မင်းကို ဒူးထောက်ခိုင်းနေတာ
Vol. 21 Ch. 303
~ပေမင်ခုံတစ်ယောက် ထွက်ပြေးသွားလေပြီ။ ဖုန်းဝူချန်ကတော့ သူ့ကို တားဆီးခြင်း မပြုခဲ့ပါ။
'ဒီကောင် ၊ ပေမင်ခုံ တော်တော်လေးကို မာန်တက်ပြီး ပြိုင်ဘက်ကို အထင်သေးသွားတာ'
ဟုတ်သည်။ ထို့အပြင် ဖုန်းဝူချန်၏ စကားလုံးများကြောင့် ဒေါသထွက်ပြီး စိတ်မရှည်တော့ခြင်းက၊ ဖုန်းဝူချန်အား သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ဖုန်းဝူချန် ဆင်းသက်လာသည်ကို မြင်သောအခါ၊ ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
“ချန်အာ၊ သား အဆင်ပြေရဲ့လား”
"ကျွန်တော် အဆင်ပြေပါတယ် သာမန်ဒဏ်ရာနည်းနည်းပါပဲ"
ဖုန်းဝူချန်က ခေါင်းခါပြရင်း ကုသဆေးလုံးတစ်လုံးကို ထုတ်ကာ မျိုချလိုက်သည်။
"အစ်ကိုဖုန်း ဘာလို့ သူ့ကို လွှတ်လိုက်တာလဲဗျာ။ အဲ့ဒီ လူယုတ်မာကို အသေ သတ်ပစ်လိုက်သင့်တာ"
လျိုချင်းယန်က ဒေါသတကြီးဖြင့် အော်လိုက်သည်။
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ 'ဒီကောင်လေး ပြောတော့လွယ်တယ်။'
"ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ သူ့ကို သတ်လို့မရသေးဘူး။ အဲ့ဒီ အသံလှိုင်းရဲ့ သက်ရောက်မှုသာ မရှိခဲ့ရင် သူ့ကို ဒဏ်ရာရအောင် ကြိုးစားတာနဲ့တင် ငါကိုယ်တိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာပြန်ရသွားနိုင်တယ်"
ပေမင်ခုံ၏ စွမ်းအားက အလွန်ကြီးမားလှသည်။ အကယ်၍သာ သူက ပြိုင်ဘက်ကို အထင်မသေးခဲ့ဘူးဆိုလျှင်၊ သူ ဒီလောက်တောင် သနားစရာကောင်းသည့် အခြေအနေမျိုးနှင့် အဆုံးသတ်သွားမှာ မဟုတ်ပေ။
"အဟင်း..ဒါပေမဲ့ သူက အစ်ကိုကြီးဖုန်းကို သတ်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ နော် "
လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။
ထိုစဉ်၊ လျိုချင်းယန်က ထပ်မေးလာသည်။
"သူ့ကို သတ်လို့ မရရင်တောင် ဟိုရတနာမျှော်စင်တော့ ပြန်ယူသင့်တယ် မဟုတ်လားဗျ"
ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားရသည်။
"အင်း၊ ကိုးထပ် ချန်ခွန်း မျှော်စင်က သူ့လက်ထဲမှာ မရှိဘူး။ အဲ့ဒါ နန်းကုန်းမိသားစု နန်းကုန်းလီ လက်ထဲမှာ ရောက်နေတာ။ ငါ မျှော်စင်ကနေတစ်ဆင့် သူ့ရဲ့ အရှိန်အဝါကို အာရုံခံမိနေတယ်။ ဒီအဘိုးကြီး ၊ ငါ့ရဲ့ ဝိညာဉ်အမှတ်အသားကိုတောင် ဖျက်ဖို့ ကြိုးစားနေတုန်းပဲ"
'ဒါပေမဲ့ မျှော်စင်က ဘယ်လိုလုပ် နန်းကုန်းမိသားစုလက်ထဲ ရောက်သွားရတာလဲ' ဖုန်းဝူချန် တစ်ယောက် တွေးဆကာ နားမလည်နိုင် ဖြစ်သွားသည်။
"နန်းကုန်းမိသားစု"
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများအားလုံး၏ မျက်နှာအမူအရာများ တစ်ချိန်တည်း ပြောင်းလဲသွားကြသည်။
ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပေမင်ခုံ ယူသွားတာ မဟုတ်ဘူးလား။
ဘယ်လိုလုပ် နန်းကုန်းမိသားစုလက်ထဲ ရောက်သွားရတာတုန်း။
"ပေမင်ခုံက ကိုးထပ် ချန်ခွန်း မျှော်စင်ကို နန်းကုန်းမိသားစုဆီ ဒီအတိုင်း အလွယ်တကူ ပေးလိုက်မယ်တဲ့လား။ မဖြစ်နိုင်တာ"
လျိုချင်းယန်က မယုံနိုင်သလို မေးလိုက်သည်။
"ပေမင်ခုံက နန်းကုန်းကျင်းနဲ့ အတူတူ လာခဲ့တာလေ။ သူက နန်းကုန်းမိသားစုအတွက် မျှော်စင်ကို လာလုပေးတာ ဖြစ်နိုင်မလား"
မြောင်ချင်းချင်းက တွေးဆလိုက်သည်။
"အဲ့ဒါတွေ အခု အရေးမကြီးတော့ဘူး။ အရေးကြီးတာ မျှော်စင်ကို ပြန်ယူဖို့ပါပဲ"
ဟု ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက် တော့သည်။
"ကျိုကျိုးက နန်းကုန်းမိသားစုဆီ အခု သွားကြမယ်။ သူတို့သာ မျှော်စင်ကို ပြန်မပေးဘူးဆိုရင် နန်းကုန်းမိသားစုကို ငါ မြေလှန်ပစ်မယ်"
"ဝူချန်..အစစအရာရာ သတိထားပါ .."
ဖုန်းကျိန့်ရှုံးက စိုးရိမ်စွာ သတိပေးလိုက်သည်။
ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သော ဖုန်းဝူချန်၏ စွမ်းအားသည် ဆဌမအလွှာနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ် အစွမ်းထက်လှပြီး၊ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုပိုင်ခွင့် အပြည့်အဝ ရှိနေသည်။
ဖုန်းဝူချန်၊ လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့အားလုံး ကျိုကျိုးသို့ အတူတကွ ထွက်ခွာသွားကြတော့သည်။
ဤတစ်ကြိမ် ကျိုကျိုးသို့ ခရီးထွက်ခြင်းကား၊ ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပြန်မရမချင်း ငြိမ်ငြိမ်ထိုင်နေမည် မဟုတ်တော့။
နှစ်နာရီအကြာတွင်တော့ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် ကျိုကျိုး၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်ပြီး၊ ဖုန်းဝူချန်၏ ဒဏ်ရာများမှာလည်း လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
"ဝိုး၊ ဒီမှာ တော်တော် စည်ကားတာပဲ။ နတ်ဘုရား ဆေးလုံးမြို့တော်က ပြိုင်ဘက်ကင်းမြို့ထက် အများကြီး ပိုကြီးတယ်ဟ"
လျိုချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်သည်။
"ချင်းချင်း၊ ဒါက ကျိုကျိုးရဲ့ အကြီးဆုံးနဲ့ အစည်ကားဆုံးမြို့တော်လေ။ လေလံပွဲကိုလည်း ဒီနတ်ဘုရား ဆေးလုံးမြို့တော်မှာပဲ ကျင်းပတာ"
လင်ရှောင်ရှောင်က မြို့တံခါးမှ ဝင်ရင်း မြောင်ချင်းချင်းကို ရှင်းပြလိုက်သည်။
ထိုအခါ၊ မြောင်ချင်းချင်းက မေးလိုက်သည်။
"အစ်ကိုဖုန်း ကျွန်မတို့ နန်းကုန်းမိသားစုဆီ သွားမှာ မဟုတ်ဘူးလားဟင်.."
