အရှက်ခွဲခြင်း
Vol. 21 Ch. 302
~ပေမင်ခုံ၏ စိတ်ထဲတွင် ဖုန်းဝူချန်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည့် မှတ်ဉာဏ်ဟောင်းများ အစီအရီ ပြန်လည်စီးဝင်လာသည်။
'အဲ့ဒီတုန်းက အဲ့ဒီတုန်းက သေစမ်း။ ငါ့သိုင်းကွက်တောင် မထုတ်ရသေးဘူး။ ဘယ်လိုလုပ် လွင့်ထွက်သွားမှန်းတောင် မသိလိုက်ဘူး။ ဒီကောင် ဘယ်လိုလှုပ်ရှားမှုသိုင်းကွက် သုံးသွားတာလဲ'
ထိုပုံရိပ်များက ပေမင်ခုံကို အလွန်အမင်း သတိထားသွားစေ၏။
ထိုစဉ်က ပေမင်ခုံသည် သိုင်းပညာရပ်တစ်ခုကို ထုတ်ဖော်ရန် ပြင်ဆင်နေဆဲမှာပင်၊ ၎င်းကို မထုတ်ဖော်နိုင်ခင်မှာပင် ထူးဆန်းစွာ နောက်ပြန်လွင့်စင်သွားခဲ့ရသည်။
ဖုန်းဝူချန် အသုံးပြုခဲ့သည့် လှုပ်ရှားမှုသိုင်းကွက်ကို ပေမင်ခုံ လုံးဝ မသိရှိခဲ့ဘဲ၊ သူ့ကို လုံးဝ ကြိုတင်ပြင်ဆင်ခွင့်မပေး၊ သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ ဖြစ်သွားခဲ့သည်။
ယခုလည်း ထိုနည်း၎င်းပင်။ ဖုန်းဝူချန်၏ လှုပ်ရှားမှုသိုင်းကွက်ကို တစ်ဖန်ပြန်လည် ရင်ဆိုင်ရသောအခါ၊ ပေမင်ခုံသည် ဘာမှ မသိရှိသေးပေ။
ဒါက ဒါက ဖုန်းဝူချန်အပေါ် ပေမင်ခုံ အကြောက်ဆုံးအရာပင်။ အကြောင်းမှာ ဖုန်းဝူချန်၏ မျက်တောင်တစ်ခတ်အတွင်း နေရာရွှေ့ပြောင်းနိုင်သော စွမ်းရည်ကို သူ မြင်တွေ့ရသည်မှာ ဒုတိယအကြိမ် ရှိပြီ ဖြစ်သောကြောင့်တည်း။
ပေမင်ခုံ၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားကာ မျက်နှာသည် မည်းမှောင်လာ၏။ ဖုန်းဝူချန်၏ လက်သီးချက်က သူ့ကို တကယ်ပင် ဒေါသထွက်သွားစေပြီ ဖြစ်သည်။
သူ့အနားရှိ ဖုန်းဝူချန်ကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ၊ သူ၏ ပြင်းထန်ပြီး အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများက အသက်ရှူမှားလောက်အောင်ပင် အရိုင်းအစိုင်း သိပ်သည်းထွက်ပေါ်လာသည်။
"ဝှစ် ..ဝှစ်"
ပို၍ပင် ပြင်းထန်သော စွမ်းအားများသည် ပေမင်ခုံ၏ ခန္ဓာကိုယ်အတွင်းမှ ထိုးထွက်လာစဉ်၊ သူ၏ ရေပြားပေါ်တွင် အပြာရောင်အလင်းတန်းများ လွှမ်းခြုံသွားကာ၊ လျင်မြန်စွာ အရှိန်အဝါ မြင့်တက်လာသည်။ ကြောက်မက်ဖွယ် လှိုင်းလုံးကြီး တစ်ခုက မုန်တိုင်းတစ်ခုအလား သိပ်သည်းသွား၏။
ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ စွမ်းအားအပြည့်အဝ ရုန်းကြွလာတော့သည်။
"မင်းကို ငါ ဖြည်းဖြည်းချင်း ညှဉ်းဆဲသတ်မယ်။ မင်းရဲ့ အသားနဲ့ အရိုးတွေ တစ်စစီ နာကျင်ကိုက်ခဲရခြင်းဆိုတဲ့ အရသာကို မြည်းစမ်းခိုင်းရမယ်"
ပေမင်ခုံက ရေခဲတမျှ အေးစက်စွာ ပြောလိုက်ရာ၊ သူ၏ အေးစက်သော အသံက ကြားရသူတိုင်းကို ကျောချမ်းသွားစေသည်။
"အိုး ၊ဟုတ်လို့လား"
ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် အေးစက်စွာ ရယ်မောရင်း ပြန်ဖြေလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ပေမင်ခုံထံသို့ လက်ဝါးချက် တစ်ခု ပစ်သွင်းလိုက်သည်။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်သည် ပေမင်ခုံကို မမီသော်လည်း၊ သူ၏ သိုင်းပညာရပ်များဖြင့်မူ ပေမင်ခုံကို အသေအချာ ဖိနှိပ်ထားနိုင်၏။
"အုန်း.."
