ဘယ်တော့မှ အရှုံးမပေး
Vol. 20 Ch. 296
~စန်းဟွမ်၏ ပြင်းထန်သော ထိုးနှက်ချက်သည် နန်းကုန်းကျန့်အား အပြင်းအထန်ပင် ဒဏ်ရာရရှိသွားစေခဲ့၏။
ဤတုန်လှုပ်ဖွယ် ထိုးနှက်ချက် တစ်ချက်တည်းကပင် နန်းကုန်းကျန့်၏ ယုံကြည်မှုနှင့် မာနတရားတို့ကို အပိုင်းပိုင်းအစစ ကြေမွသွားစေခဲ့သည်။
နန်းကုန်းကျန့်... အပြည့်အဝ ရှုံးနိမ့်သွားခဲ့လေပြီ။
နန်းကုန်းမိသားစု၏ ထိပ်တန်း ပါရမီရှင်တစ်ဦး... ကျဆုံးသွားခဲ့လေပြီတကား။
သူ၏ အပြင်းအထန် ဒဏ်ရာရနေသော ခန္ဓာကိုယ်သည် ဝန်ထုပ်ဝန်ပိုးကို ဆက်လက် မထမ်းထားနိုင်တော့ဘဲ ကောင်းကင်ယံမှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာတော့သည်။
အရိပ်များထဲတွင် ပေမင်ခုံက ဆိုးရွားသော အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်၏။
'ဟွန့်။ နောက်ဆုံးတော့ နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားကြပြီပေါ့'
အမှောင်ထုထဲတွင် ပုန်းကွယ်နေရင်း... ပေမင်ခုံ ကိုယ်တိုင်မှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မည်းမှောင်နေသည်။... မထင်ရှားသော စွမ်းအင်အလွှာတစ်ခုက ပေမင်ခုံ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ သူ၏ တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားလေသည်။
ပေမင်ခုံ၏ တည်ရှိနေမှုကို ထိုနေရာရှိ မည်သူတစ်ဦးတစ်ယောက်မျှ သတိမပြုမိခဲ့ကြပေ။ အမှန်တကယ်တွင်... ပေမင်ခုံ အသက်ရှင်နေသေးသည်ကိုပင် မည်သူမျှ မယုံကြည်ကြ။
ပေမင်ခုံသည် တင်ပျဉ်ခွေ ထိုင်လျက်ရှိပြီး... သူ၏ လက်ဖမိုးများကို ဒူးများပေါ်တွင် တင်ထား၏။ ထူးဆန်းသော အနက်ရောင် ကျောက်တုံးတစ်တုံးက သူ၏ ရှေ့မှောက်တွင် ပျံဝဲနေကာ... ၎င်း၏ ရည်ရွယ်ချက်ကို မည်သူမျှ မသိနိုင်ချေ။
'ဒီတစ်ခါတော့... အဲ့ဒီ အဘိုးကြီး ရှီဟွမ်ရဲ့ အကူအညီမပါဘဲ... ငါ့ရဲ့ ဘိုးဘေးစွမ်းအားကို ငါကိုယ်တိုင် နိုးထနိုင်လောက်ပါရဲ့...'
ပေမင်ခုံသည် အေးစက်သော ရယ်မောသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။
သူ၏ အပြုံးသည် ဆိုးညစ်မှုများဖြင့် ပြည့်နှက်နေသော်လည်း... မောက်မာမှုနှင့် ဂုဏ်ယူမှုတို့ကိုမူ ဖုံးကွယ်ထား၍ မရခဲ့ပါ။
နန်းကုန်းလီသည် ထိတ်လန့်တကြား အောက်သို့ ထိုးဆင်းသွား၏။
"ကျန့်အာ"
နန်းကုန်းထျန်းဟန်နှင့် အခြား အဆင့်မြင့်ပုဂ္ဂိုလ်များလည်း။ စိုးရိမ်တကြီးအော်ကာ အလျင်အမြန် လိုက်ပါသွားကြသည်။
နန်းကုန်းကျန့်သည် နန်းကုန်းမိသားစုအတွက် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ပေါ်ထွက်လာသော ပါရမီရှင်ဖြစ်ပြီး... မိသားစု၏ အနာဂတ်အတွက် အလွန်အရေးပါလှသည်။ သူတို့ သူ့ကို ဘာမှ အဖြစ်မခံနိုင်ကြပေ။
"ကျန့်အာ။ မြန်မြန်... ဆေးလုံးသောက်လိုက်"
နန်းကုန်းလီသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကာ... ဆေးလုံးကို ကိုင်ထားသော သူ၏ လက်များပင် တုန်ရီနေတော့သည်။
"မဖြစ်သင့်လိုက်တာ။ အဲ့ဒီ သောက်အဘိုးကြီးက သူ့ရဲ့ အနှစ်သာရသွေးကိုသုံးပြီး ကျန့်အာကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်သွားတယ်"
နန်းကုန်းထျန်းဟန်က ဒေါသတကြီး အံကြိတ်လိုက်၏။ သူ၏ မျက်နှာတွင် သွေးကြောများ ထောင်ထလာပြီး... သွေးများက သူ၏ သွေးကြောများထဲတွင် ပြင်းထန်စွာ လှည့်ပတ်စီးဆင်းနေသည်။
"အနှစ်... အနှစ်သွေးဆိုတာကလည်း ခွန်အားရဲ့... တစ်စိတ်တစ်ပိုင်းပါပဲ..."