"နန်းကုန်းမိသားစုဆီ ရောက်ဖို့က နတ်ဘုရား ဆေးလုံးမြို့တော်ကို ဖြတ်သွားရမှာပဲ။ အခု ရောက်မှတော့ အလျင်လိုစရာ မရှိပါဘူး။ နန်းကုန်းမိသားစုက ဘယ်မှ ထွက်ပြေးမှာမှ မဟုတ်တာ။ ရှေ့က စားသောက်ဆိုင်မှာ တစ်ခုခု ဝင်စားကြရအောင်"
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြောလိုက်သည်။
"အစ်ကိုဖုန်း ၊အစ်ကိုဖုန်းနဲ့ ရှောင်ရှောင်ပဲ သွားနှင့်လိုက်။ ဒီလောက်ကျယ်တဲ့ နတ်ဘုရား ဆေးလုံးမြို့တော်ကို ရောက်တုန်းရောက်ခိုက် ကျွန်တော် ချင်းချင်းကို သေချာ လျှောက်ပြပေးဦးမှ"
လျိုချင်းယန်က ပြောပြောဆိုဆို မြောင်ချင်းချင်း၏ လက်ကို ဆွဲကာ လူအုပ်ထဲသို့ ဦးတည်သွားတော့သည်။
ဖုန်းဝူချန်က သူတို့ကို မတားဆီးတော့ဘဲ လင်ရှောင်ရှောင်နှင့်အတူ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
"ဟမ် …ဟိုတစ်ယောက်က ဖုန်းဝူချန် မဟုတ်လား"
"ဟုတ်တယ်၊ ဟုတ်တယ် ဖုန်းဝူချန်ပဲ"
"မြန်မြန် သွားစို့ ၊သွားစို့။ သူ့ကို သွားမစမိတာ အကောင်းဆုံးပဲ"
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်၊ ကျင့်ကြံသူအချို့က သူ့ကို မှတ်မိသွားကြသည်။ သတ္တိပိုရှိသော အချို့မှာ ဝင်ရန် ပြင်နေသော်လည်း၊ ဖုန်းဝူချန်ကို မြင်သောအခါ တံခါးအနားသို့ပင် မကပ်ရဲကြတော့ပေ။
"အဲ့ဒီ သခင်လေးကျန်းက ဘယ်လို နောက်ခံ အသိုင်းအဝိုင်း ရှိလဲတော့ မသိဘူး။ ကျိုကျိုးက အင်အားစုကြီးတွေ အားလုံးက သူ့ကို လေးစားရတယ်ကွ။ တကယ် အားကျစရာပဲ"
"ကြားရတာတော့ သူက ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်ဖန်တီးခြင်း ပါရမီရှင်တဲ့။ ကျိုကျိုးမှာ ဘယ်သူက သူ့ကို သွားစရဲမှာလဲ"
"နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်း နှစ်ခုလုံး ဒုက္ခရောက်ပြီးတဲ့နောက်မှာ သူတို့အားလုံးက အဲ့ဒီ သခင်လေးကျန်းကို အားကိုးပြီး ပြန်လာချင်နေကြတာ လေ"
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ထိုင်ချလိုက်သည်နှင့်၊ ဘေးမှ စကားဝိုင်းကို ကြားလိုက်ရသည်။
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ်ကျုံ့ကာ ရေရွတ်လိုက်သည်။
“ကြည့်ရတာ ကျိုကျိုးမှာ ကိစ္စကြီး တစ်ခုခု ဖြစ်သွားပုံပဲ”
လင်ရှောင်ရှောင်လည်း အလွန် စိတ်ရှုပ်ထွေးသွားသည်။
"နန်းကုန်းမိသားစုက ဖုန်းလန်ဂိုဏ်းနဲ့ ဘယ်လိုလုပ် စစ်ဖြစ်သွားရတာလဲ”
ထိုအခါ၊ ဖုန်းဝူချန်က သူမအား ခေါင်းခါပြလိုက်သည်။ သူလည်း အခြေအနေကို ဘာမှ မသိသေးပေ။
စားပွဲထိုးလေးက ဟင်းပွဲများ လာချပေးသည်နှင့်၊ ဖုန်းဝူချန်က မေးလိုက်သည်။
"စားပွဲထိုးညီလေး ..နန်းကုန်းမိသားစုက ဖုန်းလန်ဂိုဏ်းနဲ့ ဘာလို့ စစ်ဖြစ်သွားရတာလဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ"
"အမ်၊ ခင်ဗျားတို့ ကျိုကျိုးကို အခုမှ ရောက်လာတာ ထင်တယ်၊ ဒီလောက် သတင်းကြီးနေတာကို မသိတာကို ထောက်ရင်.."
