← Chapters

သစ္စာခံသည့် အနေနှင့် ဝိညာဉ်စည်း တံဆိပ်များ ပေးခြင်း

Vol. 1 Ch. 213

သစ္စာခံသည့် အနေနှင့် ဝိညာဉ်စည်း တံဆိပ်များ ပေးခြင်း

Vol. 1 Ch. 213

မိန်းကလေး ဖျောင်ဖျောင် ...

ကျန်းရီ ထိုနာမည်ကို ကြားသောအခါ ဆတ်ခနဲ တုန်သွားခဲ့ပြီး သူ့စိတ်သည် တစ်ခဏ ဗလာကျင်း သွားခဲ့သည်။ မိန်းကလေး ဖျောင်ဖျောင် ဟူသည်မှာ သူ့အမေ ရီဖျောင်ဖျောင်အား ရည်ညွှန်းနေခြင်း ဖြစ်လေသည်။

ရွှေယို့လန် သူ့အမေအား မည်သို့ သိနေသနည်း ... သူတို့ချင်း အတော်လေး ရင်းနှီးသည့်ဟန်ပင် ပေါ်သည်။

အရေးကြီးဆုံး အချက်မှာ ရွှေယို့လန်သည် သူ့အမေအား တလေးတစား သုံးနှုန်းသွားခြင်း ဖြစ်သည်။ ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်က သာမန် မိန်းကလေး တစ်ယောက်ကို တလေးတစား ခေါ်ဝေါ် ပါမည်လော ... နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျူးကော့ချမ်ယွမ် သည်လည်း သူ့အမေအား တလေးတစား ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။ ကျန်းရီ အတော်လေး အံ့အားသင့် ရသည်။

ချမ်ဝမ်ကွမ်၏ ပြောစကားများ အရ ရီဖျောင်ဖျောင်သည် နယ်မြေတွင် လွန်ခဲ့သော ဆယ်စုနှစ် အတွင်းက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ကျန်းရိမြို့သို့ ကျန်းပိုင်လီနှင့် လိုက်ပါ လာခဲ့ခြင်း ဖြစ်လေသည်။ သူမသည် လော့ကဲအရှင် အိမ်တော်တွင် နှစ်နှစ်ကြာ နေထိုင်ခဲ့ပြီး အပြင် လောကသို့ ထွက်ခွာ သွားချိန်တွင် ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်လေသည်။ ထို့နောက် ကျန်းရီကို မွေးဖွားပြီး သုံးနှစ် အကြာတွင် ကွယ်လွန် သွားခဲ့သည်။

သူသိထား သမျှကို သုံးသပ်ကြည့် လိုက်သော် ရီဖျောင်ဖျောင်သည် ဤနယ်မြေတွင် ငါးနှစ်၊ ခြောက်နှစ်ခန့်သာ နေခဲ့သည်။ သူမကွယ်လွန် သွားချိန်တွင် အသက်နှစ်ဆယ် စွန်းစွန်းသာ ရှိသေးသည်။ ထိုကာလက ကျူးကော့ချမ်ယွမ်သည် အနည်းဆုံး အသက်ငါးဆယ်၊ ခြောက်ဆယ်ခန့် ဖြစ်သည်။ သူသည် နယ်မြေ၏ ကျော်ကြားသော သိုင်းသမား တစ်ယောက်ပင် ဖြစ်ပြီးခဲ့လေပြီ။ ကျန်းရီသည် ရွှေယို့လန်၏ နောက်ခံနှင့် အသက်ကို သေချာ မသိသော်လည်း နယ်မြေ၏ နံပါတ်တစ် သိုင်းပညာရှင် အနေနှင့် သူမသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့် ကတည်းက အလွန် အားကောင်းနေ လောက်ပေပြီ။

