ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်း
Vol. 20 Ch. 298
~ပေမင်ခုံ၏ ကျင့်ကြံမှုသည် ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းသွားခဲ့လေပြီ။
ဟုတ်ပေသည်။ ထျန်းယွမ်ဘုံ ဆဌမအလွှာပင်တည်း။
ကြီးမားလှသော သွေးပင်လယ် အခင်းအကျင်းကြီးက ပေမင်ခုံအား ထျန်းယွမ်ဘုံ ဆဌမအလွှာ အဆင့်သို့ ချက်ချင်း တက်လှမ်းသွားနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်၏။
ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းသည် ဝိညာဉ်ခန္ဓာပေါင်းများစွာကို ဝါးမြိုခဲ့ပြီး၊ ကြီးမားလှသော သွေးပမာဏကို စုပ်ယူခဲ့သည်။
၎င်းအတွင်း၌ ပါဝင်သော စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှပြီး... နည်းလမ်းမှ တစ်ဆင့် ပေမင်ခုံ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် သွင်းပေးလိုက်သဖြင့်... သူ့အား ထျန်းယွမ်ဘုံ ဆဌမအလွှာ အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်စေခဲ့ခြင်း ဖြစ်သည်။
"ထျန်းယွမ်ဘုံ ဆဌမအလွှာ"
ပေမင်ခုံထံမှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိကြသောအခါ... ရှိနေကြသည့် အင်အားကြီး ပုဂ္ဂိုလ်များအားလုံး မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ ပြူးကျယ်ကာ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။
မုရုန်ထျန်းသည် ပေမင်ခုံကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
'...ပေမင်ခုံရဲ့ အငွေ့အသက်က အရင်နဲ့ လုံးဝမတူတော့ပါလား...။ သူ ကျန့်လင်တောင်ကြား ဘိုးဘေးတွေရဲ့ စွမ်းအားကို အောင်အောင်မြင်မြင် နိုးထသွားခဲ့ပြီလား...'
ပေမင်ခုံအား ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ တက်လှမ်းစေရန် ကူညီပေးခဲ့သော ကြီးမားလှသည့် သွေးပင်လယ် အခင်းအကျင်းကြီးသည်... မုရုန်ထျန်း၏ နှလုံးသားထဲထိ တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ ပေမင်ခုံက ကျန့်လင်တောင်ကြား ဘိုးဘေးများ၏ စွမ်းအားကိုပါ နိုးထစေခဲ့ဦးမည်ဆိုလျှင်... ၎င်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
'...ကြည့်ရတာ ငါ့ခြေလှမ်းတွေကို မြန်မြန် အရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီပဲ...။ သူသာ အသာစီး ရသွားခဲ့ရင်... အရာအားလုံး ပြီးဆုံးသွားတဲ့အခါ... သူ ငါ့ကိုပါ သတ်ပစ်လိုက်နိုင်တယ်...'
မုရုန်ထျန်းက ပေမင်ခုံကို သတိထားရမည် ဖြစ်ကြောင်း နားလည်သဘောပေါက်ကာ စိတ်ထဲမှ တွေးတောလိုက်သည်။
ထိုစဉ်၊ နန်းကုန်းကျန့်ထျန်းဟန် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ မှင်တက်နေ၏။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ပေမင်ခုံရဲ့ ကျင့်ကြံမှုက ထျန်းယွမ်ဘုံ ဆဌမအလွှာကို ဘယ်လိုလုပ် အဆင့်ချိုးဖြတ်သွားနိုင်ရတာလဲ"
"ဒါ ရက်ပိုင်းလေးပဲ ရှိသေးတာလေ။ အခု သူ အဆင့်ချိုးဖြတ်သွားခဲ့ပြီ..."