နန်းကုန်းကျန့်က ခက်ခက်ခဲခဲ ပြောလိုက်ရ၏။ သူ၏ အသံမှာ တိုးလျနေပြီး... အသိစိတ်များက ဝေဝါးလာသည်။
နန်းကုန်းကျန့်သည် အနှစ်သွေး၏ စွမ်းအားကို ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်လေသည်။
...ဟုတ်ပါ၏။ လုံးဝ မလိုအပ်ဘဲနှင့်တော့... မည်သူကမျှ သူတို့၏ အနှစ်သွေး စွမ်းအားကို အသုံးပြုကြမည် မဟုတ်ပေ...။
နန်းကုန်းကျန့် ရှုံးနိမ့်သွားသည်နှင့်... ဖုန်းလန်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တပည့်များအားလုံး သက်ပြင်းတစ်ချက် ချလိုက်ကြရ၏။ သူတို့၏ နှလုံးသားများတွင် ချိတ်ဆွဲထားသော စိုးရိမ်ပူပန်မှုများ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။
ဖုန်းလန်ဂိုဏ်း... ကယ်တင်ခြင်း ခံလိုက်ရလေပြီ။
စန်းဟွမ်သည် နန်းကုန်းကျန့်ကို အနှစ်သွေး၏ စွမ်းအားဖြင့် အနိုင်ယူခဲ့သော်လည်း... ၎င်းက သူ့အား ချက်ချင်းပင် အင်အားကုန်ခမ်းသွားစေခဲ့သည်။ သူ၏ မျက်နှာသည် အလောင်းတစ်လောင်းကဲ့သို့ ဖြူဖျော့နေ၏။ ဤအခိုက်အတန့်တွင်... သူသည် ကောင်းကင်ယံ၌ မနည်းပင် ပျံဝဲနေနိုင်တော့ပြီး... နောက်တစ်ကြိမ် တိုက်ခိုက်ရန် စွမ်းအား မရှိတော့ချေ။
ခဏအကြာတွင်... ဖုန်းလန်ဂိုဏ်းအတွင်းမှ တပည့်များ၏ စိတ်လှုပ်ရှားစွာ အောင်ပွဲခံသံများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး... ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
တိုက်ပွဲကို ကြည့်ရှုနေခဲ့ကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်လည်း သူတို့၏ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့မှ သတိပြန်ဝင်လာကြသည်။
"နန်းကုန်းကျန့် ရှုံးသွားပြီ။ နန်းကုန်းမိသားစုရဲ့ ထိပ်တန်း ပါရမီရှင် ရှုံးနိမ့်သွားခဲ့ပြီ"
"ဖုန်းလန်ဂိုဏ်းက အဲ့ဒီ အကြီးအကဲရဲ့ ကျင့်ကြံ စွမ်းအား က တကယ်ကို ကြောက်စရာကောင်းတာပဲ"
"ငါ ဘဝမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲမျိုး တစ်ခါမှ မမြင်ဖူးဘူး။ တကယ် မျက်စိပွင့်သွားတာပဲ"
"နန်းကုန်းကျန့် ရှုံးနိမ့်သွားတာနဲ့... နန်းကုန်းမိသားစုတော့ ပြီးသွားပြီ..."