ထိုကဲ့သို့သော သိုင်းပညာရှင်ကြီး နှစ်ဦးက တလေးတစား ဆက်ဆံ နေသည်မှာ သူ့အမေသည် ကျန်းပိုင်လီကြောင့်သာ မဟုတ်ဘဲ ကိုယ်တိုင် ထူးခြားထက်မြက်သူ တစ်ဦး ဖြစ်ရပေမည်။ ထိုလူနှစ်ယောက် သူ့အမေအကြောင်း ပြောစဉ်အခါက ကျန်းပိုင်လီအကြောင်း ထည့်၍ပင် မပြောခဲ့ချေ။

"တကယ်ပဲ ငါ့အမေက ဘယ်လို လူမျိုးလဲ ...”

ကျန်းရီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူအသေးစိတ် အကြောင်းအရာများကို သိလိုလျှင် ကျန်းယွင်ဟိုင်ကို အရင် ရှာရပေမည်။ ကျန်းယွင်ဟိုင် အကြောင်း တွေးမိသော အခါ သူ့မျက်လုံးများ ထပ်မံမှိုင်တွေ သွားရပြန်သည်။ အချိန်အတော် ကြာသည်အထိ  ကျန်းယွင်ဟိုင်၏ သတင်းကို လုံးဝမရရာ အမှောင် တောအုပ်ထဲတွင် သေများ သွားပြီလားဟု ကျန်းရီ စိုးထိတ်စ ပြုလာပေပြီ။

"ဟမ့် ...”

ကျန်းရီ ရေရွတ် အပြီးတွင် ရွှေချမ်လော့သည် သူမ လည်ပင်းအား ကျန်းရီ ချုပ်နှောင်ထားဆဲ ဖြစ်သောကြောင့် မကျေမနပ် နှာမှုတ် လိုက်လေသည်။

"ကျန်းရီ ... နင့်တောင်းဆိုချက်တွေကို ငါ့အမေ လိုက်လျော ပေးသွားပြီလေ ... ဘာလို့ ဒီသခင်မလေးကို အခုထိ လွှတ်မပေး သေးတာလဲ ...”

"ဘန်း ...”

ကျန်းရီ သတိဝင် လာသောအခါ ရွှေချမ်လော့၏ နောက်စေ့အား ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြီး သတိလစ် သွားစေလိုက်သည်။ ကျန်းရီသည် ရွှေချမ်လော့အား ရွှေယွဲ့လန် မျှော်စင်မှ မိန်းကလေးများထံ ပစ်ပေးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"သူမကို အချိန်အတော်ကြာ အိပ်ပျော် နေစေမယ့် ဆေးတစ်ခုခု တိုက်ထားလိုက် ... ပြိုင်ပွဲ မပြီးခင်အထိ သူမအသံကို ငါမကြားချင်ဘူး ... မဟုတ်ရင် သူမအသံ ထွက်လာတိုင်း ငါရိုက်မိလိမ့်မယ် ...”

"အမ် ...”

ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် မျက်နှာများ ပျက်သွား ကြသော်လည်း ဘာမှ မလုပ်နိုင်ကြ၍ ပါးစပ်များကိုသာ ပိတ်ထား လိုက်ကြသည်။ ရွှေယို့လန်သည် သူမတို့အား ကျန်းရီ၏ စကားကို နားထောင်ကြရန် အမိန့်ပေးသွားပြီး ဖြစ်သည်။ မိန်းကလေးများထဲမှ တစ်ယောက်သည် ဆေးတစ်လုံး ထုတ်၍ ရွှေချမ်လော့အား တိုက်လိုက်သည်။ မဟုတ်ပါက ဤအဖိုးတန် မမလေး ပူညံပူညံ လုပ်တိုင်း အရိုက်ခံရကိန်း ရှိနေလေသည်။

