုံရတယ်။ ဘယ်လိုလုပ်ပြီး ထျန်းယွမ်ဘုံ ဆဌမအလွှာ ကျင့်ကြံမှုအဆင့်ကို ရောက်နိုင်ရတာလဲ"
"သူ... သူက... နန်... နန်းကုန်းကျန့်ပဲ"
"ဟုတ်တယ်။ သူပဲ။ နန်းကုန်းကျန့်ပဲ။ နန်းကုန်းမိသားစုရဲ့ ပထမ ပါရမီရှင်"
မရေမတွက်နိုင်သော ကျင့်ကြံသူများ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ သို့သော် အချို့က ထိုသူမှာ နန်းကုန်းမိသားစု၏ ပထမ ပါရမီရှင် နန်းကုန်းကျန့် ဖြစ်ကြောင်း မှတ်မိသွားကြသည်။
နန်းကုန်းမိသားစု၏ ပထမ ပါရမီရှင်၏ ကျင့်ကြံမှုသည်... ကျိုကျိုး၏ နံပါတ်တစ် ပါရမီရှင် လိန်ချင်းဖုန်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
'နန်းကုန်းကျန့်...'
ထိုအခိုက်အတန့်၌၊ လျှို့ဝှက်သော နေရာတစ်ခုမှ... အနက်ရောင် ဝတ်ရုံရှည်နှင့် လူတစ်ဦး၏ မျက်လုံးများထဲတွင် ဆိုးရွားသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး... သူ၏ နှုတ်ခမ်းထောင့်များက အန္တရာယ်ရှိသော အကွေးအဝိုက်တစ်ခုအဖြစ် ကွေးတက်သွားလေသည်။
"ကျန့်အာ။ မင်း အဆင့်ချိုးဖြတ်သွားပြီ ဟုတ်လား"
နန်းကုန်းလီသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်ကာ အတိုင်းမသိ ဝမ်းမြောက်သွားသည်။
"ကျွန်တော် အဘိုးကို စိတ်မပျက်စေခဲ့ပါဘူး"
နန်းကုန်းကျန့်က ငါးခူပြုံးလေး ပြုံးရင်း ဆိုလိုက်၏။ သူ၏ တည်ငြိမ်သော အကြည့်များက ကောင်းကင်ယံရှိ အင်အားကြီး ပုဂ္ဂိုလ်များအပေါ်သို့ ဝေ့ကြည့်လိုက်သည်။
နန်းကုန်းထျန်းဟန်သည် လျှပ်တပြက် ပေါ်ထွက်လာပြီး... နန်းကုန်းကျန့်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ ရယ်မောလိုက်သည်။
"မင်းက နှစ်တစ်ရာအတွင်း နန်းကုန်းမိသားစုရဲ့ ရှားပါး ပါရမီရှင်ဆိုတာ အမှန်ပဲ။ မင်းရဲ့ ကျင့်ကြံမှုက ငါ့ကိုတောင် ကျော်တက်သွားပြီ"
နန်းကုန်းမိသားစု၏ အထက်ပိုင်း ပုဂ္ဂိုလ်များအားလုံး ဝမ်းသာကြည်နူးသွားကြ၏။ နန်းကုန်းကျန့်၏ ကျင့်ကြံမှု ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ ခြေချနိုင်ခဲ့ခြင်းသည်... နန်းကုန်းမိသားစု၏ အခိုင်မာဆုံးသော လျှို့ဝှက်လက်နက် ဖြစ်သည်မှာ သံသယရှိဖွယ် မရှိချေ။
"ကျန့်အာ... အခင်းအကျင်းကို မြန်မြန် ဖြိုခွင်းလိုက်စမ်း။ မင်းသာ အခင်းအကျင်းကို မဖြိုခွင်းရင်... ငါတို့ နန်းကုန်းမိသားစုဝင်တွေ ဒီထက်မက ဆုံးရှုံးကုန်တော့မယ်"
နန်းကုန်းထျန်းဟန်က စိုးရိမ်တကြီး တိုက်တွန်းလိုက်သည်။
"ဝုန်း"
နန်းကုန်းကျန့်သည် သူ၏ အစစ်အမှန်ယွမ်ကို နှိုးဆွလိုက်ရာ... လွှမ်းမိုးနိုင်လောက်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။ မျက်စိကျိန်းလောက်သော အပြာရောင် အလင်းတန်းများ ပြင်းထန်စွာ တလက်လက် တောက်ပလာပြီး... မျက်လုံးများ ဖွင့်ထားရန်ပင် ခက်ခဲသွားစေသည်။
"ဂလု..."