"ဝုန်း..ဝုန်း"
ပေမင်ခုံက မထီမဲ့မြင် နှာခေါင်းတစ်ချက်ရှုံ့ရင်း လက်ဝါးဖြင့် ပြန်လည်တားဆီးလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ၊ ကြောက်မက်ဖွယ် စွမ်းအင်များ တိုက်မိရာမှ ပေါက်ကွဲထွက်လာသော လှိုင်းလုံးကြီးသည် ချက်ချင်းပင် ပေပေါင်း ဒါဇင်များစွာအထိ သိပ်သည်းသွား၏။
"မင်းက ထျန်းယွမ်ဘုံ ဆဌအလွှာကိုတောင် ဒီလောက်ပဲ စွမ်းအားရှိရသလား၊ ဟမ်။ မင်းက ဆဌမအလွှာရဲ့ စွမ်းအားနဲ့ ငါ့ကို ဖိအားလာပေးနေတာ။ မင်းက မင်းရဲ့ ကျင့်ကြံအဆင့် မြင့်တာကို ကြွားနေတာလား ဒါမှမဟုတ် မင်းရဲ့ ပါရမီကို ကြွားနေတာလား"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ ထိပ်တိုက်တွေ့ဆုံမှုတွင် သူ လုံးဝ အရေးနိမ့်မသွားခဲ့ပေ။
ပေမင်ခုံ၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာခဲ့သည်။ ဖုန်းဝူချန်သည် သူ့ကို သိသိသာသာ အရှက်ခွဲနေခြင်း ဖြစ်သည်။
'လူယုတ်မာ။ ငါက မင်းထက် အဆင့်သုံးဆင့်တောင် မြင့်နေတာတောင် မင်းကို မဖိနှိပ်နိုင်ဘူး။ ငါ့ပါရမီက မင်းလောက် မကောင်းဘူးဆိုတာ ဝန်ခံရမှာလား။ တောက်'
ပေမင်ခုံ၏ ကျင့်ကြံအဆင့်သည် ဖုန်းဝူချန်ထက် သုံးဆင့် မြင့်မားသော်လည်း၊ သူသည် ဖုန်းဝူချန်ကို မလွှမ်းမိုးနိုင်ခဲ့ပေ။ ပေမင်ခုံ၌ မြင့်မားသော ပါရမီ ရှိသော်လည်း၊ သူသည် ဖုန်းဝူချန်နှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျနေသေးသည်။
"ဝုန်း..ဝုန်း"
ပြင်းထန်သော တိုက်ပွဲကြီး စတင်လေပြီ။ ဖုန်းဝူချန်သည် သူ၏ စွမ်းအားအပြည့်အစုံကို အသုံးပြု၍ ကြမ်းတမ်းသော တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူ၏ စွမ်းအားနှင့် အမြန်နှုန်း နှစ်မျိုးလုံးကို အမြင့်ဆုံးသို့ တွန်းတင်လိုက်ပြီး၊ ပေမင်ခုံအား သဲအိတ်တစ်လုံးပမာ အဆက်မပြတ် တိုက်ခိုက်နေသဖြင့်၊ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာသော အသံများက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
သို့သော် ထျန်းယွမ်ဘုံ ဆဌမအလွှာမှ ပေမင်ခုံသည် ထင်သလောက် အလွယ်တကူ အနိုင်ယူရသူ မဟုတ်ပေ။ ဖုန်းဝူချန်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း၊ သူသည် ထိုတိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်ရုံသာမက တန်ပြန်တိုက်ခိုက်နိုင်စွမ်းပင် ရှိသေးသည်။