လိန်ချင်းဖုန်း၏ စိတ်ထဲတွင် ဆူနာမီလှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ်သွားတော့သည်။
လိန်ဝူယဲ့နှင့် အခြားသူများသည် ပေမင်ခုံ၏ ကျင့်ကြံမှုအပေါ် အနည်းငယ် နားလည်မှု ရှိကြ၏။ သူ ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံရစဉ်က... သူသည် ထျန်းယွမ်ဘုံ တတိယအလွှာ၌သာ ရှိနေခဲ့သည်။
ပေမင်ခုံ ထျန်းယွမ်ဘုံ ပဉ္စမအလွှာသို့ တက်လှမ်းသွားသည်ဟု သူတို့ ကြားသိခဲ့ရသည်မှာ မကြာသေး...။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် သူ၏ စွမ်းအားသည် ဆဌမအလွှာသို့ ရုတ်တရက် ထိုးတက်သွားခဲ့သည်။ ဒါက မည်သို့ ဖြစ်နိုင်မည်နည်း။
ဖုန်းဝူချန်ကဲ့သို့ ရူးသွပ်သော ပါရမီရှိသူပင်လျှင် ရက်အနည်းငယ်အတွင်း တက်လှမ်းနိုင်မည်ဟု ကြွေးကြော်ဝံ့မည် မဟုတ်ပေ။ ပေမင်ခုံ၏ ပါရမီက ဖုန်းဝူချန်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေနိုင်သလော။
အကယ်၍သာ ပေမင်ခုံ၏ ပါရမီက ဖုန်းဝူချန်ထက် အမှန်တကယ် ပို၍ ကြောက်မက်ဖွယ် ကောင်းခဲ့ပါမူ... သူ၏ ကျင့်ကြံမှုအဆင့်သည် ယခုထက်ပင် ပို၍ ကြောက်ခမန်းလိလိ တိုးတက်နေမည်ဖြစ်ပြီး... ကျိုကျိုး၏ နံပါတ်တစ်သည် လိန်ချင်းဖုန်း သို့မဟုတ် နန်းကုန်းကျန့်ကျန့် ဖြစ်နေမည် မဟုတ်သည်မှာ သေချာပါ၏။
"သူ တကယ် အဆင့်ချိုးဖြတ်သွားခဲ့ပြီ"
ရှီဟွမ်၏ မျက်နှာသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ ပေမင်ခုံ၏ လက်ရှိ ကျင့်ကြံ စွမ်းအား သည် သူ၏ ကိုယ်ပိုင်ကျင့်ကြံ စွမ်းအား ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ... ၎င်းက ရှီဟွမ်၏ နှလုံးသားကို ပြင်းထန်သော မလုံခြုံမှုများဖြင့် ပြည့်နှက်သွားစေသည်။
ပေမင်ခုံ၏ လက်ရှိ ကျင့်ကြံ စွမ်းအား နှင့်ဆိုလျှင်... ရှီဝမ်ဂိုဏ်းကို ရှင်းလင်းပစ်ရန်မှာ လက်တစ်ဖက် လှန်လိုက်သကဲ့သို့ပင် လွယ်ကူပေလိမ့်မည်။
"သူ့ရဲ့ ကျင့်ကြံမှုကို ဒီလောက် ထိုးတက်သွားစေဖို့ ဘယ်လိုနည်းလမ်းကို သုံးခဲ့မှန်း ဘယ်သူ သိနိုင်မှာလဲ"
အပြင်းအထန် ဒဏ်ရာရနေသော နန်းကုန်းကျန့်ကျန့်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။ ပေမင်ခုံ၏ ကျင့်ကြံမှုသည် ပါရမီသက်သက်ဖြင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူ သဘာဝအတိုင်း မယုံကြည်ခဲ့ပေ။ အကြောင်းမှာ... ပေမင်ခုံ၏ ပါရမီသည် နန်းကုန်းကျန့်ကျန့် ကိုယ်တိုင်လောက်ပင် မကောင်းမှန်း သူတို့ သိနေသောကြောင့် ဖြစ်၏။
"ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းက ဝိညာဉ်ခန္ဓာတွေရော သွေးတွေရော အများကြီး ဝါးမြိုသွားခဲ့တာ...။ သူ့ရဲ့ ကျင့်ကြံမှု ထိုးတက်သွားတာက ဒီအခင်းအကျင်းနဲ့ ပတ်သက်နေမှာ သေချာတယ်။ သူ အရာအားလုံးကို ကြိုတင် အစီအစဉ်ဆွဲထားခဲ့တာ ဖြစ်ရမယ်...။ သေချင်ယောင်ဆောင်ခဲ့တာက သူ့ရဲ့ ပထမဆုံး ခြေလှမ်းပဲ။ သူ ငါတို့အားလုံး အပြင်းအထန် ဒဏ်ရာရသွားတဲ့အထိ စောင့်နေခဲ့ပြီးမှ... လှုပ်ရှားလာခဲ့တာ"