နန်းကုန်းကျန့် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအားက လူတိုင်းကို ထိတ်လန့်သွားစေ၏။ သူတို့အားလုံး ကြောက်လန့်တကြား တံတွေး မျိုချမိကြပြီး... မျက်နှာများမှာ အစွန်းကုန် ဖြူဖျော့ကာ... ခန္ဓာကိုယ်များမှာ ထိန်းချုပ်မရအောင် တုန်ရီလာကြသည်။
နန်းကုန်းကျန့်အပေါ် ကြောက်ရွံ့မှုသည်... တစ်နည်းဆိုရသော်... ဝိညာဉ်ထဲထိ စိမ့်ဝင်သွားစေခဲ့သည်။
"ဘုန်း"
"ခွမ်း"
"ဖွတ် ဖွတ် ဖွတ်"
နန်းကုန်းကျန့်၏ သာမန် လက်ဝါးချက်တစ်ချက်မျှသာ ကြီးမားလှသော အပြာရောင် အခင်းအကျင်းဆီသို့ ရိုက်ခတ်သွားရာ... ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအင်သည် အခင်းအကျင်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး... မရေမတွက်နိုင်သော အက်ကြောင်းများ ပြင်းထန်စွာ ပေါ်ထွက်လာကာ... နောက်ဆုံးတွင်... "ခွမ်း" ခနဲ အသံနှင့်အတူ... အခင်းအကျင်းကြီး ပြိုကျသွားတော့သည်။ အခင်းအကျင်းကို စတင်ခဲ့သော ထိပ်တန်း တပည့် သုံးဆယ့်ခြောက်ဦးစလုံး သွေးများ အန်ကျသွားကြ၏။
ထို ထိပ်တန်း တပည့် သုံးဆယ့်ခြောက်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြပြီး... နန်းတော်၏ အမိုးထိပ်မှ တစ်ယောက်ပြီးတစ်ယောက် လိမ့်ကျသွားကြသည်။
လက်ဝါးတစ်ချက်တည်းဖြင့်... အားကောင်းမောင်းသန်လှသော ယင်ယန် ဝိညာဉ် ရှုပ်ထွေးခြင်း အခင်းအကျင်းကြီး... ကျိုးပဲ့သွားခဲ့ပြီ။ ၎င်းသည် စက္ကူတစ်ရွက်ကဲ့သို့ ပါးလွှာသွားသည့်အလားပင်။
ဖုန်းလန်ဂိုဏ်းမှ လူများ မယုံကြည်နိုင်ခဲ့ကြပေ။
'...ဒါ... ဒါ ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ စွမ်းအားကြီးလဲ...'