သို့သော်၊ သန့်စင်သော စွမ်းအားတစ်ခုတည်းကိုသာ အားကိုးရုံဖြင့် ဖုန်းဝူချန်သည် ပေမင်ခုံကို မကျော်လွှားနိုင်ခဲ့ပေ။
ဖုန်းဝူချန်၏ တိုက်စစ်သည် မည်မျှပင် ပြင်းထန်စေကာမူ၊ သူ၏ အမြန်နှုန်းက မည်မျှပင် မြန်ဆန်စေကာမူ၊ သူသည် ပေမင်ခုံအား မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ခဲ့။
'ဒီကောင် တတိယအလွှာကို တက်သွားပြီးနောက် သူ့စွမ်းအားတွေက ဒီလောက်တောင် တိုးတက်လာတာလား။ ကိုးထပ် ချန်ခွန်း မျှော်စင် မလိုဘဲနဲ့တောင် ငါနဲ့ ယှဉ်တိုက်နိုင်နေပြီ'
ပေမင်ခုံတစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။
ဖုန်းဝူချန်ကဲ့သို့ အဆင့်သုံးဆင့်ကို ကျော်လွှားတိုက်ခိုက်နိုင်ခြင်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ဖြစ်လိုက်မည်နည်း။
"ပေမင်ခုံ၊ ငါသာ မင်းလို ထျန်းယွမ်ဘုံ ဆဌမအလွှာမှာ ရှိနေရင် ဘာဖြစ်သွားမယ်လို့ မင်းထင်လဲ"
ဖုန်းဝူချန်က ပြင်းထန်သော ဆက်လက်တိုက်ခိုပ်နေရင်း အေးစက်စွာ မေးလိုက်သည်။
ပေမင်ခုံ၏ မျက်နှာအမူအရာသည် တစ်ဖန် မည်းမှောင်သွားပြန်သော်လည်း၊ သူ အဖြေမပေးခဲ့ပေ။
"ငါသာ ဆဌမအလွှာမှာဆို မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်လို့ရတယ်။ မင်း ဖုန်းမိသားစုမှာ အကြိမ်ကြိမ် လာပြီး ပြဿနာရှာရဲဦးမလား။ မင်း ငါ့မျှော်စင်ကို လုဖို့ သတ္တိရှိဦးမလား ဟမ်။ လမ်းမမှန်တဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံအဆင့်ကို မြှင့်တင်ပြီး ငါ့ရှေ့မှာ မင်းရဲ့အစွမ်းကို လာကြွားနေတာ မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေတာလား"
ဖုန်းဝူချန်က အဆိပ်ပြင်းသော စကားလုံးများဖြင့် တရစပ် ပြောချလိုက်သည်။
"ပါးစပ်ပိတ်ထား"
ပေမင်ခုံတစ်ယောက် ဟိန်းဟောက်လိုက်သည်။ ဖုန်းဝူချန်၏ အရှက်ခွဲမှုကြောင့် သူ၏ ဒေါသများ ဆူပွက်လာပြီး၊ သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
"ဒီနေ့ မင်းရဲ့ အောင်မြင်မှုဆိုတာတွေက ဘယ်လောက် အမှိုက်ဖြစ်ကြောင်း ငါ ကိုယ်တိုင် ပြပေးမယ်"
ဖုန်းဝူချန်က ဒေါသတကြီး ဟစ်အော်လိုက်သည်။
“နဂါးဟိန်းသံ”
“ဝူး…အူး..”