နန်းကုန်းလီက လေးနက်စွာ ဆိုလိုက်၏။ သူ စကားပြောရင်း ပြောရင်း... ပို၍ ပို၍ ဒေါသထွက်လာသည်။
လိန်ဝူယဲ့က အေးစက်စွာ ဆိုလိုက်သည်။
"ဟွန့်။ ဒါကို အခုမှ သိသွားလည်း နောက်ကျသွားပြီ။ နန်းကုန်းလီ... မင်း ဒီနေ့ ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့တယ် ဆိုဦးတော့... ဖုန်းလန်ဂိုဏ်းက မင်းရဲ့ နန်းကုန်းမိသားစုကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"
နန်းကုန်းလီ၏ မျက်နှာ မည်းမှောင်သွား၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်... သူ အံကြိတ်ကာ ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။
"အရင်ဆုံး အသက်ရှင်ဖို့ကိုပဲ စဉ်းစားကြသေးတာပေါ့"
နန်းကုန်းလီသည် မုရုန်ထျန်းထံသို့ ကြမ်းတမ်းသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး ဒေါသတကြီး မေးမြန်းလိုက်သည်။
"ထျန်းအာ။ မင်း ဘယ်လိုလုပ် မင်းအဘိုးဖြစ်တဲ့ ငါ့အပေါ် ဒီလို လုပ်ရက်ရတာလဲ။ နန်းကုန်းမိသားစုက မင်းကို ကျွေးမွေးပြုစုခဲ့တာတွေကို... မင်း လုပ်ရပ်နဲ့ ဘယ်လို တရားမျှတအောင် လုပ်မှာလဲ"
ဤစကားကို ကြားသောအခါ... မုရုန်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ဆို၏။
"အဘိုး... အဘိုးက ကျွန်တော့်ကို အဘိုးရဲ့ မြေးအရင်းလို ဆက်ဆံခဲ့ပါတယ်။ ကျွန်တော့်အပေါ်ထားတဲ့ အဘိုးရဲ့ ကြင်နာမှုက တောင်တစ်လုံးလို ကြီးမားလှပါတယ်။ ကျွန်တော် ဒါကို ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမဲ့... အဘိုး... ကျွန်တော် ဘာကို တောင့်တနေလဲဆိုတာ အဘိုး မသိဘူး။ နန်းကုန်းမိသားစုက ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့တယ်လို့ ဆိုနိုင်ပေမဲ့... အဘိုးသာ မရှိခဲ့ရင်... ကျွန်တော်က နန်းကုန်းမိသားစုမှာ အစေခံတစ်ယောက်ထက်တောင် နိမ့်ကျနေဦးမှာ...။ အဘိုးကလွဲလို့... နန်းကုန်းမိသားစုထဲက တခြား ဘယ်သူက ကျွန်တော့်ကို တကယ် ဂရုစိုက်ခဲ့လို့လဲ။ သူတို့အတွက်တော့... ကျွန်တော်က အပြင်လူ တစ်ယောက်ထက် မပိုခဲ့ပါဘူး"
"အပြင်လူ ဟုတ်လား။ နန်းကုန်းမိသားစုက မင်းကို ဘယ်တုန်းက အပြင်လူလို ဆက်ဆံခဲ့လို့လဲ"
နန်းကုန်းကျန့်ထျန်းဟန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"နန်းကုန်းမိသားစု ပိုင်ဆိုင်သမျှ ကျင့်ကြံခြင်း နည်းစနစ်တွေ... သိုင်းပညာတွေ အကုန်လုံးကို မင်း လေ့လာခွင့် ပေးထားခဲ့တယ်။ မင်း ရရှိတဲ့ ဆက်ဆံရေးက နန်းကုန်းကျန့်ကျင်းနဲ့ အတူတူပဲ"
"ဟန်ဆောင်မျက်နှာဖုံးတပ်တာလောက်တော့ ဘယ်သူ မလုပ်တတ်ပဲ ရှိမလဲ"
မုရုန်ထျန်းက မထီမဲ့မြင် လှောင်ရယ်လိုက်၏။
