သုံးရက်အတွင်း စစ်ပွဲစတင်ခြင်း
Vol. 20 Ch. 287
~သတင်းစကားသည် ဖုန်းလန်ဂိုဏ်းထံသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်လေ၏။
ဖုန်းလန်ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များ တုန်လှုပ်သွားကြပြီး၊ ဂိုဏ်းချုပ် လိန်ဝူယဲ့၏ မျက်နှာသည် အလွန်တရာ မည်းမှောင်သွားတော့သည်။
လိန်ချင်းဖုန်းသည် ယန်ဟော်အင်ပါယာသို့ ဖုန်းဝူချန်ကို စိန်ခေါ်ရန် သွားခဲ့ပြီး၊ ယနေ့ထက်တိုင် ပြန်ရောက်မလာသေးချေ။
သတင်းက အမှန် သို့မဟုတ် အမှား ဖြစ်သည်ကို လိန်ဝူယဲ့နှင့် အခြားသူများ အတည်မပြုနိုင်သေးပါ။
သို့သော် သတင်းသာ အမှန်ဖြစ်ခဲ့လျှင်၊ အကျိုးဆက်များက အလွန် ဆိုးရွားပြင်းထန်ပေလိမ့်မည်။ အကြောင်းမှာ သေဆုံးသွားသူသည် နန်းကုန်းကျင်း ဖြစ်နေသောကြောင့်တည်း။
"ဂိုဏ်းချုပ်လေး ပြန်မလာသေးဘူး။ ဒီသတင်းက လုံးဝ မမှန်နိုင်ဘူး။ ဂိုဏ်းချုပ်လေး အပြင်းအထန် ရှုံးနိမ့်သွားတယ်လို့ သူတို့ ဘယ်လိုပဲပြောပြော... ကျွန်တော် လုံးဝ မယုံဘူး။ ဖုန်းဝူချန် ဘယ်လောက်ပဲ သန်မာနေပါစေ... သူ ဂိုဏ်းချုပ်လေးကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး"
အကြီးအကဲတစ်ဦးက လိန်ချင်းဖုန်း လူသတ်လိမ့်မည်ဟု မယုံကြည်သလို၊ ဖုန်းဝူချန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု ပို၍ပင် မယုံကြည်ဘဲ၊ ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။
"ဂိုဏ်းချုပ်လေးက ကျိုကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ သူ့ကျင့်ကြံ စွမ်းအား က ပေမင် ဘိုးဘေးကြီးထက်တောင် နိမ့်ကျမှာ မဟုတ်ဘူး။ သူ ဖုန်းဝူချန်ကို ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး"
ကာကွယ်စောင့်ရှောက်သူ တစ်ဦးက လိန်ချင်းဖုန်း၏ အရည်အချင်းများအပေါ် ကြီးမားသော ယုံကြည်မှု ရှိနေဟန်ဖြင့် ခိုင်မာစွာ အခိုင်အမာ ဆိုလိုက်သည်။
ဒုတိယ အကြီးအကဲကလည်း ခေါင်းညိတ်လိုက်ပြီး
"ချင်းဖုန်းက ဘယ်တော့မှ အကြောင်းမဲ့ လူသတ်လေ့ မရှိဘူး။ အထူးသဖြင့် နန်းကုန်းမိသားစုက ဒီလို အရည်အချင်းရှိတဲ့ ပါရမီရှင်မျိုးကို ပိုလို့တောင် သတ်မှာ မဟုတ်ဘူး။ ဒါ့အပြင်... သတင်းတွေက ရှုပ်ယှက်ခတ်နေပြီး လွယ်လွယ်နဲ့ ယုံလို့မဖြစ်ဘူး"ဟု လေးနက်စွာ ဆို၏။
အမှန်ပင်၊ ကျိုကျိုးတစ်ခွင် ဟိုးလေးတကျော်ဖြစ်နေသော သတင်းသည် ရှေ့နောက်မညီ ဖြစ်နေ၏။ တစ်ချိန်က ဖုန်းဝူချန်က နန်းကုန်းကျင်းကို သတ်သည်ဟု ဆိုပြီး၊ နောက်တစ်ချိန်တွင် လိန်ချင်းဖုန်းက လင်ရှောင်ရှောင်နှင့် ပူးပေါင်း၍ နန်းကုန်းကျင်းကို သတ်သည်ဟု ဆိုပြန်သည်။ ဘယ်ဟာက အမှန်နည်း။ ဘယ်ဟာက အမှားနည်း။