စားပွဲထိုးလေးက အံ့အားသင့်စွာ ပြန်မေးသည်။ ထင်ရှားသည်မှာ သူ ဖုန်းဝူချန်ကို မမှတ်မိရှာပေ။
စားသောက်ဆိုင်ထဲတွင်၊ အခြားမည်သူမျှလည်း ဖုန်းဝူချန်ကို မမှတ်မိကြပေ။ သူတို့၏ အာရုံအားလုံးသည် လင်ရှောင်ရှောင်ထံသို့သာ ရောက်နေကြပြီး၊ ဖုန်းဝူချန်ကို လုံးဝ သတိမထားမိကြ။
လင်ရှောင်ရှောင်၏ ရင်သပ်ရှုမောဖွယ် အလှတရားနှင့်အတူ၊ သူမ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နေမြဲ ဖြစ်လေသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် နှစ်ဦးလုံးက သူတို့ မသိကြောင်းသာ ခေါင်းခါပြလိုက်သည်။
"ကြားရတာတော့ လိန်ချင်းဖုန်းနဲ့ လင်ရှောင်ရှောင်ဆိုတဲ့ ကောင်မလေး တစ်ယောက် ပေါင်းပြီး နန်းကုန်းကျင်းကို သတ်လိုက်လို့တဲ့။ အဲ့ဒါကြောင့် နန်းကုန်းမိသားစုက ဒေါသထွက်ပြီး စစ်ဖြစ်ကြတာပဲ။ အရင်ကတော့ ဖုန်းဝူချန် သတ်တာလို့ ပြောကြသေးတယ် နောက်တော့ လူသတ်သမားက ဖုန်းလန်ဂိုဏ်းက ဂိုဏ်းချုပ်လေးလို့ ပြောင်းသွားရော။ ဘယ်သူ တကယ်သတ်သွားလဲတော့ ကျွန်တော်လည်း မသေချာဘူး"
စားပွဲထိုးလေးက စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"ဒါပေမဲ့ အဲ့ဒါတွေအားလုံးက သာမန်ကိစ္စလေးတွေပါ"
လူငယ်လေး စားပွဲထိုးက ထပ်ပြောသည်။
"သာမန်ကိစ္စလေးတွေ"
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ အနည်းငယ် ကြောင်သွားပြီး၊ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။
စားပွဲထိုးလေးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း၊ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ၊ လေသံတိုးတိုးဖြင့် အနားတိုးကာ ပြောလာသည်။
"ကျွန်တော် ကြားတာတော့ နန်းကုန်းမိသားစုနဲ့ ဖုန်းလန်ဂိုဏ်း စစ်ဖြစ်ပြီး နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရသွားကြတယ်။ အဲ့ဒီအချိန်မှာ ပေမင်ခုံက အခွင့်ကောင်းယူပြီး ဝင်လုပ်သွားတာ။ သူက ဖုန်းလန်ဂိုဏ်းမှာ 'ဝိညာဉ် ဝါးမြိုခြင်း အခင်းအကျင်း' ဆိုလား ဘာဆိုလား အဲ့ဒါကြီးကို တည်ဆောက်ပြီး ဂိုဏ်းက တပည့်တွေရော နန်းကုန်းမိသားစုက လူတွေရော အကုန် ဝါးမြိုပစ်လိုက်တာ။ သွေးတစ်စက်တောင် မကျန်ဘူး အကုန် စုပ်ယူသွားတာ။ တကယ် ကြောက်စရာကြီးဗျာ"
"ပေမင်ခုံ"
ဖုန်းဝူချန် အလွန်အမင်း အံ့အားသင့်သွားသည်။
‘ ဒါဆို။'
အင်ပါယာမှ ကျဆုံးသွားသော စစ်သည်များ၏ အလောင်းများ သူတို့၏ အသွေးအသားများလည်း ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်ကို သူ သတိရလိုက်မိသည်။