"ညီအစ်ကို မုရုန်... သူတို့နဲ့ ဆက်ပြီး စကားတွေ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး...သွားစို့"
ပေမင်ခုံက သူ၏ ပန်းတိုင်ကို အောင်မြင်ပြီးဖြစ်သဖြင့်... နောက်ထပ် အချိန် မဖြုန်းလိုတော့ဘဲ ခပ်ပေါ့ပေါ့ ဝင်ပြောလိုက်သည်။
"အဘိုး။ အဘိုးရဲ့ ကျွေးမွေးပြုစုမှုကို ကျွန်တော် နှလုံးသားထဲမှာ အမြဲတမ်း မှတ်မိနေမှာပါ။ ဒီနေ့ ပြီးရင်တော့... ကျွန်တော် နန်းကုန်း မိသားစုကို ပြန်လာတော့မှာ မဟုတ်ဘူး"
မုရုန်ထျန်းက ပြတ်သားစွာ ကြေညာလိုက်သည်။
ယခုအချိန်တွင်တော့... မုရုန်ထျန်းသည် နန်းကုန်းမိသားစုနှင့် ဆက်လက် နေထိုင်ရန် အကြောင်းပြချက် တစ်စုံတစ်ရာ မမြင်တော့ချေ။
"မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့ မရဘူး"
လိန်ဝူယဲ့က အေးစက်စွာ ထုတ်ဖော် ကြေညာလိုက်သည်။ သူ၏ သေမလောက် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အကြည့်က မုရုန်ထျန်းနှင့် ပေမင်ခုံထံတွင် စူးစိုက်နေ၏။
မုရုန်ထျန်းနှင့် ပေမင်ခုံတို့သည် ဖုန်းလန်ဂိုဏ်းကို စိန်ခေါ်ခဲ့ပြီး နန်းကုန်းမိသားစုနှင့် စစ်ပွဲတစ်ခုကို စတင်စေခဲ့ကာ... အင်အားကြီး အဖွဲ့အစည်း နှစ်ခုလုံးကို ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင်... ပေမင်ခုံက ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းကို အသုံးပြု၍ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ... ဖုန်းလန်ဂိုဏ်းက သူတို့နှစ်ဦးကို လွယ်လွယ်ကူကူ မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။
"မုရုန်ထျန်း။ မင်း နန်းကုန်းမိသားစုက လူတွေ ဒီလောက် အများကြီး သေဆုံးအောင် လုပ်ခဲ့ပြီးတော့... မင်းက ဒီအတိုင်း လွယ်လွယ်ကူကူ ထွက်သွားနိုင်မယ် ထင်နေတာလား"
နန်းကုန်းကျန့်ယွီဝမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါ မင်းကို မေးမယ်...။ နန်းကုန်းကျန့်ကျင်း သေဆုံးတာ လိန်ချင်းဖုန်းနဲ့ ပတ်သက်နေတာလား"
"နည်းနည်းလေးတောင် မပတ်သက်ဘူး"
မုရုန်ထျန်းက တုံ့ပြန်လိုက်သည်။
"သူတို့ ပြောကြတာကတော့ ဒါက နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်းကြား စစ်ဖြစ်အောင် လှုံ့ဆော်တာတဲ့...။ ဒါပေမဲ့ ပြောစရာမလိုအောင်ပဲ... အဲ့ဒီသတင်းက မှားနေတာပဲ။ ခင်ဗျားက ဒီလောက် မိုက်မဲတဲ့ မေးခွန်းမျိုး မေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး"
"လိန်ချင်းဖုန်း... မင်းနာမည်ကို ရှင်းပေးခဲ့လို့ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား"
လိန်ချင်းဖုန်းဘက်သို့ ကြည့်ရင်း... မုရုန်ထျန်းက အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။
"မင်းကို ကျေးဇူးတင်ရုံတင် မကဘူး... မင်းကို သတ်ပစ်ရမှာ"