လိန်ဝူယဲ့သည် မည်သည့်သတင်းက အမှန်၊ မည်သည့်သတင်းက အမှားဖြစ်သည်ကို မသိခဲ့ပါ။
ဤသတင်းကို မည်သူက ဖြန့်ဝေခဲ့သနည်း။ ဤလူသည် ယန်ဟော်အင်ပါယာတွင် ဖြစ်ပျက်ခဲ့သည်များကို မည်သို့ သိရှိခဲ့သနည်း။ သူတို့၏ ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်...။ နန်းကုန်း မိသားစုခေါင်းဆောင်နဲ့ သူ့အဖွဲ့ ရောက်ရှိလာပါပြီ"
တပည့်တစ်ဦးက ခန်းမကြီးထဲသို့ ဝင်ရောက် သတင်းပို့လိုက်သည်။
ဤစကားကို ကြားသောအခါ လိန်ဝူယဲ့၏ မျက်မှောင်များ တင်းတင်းကြုတ်သွား၏။ ဂိုဏ်းကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲအဆင့် အဆင့်မြင့်ပုဂ္ဂိုလ်များအားလုံး၏ မျက်နှာများ တစ်ပြိုင်နက် ပြောင်းလဲသွားကြသည်။
သတင်းက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်လော။ နန်းကုန်းမိသားစု ရောက်ရှိလာခြင်းကလည်း အလွန် လျင်မြန်လွန်းနေသည် မဟုတ်ပါလား။
"လိန်ဝူယဲ့။ ထွက်ခဲ့စမ်း"
နန်းကုန်းလီသည် တောင်တန်းတံခါးများကို အင်အားသုံး ဖြတ်ကျော်ဝင်ရောက်လာပြီး၊ ခမ်းနားထည်ဝါသော ဖုန်းလန်ဂိုဏ်း၏ နန်းဆောင်များဆီသို့ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ သူ၏ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်နှင့် အရှိန်အဝါက ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
ဖုန်းလန်ဂိုဏ်းမှ တပည့်များသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး ထိတ်လန့်တကြားဖြင့် ဟိုဟိုသည်သည် ပြေးလွှားနေကြသည်။
"ဝှစ် ဝှစ် ဝှစ်"
ခန်းမကြီး၏ လှေကားထစ်များပေါ်တွင် လိန်ဝူယဲ့နှင့် ဖုန်းလန်ဂိုဏ်းမှ အခြား အဆင့်မြင့်ပုဂ္ဂိုလ်များ လျင်မြန်စွာ ပေါ်ထွက်လာကြသည်။
"လိန်ချင်းဖုန်း ဘယ်မှာလဲ။ သူ့ကို ထွက်လာပြီး အသေခံခိုင်းလိုက်စမ်း"
နန်းကုန်းမိသားစု၏ အကြီးအကဲ (နန်းကုန်းယွီဝမ်) က ဒေါသတကြီး မာန်မဲလိုက်သည်။ သူ၏ ထျန်းယွမ်ဘုံ ပဉ္စမအလွှာမှ ကြောက်မက်ဖွယ် အရှိန်အဝါက သူ့ပတ်လည်တွင် ပြင်းထန်စွာ ဝေ့ဝဲနေ၏။
"အကြီးအကဲ ယွီဝမ်... သတင်းက အတည်မပြုရသေးပါဘူး။ ဘာလို့ ဒီလောက်တောင် ယုံကြည်ဖို့ စိတ်စောနေရတာလဲ"
လိန်ဝူယဲ့က မျက်နှာထား မည်းမှောင်သွားကာ လေးနက်စွာ ဆိုလိုက်သည်။
"အတည်မပြုရသေးဘူး ဟုတ်လား"
မုရုန်ထျန်းက မဲ့ပြုံးလိုက်သည်။
"ဂိုဏ်းချုပ်လိန်... ကျွန်တော် ဒါကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့တာဗျ။ ခင်ဗျားက ဒါကို အတည်မပြုရသေးဘူးလို့ ပြောနေတုန်းလား"
"ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့တယ် ဟုတ်လား။ မင်း မျက်စိနဲ့ တွေ့ခဲ့တာကို ဘယ်လို သက်သေပြမှာလဲ"