ဖုန်းဝူချန်သည် ရုတ်တရက် ဟိန်းဟောက်သံကြီး ပြုလိုက်သည်။ ပဲ့တင်ထပ်သွားသော၊ ဟိန်းဟောက်သံကြီးသည် လူသားတစ်ဦး၏ အသံ မဟုတ်ဘဲ၊ အင်အားကြီး သားရဲကြီး၏ ဟိန်းဟောက်သံကဲ့သို့ပင်။ ကြီးကျယ်ခမ်းနားပြီး စိတ်ဝိညာဉ်ကို တုန်ခါစေကာ၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို ချက်ချင်း ပြိုလဲသွားစေသည်။
နဂါးဟိန်းသံ၏ ဟိန်းဟောက်သံသည် တောင်တန်းပေါင်း တစ်ထောင်ကို ဖြတ်ကျော် ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာအနှံ့သို့ အရိုင်းအစိုင်း သိပ်သည်းသွား၏။
ထိုခန့်ညားထည်ဝါသော ဟိန်းဟောက်သံကြီးထဲတွင် နှလုံးသားကို တုန်လှုပ်ခြောက်ခြားစေသော ဟန့်တားနိုင်စွမ်းတစ်ခု ပါဝင်နေသည်။
မည်သူမျှ မကြားဖူးသော ဟိန်းဟောက်သံကြီးတစ်သံ။
မြေကြီးကို တုန်ခါသွားစေသော ထိုဟိန်းဟောက်သံကြီးသည် ကြောက်မက်ဖွယ် အသံလှိုင်း စွမ်းအင်ကို သယ်ဆောင်လာပြီး၊ လူတိုင်း၏ နားများကို ကွဲမတတ် ဆူညံသွားစေကာ၊ ပြိုင်ဘက်ကင်းမြို့မှ လူများအား ကြောက်လန့်တကြား နားများကို ပိတ်ထားစေသည်။
"ဒါ ဒါ ဘာကြီးလဲ"
ပေမင်ခုံ၏ မျက်နှာသည် ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ် အသံလှိုင်း စွမ်းအင်သည် ပေမင်ခုံကို အပြင်းထန်ဆုံး ထိမှန်သွားပြီး၊ သူ၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်မတတ် နာကျင်သွားကာ၊ စိတ်အာရုံများ ပျက်စီးသွားသည်။ အမြောက်ဆံများ တရစပ် သူ၏ နားစည်ဘေးတွင် ပေါက်ကွဲနေသကဲ့သို့ပင်။
ဤကြောက်မက်ဖွယ် အသံလှိုင်းများကို လုံးဝ ကာကွယ်၍ မရနိုင်ပေ။
"ဒါ နဂါးဟိန်းသံပဲ"
လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးသည် ဝမ်းသာမှုဖြင့် လင်းလက်သွားသည်။
"ဒါ ဒါ ဘယ်လို သိုင်းပညာရပ်ကြီးလဲ။ အသံလှိုင်းရဲ့ စွမ်းအားက အရမ်း ကြောက်ဖို့ကောင်းတာပဲ"
"ဒါ ဘယ်လိုအသံကြီးလဲ။ သားရဲတစ်ကောင်ရဲ့ ဟိန်းဟောက်သံထက်တောင် ကြောက်စရာကောင်းသေးတယ်"
"ကြောက်စရာကြီး။ စစ်သူကြီးချုပ် သုံးနေတာ ဘယ်လို သိုင်းပညာရပ်ကြီးလဲ"
ပြိုင်ဘက်ကင်းမြို့မှ လူများသည် တုန်လှုပ်ခြောက်ခြားမှု အခြေအနေသို့ ကျရောက်သွားကြပြီး၊ မိုင်ပေါင်း သောင်းချီသော အကွာအဝေးအတွင်း၊ နဂါးဟိန်းသံကို ကြားလိုက်ရသူတိုင်း ကျောက်ရုပ်များအဖြစ် အေးခဲသွားကြသည်။
မြင့်မားသော ကောင်းကင်ယံအထက်တွင်၊ ပေမင်ခုံ၏ နားစည်များမှ သွေးများ ယိုစီးကျလာသည်။ ထင်ရှားသည်မှာ အသံလှိုင်းများက သူ၏ နားစည်များကို ပေါက်ကွဲသွားစေခဲ့ပြီ ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ် စွမ်းအင်ကို မခံနိုင်ဘဲ၊ အလွန်အမင်း နာကျင်နေ၏။
"အုန်း.."