လိန်ချင်းဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်၏။ သူ၏ အေးစက်သော သတ်ဖြတ်လိုစိတ်များက မုရုန်ထျန်းကို ပစ်မှတ်ထားလိုက်သည်။
"မင်းက ငါ့ကို သတ်ချင်တယ် ဟုတ်လား"
မုရုန်ထျန်း အနည်းငယ် ကြောင်အသွားပြီးနောက်... ချက်ချင်းပင် မထီမဲ့မြင် မဲ့ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ယွမ်ကို ပြင်းထန်စွာ လှုံ့ဆော်လိုက်ရာ... ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။
"မင်းရဲ့ ကျင့်ကြံ စွမ်းအား က ငါ့ကို သတ်ဖို့ လုံလောက်တယ်လို့ မင်း သေချာလို့လား"
မုရုန်ထျန်းက လိန်ချင်းဖုန်းအား မထီမဲ့မြင် မေးလိုက်သည်။
"အခုလို အပြင်းအထန် ဒဏ်ရာရနေတဲ့ မင်းက ငါ့ကို မသတ်နိုင်ဘူး။ မင်းရဲ့ အကောင်းဆုံး ကျင့်ကြံ စွမ်းအား အခြေအနေမှာတောင်... ငါ့ကို သတ်နိုင်ခဲ့မှာ မဟုတ်ဘူး။ အခု မင်းကို သတ်ပစ်ဖို့က... ငါ့အတွက် လက်တစ်ဖက် လှန်လိုက်သလို လွယ်တယ်"
"ထျန်းယွမ်ဘုံ ပဉ္စမအလွှာ"
မုရုန်ထျန်း၏ ခြိမ်းခြောက်နိုင်သော အရှိန်အဝါကို ခံစားမိကြသောအခါ... လူတိုင်း၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
မုရုန်ထျန်းသည် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေခဲ့သည်။ သူ... သူ ကျင့်ကြံမှု အလွှာတစ်လွှာလုံးကို ဖုံးကွယ်ထားခဲ့သည်။
ထိုနေရာတွင် ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ... မုရုန်ထျန်းသည် အမှန်တကယ်တွင် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ အဆင့်တွင် ရှိနေခဲ့သည်ကို မသိခဲ့ကြပေ။
"ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းက မုရုန်ထျန်းကိုပါ အဆင့်ချိုးဖြတ်ဖို့ ကူညီပေးခဲ့တာလား"
ဖုန်းလန်ဂိုဏ်း ဂိုဏ်းကာကွယ်စောင့်ရှောက်သူက တုန်လှုပ်မှုများ ပြည့်နှက်နေသော အသံဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာအိုကြီးပေါ်တွင် အံ့အားသင့်မှုကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ၏။
"မုရုန်ထျန်းရဲ့ အရှိန်အဝါက အခုမှ အဆင့်ချိုးဖြတ်လာတဲ့ လူတစ်ယောက်ပုံ မပေါက်ဘူး...။ သူ့ပုံစံက... ထျန်းယွမ်ဘုံ ပဉ္စမအလွှာကို အဆင့်ချိုးဖြတ်ပြီးသား ဖြစ်နေပြီး... သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တဲ့ လူတစ်ယောက်နဲ့ ပိုတူတယ်"
လိန်ဝူယဲ့က မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်သည်။
"မုရုန်ထျန်းက တကယ်ကြီး သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့တာ"
နန်းကုန်းဝူဟန်သည်လည်း ယုံကြည်ရန် ခက်ခဲနေမိသည်။
မုရုန်ထျန်းသည် အမှန်တကယ်တွင် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၌ ရှိနေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြသလို... သူ သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့သည်ကိုလည်း မည်သူမျှ မသိခဲ့ကြပေ။