ဖုန်းလန်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူက လေးနက်စွာ မေးလိုက်သည်။
"ဒါ ကိုးထပ် ချန်ခွန်း မျှော်စင်ပဲ။ သေချာကြည့်လိုက်"
မုရုန်ထျန်းက ကိုးထပ် ချန်ခွန်း မျှော်စင်ကို ထုတ်ယူ ပြသလိုက်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်"
လိန်ဝူယဲ့နှင့် အခြားသူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဖုန်းဝူချန်သည် ပေမင်ခုံနှင့် ပေမင် ဘိုးဘေးကြီးကို သတ်ရန် ကိုးထပ် ချန်ခွန်း မျှော်စင်ကို အသုံးပြုခဲ့သည်။ မျှော်စင်၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကြီးလှ၏။
လိန်ဝူယဲ့နှင့် အခြားသူများ၏ တုန်လှုပ်နေသော မျက်နှာထားများကို မြင်သောအခါ မုရုန်ထျန်းက မဲ့ပြုံးလိုက်သည်။
"လိန်ချင်းဖုန်းက ဖုန်းဝူချန်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်သွားပေမဲ့... သူက ဖုန်းဝူချန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို မျှော်စင်ကို လုယူဖို့ အခွင့်အရေး ရစေခဲ့တာပေါ့။ ကျွန်တော် ဖုန်းဝူချန်ကို ရင်ဆိုင်နေတုန်းမှာ... အပြင်းအထန် ဒဏ်ရာရနေတဲ့ လိန်ချင်းဖုန်းက လင်ရှောင်ရှောင်နဲ့ ပူးပေါင်းပြီး နန်းကုန်းကျင်းကို သတ်လိုက်တာပဲ"
"နန်းကုန်းကျင်းရဲ့ ကျင့်ကြံ စွမ်းအား ကို ကျိုကျိုးမှာ လူတိုင်း သိကြပါတယ်။ ဂိုဏ်းချုပ်လိန်က မယုံဘူးဆိုရင်... လိန်ချင်းဖုန်းကို ထွက်လာခိုင်းပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ရှင်းခိုင်းလို့ ရပါတယ်"
မုရုန်ထျန်းက ယုံကြည်မှုအပြည့်ဖြင့် ထပ်ပြောလိုက်သည်။
လိန်ဝူယဲ့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူက ဆိုလိုက်သည်။
"ချင်းဖုန်းက အခုထိ ပြန်မရောက်သေးဘူး။ ပြီးတော့... မင်းရဲ့ တစ်ဖက်သတ် စကားလုံးတွေအပေါ်မှာပဲ အခြေခံပြီး ငါတို့က ယုံကြည်မှာ မဟုတ်ဘူး"
"ခင်ဗျား ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ... ဒါ ခင်ဗျားတို့ ကိစ္စပဲ။ လိန်ချင်းဖုန်းက ကျုပ်မြေးကို သတ်သွားတာ။ ကျုပ် ဒါကို ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး"
နန်းကုန်းယွီဝမ်က ဒေါသတကြီး စိန်ခေါ်လိုက်သည်။ သူ၏ အဘိုးကြီး မျက်နှာသည် အလွန်တရာ ကြမ်းတမ်းစွာ ရှုံ့တွနေ၏။
"လိန်ဝူယဲ့။ ခင်ဗျား ဒီနေ့ ကျုပ်ကို ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင်... ကျုပ် ရက်စက်တယ်လို့တော့ လာမစွပ်စွဲနဲ့"
နန်းကုန်းလီက ဖုန်းလန်ဂိုဏ်းကို အနိုင်ယူပြီးသားဟု သံန္နိဋ္ဌာန် ချထားသကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