"ခွပ်"
ပေမင်ခုံ၏ စိတ်အာရုံများ လွင့်ပြယ်နေစဉ်၊ ဖုန်းဝူချန်၏ လက်သီးသည် သူ၏ ဝမ်းဗိုက်ထဲသို့ မိုးကြိုးပစ်သကဲ့သို့ ထိုးစိုက်ဝင်ရောက်သွားသည်။ ထိမိသည့်နေရာတွင် ပေါက်ကွဲသွားပြီး၊ ထိုကြီးစိုးလွှမ်းမိုးသော စွမ်းအားကြီးကြောင့် ပေမင်ခုံတစ်ယောက် သွေးများ အန်ထုတ်လိုက်ရကာ၊ အမြောက်ဆံတစ်တောင့်ကဲ့သို့ နောက်ပြန် လွင့်စင်ထွက်သွားတော့သည်။
လက်သီးတစ်ချက်ဖြင့် ပေမင်ခုံကို လွင့်စင်သွားအောင် ထိုးနှက်လိုက်ပြီးနောက်၊ ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး ကြမ်းတမ်းစွာ ဟစ်အော်လိုက်သည်။
"နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး”
ဖုန်းဝူချန်က အဝေးမှနေ၍ လက်ညှိုးတစ်ချက် ထိုးလိုက်ရာ၊ လက်မောင်းတစ်ဖက်စာ လုံးပတ်ရှိသော သွေးနီရောင် အလင်းတန်းကြီးတစ်တန်း အရှိန်ပြင်းစွာ ထိုးထွက်သွားသည်။ ၎င်း၏ အသံပေါက်ကွဲမှုမှာ နားစည်ကို စူးရှသွားစေ၏။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်ကြီးသည် လှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး ထလျက် ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝုန်း..ဝုန်း”
"အုန်း.."
ကြောက်မက်ဖွယ် သွေးနီရောင် အလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး၊ ပေမင်ခုံအား ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြင့် ထပ်မံ ထိမှန်သွားကာ၊ သူ့ကို နောက်တစ်ကြိမ် သွေးများ အန်ထုတ်စေပြန်သည်။
ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းလုံးများသည် အရိုင်းအစိုင်း သိပ်သည်းသွားပြီး၊ ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
'ခုနက ခုနက အသံက ဘာကြီးလဲ'
ပေမင်ခုံ၏ နှလုံးသားသည် အလွန်အမင်း ထိတ်လန့်တကြား တုန်လှုပ်သွားသည်။ ဤကဲ့သို့ စိတ်ဝိညာဉ်ကို တုန်ခါစေသော ဟိန်းဟောက်သံမျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
"ဝှစ်"
"အုန်း.."
ဖုန်းဝူချန်သည် သူ၏ ရှေ့သို့ နေရာရွှေ့ပြောင်းကာ ရောက်ရှိလာပြီး၊ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်လျက် ပေမင်ခုံ၏ အပေါ်မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အရှိန်ပြင်းစွာ ထုချလိုက်ရာ၊ သူသည် အောက်သို့ ထိုးကျသွားတော့သည်။
"ဒုန်း ဒုန်း ဒုန်း"
ပေမင်ခုံ၏ ခန္ဓာကိုယ်သည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကြယ်ပျံတစ်စင်းကဲ့သို့ အောက်ဘက်ရှိ နက်ရှိုင်းသော တောင်တန်းများထဲသို့ ထိုးကျသွားသည်။ ကြီးမားသော တုန်ခါမှုကြီးကို ဖြစ်ပေါ်စေကာ၊ ဖုန်မှုန့်မိုးများ ထူထပ်စွာ ထစေပြီး၊ မြေကြီးများ တုန်ခါလျက် တောင်များပင် ယိမ်းထိုးသွားတော့သည်။
ဖုန်းမိသားစုဝင်များသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ပေမင်ခုံ ပေမင်ခုံတစ်ယောက် ခုခံနိုင်စွမ်း လုံးဝ မရှိပါလား။
'ထျန်းယွမ်ဘုံ ဆဌမအလွှာကြီးက ဒီလောက် လွယ်လွယ်လေး အရိုက်ခံလိုက်ရတယ်'
ထို နဂါးဟိန်းသံသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
"တွေ့လား၊ မင်းက ထျန်းယွမ်ဘုံ ဆဌမအလွှာ ရောက်နေတာတောင် ဒီလောက် အသုံးမကျတာပဲ"
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက အောက်ဘက်ရှိ နက်ရှိုင်းသော တောင်တန်းများဆီသို့ စူးစိုက်ကြည့်နေသည်။
"အုန်း.."
