စန်းဟွမ်နှင့် နန်းကုန်းကျန့်တို့ စွမ်းအား ပြိုင်ခြင်း
Vol. 20 Ch. 294
~နန်းကုန်းကျန့်နှင့် စန်းဟွမ်။
ဒါက ကျိုကျိုး၏ အထွတ်အထိပ်မှ အဆုံးအဖြတ် တိုက်ပွဲကြီးပင်။
တစ်ဦးမှာ အလွန်အမင်း ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံရှိသည့် ဝါရင့်တိုက်ခိုက်ရေးသမားဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အံ့ဩဖွယ် ပါရမီရှိသော လူငယ် ပါရမီရှင်တစ်ဦး ဖြစ်၏။ သူတို့နှစ်ဦး၏ တိုက်ပွဲသည် ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို လှုပ်ခါသွားစေမည်မှာ မလွဲဧကန်ပင်။
ဤလျှို့ဝှက် အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးကြားမှ ရလဒ်... မည်သူ ရှုံးနိမ့်ပြီး မည်သူ အနိုင်ရမည်ကို မရေမတွက်နိုင်သော လူများက မျှော်လင့်တကြီး စောင့်စားနေကြသည်။
"မျိုးဆက်သစ် လူငယ်တွေရဲ့ ကျင့်ကြံ စွမ်းအား ကို တကယ် သတိထားရတော့မှာပဲ"
စန်းဟွမ်က အံ့ဩတကြီး ခေါင်းညိတ်ရင်း ရေရွတ်လိုက်၏။
စန်းဟွမ်သည် သူ၏ အစစ်အမှန်ယွမ်ကို ဖြည်းညင်းစွာ အရှိန်မြှင့်လိုက်ရာ... လွှမ်းမိုးနိုင်သော စွမ်းအားသည် နှစ်ခြိုက်စွာ အိပ်စက်ခြင်းမှ နိုးထလာခဲ့သည်။ သူ၏ အစစ်အမှန်ယွမ်မှာ အလွန်တရာ နက်ရှိုင်းလှပြီး... နန်းကုန်းကျန့်ထက်ပင် သာလွန်နေသည်မှာ သေချာပါ၏။
သူရဲကောင်းများကိုပင် ခြိမ်းခြောက်နိုင်သော အရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး... ကြည့်ရှုနေကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့သည်။
စန်းဟွမ်၏ ကြောက်မက်ဖွယ် စွမ်းအားသည် နန်းကုန်းကျန့်ထက် မည်သို့မျှ နိမ့်ကျခြင်း မရှိခဲ့ပေ။
"ဒါ... ဒါ စန်းဟွမ်ရဲ့ ခွန်အား လား။ နန်းကုန်းကျန့်ထက်တောင် ပိုပြင်းထန်နေပါလား"
ရှီထျန်းသည် ကျောက်ရုပ်တစ်ရုပ်နှယ် တောင့်တင်းသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
ကျင့်ကြံသူအားလုံး အဆက်မပြတ် တံတွေး မျိုချနေမိကြ၏။ ကြောက်ရွံ့မှုများက သူတို့၏ မျက်နှာများပေါ်တွင် ရှင်းရှင်းလင်းလင်း ရေးထိုးထားလျက် ရှိသည်။
ဤ ကြောက်မက်ဖွယ် တင်းမာလှသော အခိုက်အတန့်တွင်... သူတို့အားလုံး အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ကြ၏။
"စန်းဟွမ်ရဲ့ စွမ်းအား က တဖြည်းဖြည်းနဲ့ ပိုပြီး ကြောက်စရာကောင်းလာပါလား..."