ဖုန်းလန်ဂိုဏ်း အတွင်း၌... ကြောက်မက်ဖွယ် အခင်းအကျင်းကြီး နန်းကုန်းကျန့်၏ လက်ချက်ဖြင့် ကြေမွသွားသည်နှင့်... ဝိညာဉ် ရှုပ်ထွေးခြင်း အခင်းအကျင်းထဲတွင် ပိတ်မိနေခဲ့သော နန်းကုန်းမိသားစု၏ မျိုးနွယ်စုဝင်များ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။
ဖုန်းလန်ဂိုဏ်းမှ တပည့်များသည် နန်းကုန်းကျန့်ကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရင်း... ထိတ်လန့်တကြား ဆုတ်ခွာသွားကြ၏။
‘သူ တကယ်ကြီး ယင်ယန် ဝိညာဉ် ရှုပ်ထွေးခြင်း အခင်းအကျင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်’
လိန်ချင်းဖုန်း၏ မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး... နန်းကုန်းကျန့်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
'ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ…’
လိန်ဝူယဲ့သည်လည်း မယုံကြည်နိုင်ခဲ့ပေ။ ဖုန်းလန်ဂိုဏ်းမှ အထက်ပိုင်း ပုဂ္ဂိုလ်များအားလုံးလည်း ယုံကြည်ဝံ့ကြသည် မဟုတ်ပါ။
နန်းကုန်းကျန့်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသလော။
"ဖုန်းလန်ဂိုဏ်းရဲ့ အခင်းအကျင်းတွေက သိပ်ပြီး အထင်ကြီးစရာ မကောင်းပါဘူး"
နန်းကုန်းကျန့်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ ရင်ပြင်တော်ပေါ်ရှိ သေဆုံးနေသော နန်းကုန်းမိသားစုဝင် အများအပြားကို မြင်တွေ့လိုက်ရသောအခါ... သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ချက် ဖြတ်ပြေးသွား၏။
"မဟာ သခင်လေး...။ ဖုန်းလန်ဂိုဏ်းကို ဖျက်ဆီးပစ်ပါ"
မျိုးနွယ်စုဝင်တစ်ဦးက ဟစ်အော်လိုက်သည်။
"ဖုန်းလန်ဂိုဏ်းကို ဖျက်ဆီးပစ်"
မျိုးနွယ်စုဝင်များအားလုံး တစ်သံတည်း ဟစ်အော်လိုက်ကြသည်။ သူတို့၏ မျိုးနွယ်စုဝင် အများအပြား အသတ်အဖြတ် ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသဖြင့်... ဒေါသများ ဆူပွက်နေကြသည်။
တစ်ချိန်တည်းမှာပင်... ဖုန်းလန်ဂိုဏ်း အပြင်ဘက်မှ နန်းကုန်းမိသားစုဝင်များသည်လည်း အတွင်းသို့ စတင် ပြေးဝင်လာကြပြီ ဖြစ်သည်။
ဖုန်းလန်ဂိုဏ်း၏ ကြီးကျယ်သော အခင်းအကျင်းကြီး ကျိုးပဲ့သွားပြီး... နန်းကုန်းကျန့် ပေါ်ထွက်လာသည်နှင့်... သူတို့ ဘာကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
"ဂိုဏ်းချုပ်လိန်... ကျုပ်သာ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရင်... ဖုန်းလန်ဂိုဏ်းမှာ လူ ဘယ်နှစ်ယောက်လောက် သေသွားမယ်လို့ ခင်ဗျား ထင်လဲ"
နန်းကုန်းကျန့်က အေးစက်စွာ မေးလိုက်၏။ သူ၏ ဆိုးရွားသော အကြည့်များက လိန်ဝူယဲ့အပေါ်သို့ ဝေ့ကြည့်လိုက်သည်။