"ဝုန်း..ဝုန်း"
ဒေါသမီးများ တောက်လောင်လျက်၊ ပေမင်ခုံသည် တောင်တန်းများအတွင်းမှ သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက်လာပြီး၊ ပတ်ဝန်းကျင်ရှိ မြင့်မားသော တောင်ထွတ်များကို တုန်ခါကာ ပြိုကျသွားစေသည်။
"ဖုန်းဝူချန်၊ မင်း ပါးစပ်ပိတ်ထားစမ်း"
ပြန်လည် ပျံတက်လာစဉ်မှာပင်၊ ပေမင်ခုံ၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်ခြင်းကို ခံလိုက်ရသော်လည်း၊ ပေမင်ခုံသည် သူ၏ စွမ်းအားကို လုံးဝ မထိခိုက်စေသော သာမန် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့၏။
"ငါ တတိယ အလွှာကိုတောင် မင်း မနိုင်ဘဲနဲ့ ဘယ်လိုလုပ် ကြွားလုံးထုတ်ရဲသေးတာလဲ။ ဟုတ်တယ်၊ လမ်းမမှန်တဲ့ နည်းလမ်းတွေနဲ့ ရလာတဲ့ အစွမ်းကတော့ ဂုဏ်ယူစရာ တစ်စက်မှ မရှိတာ အမှန်ပဲ"
ဖုန်းဝူချန်က အေးစက်စွာ မေးခွန်းထုတ်လိုက်ပြီး၊ ပေမင်ခုံအပေါ် သူ၏ စော်ကားမှုများမှာ မရပ်မနားပင်။
"ပိတ်ထား၊ ပိတ်ထားလို့ ပြောနေတယ်"
ပေမင်ခုံတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာသည် ကြမ်းတမ်းစွာ ရှုံ့မဲ့နေပြီး၊ သွေးကြောများ ထောင်ထလာကာ၊ မျက်လုံးများမှာ သွေးနီရောင် လွှမ်းနေသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ တောင်တန်းများကို လွှမ်းခြုံသွားသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာ ကွပ်မျက်သူ၏ ဓား"
ဒေါသတကြီး အခြေအနေတွင်၊ ပေမင်ခုံသည် သူ၏ စွမ်းအားအားလုံးကို ဆင့်ခေါ်လိုက်ပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
ပေ (၂၀) အရွယ်အစားရှိသော ကြီးမားသည့် အပြာရောင် စွမ်းအင်ဓားကြီးတစ်လက် သူ၏ ရှေ့တွင် ဖွဲ့တည်လာသည်။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ၊ စွမ်းအင်ဓားကြီးသည် ကောင်းကင်ယံသို့ တက်သွားပြီး၊ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားက လေဟာနယ်ကိုပင် ထိုးဖောက်သွားနိုင်ပုံရသည်။
"ဟမ့်၊ ဒီလောက်လေးတောင် တောင့်မခံနိုင်ဘူးလား"
ဖုန်းဝူချန်က ဆက်လက် လှောင်ပြောင်လိုက်သည်။
"မင်းက ထျန်းယွမ်ဘုံ ဆဌမအလွှာ မဟုတ်ဘူးလား။ မင်းကိုယ်မင်း သိပ်သန်မာတယ် ထင်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ မင်းရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာက ဒီလောက်ပဲလား"
ဖုန်းဝူချန်အတွက်၊ ကနဦးအဆင့် မြေကမ္ဘာအဆင့် သိုင်းပညာရပ် တစ်ခုသည် လုံးဝ ဂရုစိုက်စရာ မလိုပေ။
"ဝုန်း..ဝုန်း"
ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ထုတ်ယူလိုက်ပြီး၊ သူ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်ကာ ဓားထဲသို့ သွတ်သွင်းလိုက်သည်။ ရုတ်ချည်းပင်၊ မျက်စိကျိန်းမတတ် သွေးနီရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ လေဟာနယ်ကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ဖျက်ဆီးခြင်း အရှိန်အဝါများ ၎င်းမှ ထုတ်လွှတ်နေပြီး၊ ဖိနှိပ်လွန်းသော အစွမ်းထက် ဓားစိတ်ဆန္ဒက လူတိုင်းကို အသက်ရှူမှားသွားစေသည်။