လိန်ဝူယဲ့၏ မျက်နှာသည် ကြောက်ရွံ့ခြင်း ကင်းမဲ့နေပြီး သူက အေးစက်စွာ ဆိုလိုက်သည်။
"ချင်းဖုန်းက ဘယ်တော့မှ အကြောင်းမဲ့ လူသတ်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။ ပြီးတော့ နန်းကုန်းကျင်းကို သတ်မှာလည်း သေချာပေါက် မဟုတ်ဘူး။ ခင်ဗျားတို့ သက်သေ မပေးနိုင်ဘူးဆိုရင်... ကျုပ်တို့ တောင်ပေါ်ကနေ မြန်မြန် ထွက်သွားပေးပါ။ ဖုန်းလန်ဂိုဏ်းကို မနှောင့်ယှက်ပါနဲ့"
"ဟွန့်။ ရှင်းပြချက် မရဘဲနဲ့တော့ ငါ ဒီတောင်ပေါ်က လုံးဝ ဆင်းသွားမှာ မဟုတ်ဘူး"
နန်းကုန်းလီက ခေါင်းမာစွာ ကြေညာလိုက်သည်။
"နန်းကုန်းလီ... ငါ့ကို လက်ပါအောင်တော့ မလုပ်နဲ့"
လိန်ဝူယဲ့က အေးစက်စွာ ဆိုလိုက်သည်။ သူ၏ ဒေါသများ မီးတောက်လာပြီး၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့ထွက်လာသည်။
နန်းကုန်းလီနှင့် အခြားသူများက ဖုန်းလန်ဂိုဏ်းတွင် သူတို့ကို လာရောက် စွပ်စွဲနေသည်ကို လိန်ဝူယဲ့က မည်သို့ သည်းခံနိုင်မည်နည်း။
ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ပြင်းထန်စွာ မြင့်တက်လာ၏။ လွှမ်းမိုးနိုင်သော စွမ်းအားများ ပျံ့နှံ့ထွက်လာပြီး၊ ဖုန်းလန်ဂိုဏ်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
"မင်းက ငါ မင်းကို ကြောက်တယ်လို့ ထင်နေတာလား"
နန်းကုန်းလီသည် အားနည်းမှု မပြလိုဘဲ၊ သူ၏ ထျန်းယွမ်ဘုံ ဆဌမအလွှာမှ ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ထျန်းယွမ်ဘုံ ဆဌမအလွှာ နှစ်ဦး၏ ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် စွမ်းအားများသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ထိုစွမ်းပကားသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး၊ လူတိုင်းကို သတိလစ်မတတ် ထိတ်လန့်သွားစေသည်။
ကျိုကျိုးမှ ဧရာမ အင်အားကြီး နှစ်ခုကြား ထိပ်တိုက်တွေ့ဆုံမှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
"အဘိုး... အခု တိုက်ပွဲ စလိုက်တာက ကျွန်တော်တို့အတွက် အသာစီး မရနိုင်ဘူး။ ဖုန်းလန်ဂိုဏ်းက အင်အားကြီးတဲ့သူတွေ အကုန် ဒီမှာ ရှိနေတယ်။ ကျွန်တော်တို့က လူ ဒါဇင်လောက်ပဲ ပါလာတာ။ ကျွန်တော်တို့ အသာစီး မရနိုင်တာ သေချာတယ်။ ဘာလို့ နောက်တစ်နေ့ကျမှ မတိုက်ကြတာလဲ"
မုရုန်ထျန်းက နန်းကုန်းလီ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ၊ နန်းကုန်းလီသည် သူ၏ စွမ်းအားကို ပြန်လည် ထိန်းချုပ်လိုက်သည်။
မုရုန်ထျန်းက "မဟာအကြီးအကဲ... ခင်ဗျား ဘယ်လို သဘောရလဲ"
ဟု နန်းကုန်းယွီဝမ်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"နောက် သုံးရက်နေရင်... ဖုန်းလန်ဂိုဏ်းကို ရှင်းပစ်မယ်"