နန်းကုန်းလီသည် မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ နန်းကုန်းကျန့် စန်းဟွမ်ကို ယှဉ်နိုင်ပါ့မလားဟု သူ အနည်းငယ် စိုးရိမ်သွား၏။
နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းမှ အထက်ပိုင်း ပုဂ္ဂိုလ်များအားလုံး အလွန် လေးနက်သော မျက်နှာထားများ ဖြစ်နေကြပြီး... မည်သူတစ်ဦးတစ်ယောက်မျှ မဆင်မခြင် ဝေဖန်သုံးသပ်ခြင်း မပြုဝံ့ကြပေ။
"ကြည့်ရတာ ငါ့ရဲ့ ဆုံးဖြတ်ချက် မမှားခဲ့ဘူးပဲ။ ဒီလိုမှ မဟုတ်ရင်... စန်းဟွမ်ရော နန်းကုန်းကျန့်ရော နှစ်ယောက်လုံးကို ဆွဲထုတ်လာနိုင်မှာ မဟုတ်ဘူး..ဟဲဟဲ"
အရိပ်ထဲမှနေ၍ မဲ့ပြုံးကာ ရယ်မောလိုက်သူက ပေမင်ခုံပင်။
ဆဌမအလွှာ ထျန်းယွမ်ဘုံ တိုက်ခိုက်ရေးသမား နှစ်ဦး၏ လွှမ်းမိုးနိုင်သော စွမ်းအားသည် ကောင်းကင်ယံကို ပြည့်နှက်သွားစေ၏။
သူတို့၏ စွမ်းအား သည် လိန်ဝူယဲ့နှင့် နန်းကုန်းလီတို့ထက်ပင် ကျော်လွန်နေခဲ့လေပြီ။
စန်းဟွမ်၏ အလွန်တရာ နက်ရှိုင်းသော စွမ်းအားကို ရင်ဆိုင်ရသော်ငြားလည်း... နန်းကုန်းကျန့်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ... သူ၏ မျက်လုံးများက ယုံကြည်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
စန်းဟွမ်သည် သူ၏ လက်ဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး... နန်းကုန်းကျန့်ထံသို့ ချိန်ရွယ်လိုက်ရာ... ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု စတင် စုစည်းလာတော့သည်။
"ဝှစ်"
နောက်တစ်စက္ကန့်တွင်... အဖြူရောင် လေဆင်နှာမောင်းတစ်ခုက လေဟာနယ်ကို ဆွဲခွင်းသွား၏။ ၎င်း၏ စူးရှသော လေခွင်းသံကြောင့် လူတိုင်း ချက်ချင်းပင် နားများကို အုပ်ထားလိုက်ကြရသည်။ ကြောက်မက်ဖွယ် အဖြူရောင် လေစီးကြောင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... ကောင်းကင်ယံသည် ပြင်းထန်စွာ လှိုင်းထသွားလေ၏။
နန်းကုန်းကျန့်ကမူ ကြောက်ရွံ့ခြင်း မရှိ။ သူ၏ ညာလက်ကို ဖြန့်လိုက်ပြီး... ကြောက်မက်ဖွယ် စွမ်းအားကို စုစည်းကာ... ထို အဖြူရောင် လေစီးကြောင်းဆီသို့ လှမ်းဆုပ်ကိုင်လိုက်သည်။
"ဘုန်း"
နန်းကုန်းကျန့်သည် ကြောက်မက်ဖွယ် အဖြူရောင် လေစီးကြောင်းကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်၏။ ထို့နောက်... အားပြင်းစွာ ညှစ်လိုက်သည်နှင့်... မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... စန်းဟွမ်၏ ကြောက်မက်ဖွယ် အဖြူရောင် လေစီးကြောင်းကို သူ၏ လက်ဗလာဖြင့်ပင် ချေမွပစ်လိုက်သည်။
"အကြီးအကဲ စန်းဟွမ်... ခင်ဗျား ကျွန်တော့်ကျင့်ကြံ စွမ်းအား ကို စမ်းသပ်ချင်တယ်ဆိုရင်တော့... ခင်ဗျားရဲ့ အစွမ်းအစ အမှန်အကန်ကို ထုတ်သုံးသင့်တယ်"
နန်းကုန်းကျန့်က ခပ်ပေါ့ပေါ့ ဆိုလိုက်၏။ စန်းဟွမ်၏ စွမ်းအားသည် သူ့အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။
"ကြည့်ရတာ မင်းကို စမ်းသပ်နေစရာ မလိုတော့ဘူး ထင်ပါရဲ့"
စန်းဟွမ်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ဝှစ်"