အစပိုင်းတွင်၊ ဖုန်းဝူချန်သည် ၎င်းမှာ မုရုန်ထျန်း၏ လက်ချက်ဖြစ်ကြောင်း သံသယရှိခဲ့သည်။ သို့သော် ယခု စားပွဲထိုးလေး ပြောသည်ကို ကြားလိုက်ရသောအခါ၊ သူသည် ပေမင်ခုံကို သံသယမဝင်ဘဲ မနေနိုင်တော့။
စားပွဲထိုးလေးက ပြဿနာဖြစ်မည်ကို စိုးသောကြောင့် အသံကိုနှိမ့်၍ ပြောသည်။
"ခင်ဗျားတို့နှစ်ယောက် မသိသေးဘူးနဲ့တူတယ်။ ပေမင်ခုံကို အရင်က ဖုန်းဝူချန် သတ်သွားတာလေ။ ဒါပေမဲ့ ဘယ်လိုဖြစ်လဲ မသိဘူး သူ နောက်ပိုင်း အသက်ပြန်ရှင်လာပြီး သူ့ကျင့်ကြံအဆင့်က ထျန်းယွမ်ဘုံ ပဉ္စမအလွှာကို ရောက်သွားတယ်။ အခုဆို ဆဌမအလွှာတောင် ရောက်နေပြီ"
ထို့နောက်၊ စားပွဲထိုးက ပြန်ထွက်သွားလေသည်။
ဤသတင်းကို ကြားသောအခါ၊ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ အခြေအနေကို တော်တော်လေး နားလည်သဘောပေါက်သွားသည်။
ဖုန်းဝူချန်၏ ထူထပ်သော မျက်ခုံးများ အနည်းငယ် ကျုံ့သွားရကာ သူက လေးနက်စွာ ရေရွတ်လိုက်သည်။
"ကျိုကျိုးမှာ ဒီလောက်ကြီးမားတဲ့ ကိစ္စကြီး ဖြစ်ပွားခဲ့တာကို ငါ မထင်ထားမိဘူး။ ပေမင်ခုံက အဲ့ဒီလူတွေရဲ့ သွေးတွေကို ဝါးမြိုပြီး သူ့ရဲ့ ကျင့်ကြံအဆင့်ကို မြှင့်တင်ခဲ့တာ သေချာနေပြီ"
"အစ်ကိုကြီးဖုန်း၊ နန်းကုန်းမိသားစုက အခုထိ အင်အားအပြည့် ပြန်မကောင်းသေးလောက်ဘူး။ ကျွန်မတို့ နန်းကုန်းမိသားစုဆီ အမြန်ဆုံး သွားသင့်တယ် နော်"
ဟု လင်ရှောင်ရှောင်ကလည်း လေးနက်စွာ ပြောလာသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး "ချင်းယန်တို့ ပြန်လာတာနဲ့ နန်းကုန်းမိသားစုဆီ သွားကြမယ်" ဟု ပြန်ဖြေလိုက်သည်။
"အစ်ကိုဖုန်း ဒုက္ခရောက်ကုန်ပြီ"
ထိုအချိန်တွင် မြောင်ချင်းချင်းက အလျင်အမြန် ပြေးဝင်လာပြီး၊ သူမ၏ ချစ်စဖွယ် မျက်နှာလေးမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ဘာဖြစ်တာလဲ"
ဖုန်းဝူချန်က မေးလိုက်ခြင်းပါ။
"အစ်ကိုလျိုကို လူတစ်ယောက်က သူ့ကို ဒဏ်ရာရအောင် လုပ်သွားတယ်။ အဲ့ဒါ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ တစ်ယောက်ပါ။ အစ်ကိုဖုန်း မြန်မြန် လိုက်ကြည့်ပေးပါဦး နော်"
မြောင်ချင်းချင်းက စိုးရိမ်တကြီး ပြောသည်။
ဖုန်းဝူချန်၏ မျက်နှာ မည်းမှောင်သွားသည်။ သူ ရွှေပြားအချို့ကို ပစ်ချထားခဲ့ပြီး စားသောက်ဆိုင်မှ ကမန်းကတန်း ထွက်ခွာသွားတော့သည်။
လမ်းမပေါ်တွင် မလှမ်းမကမ်း၌ လူအုပ်ကြီးတစ်အုပ်က ဝိုင်းရံနေသဖြင့် လမ်းပင် ပိတ်ဆို့နေသည်။ လူအုပ်ကြီး၏ အလယ်တွင်၊ လျိုချင်းယန်သည် လူတစ်ယောက်၏ ခြေထောက်ဖြင့် နင်းခံထားရသည်ကို တွေ့ရပြီး၊ သူ၏ လက်ထဲတွင်မူ လှပသော ဆံထိုးလေးတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