ထိုစဥ်၊ ပေမင်ခုံက အနည်းငယ် အေးစက်စွာ ရယ်မောရင်း ဆိုလိုက်သည်။
"ဂိုဏ်းချုပ်လိန်... နန်းကုန်းမိသားစု... ကျုပ် ခင်ဗျားတို့ကို သတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ကျုပ်ရဲ့ ပန်းတိုင်ကို ရောက်သွားခဲ့ပြီ...။ ဒီတော့ သွားတော့မယ်။ ညီအစ်ကို မုရုန်... သွားစို့"
"ထွက်သွားဖို့ စိတ်တောင် မကူးနဲ့။ ငါတို့ အသက်တွေနဲ့ လဲရမယ် ဆိုရင်တောင်... ဒီနေ့ မင်းတို့ကို မဖြစ်မနေ သတ်ပစ်မယ်"
ဖုန်းလန်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ခင်ဗျားတို့လောက်နဲ့လေ"
ပေမင်ခုံက မထီမဲ့မြင်ပြုံးလိုက်သည်။
"ခင်ဗျားတို့အားလုံး ကျုပ်ကို အတူတူ ဝင်တိုက်ကြရင်တောင်... ခင်ဗျားတို့ ကျုပ် ပြိုင်ဘက် မဟုတ်ဘူး။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သတ္တိရှိတယ်ဆိုရင်... စမ်းကြည့်လိုက်လေ။ ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းက ဝါးမြိုဖို့ စွမ်းအား နည်းနည်းလောက် ထပ် လိုအပ်နေသေးတယ်"
"ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်း"
ဤကြောက်မက်ဖွယ် အခင်းအကျင်းအကြောင်း ကြားသောအခါ... လိန်ဝူယဲ့နှင့် အခြားသူများ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြပေ။
ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့်... လူတိုင်း၏ စိတ်ထဲသို့ ကြောက်ရွံ့မှုနှင့် သတိထားမှုကို ထိုးသွင်းပေးလိုက်သည်။
လိန်ဝူယဲ့နှင့် အခြားသူများအားလုံး က်ုယ်စီကိုယ်စီ၊ ဒဏ်ရာများ ရရှိထားကြ၏။ သူတို့ ပေမင်ခုံကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မသေချာကြသလို... ထိုအစား သွေးပင်လယ် အခင်းအကျင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရမည်ကိုလည်း ကြောက်ရွံ့နေကြသည်။
"ဝှစ်"
မုရုန်ထျန်းက ဦးဆောင်ကာ ပျံသန်း ထွက်ခွာသွား၏။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို တားဆီးရန် မဝံ့ရဲခဲ့ကြပါ။
"လူကြီးမင်းတို့... ကျွန်တော် ခင်ဗျားတို့ကို ဒီထက်ပိုပြီး မနှောင့်ယှက်တော့ပါဘူး...။ ခင်ဗျားတို့ ဆက်တိုက်ခိုက်နိုင်ကြပါပြီ။ နှုတ်ဆက်ပါတယ်"
ပေမင်ခုံက မောက်မာစွာ ဆိုလိုက်ပြီးနောက်... သူလည်း ပျံသန်း ထွက်ခွာသွားလေသည်။
ကျိုကျိုးမှ အဓိက အင်အားကြီး အဖွဲ့အစည်းကြီး နှစ်ခုလုံး... သူတို့အား တားဆီးရန် မဝံ့ရဲခဲ့ကြပါတကား။
ပေမင်ခုံ ထွက်ခွာသွားပြီးနောက်... ကြီးမားလှသော သွေးပင်လယ် အခင်းအကျင်းကြီးသည် နောက်ဆုံးတွင် စတင် မှိန်ဖျော့သွားတော့သည်။
ကျယ်ပြောလှသော ရင်ပြင်တော်ကြီးထဲတွင်... များပြားလှသော အလောင်းများ ပျောက်ကွယ်သွားခဲ့ပြီး... သွေးတစ်စက်မျှပင် မကျန်ရစ်ဘဲ... ထူးဆန်းစွာ သန့်ရှင်းနေခဲ့၏။