အရပ်မျက်နှာအားလုံးမှ ကျင့်ကြံသူများ၏ တုန်လှုပ်စွာ ရေရွတ်သံများသည် ဆူနာမီလှိုင်းလုံးကြီးတစ်ခုပမာ ပျံ့နှံ့သွားသည်။
"စန်းဟွမ်ကတော့ စန်းဟွမ်ပါပဲ...။ နန်းကုန်းကျန့်ရဲ့ ကျင့်ကြံ စွမ်းအား က အားကောင်းမောင်းသန် ဖြစ်ပေမဲ့... အတွေ့အကြုံပိုင်းအရတော့... စန်းဟွမ်က အများကြီး ပိုပါးနပ်တယ်။ နန်းကုန်းကျန့် ရှုံးနိမ့်သွားတာ အံ့ဩစရာ မရှိပါဘူး"
ဂိုဏ်းချုပ် ရှီဟွမ်က သူ၏ နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ရင်း အသက်ပြင်းပြင်း ရှူသွင်းကာ သုံးသပ်လိုက်သည်။
ရှီထျန်းသည် ထိတ်လန့်တကြား ရပ်နေရင်း ရေရွတ်လိုက်မိ၏။
"ဒီလောက် ကြောက်စရာ ကောင်းလောက်အောင် ခွန်အားကြီးတဲ့ လူမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး..."
အခြားတစ်ဖက်တွင်မူ... နတ်ဘုရား ဆေးလုံး သခင်ကြီးများနှင့် ချူချန်ခုံးတို့ အပါအဝင် အခြားသူများမှာ... စန်းဟွမ်၏ ကြောက်မက်ဖွယ် ကျင့်ကြံ စွမ်းအား ကို အံ့ဩ ချီးမွမ်းနေကြသည်။
...ကျိုကျိုး တစ်ခွင်လုံးတွင်... စန်းဟွမ်၏ ပြိုင်ဘက် ဖြစ်နိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိတော့မည် မဟုတ်ပေ...။
"စန်းဟွမ်။ ကျန့်အာသာ တစ်ခုခု ဖြစ်သွားခဲ့ရင်... ငါ မင်းကို မကြေဘူး"
နန်းကုန်းလီက စန်းဟွမ်ထံသို့ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ထိုစကားကို ကြားသောအခါ စန်းဟွမ်က ခပ်ပေါ့ပေါ့ ပြုံးရင်း တုံ့ပြန်လိုက်သည်။
"နန်းကုန်းကျန့်က အခုထိ မသေသေးပါဘူး"
နန်းကုန်းကျန့် အပြင်းအထန် ဒဏ်ရာရခဲ့သော်လည်း... သူ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းလှသဖြင့်... ဤမျှလောက်နှင့် လွယ်လွယ်ကူကူ သေဆုံးသွားမည် မဟုတ်ပေ။
ထို့အပြင်... စန်းဟွမ်က နန်းကုန်းကျန့်ကို သတ်ချင်ခဲ့လျှင်ပင်... သူ့တွင် ထိုသို့ပြုလုပ်ရန် အင်အား မရှိတော့ချေ။ ယခုအခါ ရန်သူကို ထိခိုက်စေခဲ့သော်လည်း မိမိကိုယ်တိုင်လည်း နာကျင်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့လေပြီ။
"ဂိုဏ်းချုပ်။ ကျွန်တော်တို့ သူတို့ကို ပြန်မလွှတ်သင့်ဘူး"
"ဟုတ်တယ်။ သူတို့ကို လွှတ်လိုက်တာက ကျားတစ်ကောင်ကို တောင်ပေါ် ပြန်လွှတ်လိုက်သလိုပဲ။ သူတို့ ကျွန်တော်တို့ကို နောက်တစ်ခါ ထပ် လာတိုက်ဦးမှာ"
"နန်းကုန်းမိသားစုကို ချေမှုန်းပစ်"
ဖုန်းလန်ဂိုဏ်း တပည့်များသည် ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်နေကြပြီး... နန်းကုန်းမိသားစုကို လွှတ်ပေးရန် လုံးဝ ဆန္ဒမရှိကြပေ။