လျိုချင်းယန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး၊ ပါးစပ်ထောင့်တွင် သွေးများ စို့နေသည်။ သူ၏ ဒဏ်ရာများမှာ မနည်းလှကြောင်း ညွှန်ပြနေ၏။
"သောက်ကောင်လေး၊ ဆံထိုးကို ထုတ်ပေးစမ်း။ မင်းက ငါနဲ့တောင် ပစ္စည်း လာလုရဲသေးတယ် ဟုတ်လား။ ငါ့ချစ်သူ လိုချင်သမျှ အရာတိုင်းက သူ့ဟာ ဖြစ်သွားရမယ်"
လျိုချင်းယန်ကို နင်းထားသော လူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ့နောက်တွင် လူငယ်၊ လူရွယ် တစ်စု ရပ်နေကြ၏။
သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်လျှင်၊ သူတို့သည် အဆင့်အတန်း မနိမ့်လှသော နေရာမှ ဖြစ်ကြောင်း သိသာလှသည်။
'တောက်။'
လျိုချင်းယန်က သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် အမူအရာဖြင့် ပြန်လည် ကြိမ်းမောင်းလိုက်သည်။
"မင်းချစ်သူကသာ ငါ့ကို သဘောကျသွားရင် ငါလည်း သူ့အပိုင် ဖြစ်သွားမှာလား ဟမ်"
ဤစကားကို ကြားသောအခါ၊ ထိုလူငယ်၏ ဘေးမှ မိန်းကလေးသည် ဒေါသကြောင့် မျက်နှာ တစ်ခုလုံး နီရဲသွားပြီး "ရှောင်အစ်ကို သူ သူ ကျွန်မကို စော်ကားရဲတယ်။ သူ့ကို သတ်လိုက်ပါ" ဟု အော်လိုက်သည်။
"မင်း သေချင်နေတာပဲ"
ဒေါသတကြီးနှင့် ခြိမ်းခြောက်လျက်၊ ထိုလူငယ်၏ အရှိန်အဝါသည် ပြင်းထန်လာပြီး ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင်များ ထိုးထွက်လာသည်။ သူ ခြေထောက်ကို မြှောက်လိုက်ပြီး ရက်စက်စွာ နင်းချေရန် ပြင်လိုက်သည်။
ထိုလူငယ် နင်းချေရန် ပြင်လိုက်စဉ်မှာပင်၊ လှောင်ပြောင်သရော်သော အသံတစ်ခုက ဖြတ်ဝင်လာသည်။
"ရှောင်မိသားစုက ဘယ်တုန်းက ဒီလောက် ဂုဏ်သိက္ခာမဲ့သွားတာလဲ။ အင်အားကြီးတိုင်း အဆင့်အတန်းမြင့်တိုင်း အနိုင်ကျင့် ဗိုလ်ကျလို့ ရနေတာလား"
လူအုပ်ကြီးသည် လမ်းတစ်ခုအဖြစ် ကွဲထွက်သွားကြသည်။ လူတိုင်း၏ အကြည့်များက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ရှောင်မိသားစုကို ဤကဲ့သို့ စော်ကားရဲသူမှာ မည်သူဖြစ်သည်ကို သိချင်နေကြသည်။
"ဘယ်ကောင်လဲ ထွက်လာခဲ့စမ်း"
ထိုလူငယ်က မျက်နှာမည်းမှောင်ကာ ဒေါသတကြီး ဟစ်အော်လိုက်သည်။
ထိုလူငယ်မှာ ရှောင်မိသားစုမှ မျိုးဆက်သစ်တစ်ဦးဖြစ်သူ ရှောင်မု ဖြစ်ပြီး ထျန်းယွမ်ဘုံ ပထမအလွှာတွင် ရှိနေသည်။ သူနှင့်အတူ ပါလာသော လူငယ်၊ လူရွယ်များမှာလည်း ရှောင်မိသားစုမှ မျိုးဆက်သစ်များပင် ဖြစ်ကြသည်။
"အစ်ကိုဖုန်း"
ဖုန်းဝူချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ လျိုချင်းယန် တစ်ယောက် အတိုင်းမသိ ဝမ်းသာသွားသည်။