"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ၊ ဝိညာဉ်တို့၏ ငိုညည်းသံ"
လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒသည် လေထုထဲတွင် ပြည့်နှက်သွားပြီး၊ စိတ်ဝိညာဉ်ကို ဖမ်းစားကာ၊ လူတိုင်းအပေါ်တွင် တွန်းလှန်နိုင်စွမ်း မရှိသော ခံစားချက်ကြီးကို ဖြစ်ပေါ်စေသည်။
ဖုန်းဝူချန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး၊ သူ၏ အရှိန်အဝါမှာ ခန့်ညားထည်ဝါလှကာ၊ သူ၏ ဓားကို ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ချလိုက်သည်။
"ဝှစ်"
"ဝုန်း..ဝုန်း"
ပေ(၂၀) အရွယ်အစားရှိသော ကြီးမားသည့် သွေးနီရောင် ဓားစွမ်းအင်ကြီးသည် အောက်သို့ ထိုးဆင်းသွားပြီး၊ ဖျက်ဆီးခြင်း စွမ်းအားများဖြင့် တောက်ပနေသည်။
ထျန်းကျိုးမှ ကျင့်ကြံသူများအားလုံး ထိုမျက်စိကျိန်းမတတ် သွေးနီရောင် အလင်းတန်းကို မြင်တွေ့လိုက်ရပြီး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြသည်။
"ဒုန်း ဒုန်း ဒုန်း"
"ဂျွတ်"
ကောင်းကင်သို့ တက်လာသော စွမ်းအင်ဓားကြီးသည် အောက်သို့ ထိုးကျလာသော သွေးနီရောင် အလင်းတန်းကြီးနှင့် ပြင်းထန်စွာ တိုက်မိပြီး၊ ထိမိသည်နှင့် တပြိုင်နက် ပေါက်ကွဲသွားကာ၊ နားကွဲမတတ် ဟိန်းဟောက်သံကြီးများ ကောင်းကင်တစ်ခွင်လုံး သိပ်သည်းသွားသည်။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မျက်စိကျိန်းမတတ် အလင်းရောင်သည် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားကာ၊ ဖျက်ဆီးခြင်း စွမ်းအားများက ပုပ်သိုးဆွေးမြေ့ခြင်းကဲ့သို့ သိပ်သည်းသွားပြီး၊ ပေမင်ခုံအား နောက်တစ်ကြိမ် သွေးများ ထပ်မံအန်ထုတ်စေပြန်သည်။
"ဝုန်း..ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ပေါက်ကွဲထွက်သော စွမ်းအင်များသည် ပတ်ပတ်လည် ပေတစ်ရာအထိ သိပ်သည်းသွားသည်။ ၎င်းသည် ကောင်းကင်ယံအလယ်တွင် ပေါက်ကွဲခဲ့ခြင်းကြောင့်၊ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများသည် အထိန်းအကွပ်မဲ့စွာ ရမ်းကားသွားပြီး၊ ခန့်ညားထည်ဝါသော တောင်တန်းများမှာ တစ်လုံးပြီးတစ်လုံး ပျက်စီးသွားတော့သည်။
အဆုံးစွန်သော ပျက်စီးမှုကြီးက လူတိုင်းကို အသည်းထိတ်စေသည်။
ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ ရောက်ရှိနေပြီး မြေကမ္ဘာအဆင့် သိုင်းပညာကို ကိုင်စွဲထားသော်လည်း၊ ပေမင်ခုံသည် ဖုန်းဝူချန်ကို မယှဉ်နိုင်ခဲ့ပေ။