စကားသံ ဆုံးသည်နှင့်... နန်းကုန်းကျန့်သည် သူ၏ အစစ်အမှန်ယွမ်ကို နှိုးဆွလိုက်ရာ... ကြောက်မက်ဖွယ် အားပြင်းသော စွမ်းအားတစ်ခု တစ်ဖန် ထိုးတက်လာပြန်သည်။ တုံ့ဆိုင်းမှု တစ်စုံတစ်ရာ မရှိဘဲ နန်းကုန်းကျန့်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး... ဧရာမ မြစိမ်းရောင် လက်ဝါးပုံရိပ်ကြီးတစ်ခု ကောင်းကင်ယံမှ ထိုးကျလာစေသည်။ ထိုကြောက်မက်ဖွယ် ဖိအားက လူတိုင်းကို ထိတ်လန့်သွားစေပြီး... သူတို့၏ ဝိညာဉ်များ လွင့်ပြယ်သွားစေသည်။
"နောက်ဆုတ်ကြ"
နန်းကုန်းမိသားစုမှ မျိုးနွယ်စုဝင်တစ်ဦးက ဟစ်အော်လိုက်သည်။
ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်ကြီး ကျဆင်းလာရာ... ဖုန်းလန်ဂိုဏ်း၏ ကြီးမားလှသော နန်းတော်ကြီးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး... အက်ကြောင်းများ တစ်ခုပြီးတစ်ခု စုတ်ဖြဲသွားစေသည်။
ဤလက်ဝါးတစ်ချက်တည်းဖြင့်... နန်းကုန်းကျန့်သည် ဖုန်းလန်ဂိုဏ်း တစ်ခုလုံးကို ပြာမှုန့်အဖြစ် ချေမွပစ်နိုင်ပေလိမ့်မည်။
ဖုန်းလန်ဂိုဏ်းမှ တပည့်များသည် သတိလစ်မတတ် ထိတ်လန့်ကာ... လုံးဝ ကြောက်ရွံ့တုန်လှုပ်လျက် နောက်သို့ ဆုတ်ခွာသွားကြသည်။
"ဝှစ်"
"ဘုန်း... ဒုန်း"
ထိုအခိုက်အတန့်၌ပင်... ဖုန်းလန်ဂိုဏ်း အတွင်းမှ စူးရှသော လေခွင်းသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတွင် အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သယ်ဆောင်လာသည်။ ၎င်းသည် နန်းကုန်းကျန့်၏ လက်ဝါးပုံရိပ်ကို ချက်ချင်း ထွင်းဖောက်သွား၏။ ထိုပုံရိပ်သည် လေထဲတွင် နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ပေါက်ကွဲသွားပြီး... ကောင်းကင်ကို ချေမွ၍ မြေကြီးကို ဖျက်ဆီးနိုင်လောက်သော စွမ်းအင်လှိုင်းဂယက်များက မုန်တိုင်းတစ်ခုအဖြစ် ပျံ့နှံ့သွားတော့သည်။
'ထျန်းယွမ်ဘုံ ဆဌမအလွှာ...'
နန်းကုန်းကျန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကြောက်မက်ဖွယ် စွမ်းအားအရ... လှုပ်ရှားလိုက်သူသည် ထျန်းယွမ်ဘုံ ဆဌမအလွှာတွင် ရှိနေကြောင်း သူ သိရှိလိုက်၏။
နန်းကုန်းကျန့် မျက်မှောင်ကြုတ်လိုက်မိခြင်းကပင်... ဤပုဂ္ဂိုလ်၏ ကျင့်ကြံ စွမ်းအား ကို ပြသရန် လုံလောက်နေခဲ့ပြီ။
"နောက်ဆုတ်ကြ"
လိန်ဝူယဲ့က ဟစ်အော်လိုက်သည်။
ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ အများအပြား အသည်းအသန် ဆုတ်ခွာသွားကြ၏။ ကြောက်မက်ဖွယ် စွမ်းအင် မုန်တိုင်းကို မည်သူတစ်ဦးတစ်ယောက်မျှ ခံနိုင်ရည်ရှိရန် မဝံ့ရဲကြပေ။ လိန်ဝူယဲ့နှင့် နန်းကုန်းလီတို့ပင်လျှင်... သူတို့၏ ပြင်းထန်သော ဒဏ်ရာများကြောင့် နောက်သို့ ဆုတ်ခွာခဲ့ကြရသည်။
"ထျန်းယွမ်ဘုံ ဆဌမအလွှာ... စန်းဟွမ်..."