စကားပြောနေစဉ်မှာပင်... စန်းဟွမ်၏ ပုံရိပ်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် နန်းကုန်းကျန့်၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
တုံ့ဆိုင်းမှု တစ်စုံတစ်ရာမရှိဘဲ... စန်းဟွမ်သည် သူ၏ လက်ဝါးဖြင့် နန်းကုန်းကျန့်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ထိုကြောက်မက်ဖွယ် စွမ်းအားအရ... ရိုက်ချက် တစ်ချက်တည်းဖြင့် နန်းကုန်းကျန့်ကို အသားစ ပျော့ဖတ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ရည်ရွယ်ထားပုံရသည်။
"ဘုန်း"
သို့သော်... နန်းကုန်းကျန့်သည် လွယ်ကူသော ပစ်မှတ်တစ်ခု မဟုတ်ခဲ့ပါ။ စန်းဟွမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက်... နန်းကုန်းကျန့်က သူ့ကို ချက်ချင်း အာရုံခံမိလိုက်ပြီး... သူ၏ လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ တိုက်ခတ်မှုနှင့်အတူ... ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့ထွက်လာပြီး... တုန်ခါမှု လှိုင်းများအဖြစ် အရပ်မျက်နှာအားလုံးသို့ ရိုက်ခတ်သွား၏။
လက်ဝါးချင်း ချက်ချင်း ထိပ်တိုက်တွေ့ဆုံမှုသည် အားပြင်းလှသည်။
စန်းဟွမ်၏ လက်ဝါးမှ ကြောက်မက်ဖွယ် စွမ်းအားနှင့်ပင်... သူ နန်းကုန်းကျန့်ကို တစ်လက်မမျှပင် ရွှေ့လျားစေနိုင်ခြင်း မရှိခဲ့ပေ။
"အိုး... မင်းရဲ့ အစွမ်းက တကယ် မဆိုးဘူးပဲ"
စန်းဟွမ်က အနည်းငယ် အံ့အားသင့်စွာ ဆိုလိုက်သော်လည်း... ထိုမျှသာ ဖြစ်သည်။
စန်းဟွမ်သည် မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ နန်းကုန်းကျန့်၏ အတိုင်းအတာကို သူ မမြင်နိုင်ဘဲ ရှိပါမည်လော။
လိန်ဝူယဲ့ အပါအဝင် ကြည့်ရှုနေသူများသည် နန်းကုန်းကျန့်၏ ကြောက်မက်ဖွယ် ခွန်အား အပေါ် နက်ရှိုင်းသော သတိထားမှုတစ်ခု ခံစားလိုက်ရသည်။ စန်းဟွမ်၏ ကျင့်ကြံမှုဖြင့် နန်းကုန်းကျန့်ကို ကိုင်တွယ်ရန် လွယ်ကူလိမ့်မည် မဟုတ်တော့ပေ။
"အခု ကျွန်တော့်အလှည့်ပဲ"
နန်းကုန်းကျန့်က အေးစက်စွာ ဆိုလိုက်၏။ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး... ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တိုးမြင့်လာကာ... ရက်စက်သော ကန်ကျောက်ချက်တစ်ခုဖြင့် ဝှေ့ယမ်း ကန်လိုက်သည်။
နန်းကုန်းကျန့်၏ ကန်ချက်သည် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ တိုက်ခိုက်ရေးသမားတစ်ဦးကို ချက်ချင်း သေဆုံးစေနိုင်လောက်အောင် အားပြင်းလှ၏။
စန်းဟွမ်သည် သူ၏ ခန္ဓာကိုယ်ကို လျှပ်တပြက် ရှောင်တိမ်းလိုက်ပြီး... နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ သူ၏ လက်ဝါးမှ လေထုသည် ဟိန်းဟောက်သွား၏။
"ယား"
ရုတ်တရက်... နန်းကုန်းကျန့်က ပေါက်ကွဲသံနှင့်အတူ အော်ဟစ်လိုက်ရာ... ကြောက်မက်ဖွယ် ချီစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး... စန်းဟွမ်ကို ချက်ချင်း နောက်သို့ တွန်းထုတ်လိုက်ကာ... သူ၏ တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေခဲ့သည်။
'ဒီကောင်လေးရဲ့ ပါရမီက တကယ် မသေးဘူးပဲ'