မဟာအကြီးအကဲ နန်းကုန်းယွီဝမ်က ခက်ထန်စွာနှင့် ဒေါသတကြီး ကြေညာလိုက်တော့သည်။
ဖုန်းလန်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူကလည်း
"ဖုန်းလန်ဂိုဏ်းက နန်းကုန်းမိသားစုကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ ခင်ဗျားတို့ စစ်ကြေညာချင်တယ်ဆိုရင်... ကျုပ်တို့ အမြဲတမ်း အသင့်ပဲ။ ဒါပေမဲ့... နန်းကုန်း မိသားစုခေါင်းဆောင်... ခင်ဗျား သေသေချာချာ စဉ်းစားပြီးပြီ ဆိုတာကိုတော့ သေချာအောင် လုပ်ပါ။ စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့... နောက်ကျမှ နောင်တရလို့ မရတော့ဘူး"
ဟု အေးစက်စွာ ဆိုလိုက်သည်။
"ဟွန့်။ နောက် သုံးရက်နေရင် တွေ့ကြတာပေါ့။ နန်းကုန်းမိသားစု မုချ ရောက်လာခဲ့မယ်။ သွားစို့"
နန်းကုန်းလီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
နန်းကုန်းမိသားစု၏ အကြီးတန်း အဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက်၊ လိန်ဝူယဲ့သည် သူတို့ကို တားဆီးရန် မကြိုးစားဘဲ သူ၏ စွမ်းအားကို တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်းလိုက်သည်။
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စန်းဟွမ်ကို ပြန်ခေါ်လိုက်"
လိန်ဝူယဲ့က တင်းမာစွာ အမိန့်ပေးလိုက်သည်။
"စန်းဟွမ်ကို ပြန်ခေါ်မယ် ဟုတ်လား"
ဂိုဏ်းကာကွယ်စောင့်ရှောက်သူနှင့် မဟာအကြီးအကဲ သုံးဦးတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြ၏။ လိန်ဝူယဲ့က အဖြစ်အပျက်ကို အလွန်အမင်း အလေးထားနေသည်ဟု သူတို့ တွေးထင်လိုက်ကြသည်မှာ ထင်ရှားသည်။
ဂိုဏ်းကာကွယ်စောင့်ရှောက်သူနှင့် အကြီးအကဲများကို ဤမျှလောက် တုန်လှုပ်သွားစေသော စန်းဟွမ်၏ တည်ရှိမှုသည်ပင် သူတို့၏ ကြောက်မက်ဖွယ် ကျင့်ကြံ စွမ်းအား ကို သက်သေပြနေသည်။
လိန်ဝူယဲ့က လေးနက်စွာ ဆို၏။
"ဒီကိစ္စက ငါတို့ ထင်သလောက် မရိုးရှင်းဘူး။ ဒါက နန်းကုန်းမိသားစု တစ်ခုတည်းဆိုရင်... ငါတို့ဂိုဏ်းက ဘာမှ ကြောက်စရာ မရှိဘူး။ ဒါပေမဲ့... ငါ စိုးရိမ်နေတာက နောက်ကွယ်ကနေ တစ်ယောက်ယောက်က ပြဿနာ ရှာနေမှာကိုပဲ"
"ဂိုဏ်းချုပ် ပြောတာ အမှန်ဆုံးပဲ။ ဒီကိစ္စက တော်တော် ထူးဆန်းနေတယ်"
ပထမ အကြီးအကဲက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
လိန်ဝူယဲ့က လေးလေးနက်နက် ဆိုလိုက်သည်။
"တစ်ယောက်ယောက်ကို ချက်ချင်း သွားစုံစမ်းခိုင်းလိုက်။ ဒီသတင်းကို ဘယ်သူ အတိအကျ ဖြန့်လိုက်တာလဲ ဆိုတာ ရှာဖွေခိုင်းပါ"
နာရီအနည်းငယ်လေး အတွင်းမှာပင် သတင်းသည် ကျိုကျိုးတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။