နန်းကုန်းလီသည် မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး... လှုပ်ရှားလိုက်သော ပုဂ္ဂိုလ်၏ သရုပ်မှန်ကို ခန့်မှန်းလိုက်မိသည်။
"ဖုန်းလန်ဂိုဏ်းရဲ့ စန်းဟွမ်"
နန်းကုန်းထျန်းဟန်သည်လည်း မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်ပြီး... အလားတူ ကောက်ချက်ချလိုက်မိသည်။
"စန်းဟွမ် ဟုတ်လား"
မုရုန်ထျန်းသည် စန်းဟွမ်၏ တည်ရှိမှုကို သတိမမူမိဘဲ... အလွန်အမင်း တုန်လှုပ်သွားသည်။
"စန်းဟွမ်"
ဂိုဏ်းချုပ် ရှီဟွမ်က ထိတ်လန့်တကြား အော်လိုက်မိပြီး... သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။
"စန်းဟွမ် တကယ်ကြီး နိုးထလာခဲ့ပြီ"
နတ်ဘုရား ဆေးလုံး သခင်ကြီး... ချူချန်ခုံးနှင့် အခြားသူများ၏ မျက်နှာအမူအရာများတွင် သတိထားမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
"စန်းဟွမ် ဝင်ပါလိမ့်မယ်လို့ ငါ သိပြီးသားပဲ"
ဟု ရှောင်ထျန်းချန်က လေးနက်စွာ ဆိုလိုက်သည်။
ကျိုကျိုးမှ ကြီးမားသော အင်အားစုများမှ ကျင့်ကြံ စွမ်းအား ထက် ကျွမ်းကျင်သူများအားလုံး စန်းဟွမ်၏ တည်ရှိမှုကို သိရှိကြ၏။
သို့သော် အခြားသူများမှာမူ မသိကြပေ။ အရပ်ရပ်မှ တိုက်ပွဲကို ကြည့်ရှုနေကြသော ကျိုကျိုး ကျင့်ကြံသူများအားလုံးသည် ဖုန်းလန်ဂိုဏ်း၏ ပင်မ နန်းတော်ကြီးဆီသို့ ကြောက်လန့်နေသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
"ဖုန်းလန်ဂိုဏ်းမှာ ဆဌမအလွှာ ထျန်းယွမ်ဘုံ တစ်ယောက် ရှိနေသေးတယ်"
"ကျိုကျိုးရဲ့ ဧရာမ အဖွဲ့အစည်းကြီး နှစ်ခုထဲက တစ်ခု ဖြစ်ရတာနဲ့ ထိုက်တန်ပါပေတယ်။ သူတို့ တကယ်ကြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ဖွက်ထားခဲ့တာပဲ"
"ဒါက ဖုန်းလန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းကြီး ဖြစ်နိုင်မလား။ ငါ ကြားတာတော့ ဂိုဏ်းချုပ်ဟောင်းကြီး ကွယ်လွန်သွားပြီလို့"
မရေမတွက်နိုင်သော ကျင့်ကြံသူများ တုန်လှုပ်စွာ ဆွေးနွေးနေကြသည်။
"ကျိုကျိုးရဲ့ ပါရမီရှင်တွေက ထျန်းယွမ်ဘုံ ဆဌမအလွှာကို ရောက်ရှိသွားကြပြီလို့ ငါ မထင်ထားခဲ့ဘူး။ ဒီလို အရည်အချင်းမျိုးက တကယ်ကို အံ့ဩစရာပဲ"
အသက်အရွယ်ကြီးရင့်သော အသံတစ်ခုက ဖုန်းလန်ဂိုဏ်း၏ ပင်မ နန်းတော်ထဲမှ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်... တိုးမြင့်လာသော အရှိန်အဝါတစ်ခု ပျံ့နှံ့ထွက်လာ၏။ ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ ကြောက်မက်ဖွယ် ဩဇာအရှိန်အဝါသည် အသက်ရှူ မှားစေလောက်သည်။
မြင်ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွား၏။
မကြာမီ... ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး နန်းတော်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး... သူ၏ မျက်နှာသည် အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ သို့တိုင်... အသက်ကြီးရင့်သော ပုံရိပ်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါက ကြောက်ရွံ့မှုကို ဖြစ်စေသည်။
ထိုအဘိုးအိုသည် အမှန်တကယ်ပင် ဖုန်းလန်ဂိုဏ်း၏ စန်းဟွမ် ဖြစ်လေသည်။
ဖုန်းလန်ဂိုဏ်းမှ တပည့်များသည် ထွက်ပေါ်လာသော အဘိုးအိုကို ကြောင်ငေး စိုက်ကြည့်နေကြမိသည်။
'...ဖုန်းလန်ဂိုဏ်းမှာ ဒီလောက် ကြောက်စရာကောင်းလောက်အောင် ကျင့်ကြံ စွမ်းအား ထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်တုန်းက ရှိနေခဲ့တာလဲ...'