“လူယုတ်မာ”
လိန်ချင်းဖုန်း ဒေါသတကြီး အံကြိတ်လိုက်မိ၏။ အမျက်ဒေါသများက သူ၏ ဝမ်းဗိုက်ထဲမှ ပေါက်ကွဲထွက်လုမတတ်ပင်။
ဖုန်းလန်ဂိုဏ်းမှ တပည့် အများအပြား ဆိုးရွားစွာ သေဆုံးခဲ့ကြရသော်လည်း... သူတို့သည် သေဆုံးသွားသူများအတွက် လက်စားချေရန် အင်အား မရှိခဲ့ကြပေ။ ဤအဖြစ်က သူတို့ကို အလွန်အမင်း စိတ်ပျက် အားငယ်စေပြီး နာကြည်းစေခဲ့သည်။
နန်းကုန်းမိသားစုအတွက်လည်း ထိုနည်းတူပင် ဖြစ်၏။ သူတို့လည်း ပေမင်ခုံကို တားဆီးရန် ဆန္ဒ မရှိခဲ့ကြပါ။
နန်းကုန်းကျန့်ကျန့် အပြည့်အဝ ပြန်လည် နာလန်ထလာမှသာ... ထိုအခါမှသာလျှင်... သူတို့ ပေမင်ခုံကို ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေး ရှိကောင်း ရှိပေလိမ့်မည်။
ဤအခိုက်အတန့်တွင်... ပေမင်ခုံက သူတို့အားလုံးကို သတ်ဖြတ်ရန် ဤအခွင့်အရေးကို အသုံးမချခဲ့သည့်အတွက်... သူတို့ ကျေးဇူးတင်နေသင့်သည်။ သို့မဟုတ်ပါက... သူတို့အားလုံး သေဆုံးသွားခဲ့ကြပေလိမ့်မည်။
"သူတို့ကို သွားခွင့်ပေးလိုက်"
နန်းကုန်းလီက ခက်ထန်စွာ ဆိုလိုက်၏။
"ငါတို့ အပြင်းအထန် ဒဏ်ရာရထားပြီး... သူတို့ကို တကယ် ဘာမှ လုပ်လို့မရဘူး။ ဒါပေမဲ့... ငါတို့ ဒဏ်ရာတွေ ပျောက်သွားတာနဲ့... ပေမင်ခုံကို မသတ်နိုင်မှာ ကြောက်စရာလား"
စဉ်းစားကြည့်လျှင်... ပေမင်ခုံသည် ထျန်းယွမ်ဘုံ ဆဌမအလွှာ၌သာ ရှိနေသေးသည်။ နန်းကုန်းမိသားစု၏ ကျင့်ကြံ စွမ်းအား နှင့်ဆိုလျှင်... သူ့ကို သတ်ဖြတ်ရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။ မိသားစုသည် ယခုအခါ လုံးဝနီးပါး မျိုးပြုတ်သွားခဲ့ပြီ ဖြစ်သော်ငြားလည်း...။
"မိသားစုခေါင်းဆောင်... ဒါဆို ဖုန်းလန်ဂိုဏ်းကိုရော..."
နန်းကုန်းဝူဟန်က မေးလိုက်သည်။
"ဟွန့်။ သူတို့မှာ အရည်အချင်း ရှိတယ်ဆိုရင်... ငါတို့ကို တားကြည့်ခိုင်းလိုက်လေ။ သွားစို့။ ထျန်းဟန်ကို ကုသဖို့ ခေါ်သွားကြ"
နန်းကုန်းလီက ကြီးစိုးစွာ အမိန့်ပေးလိုက်၏။ သူ၏ အကြည့်များကလည်း လိန်ဝူယဲ့ထံသို့ ဖြတ်သန်း ဝေ့ကြည့်လိုက်သည်။
"နန်းကုန်းလီ... ငါတို့ကြားက အငြိုးအတေးတွေကို တချိန် ဖြေရှင်းရဦးမှာပဲ"
လိန်ဝူယဲ့က အေးစက်စွာ ကြုံးဝါးလိုက်၏။
နှစ်ဖက်စလုံး ဒဏ်ရာရရှိထားကြသည်။ ဖုန်းလန်ဂိုဏ်းသည် လက်ရှိတွင် နန်းကုန်းမိသားစုကို ဘာမှ လုပ်နိုင်စွမ်း မရှိသေးပေ။
ရှီဝမ်ဂိုဏ်းက သူတို့ကို သားကောင်ကို စောင့်ကြည့်နေသော ကျားတစ်ကောင်ပမာ... သူတို့ သေသည်အထိ တိုက်ခိုက်ကြမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။ အကယ်၍ သူတို့ အင်အား အနည်းငယ် ချန်မထားခဲ့ပါလျှင်... ဖုန်းလန်ဂိုဏ်းနှင့် နန်းကုန်းမိသားစု နှစ်ခုလုံး... ရှီဝမ်ဂိုဏ်း၏ ဝါးမြိုခြင်းကို ခံလိုက်ရနိုင်ပေသည်။
အကယ်၍သာ ပေမင်ခုံသာ မရှိခဲ့ပါလျှင်... ဤတိုက်ပွဲသည် ခါးသီးသော အဆုံးသတ်အထိ ဆက်လက် ဖြစ်ပွားနေနိုင်သေး၏။