ကျိုကျိုးသည် ပြည်မကြီး၏ အနောက်ဘက်စွန်းရှိ ပြည်နယ်ငယ်လေး တစ်ခုမျှသာ ဖြစ်သော်လည်း၊ ၎င်းသည် ကြီးမြတ်သော အင်ပါယာကြီး လေးခု၏ နယ်မြေများထက်ပင် ပိုမို ကြီးမားသေးသည်။ သတင်းစကားတစ်ခုသည် နာရီအနည်းငယ်အတွင်း ကျိုကျိုးတစ်ခွင်လုံးသို့ ပျံ့နှံ့နိုင်ခြင်း အချက်သည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်၏။
သတင်းသစ်သည် ကျိုကျိုးတစ်ခွင် ပျံ့နှံ့သွားသည်နှင့်အမျှ၊ ပို၍ပင် ကြီးမားသော သတင်းအချက်အလက် တစ်ခုက နန်းကုန်းမိသားစုထံမှ ထွက်ပေါ်လာခဲ့သည်။
နောက် သုံးရက်နေလျှင် နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့ စစ်ပွဲ စတင်ကြတော့မည်။
"နန်းကုန်းမိသားစုက ဖုန်းလန်ဂိုဏ်းနဲ့ တကယ်ကြီး စစ်တိုက်တော့မလို့လား"
"ဒီသတင်းက အမှန်ပဲ ဖြစ်နိုင်မလား။ လိန်ချင်းဖုန်းနဲ့ လင်ရှောင်ရှောင်တို့က နန်းကုန်းကျင်းကို တကယ် ပူးပေါင်း သတ်ခဲ့တာလား"
"ဘုရားရေ၊ ကျိုကျိုးက ကျားနှစ်ကောင် တိုက်ခိုက်ကြတော့မယ်။ မယုံနိုင်စရာပဲ"
သတင်း ပျံ့နှံ့သွားပြီးနောက်၊ ၎င်းသည် ကျိုကျိုးရှိ အင်အားစုကြီးငယ် အဖုံဖုံနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့သည်။ အခြေအနေသည် အလွန် လျင်မြန်စွာ ဖြစ်ပေါ်တိုးတက်လာပြီး၊ လူတိုင်းအတွက် ဤအဖြစ်ကို လက်ခံရန် ခက်ခဲနေခဲ့သည်။
အကယ်၍ ကျိုကျိုးမှ အင်အားကြီး နှစ်ခု စစ်ပွဲ ဖြစ်ပွားခဲ့ပါက၊ ပျက်စီးမှုသည် လုံးဝ ကြီးမားလှမည်ဖြစ်ပြီး၊ မရေမတွက်နိုင်သော အသက်များ ထိခိုက်နစ်နာကြပေလိမ့်မည်။
စိတ်ဓာတ် ပျော့ညံ့သူများသည် သူတို့ တတ်နိုင်သလောက် အစောဆုံး ထွက်ပြေးသွားခဲ့ကြပြီး ဖြစ်သည်။
...
ကျိုကျိုးရှိ နေရာတစ်ခုမှ ရေတံခွန်တစ်ခု၏ အထက်တွင်၊ ပုံရိပ်တစ်ခု မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာသည်။
ထိုသူမှာ မုရုန်ထျန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
မုရုန်ထျန်း၏ ဒဏ်ရာများမှာ မပျောက်ကင်းသေးချေ။
(သူတို့က ရွယ်တူတွေမို့ နောက်ပိုင်းမှ မင်းနဲ့ ငါပဲ သုံးပါမယ်နော်)
"ပေမင်ခုံ... မင်း ငါ့ကို မပြောဘဲနဲ့ သတင်းကို ပေါ့ပေါ့ဆဆ ဖြန့်လိုက်တယ်။ မင်း ဒါကို ဘာသဘောနဲ့ လုပ်လိုက်တာလဲ"
မုရုန်ထျန်းက ရေတံခွန်အောက်ရှိ ရေကန်ဆီသို့ သူ၏ အကြည့်ကို ပို့ညွှန်ရင်း လေးလံသော လေသံဖြင့် မေးလိုက်သည်။
"မင်း ငါ့ကို လာရှာလိမ့်မယ်လို့ ငါ သိပြီးသားပဲ"
အနက်ရောင် အရိပ်တစ်ခုက ရေတံခွန်အောက်မှ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
ရေတံခွန်အောက်မှ ထွက်လာသော အနက်ရောင် အရိပ်သည် ရေ တစ်စက်မျှ မစိုရွှဲနေခြင်းမှာ အံ့ဖွယ်ရာ ဖြစ်၏။