"ဂိုဏ်းချုပ်... နန်းကုန်းကျန့်ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်နေတယ်။ ချက်ချင်း မကုသဘူးဆိုရင်... သူ့အသက် အန္တရာယ် ရှိနိုင်တယ်။ ကျွန်တော်တို့ ဘာလို့ ဒီအခွင့်အရေးကိုယူပြီး နန်းကုန်းမိသားစုကို အမြစ်ဖြတ် မပစ်သင့်တာလဲ။ နန်းကုန်းကျန့်ကိုသာ အပြည့်အဝ ပြန်နာလန်ထခွင့် ပေးလိုက်ရင်... စန်းဟွမ်တောင် သူ့ကို နောက်တစ်ခါ အနိုင်တိုက်နိုင်မှာ မဟုတ်တော့ဘူး"
အကြီးအကဲတစ်ဦးက စန်းဟွမ် ကြားသွားမည်ကို စိုးရိမ်သဖြင့်... သူ၏ အသံကို နှိမ့်ကာ လေးနက်စွာ အကြံပြုလိုက်သည်။
"နန်းကုန်းမိသားစုက တကယ့်တရားခံကို အတည်မပြုဘဲနဲ့ ကျွန်တော်တို့ကို လာတိုက်ခိုက်ခဲ့တာ...။ ကျွန်တော်တို့ တပည့်တွေ အများကြီး သေဆုံးခဲ့ရတယ်...။ ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လို သည်းခံနေနိုင်မှာလဲ။ ဒါ့အပြင်... နန်းကုန်းယွီဝမ်ကလည်း လိန်ချင်းဖုန်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီခြိမ်းခြောက်မှုကို ဘေးမှာ ဆက်ထားလို့ မဖြစ်ဘူး"
ဂိုဏ်းကာကွယ်စောင့်ရှောက်သူတစ်ဦးက ပြင်းထန်စွာနှင့် ဒေါသတကြီး ထောက်ခံလိုက်၏။
လိန်ဝူယဲ့က ခေါင်းညိတ်လိုက်သည်။ ကျားတစ်ကောင်ကို တောင်ပေါ် ပြန်လွှတ်ခြင်း မပြုရဟူသော ယုတ္တိကို သူ ကောင်းကောင်းကြီး သိရှိထားပြီး ဖြစ်၏။
စန်းဟွမ်၏ ကျင့်ကြံ စွမ်းအား သည် ကြောက်မက်ဖွယ် ကောင်းသည်မှာ မှန်သော်လည်း... နန်းကုန်းကျန့်က ပို၍ ဆိုးရွားသည်။ သူ၏ ကြောက်မက်ဖွယ် ပါရမီဖြင့်... နန်းကုန်းကျန့်၏ ကျင့်ကြံ စွမ်းအား သည် စန်းဟွမ်ကို မလွဲမသွေ ကျော်လွန်သွားပေလိမ့်မည်။ ထိုအချိန် ကျရောက်လာပါက... ဖုန်းလန်ဂိုဏ်းသည် နောက်ထပ် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရပေဦးမည်။
လိန်ဝူယဲ့က ဤသို့သော ခြိမ်းခြောက်မှုမျိုးကို အသက်ရှင်လျက် မည်သို့ ထားရစ်ခဲ့နိုင်မည်နည်း။
"တကယ့်တရားခံကို အတည်မပြုခင်မှာ... နန်းကုန်းမိသားစုက ဖုန်းလန်ဂိုဏ်းကို ထိုးနှက်ခဲ့ပြီး... ငါတို့ တပည့် အများအပြားကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့... ဒီဂိုဏ်းတစ်ခုလုံး ပျက်စီးသွားတောင်မှ... ငါတို့ မင်းတို့အားလုံးကို ချေမှုန်းပစ်မယ်"
လိန်ဝူယဲ့က အေးစက်စွာ ဆိုလိုက်၏။ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် ပျံ့နှံ့သွားသည်။
"ဟွန့်။ ဒါဆိုလည်း အတူတူ သေကြတာပေါ့"
နန်းကုန်းလီက ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိဘဲ... ခက်ထန်စွာ တုံ့ပြန်လိုက်သည်။
'...စန်းဟွမ်က တိုက်ခိုက်ရေး စွမ်းအား ဆုံးရှုံးသွားပြီ...။ သူက နန်းကုန်းမိသားစုအတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူး။ ဒီလိုမှတော့... ငါက ဖုန်းလန်ဂိုဏ်းကို ဘာလို့ ကြောက်နေရမှာလဲ...'