ဖုန်းမိသားစုဝင်များသည် ဖုန်းဝူချန်၏ ဤကဲ့သို့ ကြီးစိုးလွှမ်းမိုးသော တိုက်ခိုက်ရေးစွမ်းအားကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးကြပေ။
'ဒါ ဒါ နတ်ဘုရား တစ်ပါးများ ဝင်ပူးနေတာလား'
"ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဖုန်းဝူချန်က ဘယ်လိုလုပ် ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်နိုင်ရတာလဲ"
ပေမင်ခုံတစ်ယောက် ဒေါသတကြီး အံကြိတ်လိုက်သည်။ ဤကဲ့သို့သော ရလဒ်ကို သူ လက်မခံနိုင်ပေ။ ဖုန်းဝူချန်က သူ့အား ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည်ကို သူ လက်မခံနိုင်။
ဤတစ်ကြိမ်တွင် ပေမင်ခုံသည် မရှုမလှ ဒဏ်ရာရရှိသွားခဲ့သည်။
မြင့်မားသော ကောင်းကင်ယံအထက်တွင်၊ ဖုန်းဝူချန်သည်လည်း တုန်ခါသွားပြီး ဒဏ်ရာရရှိသွားသော်လည်း၊ သူ၏ ဒဏ်ရာများမှာ ပြင်းထန်ခြင်း မရှိပေ။
ထျန်းယွမ်ဘုံ ဆဌမအလွှာသည် ထင်သလောက် လွယ်ကူစွာ ကိုင်တွယ်နိုင်သူ မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့်သည် အလကား ရထားခြင်း မဟုတ်။ ယုတ်မာကောက်ကျစ်သော နည်းလမ်းများဖြင့် တိုးမြှင့်ထားသော်လည်း၊ ၎င်းသည် ထျန်းယွမ်ဘုံ ဆဌမအလွှာက ဆဌမအလွှာ ..ဖြစ်နေဆဲပင်။
ဖုန်းဝူချန်က ဆက်လက်၍ မထီမဲ့မြင် ပြောလိုက်သည်။
"ပေမင်ခုံ ၊ ထျန်းယွမ်ဘုံ ဆဌမအလွှာ ဖြစ်နေတဲ့ မင်းက ဒီလောက်ပါပဲကွာ"
"ကြည့်ရတာ လမ်းမမှန်တဲ့ နည်းလမ်းတွေနဲ့ ရလာတဲ့ အစွမ်းက ထျန်းယွမ်ဘုံ ဆဌမအလွှာရဲ့ တကယ့်အစွမ်းအစကို မထုတ်ဖော်နိုင်ဘူး ထင်ပါရဲ့"
အောက်ဘက် နက်ရှိုင်းသော တောင်တန်းများထဲတွင်၊ ပေမင်ခုံသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိနေပြီး၊ သူ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူ၏ ကြမ်းတမ်းသော အကြည့်များက ဖုန်းဝူချန်ထံတွင် စူးစိုက်နေ၏။
'ဖုန်းဝူချန်။ သေစမ်း။ ဒီကောင့် နဂါးဟိန်းသံက ငါ့အပေါ် သက်ရောက်မှု အရမ်းကြီးလွန်းတယ်။ ငါ ဒဏ်ရာတွေ ဒီလောက် ပြင်းထန်နေတာ ဒီအချိန်မှာ သူ့ကို နိုင်မှာ မဟုတ်ဘူး'
"ဖုန်းဝူချန် ၊ နောက်တစ်ခါ ငါတို့ ပြန်တိုက်ခိုက်တဲ့အခါ မင်း ဒီနေ့လိုပဲ မောက်မာနိုင်ပါစေလို့ ငါ မျှော်လင့်တယ်"
ပေမင်ခုံက အေးစက်စွာ ပြောလိုက်၏။ နဂါးဟိန်းသံ၏ သက်ရောက်မှုက အလွန်ကြီးမားခဲ့ပြီး၊ သူ၏ ပြင်းထန်သော ဒဏ်ရာများနှင့်အတူ၊ ဤအချိန်တွင် သူသည် ဖုန်းဝူချန်၏ ပြိုင်ဘက် အမှန်တကယ်ပင် မဟုတ်တော့ပေ။
"နောက်တစ်ခါ ငါတို့ ပြန်တွေ့တဲ့အခါ မင်းကို ငါ ကိုယ်တိုင် သတ်ပစ်မယ်။ မင်းက ထျန်းယွမ်ဘုံ ဆဌမအလွှာ ဖြစ်နေတဲ့ ငါ့ကို အထင်သေးတယ် မဟုတ်လား။ မင်းရဲ့ သေဆုံးခြင်းကို အကျည်းတန်ဆုံး ဖြစ်အောင် ငါ လုပ်ပြမယ်…"
ပေမင်ခုံက အဆိပ်ပြင်းစွာ ခြိမ်းခြောက်လိုက်ပြီး၊ ထိုစကားများအဆုံးတွင်၊ သူ၏ ခန္ဓာကိုယ်သည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။