"ဒီတစ်ကြိမ် အမှားက နန်းကုန်းမိသားစုဘက်က ဖြစ်ခဲ့တာ... ငါ ဝန်ခံတယ်"
နန်းကုန်းလီက မိသားစုခေါင်းဆောင် တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် ပြည့်နှက်ကာ ခိုင်မာစွာ ဝန်ခံလိုက်သည်။
"ဖုန်းလန်ဂိုဏ်းက လက်စားချေချင်တယ်ဆိုရင်... နန်းကုန်းမိသားစုကို အချိန်မရွေး ကြိုဆိုနေပါတယ်။ သွားစို့"
ဖုန်းလန်ဂိုဏ်းမှ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူများက သူတို့ကို တားဆီးရန် ရှေ့သို့ ခြေလှမ်းမည် ပြုလိုက်စဉ်မှာပင်... လိန်ဝူယဲ့က ဆိုလိုက်သည်။
"သူတို့ကို သွားခွင့်ပေးလိုက်"
"ပေမင်ခုံ... ငါ ထျန်းယွမ်ဘုံ ဆဌမအလွှာကို ချိုးဖြတ်ရင်... မင်း မလွတ်စေရဘူး"
လိန်ချင်းဖုန်းက ခက်ထန်စွာ စိန်ခေါ်လိုက်၏။ သူ၏ မျက်နှာ ကြွက်သားများ ပြင်းထန်စွာ ရှုံ့တွသွားသည်။
နန်းကုန်းမိသားစုမှ ကျန်ရှိတော့သော လူ ရာဂဏန်းမျှသာ ထွက်ခွာသွားသည်နှင့်... တိုက်ပွဲကြီးသည် ခေတ္တ ရပ်တန့်သွားခဲ့လေသည်။
ဤစစ်ပွဲသည် နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်း နှစ်ခုလုံးအတွက် အလွန် ဆိုးရွားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့၏။ ဖုန်းလန်ဂိုဏ်းမှ အဖွဲ့ဝင် နှစ်သောင်းနီးပါးမှ အသက်ရှင်ကျန်ရစ်သူ ရာဂဏန်း အနည်းငယ်မျှသာ ရှိတော့သည်အထိ လျော့ကျသွားခဲ့ပြီး... နန်းကုန်းမိသားစုလည်း ထိုနည်းတူပင် ကြုံတွေ့ခဲ့ရသည်။
ဟုတ်ပါသည်။ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူများ အသက်ရှင်နေသမျှ ကာလပတ်လုံး... သူတို့၏ အင်အားသည် များစွာ ယုတ်လျော့သွားမည် မဟုတ်ဘဲ... သူတို့၏ အရေအတွက်သာ လျော့နည်းသွားခဲ့ခြင်း ဖြစ်၏။
တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။ လေလံရုံ၊ ရှီဝမ်ဂိုဏ်း၊ ရှောင်မိသားစုနှင့် အခြားသူများမှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြသည်။ သူတို့သည် ဖုန်းလန်ဂိုဏ်းကို ဝါးမြိုရန် ဤအခြေအနေကို အခွင့်ကောင်း မယူခဲ့ကြပေ။
တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သော်လည်း... အဓိက အင်အားစုကြီးများမှ ကျွမ်းကျင်သူများအားလုံး အလွန် ရှုပ်ထွေးနေကြသည်။ ဒါက အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပါလျက်... ပေမင်ခုံက သူတို့ကို အမြစ်ပြတ် မရှင်းလင်းခဲ့ဘဲ... ထိုအစား သူတို့ကို လက်စားချေရန် အခွင့်အရေး ပေးခဲ့သည်။ ပေမင်ခုံသည် အဓိက အင်အားကြီး အဖွဲ့အစည်းကြီး နှစ်ခုကို ရှင်းလင်းပစ်ရန် အမှန်တကယ် မစဉ်းစားခဲ့သလော။
ပေမင်ခုံက ထိုမျှ မိုက်မဲနေသလော။
ရှင်းရှင်းလင်းလင်းပင်... မဟုတ်ပါ။ သူသည် အမှန်တကယ်တွင် အလွန် ပါးရည်နပ်ရည် ရှိလှ၏။
အရာအားလုံးသည် ထင်သလောက် မရိုးရှင်းခဲ့ဟု ထင်ရပေသည်။