စန်းဟွမ်က စိတ်ထဲမှ တွေးလိုက်သည်။ ထိုကြောက်မက်ဖွယ် ချီစွမ်းအင်သည် နန်းကုန်းကျန့်၏ ကြောက်မက်ဖွယ်ကောင်းပုံကို သက်သေပြရန် လုံလောက်နေခဲ့ပြီ။
"ရွှမ် အဆင့် အဆင့်မြင့် သိုင်းပညာ။ ချီမင် လှုပ်ရှားမှု သိုင်းပညာ"
နန်းကုန်းကျန့်က ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးဝင်သွားရာ... သူ၏ လှုပ်ရှားမှု အမြန်နှုန်းမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် ဖြစ်နေသည်။
"ဟွမ်ရှန်ကျွယ်" (ဘာသာပြန်သူ မှတ်ချက်: ဝင်္ကပါ နတ်ဘုရား ဆုံးဖြတ်ချက်)
စန်းဟွမ်က တိုးညင်းစွာ ရေရွတ်လိုက်ပြီး... သူ၏ ခြေလှမ်းသိုင်းကို အသုံးပြုလိုက်ရာ... သူ၏ ပုံရိပ်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွား၏။
"ဘုန်း ဘုန်း ဘုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင်... နှစ်ဦးလုံး အမြင့်ပေရှိ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားကြ၏။ မကြာမီ... ကမ္ဘာမြေကို တုန်ခါစေသော ပေါက်ကွဲသံများ အထက်မှ ဆက်တိုက် ပဲ့တင်ထွက်လာပြီး... ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်သံများမှာ အဆုံးမရှိ ဖြစ်ပေါ်နေသည်။
"သူတို့ မြန်လွန်းတယ်ကွာ။ ပုံရိပ်တွေကိုတောင် မမြင်ရတော့ဘူး"
"တကယ် ကြောက်စရာကောင်းလိုက်တာ...။ သူတို့ ငါ့မျက်စိရှေ့မှာတင် တိုက်ခိုက်နေကြသလိုပဲ"
"နည်းနည်းလေးတောင် လှမ်းမမြင်ရဘူး။ ဒါ တိုက်ပွဲလို့တောင် ခေါ်လို့ရသေးလို့လား"
ကြည့်ရှုနေကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများ လုံးဝ အံ့အားသင့်မှင်တက်သွားကြသည်။
သူတို့ တင်မက... ထျန်းယွမ်ဘုံ တိုက်ခိုက်ရေးသမားများပင်လျှင် ထိုပုံရိပ်နှစ်ခုကို မမြင်နိုင်ကြပေ။ သူတို့၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ။
'နန်းကုန်းကျန့်ရဲ့ စွမ်းအား က အဖေ့ကိုတောင် ကျော်လွန်သွားပြီ...။ သူ ဒီအဆင့်ကို ရောက်ဖို့ ဘယ်လို ကျင့်ကြံခဲ့တာလဲ...'
လိန်ချင်းဖုန်းသည် မျက်မှောင်ကြုတ်ရင်း တွေးတောနေမိသည်။ နန်းကုန်းကျန့်၏ အရည်အချင်းများအပေါ် စိုးရိမ်ပူပန်မှု ခံစားနေရ၏။
ဤမျှ အားကောင်းမောင်းသန်လှသော ပုဂ္ဂိုလ်မျိုးကို... လိန်ချင်းဖုန်းအဖို့ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရန် မဝံ့ရဲ ဖြစ်မိသည်။
ပြင်းထန်သော တိုက်ပွဲသည် ကမ္ဘာမြေကို တုန်ခါစေခဲ့ပြီး... ပျံ့နှံ့လာသော စွမ်းအင်များကြောင့် ဖုန်းလန်ဂိုဏ်းကို ဝန်းရံထားသော တောင်တန်းများပင် တုန်ခါသွား၏။ လူတိုင်း သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားသည်ကို ခံစားလိုက်ကြရသည်။
စန်းဟွမ်နှင့် နန်းကုန်းကျန့်တို့သည် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတွင် အင်အားချင်း တူညီနေခဲ့ပြီး... မည်သူတစ်ဦးတစ်ယောက်မျှ အရေးနိမ့်သည့် အခြေအနေသို့ မရောက်ရှိခဲ့ပေ။
ခွန်အားအရ ကြည့်လျှင်လည်း နန်းကုန်းကျန့်က မနိမ့်ကျ။ အမြန်နှုန်းအရ ကြည့်လျှင်လည်း သူက အားမနည်းခဲ့ပါ။
'ပေမင်ခုံကပါ နန်းကုန်းကျန့်ရဲ့ စွမ်းအားကို မျက်စိကျနေခဲ့တာလား...'