"ကျန့်အာ ချက်ချင်း ကုသမှု ခံယူဖို့ လိုနေပြီ။ မဟုတ်ရင် သူ့အသက် အန္တရာယ် ရှိနိုင်တယ်"
နန်းကုန်းထျန်းဟန်က အရေးတကြီး ဆိုလိုက်သည်။
"ထျန်းအာ... ကျန့်အာကို ကုသဖို့ မြန်မြန် ခေါ်ပြန်တော့"
ဟု နန်းကုန်းလီက မုရုန်ထျန်းကို လှမ်းအော်လိုက်သည်။
မုရုန်ထျန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ... ကောင်းကင်သို့ ပျံတက်သွား၏။ အခင်းအကျင်းကြောင့် မုရုန်ထျန်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး... သူ၏ ဒဏ်ရာများမှာ ဆိုးရွားလှသည်။ သူသည် မည်သို့ ထွက်ပြေးရမည်ကို တွေးတော ကြံဆနေခဲ့ပြီး ဖြစ်သည်။
လိန်ဝူယဲ့၏ ရေခဲတမျှ အေးစက်သော အကြည့်များက မုရုန်ထျန်းထံသို့ ဝေ့ကနဲ ကျရောက်သွား၏။
"မုရုန်ထျန်း... မင်း အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ဝန်ခံတာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့... ဒီနေ့ မင်း ဒီနေရာကနေ အရှင် ထွက်သွားရမယ် မထင်နဲ့"
"မုရုန်ထျန်း။ ပေမင်ခုံ ဘယ်မှာလဲ"
လိန်ချင်းဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... သူ၏ ကြမ်းတမ်းသော အကြည့်က မုရုန်ထျန်းထံတွင် စူးစိုက်နေသည်။
မုရုန်ထျန်းက ထိုခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်းမရှိဘဲ မဲ့ပြုံးလိုက်သည်။
"ဒီလိုလား။ ဒါဆိုလည်း... ခင်ဗျားတို့ ကျုပ်ကို ဒီမှာ ထိန်းထားနိုင်မလား ကြည့်ကြသေးတာပေါ့"
နန်းကုန်းယွီဝမ်က "တိုက်ကြ"
ဟု ဟိန်းဟောက်လိုက်၏။ သူ၏ ခက်ထန်သော အကြည့်က လိန်ချင်းဖုန်းထံတွင် စူးစိုက်နေပြီး... လိန်ချင်းဖုန်း မသေမချင်း မရပ်တန့်ရန် ဆုံးဖြတ်ထားပုံ ရသည်။
နန်းကုန်းယွီဝမ်သည် ပထမဆုံး လှုပ်ရှားလိုက်ပြီး... လိန်ချင်းဖုန်းထံသို့ အရူးအမူး ပြေးဝင်သွားသည်။ သူ သေရမည် ဆိုလျှင်ပင်... လိန်ချင်းဖုန်းကို သူနှင့်အတူ အဖော်ခေါ်သွားရန် ဆုံးဖြတ်ထားပုံရ၏။
"အဘိုးကြီး။ တကယ်ပဲ ကျုပ် ခင်ဗျားကို မသတ်နိုင်ဘူး ထင်နေတာလား"
လိန်ချင်းဖုန်းက ဒေါသတကြီး တုံ့ပြန်လိုက်ပြီး... သူ၏ အစစ်အမှန်ယွမ်ကို ထုတ်လွှတ်ကာ ရှေ့သို့ တိုးဝင်သွားသည်။
လိန်ဝူယဲ့က စန်းဟွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး “စန်းဟွမ်... ခင်ဗျား အခု အနားယူထားလိုက်ပါ” ဟု မှာကြားလိုက်၏။
"ဝှစ်"
သူ၏ စကားသံ ဆုံးသည်နှင့်... လိန်ဝူယဲ့သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပစ်ထွက်သွားပြီး အော်ဟစ်လိုက်သည်။
"မင်း ထွက်ပြေးဖို့ ကြိုးစားလို့တော့ ရတယ်...။ ဒါပေမဲ့ မင်းရဲ့ အသက်ကိုတော့ ဒီမှာ ထားခဲ့ရလိမ့်မယ်"
"မင်း အိပ်မက် မက်နေတာလား"