ဤသူသည် အမှန်တကယ်ပင် ပေမင်ခုံ ဖြစ်ပြီး၊ သူ၏ အရှိန်အဝါအရ၊ သူသည် တစ်ဖန် ပို၍ ကျင့်ကြံ စွမ်းအား ထက်လာပုံ ရသည်။
"မင်းက နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်းတို့ စစ်ဖြစ်အောင် တမင်တကာ သတင်း ဖြန့်လိုက်တာပဲ။ ဒါပေမဲ့ ဒီလို လုပ်လိုက်ခြင်းအားဖြင့်... ငါတို့ရဲ့ အထီးကျန် နယ်မြေဆီ သွားမယ့် ခရီးစဉ်မှာ အဓိက အင်အားစုကြီး နှစ်ခုရဲ့ ပါရမီရှင်တွေကို လက်လွှတ်ရတော့မှာ မဟုတ်ဘူးလား"
ဟု မုရုန်ထျန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ၏ စကားလုံးများတွင် ဒေါသ အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။
"ငါက မင်းလိုချင်တာနဲ့ အတူတူပဲ လိုချင်တာပါ။ ပြီးတော့ မင်းရဲ့ အစီအစဉ်တွေကို ငါ ဖျက်ဆီးမှာ မဟုတ်ဘူး။ ငါက သူတို့ကို နည်းနည်း အရှိန်မြှင့်ပေးလိုက်တာပဲ။ အထီးကျန် နယ်မြေ မဖွင့်ခင်မှာ... သူတို့ကို တိုက်ခိုက်ခွင့် ပေးလိုက်တာက ငါတို့အတွက် သင့်တော်တယ် မဟုတ်ဘူးလား။ ငါတို့ နောက်ကွယ်ကနေ လှုပ်ရှားလို့ ရတာပေါ့။ ဒီနည်းနဲ့ဆိုရင်... နန်းကုန်းမိသားစုက ဖုန်းဝူချန်ကို သတ်ဖို့ အချိန်ရတော့မှာ မဟုတ်ဘူး။ မမေ့နဲ့... ငါက ဖုန်းဝူချန်ကို အရှင် လိုအပ်နေသေးတာ နော်"
ပေမင်ခုံက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"မင်းက တော်တော် ပါးရည်နပ်ရည် ရှိတာပဲ။ ဒါပေမဲ့ ရှီဝမ်ဂိုဏ်းကို လှုပ်ရှားဖို့တော့ မင်း စိတ်မကူးမိဘူးပဲ။ ရှီဟွမ်က ဒီလောက် လည်ပြီး နှစ်ကျပ်ကွက်နင်းနေတာ... သူ ကတိဖျက်သွားမှာ မင်း မကြောက်ဘူးလား"
မုရုန်ထျန်းက မေးလိုက်သည်။ သူ၏ တငွေ့ငွေ့ ကျန်နေသော ဒေါသများက စတင် မှိန်ဖျော့သွားသည်။
ထိုအခါ၊ ပေမင်ခုံက ခေါင်း
ခါရင်း ဆိုလိုက်သည်။
"အဲ့ဒီ အဘိုးကြီး ရှီဟွမ်က သတိကြီးလွန်းတယ်။ ပြီးတော့ ရှီထျန်းကလည်း ငါ့ကို ဘယ်တုန်းကမှ မယုံခဲ့ဘူး။ လှုပ်ရှားဖို့ မလွယ်ဘူး။ ပြီးတော့... ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့... ငါက အဲ့ဒီ အဘိုးကြီး ရှီဟွမ်ကို ယှဉ်နိုင်ဦးမှာ မဟုတ်သေးဘူး"
ထို့နောက် ပေမင်ခုံက မုရုန်ထျန်းကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
"ငါတို့ ပူးပေါင်းလိုက်ကြရင် ဘယ်လိုလဲ။ မင်းက ငါ့ထက် အရည်အချင်း မနိမ့်ပါဘူး။ မင်း ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ... မင်း ငါ့ကို လှည့်စားလို့ မရဘူး။ ငါ့ခန့်မှန်းချက်သာ မှန်ရင်... မင်းရဲ့ ကျင့်ကြံ စွမ်းအား က ရှီဟွမ်ကို ကျော်လွန်သွားလောက်ပြီ။ မင်းရဲ့ ကျင့်ကြံမှု ဘာလို့ ဒီလောက်တောင် ထိုးတက်သွားလဲတော့ ငါ မသိဘူး... ဒါပေမဲ့ မင်း ငါ့ကို လိမ်လို့မရဘူး"