ဖုန်းလန်ဂိုဏ်းမှ တပည့်များသည် စန်းဟွမ်၏ တည်ရှိမှုကို လုံးဝ သတိမမူမိခဲ့ကြပေ။
"အဖေ... အဲ့ဒါ စန်းဟွမ်လား"
ရှီထျန်းက အဘိုးအိုကို ကြည့်ရင်း ထိတ်လန့်တကြား မေးလိုက်သည်။
ရှီဟွမ်က ကြောင်ငေးစွာ ခေါင်းညိတ်လိုက်ပြီး ဆို၏။
"ဟုတ်တယ်။ အဲ့ဒါ စန်းဟွမ်ပဲ။ သူ အပြည့်အဝ နာလန်ထူသွားခဲ့ပြီ။ အဲ့ဒီတုန်းကသာ သူ ဒဏ်ရာ မရခဲ့ဘူးဆိုရင်... သူ အခုအချိန်လောက်ဆို ထျန်းယွမ်ဘုံ သတ္တမအလွှာကိုတောင် ရောက်နေလောက်ပြီ"
အဘိုးအိုသည် လှေကားထစ်များ၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ သူ၏ နက်ရှိုင်းပြီး လေးနက်သော မျက်လုံးများဖြင့် နန်းကုန်းကျန့်ကို အနည်းငယ် မော့ကြည့်လိုက်ပြီး... သူ၏ မုတ်ဆိတ်ကို သပ်လျက် ခပ်ရေးရေး ပြုံးကာ ဆိုလိုက်သည်။
"နန်းကုန်းမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်... နန်းကုန်းကျန့်...။ မင်း ယင်ယန် ဝိညာဉ် ရှုပ်ထွေးခြင်း အခင်းအကျင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ချိုးဖျက်ခဲ့တယ်။ မင်းရဲ့ ကျင့်ကြံ စွမ်းအား က တကယ်ကို ထူးခြားတယ်။ လိန်ချင်းဖုန်းကိုတောင် ကျော်လွန်သွားခဲ့ပြီ"
နန်းကုန်းကျန့်က အဘိုးအိုကို အကဲခတ်လိုက်ပြီး... ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
"အကြီးအကဲက ဖုန်းလန်ဂိုဏ်းရဲ့ စန်းဟွမ် ဖြစ်ရမယ်။ ဂိုဏ်းရဲ့ အခင်းအကျင်းကလည်း အကြီးအကဲရဲ့ လျှို့ဝှက် ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာပဲ ဖြစ်ရမယ်...။ မဟုတ်ရင်... ဒါက ဒီလောက် စွမ်းအားကြီးနေမှာ မဟုတ်ဘူး"
"နောက်ဆုတ်ကြ"
စန်းဟွမ်က ဖုန်းလန်ဂိုဏ်း တပည့်များအားလုံးကို နောက်ဆုတ်ရန် အေးစက်စွာ အချက်ပြလိုက်သည်။
စန်းဟွမ်က ပြန်လည် ဖြေကြားခြင်း မပြုသော်လည်း... သူ၏ တိတ်ဆိတ်မှုက ဝန်ခံခြင်းပင် ဖြစ်သည်။
ယင်ယန် ဝိညာဉ် ရှုပ်ထွေးခြင်း အခင်းအကျင်းသည် အမှန်တကယ်ပင် စန်းဟွမ်၏ နောက်ကွယ်မှ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင်... နန်းကုန်းမိသားစုမှ မျိုးနွယ်စုဝင်များသည်လည်း ဖုန်းလန်ဂိုဏ်းမှ ကြောက်ရွံ့တကြား ဆုတ်ခွာနေကြပြီ ဖြစ်သည်။
ဆဌမအလွှာ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူတစ်ဦးသည် လွယ်လွယ်ဖြင့် ရန်စရမည့်သူ မဟုတ်ပေ။ သူတို့၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သူတို့အားလုံးကို ချေမွပစ်နိုင်လေသည်။
"နန်းကုန်းလီ... နှစ်တွေ အများကြီး ကြာသွားပေမဲ့... မင်းရဲ့ စိတ်ဆိုး ဒေါသထွက်တတ်တဲ့ အကျင့်ကတော့ နည်းနည်းလေးမှ ပြောင်းလဲမသွားဘူးပဲ"