မုရုန်ထျန်းသည် စိုးရိမ်တကြီး တွေးတောနေမိသည်။ ရုတ်တရက် ခန့်မှန်းချက်တစ်ခု သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာ၏။
မုရုန်ထျန်းက "ပါ" ဟူသော စကားလုံးကို သုံးခဲ့ခြင်းမှာ... သူကိုယ်တိုင်လည်း နန်းကုန်းကျန့်အပေါ် အကြံအစည်များ ရှိနေကြောင်း ဖော်ပြနေသည်။
စန်းဟွမ်နှင့် နန်းကုန်းကျန့်တို့၏ တိုက်ပွဲတွင်... မည်သူ အနိုင်ရသည် ဖြစ်ပါစေ... အခြားတစ်ဖက်အတွက် ကြီးမားသော ပေးဆပ်မှုကို ဖြစ်စေမည် ဖြစ်၏။
ဤတွေးဆချက်က မုရုန်ထျန်း၏ မျက်နှာအမူအရာကို မည်းမှောင်သွားစေသည်။
"ဘုန်း"
ပြင်းထန်မှုအဆင့်မြင့်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအပြီးတွင်... တိုက်ပွဲသည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြင့် အဆုံးသတ်သွားပြီး... ပြိုင်ဘက်နှစ်ဦးလုံး နောက်သို့ ဆုတ်ခွာကာ... ကြည့်ရှုနေသူများ၏ မျက်စိရှေ့တွင် ပြန်လည် ပေါ်ထွက်လာကြသည်။
သူတို့၏ ပြင်းထန်သော တိုက်ပွဲ... ကျင့်ကြံ စွမ်းအား ရှိသမျှ ထုတ်သုံးထားသော ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင်... နှစ်ဦးလုံး အသက်ရှူ မှားနေခြင်း မရှိခဲ့ပေ။
ပြိုင်ဘက်နှစ်ဦးလုံး၏ အသက်ရှူသံ အနည်းငယ်မျှပင် မလျော့နည်းသွားသည်ကို မြင်တွေ့ရသောအခါ... နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းမှ အထက်ပိုင်း ပုဂ္ဂိုလ်များအားလုံး သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။
အကယ်၍သာ စန်းဟွမ် သို့မဟုတ် နန်းကုန်းကျန့် တစ်ဦးဦးက မထိန်းနိုင်ခဲ့လျှင်... ၎င်းသည် အင်အားနည်းသော အဖွဲ့အတွက် သေချာသော အရှုံးကို ဆိုလိုပြီး... အကျိုးဆက်များမှာ စိတ်ကူးပင် မကြည့်ဝံ့စရာ ဖြစ်ပေလိမ့်မည်။
"ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ဒီလို ကျင့်ကြံ စွမ်းအား မျိုး ပိုင်ဆိုင်ထားတာက တကယ် ရှားပါးတာပဲ"
စန်းဟွမ်က နန်းကုန်းကျန့်အပေါ် သူ၏ လေးစားမှုကို ထင်ရှားစွာ ပြသရင်း ငါးခူပြုံးလေး ချီးကျူးလိုက်၏။
ထိုအခါ၊ နန်းကုန်းကျန့်က ခပ်ပေါ့ပေါ့ ပြန်လည် တုံ့ပြန်လိုက်သည်။
"ခင်ဗျားလို အသက်အရွယ်ကြီးရင့်နေတဲ့ အချိန်မှာ... ဒီလောက် ကျင့်ကြံ စွမ်းအား ထက်တဲ့ ခွန်အားမျိုး ရှိနေသေးတာကလည်း တော်တော် ရှားပါးတာပဲ"
၎င်းသည် ချီးကျူးစကားဟု ထင်ရသော်လည်း... စန်းဟွမ်အပေါ် မထီမဲ့မြင် ပြုမှုတစ်ခု ပါဝင်နေခဲ့သည်။
မောက်မာလှသည်။ နန်းကုန်းကျန့်သည် အလွန်အမင်း မောက်မာလှ၏။
သို့သော်... နန်းကုန်းကျန့်တွင် မောက်မာရန် အရင်းအနှီး ရှိနေခဲ့သည်။
"ရွှမ်အဆင့် အဆင့်မြင့် သိုင်းပညာ။ ဖျက်ဆီးခြင်း၏ လက်"