မုရုန်ထျန်းက ခေါင်းခါလိုက်သည်။
"ထားလိုက်ပါတော့...။ ငါတို့ နည်းနည်း ပိုစောင့်ကြတာပေါ့။ အလျင်လိုရင် အနှေးဖြစ်သွားလိမ့်မယ်"
ပေမင်ခုံက ဖြည်းညင်းစွာ အောက်သို့ ဆင်းသက်သွားပြီး ထပ်ပြောလိုက်သည်။
"လိန်ချင်းဖုန်း မကြာခင် ကျိုကျိုးကို ပြန်ရောက်လာသင့်ပြီ။ ကျန်တာတွေအတွက်တော့... ငါ ထပ်ပြောစရာ မလိုတော့ဘူး မဟုတ်လား"
ပေမင်ခုံ၏ ခန္ဓာကိုယ်သည် ရေကန်၏ အနက်ရှိုင်းဆုံးသို့ တစ်ဖန် နစ်မြုပ်သွားပြန်သည်။ ကျိုကျိုးတစ်ခုလုံးတွင် သူ၏ တည်နေရာကို မုရုန်ထျန်း တစ်ဦးတည်းသာ သိ၏။
'သူ ဘယ်အချိန်ကျမှ ဘိုးဘေးတွေရဲ့ စွမ်းအားကို နိုးထနိုင်မှာလဲ မသိဘူး။ ပေမင်ခုံက ဒီစွမ်းအားကို ဒီလောက် အလေးထားနေတာ... ဒါ သာမန်တော့ ဖြစ်မှာ မဟုတ်ဘူး။ ဒီတစ်ခါ ငါ မပေါ်သွားတာ ကံကောင်းသွားတယ်.. အဲ့ဒီကောင်သာ နောက်တစ်ခါ ထပ်ပြီး မဆင်မခြင် လုပ်ရဲလုပ်ကြည့်... ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲ ဖျက်ဆီးကြည့်... ငါ လုံးဝ မညှာတာတော့ဘူး'
မုရုန်ထျန်းသည် စိတ်ထဲမှ မျက်မှောင်ကြုတ်ရင်း တွေးလိုက်ပြီးနောက် သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။
"ထာဝရ မဟာမိတ်ဆိုတာ မရှိဘူး... ထာဝရ အကျိုးစီးပွားပဲ ရှိတယ်။ ယုံကြည်မှုလို့ ခေါ်နေတာကလည်း... အကျိုးစီးပွားပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုထက် မပိုပါဘူး။ မုရုန်ထျန်း... ငါတို့က အမြဲတမ်း လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရှိနေခဲ့ကြပုံပဲ...။ ကွာခြားတာက... ငါ လျှောက်မယ့် လမ်းက မင်းရဲ့ တည်ရှိမှုကို မလိုအပ်ဘူး ဆိုတာပဲ"
မုရုန်ထျန်း ထွက်သွားပြီးနောက် ပေမင်ခုံသည် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
ပေမင်ခုံ၏ ခေါင်းသည် ရေကန်၏ မျက်နှာပြင်မှ ထွက်ပေါ်လာပြီး၊ သူ၏ မျက်နှာတွင် နှစ်ကျပ်ကွက်နင်းသော အပြုံးတစ်ခု နေရာယူထားသည်။
'ငါ ဘိုးဘေးတွေရဲ့ စွမ်းအားကို နိုးထလာတာနဲ့... ငါ မင်းရဲ့ ကျင့်ကြံ စွမ်းအား ကို အားကိုးစရာ ဘယ်လိုတော့မလဲ၊ မင်းက ငါ့ကို သတ်ချင်နေတာလား... ဟက်...။ ငါကရော မင်းကို အလွတ်ပေးမယ် ထင်နေလား'
ပေမင်ခုံက အေးစက်သော မဲ့ပြုံးဖြင့် စိတ်ထဲမှ ကြံစည်လိုက်သည်။
ပေမင်ခုံနှင့် မုရုန်ထျန်းတို့သည် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ခဲ့ကြ၏။ သူတို့သည် မဟာမိတ်များဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် အပြန်အလှန် အကျိုးစီးပွားဖြင့်သာ ချည်နှောင်ထားပြီး၊ ပူးပေါင်းဆောင်ရွက်နေရင်း တစ်ဦးကိုတစ်ဦး အသုံးချနေကြခြင်းသာ ဖြစ်လေသည်။