နန်းကုန်းလီက ပြန်လည် ဟိန်းဟောက်လိုက်ပြီး... လိန်ဝူယဲ့ထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွား၏။
"ခွင့်မလွှတ်နိုင်ဘူး"
နန်းကုန်းထျန်းဟန်က ဒေါသတကြီး အံကြိတ်လိုက်၏။ သူ၏ မျက်နှာအမူအရာသည် အစွန်းရောက် ဒေါသဖြင့် အရူးအမူး ဖြစ်နေသည်။
အောက်ဘက်တွင်... ဖုန်းလန်ဂိုဏ်းမှ တပည့်များနှင့် နန်းကုန်းမိသားစုဝင်များ အလုံးအရင်းလိုက် ရှေ့သို့ တိုးဝင်လာကြသည်။ တစ်ဦးချင်းစီမှာ ရက်စက် ကြမ်းတမ်းသော အသွင်များ ပေါ်နေပြီး... သေသည်အထိ တိုက်ခိုက်ရန် အသင့် ဖြစ်နေကြသည်။
တိုက်ပွဲသည် တစ်ဖန် ပေါက်ကွဲထွက်လာပြန်တော့သည်။
စန်းဟွမ်နှင့် နန်းကုန်းကျန့်တို့၏ တိုက်ပွဲသည် ထိခိုက်သေဆုံးမှုများကို ခေတ္တမျှ နှောင့်နှေးစေခဲ့ရုံသာ ဖြစ်၏။ ၎င်းက အလုံးစုံ အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါ။
နန်းကုန်းမိသားစုသည် ယခုအခါ ဖုန်းလန်ဂိုဏ်းနှင့် သေရေးရှင်ရေး တိုက်ပွဲတွင် ပိတ်မိနေခဲ့ပြီ။ သူတို့၏ မုန်းတီးမှုများက ပိုမို နက်ရှိုင်းလာပြီး... မလွဲမသွေပင် နှစ်ဖက်စလုံး ပျက်စီးခြင်း... သို့မဟုတ် မျိုးတုံးခြင်းဆီသို့ပင် ဦးတည်သွားပေလိမ့်မည်။
"နန်းကုန်းကျန့်နဲ့ စန်းဟွမ် နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရနေပြီ...။ လိန်ဝူယဲ့နဲ့ တခြားသူတွေလည်း သိပ်ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။ အဖေ... ကျွန်တော်တို့ ဘယ်အချိန် ဝင်လှုပ်ရှားကြမလဲ"
ရှီထျန်းက မေးလိုက်သည်။
"နှစ်ဖက်လုံး ပျက်စီးသွားမှာကတော့ မလွဲမသွေပဲ။ စိတ်မလောပါနဲ့...။ ပေမင်ခုံက တကယ် ဘာလုပ်ချင်နေလဲဆိုတာ အရင် ကြည့်ကြဦးစို့။ သူလည်း ဒီနေရာမှာ ရှိနေမှာ သေချာတယ်"
ရှီဟွမ်က ပေမင်ခုံ၏ တည်ရှိမှုကို မမေ့မလျော့ဘဲ... လေးနက်စွာ တုံ့ပြန်လိုက်သည်။
ရှီဟွမ်သည် ပေမင်ခုံနှင့် ပတ်သက်၍ အစကတည်းက တစ်ခါမျှ စိတ်သက်သာရာ မရခဲ့ဖူးပေ။ ရှီဟွမ်နှင့် ပေမင်ခုံတို့၏ ဆက်ဆံရေးသည် သန့်စင်သော အပေးအယူ ကိစ္စတစ်ခုမျှသာ ဖြစ်၏။
အမြင့်တစ်နေရာတွင်... လိန်ဝူယဲ့က မုရုန်ထျန်းကို ကြားဖြတ် တားဆီးလိုက်ပြီး... အေးစက်စွာ ဆိုလိုက်သည်။
"မင်း အကြောင်းစုံ ရှင်းရှင်းလင်းလင်း မရှင်းပြဘဲနဲ့တော့ ထွက်သွားလို့ ရမယ် မထင်နဲ့"
နန်းကုန်းလီသည် လျှပ်တပြက်အတွင်း ရောက်ရှိလာ၏။ သူ၏ မျက်နှာသည် ခက်ထန်နေပြီး... လိန်ဝူယဲ့ကို စူးစိုက်ကြည့်ကာ... ဆိုးရွားသော ဒေါသဖြင့် ဆိုလိုက်သည်။
"ထျန်းအာ... ကျန့်အာကို ကုသဖို့ မြန်မြန် ခေါ်ပြန်တော့။ သူ့ကို ငါ ရင်ဆိုင်ထားလိုက်မယ်"
"ဂရုစိုက်ပါ အဘိုး"
မုရုန်ထျန်းက ခေါင်းညိတ်လိုက်ပြီး... အပြင်းအထန် ဒဏ်ရာရနေသော နန်းကုန်းကျန့်ကို သယ်ဆောင်ကာ... လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားသည်။