နန်းကုန်းကျန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... သူ၏ လက်များကို ပူးကပ်လိုက်သည်။ တိုးမြင့်လာသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး... ပေပေါင်း ဒါဇင်များစွာ ကျယ်ဝန်းသော ကြောက်မက်ဖွယ် မြစိမ်းရောင် လက်ဝါးကြီးတစ်ခု သူ၏ အထက်တွင် စုစည်းသွား၏။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားက လူကို အသက်ရှူ မှားသွားစေသည်။
"ဝှစ်"
တုံ့ဆိုင်းမှုမရှိဘဲ... နန်းကုန်းကျန့်က အောက်သို့ ဝှေ့ယမ်းချလိုက်ရာ... ဧရာမ လက်ဝါးကြီးသည် စန်းဟွမ်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ကောင်းကင်ယံသည် စုတ်ပြဲသွားတော့မည့်အလား တုန်ခါသွားသည်။
စန်းဟွမ်၏ အရှိန်အဝါ ထိုးတက်လာ၏။ သူ၏ ဝတ်ရုံ လက်စများ လှုပ်ခါသွားပြီး... သန်မာသော အစစ်အမှန်ယွမ် စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
"ရွှမ်အဆင့် အဆင့်မြင့် သိုင်းပညာ။ ဟိန်းဟောက်သော လေ လက်ညှိုး"
စန်းဟွမ်က တိုးညင်းစွာ အော်ဟစ်လိုက်ပြီး... ကျဆင်းလာသော လက်ဝါးပုံရိပ်ဆီသို့ ကောင်းကင်ယံကို ထိုးညွှန်လိုက်၏။ ထိုကျယ်ပြောလှသော စွမ်းအားသည် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိပုံရသည်။
"ဝှစ်"
လက်မောင်းတစ်ဖက်စာ လုံးပတ်ရှိသော အဖြူရောင် အလင်းတိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွား၏။ ၎င်းသည် နန်းကုန်းကျန့်၏ လက်ဝါးပုံရိပ်ဆီသို့ ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်နိုင်သော စွမ်းပကားကို သယ်ဆောင်သွားသည်။ စူးရှပြီး ထိုးဖောက်နိုင်စွမ်းရှိသော လေခွင်းသံများက နားစည်များကို နာကျင်စွာ ရိုက်ခတ်လာသည်။
"ဂျိန်း ဂျိန်း"
တစ်ခဏချင်းမှာပင်... ကမ္ဘာပျက်မတတ် စွမ်းအားနှစ်ခုသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် ထိပ်တိုက် ဝင်တိုက်မိသွားပြီး... ချက်ချင်း ပေါက်ကွဲထွက်သွား၏။ စွမ်းအင် လှိုင်းဂယက်များက အရပ်မျက်နှာအားလုံးသို့ မရပ်တန့်နိုင်သော အင်အားဖြင့် ရိုက်ခတ်သွားသည်။
"အစစ်အမှန်ယွမ် အကာအကွယ်"
အဝေးရှိ လိန်ဝူယဲ့နှင့် အခြား ထျန်းယွမ်ဘုံ အင်အားကြီး ပုဂ္ဂိုလ်များ ထိတ်လန့်တကြား ဆုတ်ခွာသွားကြ၏။ တစ်ဦးချင်းစီ စွမ်းအင် အကာအကွယ်များ ဖွဲ့စည်းကာ... တိုက်ခတ်လာသော စွမ်းအင် လှိုင်းဂယက်များကို ခုခံကြရသည်။
သို့သော်... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းဂယက်များကပင်... စန်းဟွမ်နှင့် နန်းကုန်းကျန့်ကို နောက်သို့ ဆုတ်ခွာသွားစေနိုင်ခြင်း မရှိခဲ့ပေ။