အခြား မိန်းကလေး တစ်ယောက်သည် ရွှေချမ်လော့၏ ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲအား ကောက်ယူလိုက်ပြီး ထိုသူတော်စင် အဆင့် ရတနာကို ကျန်းရီ ဓားပြတိုက်မည် စိုး၍ သတိအနေ အထားဖြင့် သိမ်းဆည်းလိုက်သည်။

သို့သော် သူမ စိုးရိမ်နေခြင်းမှာ အပိုသက်သက်သာ ဖြစ်သွားခဲ့သည်။ ကျန်းရီသည် သူမကို တစ်ချက်ပင် မကြည့်ဘဲ ကျန့်ဝူရွှမ်းကိုသာ စကားလှည့်ပြော နေခဲ့သည်။

"ဝူရွှမ်း ... စကြစို့ ...”

ကျန့်ဝူရွှမ်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ဖြာထွက် လာခဲ့သည်။ တစ္ဆေ တောအုပ်ထဲတွင် လူထောင်ဂဏန်းခန့် ရှိနေခဲ့ပြီး သူနှင့်ကျန်းရီသည် အားလုံးကို သတ်ရန် ပြင်ဆင်လိုက်သည်။ သူတို့နှစ်ဦးသည် သူတို့၏ ရန်သူများကို ရက်စက်မှုဖြင့်သာ တုံ့ပြန်မည် ဖြစ်ပြီး ထိုလူများ ရူးနေလျှင်တောင် ညှာတာလိမ့်မည် မဟုတ်ပေ။

"နေဦး ...”

ရုတ်တရက် ယွင်ဖေး စကားပြော လာခဲ့သည်။

"ကျန်းရီ ... ဟော်ရှု၊ ကုထယ်နဲ့ တခြားလူ နည်းနည်းကို မသတ်လို့ ရမလား ... ငါ သူတို့ကို သုံးစရာ ရှိသေးတယ် ... အဲဒီ အုပ်စုက သခင်လေးတွေက ရှန်မိနိုင်ငံရဲ့ အင်အားကြီး ဂိုဏ်းတွေက ဆက်ခံသူတွေပဲ။ သူတို့ အကူအညီနဲ့ဆို ငါ့မောင် ထီးနန်းရဖို့ ပိုပြီး အခွင့်အရေး များတယ်"

"သူတို့ကို မသတ်ရဘူးလား ...”

ကျန်းရီ တွေဝေ သွားခဲ့သည်။ ထိုသူတို့၏ တံဆိပ်ပြားများ အားလုံးကို သူတို့ရမည် ဖြစ်သောကြောင့် မသတ်ခြင်းက ပြဿနာ မဟုတ်ပေ။ ယွင်ဖေး ထိုလူများကို သုံးချင်သည် ဆိုလျှင် အရင်ဆုံး ထိုလူများ စိတ်ထွေပြား နေခြင်းမှ လွတ်အောင် ကျန်းရီ လုပ်ပေးရမည် ဖြစ်လေသည်။ ပြဿနာကား ထိုလူများ ပြန်ကောင်း သွားပြီးနောက် ယွင်ဖေးကို သစ္စာခံမည်လား ဟူသော မေးခွန်း ဖြစ်လေသည်။

ယွင်ဖေးသည် ကျန်းရီ၏ အတွေးများကို သိသောကြောင့် အသာ ရယ်မောကာ ရှင်းပြလိုက်သည်။

"ကျန်းရီ ... စိတ်မပူနဲ့၊ သူတို့ အသက်ရှင်ချင်ရင် သူတို့ရဲ့ ဝိညာဉ်စည်း တံဆိပ်ကို ပေးရမယ်။ ငါဒီလို အရာတွေကို ဖြေရှင်း နိုင်ပါတယ် ...”