"မင်း ထွက်ပြေးနိုင်မယ် ထင်နေတာလား"
လိန်ဝူယဲ့က အေးစက်စွာ ဆိုလိုက်၏။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး... ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ထိုထဲတွင် တဖျပ်ဖျပ် လင်းလက်နေသည်။ သူ၏ အေးစက်သော အကြည့်ကို နန်းကုန်းလီထံသို့ ပြန်လှည့်လိုက်ပြီး... ခက်ထန်စွာ ဆိုလိုက်သည်။
"မင်းသာ အမှန်တရားကို သိခဲ့ရင်... နောင်တတွေနဲ့ ပြည့်နှက်နေလိမ့်မယ်"
"ကိုယ်ပွား"
စကားပြောပြီးသည်နှင့်... လိန်ဝူယဲ့က ပြင်းထန်စွာ ဟစ်အော်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် နန်းကုန်းလီထံသို့ ပြေးဝင်သွားစဉ်မှာပင်... ကိုယ်ပွားတစ်ခုက မုရုန်ထျန်းထံသို့ ပြေးဝင်သွားသည်။
နန်းကုန်းလီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူက ကိုယ်ပွားကို တားဆီးရန် ရည်ရွယ်လိုက်သော်လည်း... လိန်ဝူယဲ့၏ ခန္ဓာကိုယ် အစစ်က သူ့ထံသို့ တဟုန်ထိုး ရောက်ရှိလာခဲ့ပြီး ဖြစ်နေသည်။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးချက် တစ်ချက်က နန်းကုန်းလီကို ချိန်ရွယ်ထား၏။
"ရိုင်းစိုင်းလှချည်လား"
နန်းကုန်းလီ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တစ်ဖက်တွင် သူ၏ မြေးနှင့် မုရုန်ထျန်း... အခြားတစ်ဖက်တွင် လိန်ဝူယဲ့...။
'...ငါ ဘယ်သူ့ကို တားရမှာလဲ။ လိန်ဝူယဲ့ကို တားရမလား... ဒါမှမဟုတ် ငါ့မြေးကို ကယ်ရမလား...'
လိန်ဝူယဲ့ကို တားဆီးလိုက်ပါက... မုရုန်ထျန်းနှင့် နန်းကုန်းကျန့်တို့ ထွက်ခွာနိုင်မည် မဟုတ်ပေ။ အကယ်၍ သူက ကိုယ်ပွားကို တားဆီးရန် ကြိုးစားပါက... လိန်ဝူယဲ့သည် နန်းကုန်းလီကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ဆောင်ရန် ဤအခွင့်အရေးကို မုချ ဆုပ်ကိုင်ပေလိမ့်မည်။ နန်းကုန်းလီသာ ကျဆုံးသွားခဲ့ပါက... လိန်ဝူယဲ့ကို မည်သူက ဆက်လက် တားဆီးနိုင်မည်နည်း။
"ဘုန်း"
နောက်ဆုံးတွင်... နန်းကုန်းလီသည် လိန်ဝူယဲ့နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ရန် ရွေးချယ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ... နှစ်ဦးသား တစ်ယောက်တစ်ချက်စီ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
ထို နှောင့်နှေးမှုကြောင့်... နန်းကုန်းလီသည် လိန်ဝူယဲ့၏ ကိုယ်ပွားကို တားဆီးရန် နောက်ကျသွားခဲ့လေပြီ။
"ဘုန်း"
"ဖွတ်"
လိန်ဝူယဲ့၏ ကိုယ်ပွားသည် တစ်ခဏချင်း ရောက်ရှိသွားပြီး... ကြားဖြတ်ကာ မုရုန်ထျန်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့် မုရုန်ထျန်း သွေးများ အန်ကျကာ လွင့်စင်သွားပြီး... သူ၏ ကျောပေါ်မှ နန်းကုန်းကျန့်သည်လည်း လွင့်ထွက်သွားတော့သည်။