စန်းဟွမ်က သူ၏ အကြည့် နန်းကုန်းလီထံသို့ ရွှေ့သွားသည်နှင့် အပြုံးမပျက် ဆိုလိုက်သည်။
နန်းကုန်းလီသည် မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး... တိတ်ဆိတ်နေဆဲ ဖြစ်၏။ ကျိုကျိုး၏ အဓိက အင်အားစုကြီးများမှ ကျင့်ကြံ စွမ်းအား ထက် ပုဂ္ဂိုလ်များအားလုံး စန်းဟွမ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို အတိအကျ သိရှိကြသည်။
"ဖုန်းလန်ဂိုဏ်းမှာ အကြီးအကဲလို ကျွမ်းကျင်သူတစ်ယောက် ရှိနေသေးတာ ရှားပါးတာပဲ။ ကြည့်ရတာ... ကျွန်တော် ခင်ဗျားဆီက အကြံဉာဏ်တချို့ ကိုယ်တိုင် တောင်းခံကြည့်ဖို့ လိုအပ်လာပြီ ထင်တယ်"
နန်းကုန်းကျန့်က အေးစက်စွာ ဆိုလိုက်၏။ လွှမ်းမိုးနိုင်သော တိုက်ခိုက်လိုစိတ်များ သူ့ကိုယ်တွင်းမှ ပျံ့နှံ့ထွက်လာသည်။
နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့ကြားမှ စစ်ပွဲကို ရပ်တန့်ရန် ဖြစ်နိုင်ခြေ မရှိတော့ပေ။ သို့မဟုတ်ပါက... စည်းကမ်းအရ သေဆုံးသွားခဲ့ရသော အသက်များမှာ အလဟဿ ဖြစ်သွားမည် မဟုတ်လော။
စန်းဟွမ်သည် ဖြည်းညင်းစွာ တက်လာ၏။ သူ၏ မျက်နှာသည် ကြောက်ရွံ့ခြင်း ကင်းမဲ့နေပြီး...
"ကျိုကျိုးက မျိုးဆက်သစ် လူငယ်တစ်ယောက်မှာ ဒီလောက် ကျင့်ကြံ စွမ်းအား မျိုး ပိုင်ဆိုင်ထားတာ ရှားပါးတာပဲ...။ ငါလည်း ဒါကို စမ်းသပ်ကြည့်ချင်နေတာ"
"ဒါဆို... လာခဲ့"
နန်းကုန်းကျန့်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ အရူးအမူး ပြင်းထန်သော စွမ်းအားတစ်ခု သူ့ကိုယ်တွင်းမှ ပြင်းထန်စွာ ထိုးတက်လာ၏။ မြစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး... လေဟာနယ်ကို တုန်ခါသွားစေသည်။
တစ်ခဏချင်းမှာပင်... နန်းကုန်းကျန့်သည် သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်၏။ သူ၏ လွှမ်းမိုးနိုင်သော ချီစွမ်းအင်သည် အရာအားလုံးကို ရက်စက်ကြမ်းတမ်းစွာ ဖြတ်သန်းသွားပြီး... သူ၏ ကျယ်ပြောလှသော အစစ်အမှန်ယွမ်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။
နန်းကုန်းကျန့်၏ အရှိန်အဝါသည် မိသားစုခေါင်းဆောင် နန်းကုန်းလီကိုပင် ကျော်လွန်သွားခဲ့၏။ ဆိုလိုသည်မှာ... နန်းကုန်းကျန့်၏ စွမ်းအားသည် ပို၍ပင် ပြင်းထန်လှပြီး... သူကသာ နန်းကုန်းမိသားစု၏ နံပါတ်တစ် ကျွမ်းကျင်သူ အမှန် ဖြစ်သည်မှာ သံသယရှိဖွယ် မရှိတော့ချေ။
နန်းကုန်းမိသားစု၏ နံပါတ်တစ် ပါရမီရှင်သည် ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလှပါ၏။
စန်းဟွမ် ဝင်ရောက် တိုက်ခိုက်လျှင်ပင်... သူ နန်းကုန်းကျန့်၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။