ယွင်ဖေးသည် မင်ဟွေ့၊ ကုထယ်၊ ဟော်ရှုနှင့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များကိုသာ လိုချင်ခြင်း ဖြစ်ကြောင်း သိရပြီးနောက် ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရွှေယွဲ့လျန် မျှော်စင်မှ လူများကို အမိန့်ပေး လိုက်လေသည်။

"စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တွေက လွဲရင် အကုန်လုံးကို သတ်လိုက်ပြီး ငါ့အတွက် တံဆိပ်ပြားတွေ ယူလာပေးကြ ...”

"ဝှစ် ...”

ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် ကျန်းရီ၏ အမိန့်ကို မနာခံပဲ မနေရဲကြပေ။ လူအယောက် လေးဆယ်ကျော်သည် အုပ်စုနှစ်စု ခွဲ၍ စတင် သတ်ဖြတ် ကြတော့သည်။

တစ္ဆေ တောအုပ်ထဲမှ လူအချို့သည် ပုံရိပ်ယောင် လောက၌ ပိတ်မိကာ စိတ်ထွေပြား နေကြဆဲ ဖြစ်သော်လည်း အားနည်းသူ များသည် ရူးသွပ်နေကြပြီး ဖြစ်ရာ တောအုပ်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ် လာကြသည်။ သူတို့ အသတ် မခံရလျှင်တောင် ရူးသွပ်၍ သေဆုံး သွားကြလိမ့်မည်။ ထို့ကြောင့် ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် သတ်ဖြတ်ရာတွင် တွန့်ဆုတ် မနေကြပေ။

တစ်နာရီခန့် ကြာပြီးနောက် ခရမ်းရောင် နန်းတော်ရှင် အဆင့် လူပေါင်းထောင်ချီ သေဆုံးသွားကြပြီ ဖြစ်ရာ တောအုပ်သည် ယခုမှ အမှန်တကယ် တစ္ဆေတောအုပ် ဖြစ်သွားခဲ့လေသည်။ တောအုပ်ထဲတွင် ရွေးချယ်ခံ ထားရသော လူများနှင့် ကျန်းရီတို့ အဖွဲ့သာ အသက်ရှင်ကျန် ရစ်ခဲ့လေသည်။

"စလိုက်ကြစို့ ...”

ကျန်းရီသည် ယွင်ဖေးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် မီးဝိညာဉ်ပုလဲ တောက်ပလာခဲ့ပြီး ကမ္ဘာ့မီးလျှံ အကြွင်း အကျန်လေးများ ထွက်လာခဲ့သည်။ မီးဝိညာဉ် ပုလဲသည် ပိုင်ရှင်ကို ကာကွယ်ပေးသည့် စွမ်းအင်ကို ထုတ်ပေးလာခဲ့ပြီး ကမ္ဘာ့မီးလျှံ များကိုလည်း ချက်ချင်းပြန်လည် စုပ်ယူသွားခဲ့သည်။ ကမ္ဘာ့မီးလျှံ အကြွင်းအကျန်လေးများ ရှိနေ၍ တော်သေးသည်။ မဟုတ်ပါက သူ့မီးဝိညာဉ် ကျောက်တုံးလေးများကို အလဟဿ ဖြုန်းနေရ ဦးမည်။

ကျန်းရီသည် ထူးဆန်းလှသော စွမ်းအင်ကို ထိန်းချုပ်၍ ဆံပင် ကောက်ကောက်နှင့် နားကွင်း တစ်ဖက်ပါသော သခင်လေး၏ ခေါင်းကို ထိလိုက်သည်။ ထိုသခင်လေး သတိရ လာသောအခါ ကျန်းရီသည် ထိုသခင်လေး၏ ပခုံးကို ခြေထောက်ဖြင့် နင်း၍ လည်ပင်းအား အနက်ရောင် အကြေးခွံဓားဖြင့် ချိန်ရွယ်၍ အေးစက်စွာ မေးလိုက်သည်။

"ရွေးစရာ နှစ်ခုရှိတယ် ... မင်းရဲ့ ဝိညာဉ်စည်း တံဆိပ်ကို မင်းတို့ မင်းသမီးဆီ ပေးမလား၊ သေမလား ...”