မုရုန်ထျန်းသည် မူလကတည်းက အပြင်းအထန် ဒဏ်ရာရထားခဲ့ပြီး... လိန်ဝူယဲ့၏ ဤလက်ဝါးချက်က ဒဏ်ရာပေါ် ဒဏ်ချက် ထပ်ဆင့်လိုက်သလို ဖြစ်သွားသည်။
"လိန်ဝူယဲ့"
နန်းကုန်းလီ အံကြိတ်လိုက်၏။ အကြီးအကျယ် ဒေါသ ဆူပွက်နေပြီး... သူ၏ မျက်နှာအိုကြီးမှာ ရေများ ယိုကျလာနိုင်မတတ် မည်းမှောင်သွားသည်။
ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု နန်းကုန်းလီထံမှ ပေါက်ကွဲထွက်လာ၏။ သူ၏ မျက်လုံးများ သွေးရောင် လွှမ်းသွားပြီး... ဒေါသက သူ၏ အသိစိတ်ကို တဖြည်းဖြည်း လွှမ်းမိုးလာတော့သည်။
"ကျန့်အာ"
နန်းကုန်းထျန်းဟန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူသည် ဖုန်းလန်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူနှင့် ဆက်လက် ထိပ်တိုက်တွေ့ မနေနိုင်တော့ဘဲ... နောက်သို့ ပေါက်ကွဲထွက်ကာ နန်းကုန်းကျန့်ထံသို့ ပျံသန်းသွားသည်။
"ဒီကို လာခဲ့စမ်း"
ဖုန်းလန်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ အဝေးမှနေ၍... သူသည် အပြင်းအထန် ဒဏ်ရာရနေသော မုရုန်ထျန်းထံသို့ လက်လှမ်းလိုက်ပြီး... မုရုန်ထျန်းကို သူ့ထံသို့ တိုက်ရိုက် ဆွဲယူလိုက်သည်။
ဂိုဏ်းကာကွယ်စောင့်ရှောက်သူသည် မုရုန်ထျန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး... ရက်စက်စွာ ဆိုလိုက်သည်။
"မင်း အမှန်အတိုင်း ဝန်မခံဘူးဆိုရင်... ငါ မင်းရဲ့ လည်ပင်းကို ချိုးပစ်မယ်"
"မင်း... မင်း လုပ်ရဲလား"
နန်းကုန်းလီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါ ဘာလို့ မလုပ်ရဲရမှာလဲ"
ဂိုဏ်းကာကွယ်စောင့်ရှောက်သူက နန်းကုန်းလီ၏ ခြိမ်းခြောက်မှုကို မတုန်လှုပ်ဘဲ... မုရုန်ထျန်း၏ လည်ပင်းကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ပြန်လည် ဟိန်းဟောက်လိုက်သည်။
နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့သည် ယဉ်ကျေးမှု ဟန်ဆောင်မှုများအားလုံး ကွဲပျက်သွားခဲ့ပြီ ဖြစ်ရာ... ဂိုဏ်းကာကွယ်စောင့်ရှောက်သူက နောက်ထပ် ဘာကို ကြောက်ရွံ့နေရဦးမည်နည်း။
“ပေမင်ခုံ... မင်း အခု ချက်ချင်း လှုပ်ရှားတာ ကောင်းလိမ့်မယ်။ ငါသာ သေသွားရင်... မင်း ပိုကြီးမားတဲ့ စွမ်းအားတွေ ရဖို့ အိပ်မက် မမက်နဲ့တော့”
မုရုန်ထျန်းက လျှို့ဝှက်သော နည်းလမ်းတစ်ခုကို အသုံးပြု၍ စိတ်ဖြင့် ဆက်သွယ် လှမ်းအော်လိုက်သည်။
“မလန့်ပါနဲ့...။ မင်းကို သေခိုင်းရက်မှာလဲ။ ငါ ပြီးတော့မယ်...။ သူတို့ထဲက တစ်ယောက်မှ လွတ်သွားမှာ မဟုတ်ဘူး”
ပေမင်ခုံ၏ ရိသဲ့သဲ့ ရယ်သံတစ်ခုက မုရုန်ထျန်း၏ နားထဲသို့ ပဲ့တင်ထပ် ရောက်ရှိလာခဲ့လေသည်။