တိုက်ခိုက်ရေးသမား နှစ်ဦး၏ စွမ်းအား သည် နားလည်ရ ခက်ခဲလောက်အောင် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ။
သိုင်းပညာ ယှဉ်ပြိုင်မှုတွင်လည်း... နန်းကုန်းကျန့်သည် စန်းဟွမ်ထက် အရေးနိမ့်ခြင်း မရှိခဲ့ပါ။
"နောက်တစ်ခါ"
နန်းကုန်းကျန့်က ဟိန်းဟောက်လိုက်ပြီး... အစစ်အမှန်ယွမ်ကို တစ်ဖန် နှိုးဆွလိုက်၏။ သူ၏ လက်များက လျင်မြန်စွာ ပုံစံများ ဖွဲ့စည်းလိုက်ရာ... သူ၏ အရှိန်အဝါ တစ်ဖန် ထိုးတက်လာပြန်သည်။
"ရွှမ်အဆင့် အဆင့်မြင့် သိုင်းပညာ။ ဆန်လော့ ဂျူမီ ခုတ်ချက်"
နန်းကုန်းကျန့်က တစ်ဖန် အော်ဟစ်လိုက်၏။ သူ၏ လက်မောင်းများတွင် ကြောက်မက်ဖွယ် ခွန်အားများ စုစည်းသွားပြီး... တုံ့ဆိုင်းမှုမရှိဘဲ ဝှေ့ယမ်း ထုတ်လိုက်သည်။
ဧရာမ မြစိမ်းရောင် စွမ်းအင် ခုတ်ချက်ကြီးတစ်ခု... ၎င်း၏ အရှိန်အဝါသည် သက်တံတစ်ခုနှယ်... ကောင်းကင်ယံကို နှစ်ပိုင်းခွဲ ပစ်လိုက်ပုံရ၏။ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်က လူကို သေမတတ် ထိတ်လန့်စေသည်။
"ရွှမ်အဆင့် အဆင့်မြင့် သိုင်းပညာ။ ကောင်းကင်ဘုံ ဝိညာဉ် တံဆိပ်တော်"
မတုန်လှုပ်ဘဲ... စန်းဟွမ်သည် တစ်ဖန် သူ၏ သိုင်းပညာကို ကျင့်ကြံ စွမ်းအား ကုန် ထုတ်သုံးလိုက်ပြန်သည်။ သူ၏ ဦးခေါင်းအထက်တွင် ပေပေါင်း ဒါဇင်များစွာ ကြီးမားသော ဧရာမ စွမ်းအင် တံဆိပ်တော်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ စွမ်းပကားသည် တောင်တစ်လုံး၏ ဖိကြိတ်သော အလေးချိန်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
နှစ်ဦးသားကြားမှ ကြောက်မက်ဖွယ် သေမင်းတမန် တိုက်ပွဲသည်... ကျင့်ကြံသူ အများအပြားကို မြေပြင်ပေါ်သို့ လဲကျသွားစေပြီး... ပြန်လည် ထနိုင်စွမ်း မရှိတော့ပေ။
နောက်ထပ် ကျယ်လောင်သော အသံတစ်ခု မြင့်မားသော ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြန်၏။ အဆုံးမရှိသော စွမ်းအင်များသည် ကောင်းကင်ယံကို ရက်စက်ကြမ်းတမ်းစွာ ဖျက်ဆီးသွားပြီး... ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေကာ... ကျိုကျိုးတစ်ခုလုံး နေရာရွေ့သွားသကဲ့သို့ လူတိုင်း ခံစားလိုက်ကြရသည်။
စန်းဟွမ်နှင့် နန်းကုန်းကျန့်တို့၏ တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေ၏။ အလွန်တရာ ပြင်းထန်သော သိုင်းပညာရပ်များ အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံနေကြပြီး... ကြည့်ရှုနေသူများ ခံနိုင်ရည် ရှိမရှိကို လုံးဝ ထည့်သွင်း စဉ်းစားခြင်း မရှိတော့ပေ။
အရပ်မျက်နှာအားလုံးမှ ကျင့်ကြံသူများသည်... သူတို့၏ နားများကို အုပ်ထားကြသော်လည်း... သူတို့၏ မျက်နှာများပေါ်တွင် နာကျင်သော အမူအရာများ ပေါ်နေဆဲ ဖြစ်သည်။
နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်နေမှုသည်... အသံ စွမ်းအင် လှိုင်းများကဲ့သို့... မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရက်စက်စွာ ရိုက်ခတ်နေပြီး...အစက သူတို့၏ နားစည်များကို တုန်ခါစေရာမှ... နောက်ဆုံးတွင် သူတို့၏ ဦးခေါင်းများ ပေါက်ကွဲထွက်မတတ် ဖြစ်လာကြသည်။
'နန်းကုန်းကျန့်မှာ တကယ်ကြီး ဒီလောက် မယုံနိုင်စရာ အစွမ်းအစ ရှိနေပါလား'
လိန်ဝူယဲ့သည် ကြည့်ရင်း ကြည့်ရင်း ပို၍ သတိထားလာကာ... တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
ကံကောင်းသည်မှာ... ဖုန်းလန်ဂိုဏ်းတွင်လည်း တောင့်ခံထားရန် စန်းဟွမ် ရှိနေသေး၏။ သို့မဟုတ်ပါက... နန်းကုန်းကျန့် တစ်ဦးတည်းကပင် ဂိုဏ်းကို ချေမွပစ်ရန် လုံလောက်နေခဲ့သည်။
နန်းကုန်းမိသားစုမှ အဆင့်မြင့် အဖွဲ့ဝင်များသည်လည်း အလားတူ သက်သာရာရမှုမျိုး ခံစားလိုက်ကြရသည်။ အကယ်၍သာ နန်းကုန်းကျန့် ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ အဆင့်ချိုးဖြတ်နိုင်ခဲ့ခြင်း မရှိပါက... ဤတိုက်ပွဲသည် သူတို့၏ မျိုးနွယ်စုအတွက် ပျက်စီးခြင်းကို မုချ ယူဆောင်လာမည် ဖြစ်သည်။
တိုက်ပွဲ ကြာမြင့်လာသည်နှင့်အမျှ... သူတို့၏ သိုင်းပညာရပ်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသော စန်းဟွမ်နှင့် နန်းကုန်းကျန့် နှစ်ဦးလုံး၏ အစစ်အမှန်ယွမ် စွမ်းအင်များ စတင် ယုတ်လျော့လာခဲ့သည်။
အစစ်အမှန်ယွမ် ကုန်ဆုံးမှုမှာ အလွန် ကြီးမားလှ၏။ ထျန်းယွမ်ဘုံ ဆဌမအလွှာတွင် ရှိနေလျှင်ပင်... သူတို့ ဤအခြေအနေကို ကြာရှည်စွာ မထိန်းထားနိုင်ကြပေ။
'ဒီအဘိုးကြီး သိပ်ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး။ သူ့ကို တစ်ချက်တည်း အဆုံးသတ်ပစ်ရမယ်'
နန်းကုန်းကျန့်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော သွေးများကို ဖိနှိပ်ရင်း... စိတ်ထဲမှ ရက်စက်စွာ ကြံစည်လိုက်သည်။ နန်းကုန်းကျန့်သည် အစစ်အမှန်ယွမ်ကို တစ်ဖန် နှိုးဆွလိုက်ပြန်၏။ သူသည် စန်းဟွမ်ကို အသက်ရှူချိန် တစ်ချက်မျှ ပေးရန် အစီအစဉ် မရှိသည်မှာ ထင်ရှားသည်။
"ကောင်းကင် ထောက်ပံ့ လှံတံ"
"တိမ်ဖုံးလွှမ်းသော ချပ်ဝတ်"
နန်းကုန်းကျန့်က ဆက်လက် ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တကြား အကြည့်များအောက်တွင်... သူသည် ဝိညာဉ်လက်နက်များ တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ရာ... သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။