ကုထယ်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများ၊ မင်ဟွေ့၊ ဟော်ရှုနှင့် အခြား လူများကို ရွှေယွဲ့လျန် မျှော်စင်မှ လူများက ဖမ်းထားသည်ကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ ဘာဖြစ်နေမှန်း သူမသိပေ။ သူသိသည်မှာ သူ့တွင် ရွေးစရာ နှစ်ခု ရှိသည်ကိုသာ ဖြစ်လေသည်။

သူသည် ယွင်ဖေးကို ကြည့်လိုက်ပြီး ပြောလာခဲ့သည်။

"မင်းသမီး ... ကျွန်တော့်ရဲ့ ဝိညာဉ်စည်း တံဆိပ်ကို ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အရှင့်သား ယွင်ရှန်း နန်းတက်ပြီးတဲ့ အခါ ကျွန်တော့်ကို ပြန်ပေး ရပါမယ် ... မဟုတ်ရင် ကျွန်တော် သေဖို့ကိုပဲ ရွေးရပါလိမ့်မယ်"

ယွင်ဖေး ခေါင်းညိတ်လိုက်သည်။

"ဖြစ်စေရမယ် ...”

ကုထယ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ ထျန်းတင်းအမှတ်(ဘယ်ဘက်လည်ပင်း၊ ညှပ်ရိုးအပေါ်၊ နှုတ်ခမ်းစွန်းမှ ဆွဲချလျှင် ရောက်သော နေရာ)မှ ရွှေရောင် အလင်းတစ်စ ထွက်ပေါ် လာခဲ့ပြီး ရွှေရောင် သင်္ကေတလေး တစ်ခု ဖြစ်သွားခဲ့သည်။

ဝိညာဉ်စည်း တံဆိပ် အစစ်ပဲ ... ဝိညာဉ်စည်း တံဆိပ် အစစ်တွေက ရွှေရောင် ရှိတယ်လို့ အဲဒီလူ ပြောခဲ့တယ် ...

ကျန်းရီ သူ့ဟာသူ ခေါင်းညိတ်လိုက်သည်။ ထိုအကြောင်းအရာကို မသိသောသူသည် သူတစ်ယောက်သာ ဖြစ်ပုံရသည်။ ယွင်ဖေးသည် လက်ဆန့်ထုတ် လိုက်ပြီး ဖမ်းဆုပ် လိုက်ပြီးနောက် ထိုရွှေရောင် သင်္ကေတ ကွယ်ပျောက် သွားခဲ့သည်။

"နောက်တစ်ယောက် ...”

ကျန်းရီသည် သူ့ခြေထောက်နှင့် အနက်ရောက် အကြေးခွံဓားကို ဖယ်ရှားလိုက်ပြီး ဟော်ရှုထံ လျှောက်သွားလိုက်သည်။ ယခင်အတိုင်း အမည်မသိသော စွမ်းအင်ကို လက်ဝါးဖြင့် ထိန်းချုပ်ကာ ထိုလူအား နိုးလာစေ လိုက်သည်။ ကျန်းရီသည် ဟော်ရှုခုခံရန် ပြင်နေသည်ကို တွေ့သောအခါ အနက်ရောင် အကြေးခွံဓား၏ ဘေးဘက်ခြမ်းဖြင့် ရိုက်ချလိုက်သည်။ ထို့နောက် ဓားဖြင့် ချိန်ကာ မေးလိုက်သည်။

"ကုထယ်က သူ့ဝိညာဉ်စည်း တံဆိပ်ကို သစ္စာခံအနေနဲ့ ယွင်ဖေးကို ပေးပြီးပြီ၊ ဘာလုပ်ရမလဲ ဆိုတာ မင်းသိပါတယ်"

ဟော်ရှုသည် ကုထယ်ကို လှမ်းကြည့် လိုက်ပြီးနောက် လျင်လျင်မြန်မြန် သဘောပေါက် သွားခဲ့သည်။ သူသည် အတော်လေး ရိုးသားရာ ချက်ချင်း မျက်လုံးများကို မှိတ်၍ ဝိညာဉ်စည်း တံဆိပ် ဖန်တီးကာ ယွင်ဖေးကို ပေးလိုက်သည်။

"ကျွန်တော် လိုလိုချင်ချင်နဲ့ အမှုထမ်းပါ့မယ် မင်းသမီး ...”

"တတိယ တစ်ယောက် ... မင်ဟွေ့ ...”

ကျန်းရီသည် ပုတိုတိုနှင့် ထွားကျိုင်း သန်မာ၍ ဒေါသကြီးဟန် ရသော လူငယ်လေးထံ လျှောက်သွားလိုက်ကာ သတိလည်လာ စေလိုက်သည်။ မင်ဟွေ့၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူသည် ကုထယ်နှင့် ဟော်ရှုကို မြင်သောအခါ မျက်လုံးများ မှိတ်ချလိုက်ပြီး အေးစက်စွာ ပြောလာခဲ့သည်။

"ငါ့ရဲ့ ဝိညာဉ်စည်း တံဆိပ်ကို လိုချင်တာလား ... အိပ်မက်ပဲ မက်နေလိုက် ... ငါ့ကို သတ်လိုက်စမ်းပါ  ...”

"ဒါဆိုလည်း သူ့ကို ပို့ပေးလိုက် ...”

ယွင်ဖေး၏ မျက်လုံးများ အေးစက်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းရီသည် မလိုသော အရာများ ပြောကာ သူ့လေများအား ဖြုန်းတီး မနေချင်ပေ။ ကျန်းရီ၏ အနက်ရောင် အကြေးခွံဓား လှုပ်ရှား သွားခဲ့သည်။ ဓားသည် မင်ဟွေ့ကိုယ်ပေါ် ကျရောက်တော့မည့် ဆဲဆဲတွင် မင်ဟွေ့၏ မျက်လုံးများ ပွင့်လာကာ အံကြိတ်၍ အော်ပြော လာခဲ့သည်။

"ခဏ နေဦး ...”

ကျန်းရီ၏ ဓားသည် တစ်စက္ကန့်လေးတောင် နှေးကွေးသွားခြင်း မရှိဘဲ မင်ဟွေ့၏ လည်တိုင်အား ဖြတ်တောက် သွားခဲ့ပြီး သူ့ဦးခေါင်းကို လွင့်ထွက် သွားစေခဲ့သည်။ ကျန်းရီသည် သူ၏ ဓားရှည်အား ပြန်သိမ်းလိုက်ပြီး မင်ဟွေ့၏ နောင်တများ လွှမ်းနေသည့် မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်သည်။

"မင်းကို ပေးတဲ့ အခွင့်အရေးကို မင်းငြင်းလိုက်တယ် ... ငါမင်းလိုမျိုး သန်မာချင်ယောင် ဆောင်တဲ့ သူရဲဘော ကြောင်သူတွေကို မုန်းတယ်"

ကိစ္စများ ပိုမို လွယ်ကူ သွားခဲ့လေပြီ။ ကျန်သတိ ရလာသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် အညံ့ခံသည့် အနေအထားဖြင့် ရှိနေသော ကုထယ်၊ ဟော်ရှုနှင့် နှစ်ပိုင်း ပြတ်နေသော မင်ဟွေ့၏ အလောင်းအား မြင်သောအခါ မည်သူမှ အပိုစကားများ မဆိုရဲတော့ပဲ သစ္စာခံသည့် အနေနှင့် သူတို့၏ ဝိညာဉ်စည်း တံဆိပ်များကို ယွင်ဖေးထံ ချက်ချင်း ပေးလာ ကြတော့သည်။

***

All Chapters