ရှောင်မုတစ်ယောက် ဖုန်းဝူချန်၏ မျက်နှာကို သေချာ မမြင်လိုက်ရခင်မှာပင်၊ ဖုန်းဝူချန်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုမှ ထွက်ပေါ်လာသော ချီစွမ်းအင် လေလုံးကြီးတစ်ခုကြောင့် မီတာ (၁၀) ကျော်အထိ လွင့်စင်ထွက်သွားသည်။
ဤလုပ်ရပ်က လမ်းမပေါ်ရှိ ကြည့်ရှုနေသူအားလုံးကို ချက်ချင်းပင် မှင်တက်သွားစေသည်။
လျိုချင်းယန်က အလျင်အမြန် ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်ကိုဖုန်း၊ သူတို့ အရမ်းလွန်တာပါ၊။ အဲ့ဒီဆံထိုးကို ကျွန်တော် အရင်တွေ့တာကို အတင်း လုချင်နေတယ်။ ပြီးတော့ ကျွန်တော့်ကို ဒဏ်ရာရအောင်တောင် လုပ်သွားသေးတယ်"
"ငါ သိတယ်"
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။ မြောင်ချင်းချင်းက လာလမ်းတစ်လျှောက်လုံး အခြေအနေကို သူ့အား ပြောပြပြီးသား ဖြစ်သည်။
ထိုစဉ်၊ ရှောင်မုတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားသည်။
'ဘာ ဘာကြီးလဲ။ ချီစွမ်းအင် လေလုံး တစ်ချက်တည်းနဲ့ ငါ့ကို ဒီလောက်အထိ လွင့်သွားအောင် လုပ်နိုင်တယ်'
ဖုန်းဝူချန်ကို မော့ကြည့်လိုက်သောအခါ၊ ရှောင်မု၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်မှ လွင့်ထွက်သွားမတတ်ပင်။
"ဖုန်း ..ဖုန်းဝူချန်"
ရှောင်မု၏ မျက်နှာ ဖြူဖျော့သွားပြီး၊ ကြောက်လန့်တကြား တုန်ယင်လာသည်။
"ဖုန်းဝူချန်"
ရှောင်မိသားစုမှ မျိုးဆက်သစ်များသည်လည်း ကြောက်လန့်တကြားဖြင့် ကျောက်ရုပ်များအဖြစ် အေးခဲသွားကာ၊ တုန်လှုပ်စွာ နောက်သို့ ဆုတ်သွားကြသည်။
"မင်းတို့ တော်တော် သတ္တိရှိနေတာပဲ။ ငါ့သူငယ်ချင်းကိုတောင် အနိုင်ကျင့်ရဲတယ် ဟုတ်လား"
ဖုန်းဝူချန်က စတင်ပြောလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော လေသံနှင့် ကြောက်မက်ဖွယ် အကြည့်များက ရှောင်မုနှင့် အခြားသူများကို သူတို့၏ ဝိညာဉ်များ လွင့်ပြယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"သူ သူက ဖုန်းဝူချန်ပဲ"
လမ်းမပေါ်ရှိ လူအုပ်ကြီးထဲတွင်၊ လူများစွာကလည်း ဖုန်းဝူချန်ကို မှတ်မိသွားကြပြီး ထိတ်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။
ဖုန်းဝူချန်၏ တည်ရှိမှု တစ်ခုတည်းကပင် ကျိုကျိုးတစ်ခွင်လုံးကို ထိတ်လန့် တုန်လှုပ်စေရန် လုံလောက်နေသည်။
သူ၏ ကိုးထပ် ချန်ခွန်း မျှော်စင်ဖြင့် ကျိုကျိုး၏ အဓိက အင်အားစုကြီး (၅) ခုကို တစ်ဦးတည်း ဖိနှိပ်ခဲ့သည့် ဂုဏ်သတင်းမှာ မြေကြီးတစ်ခွင်လုံး ကြာမြင့်စွာ သိပ်သည်းနေခဲ့ပြီ ဖြစ်သည်။
"ဖုန်း ..ဖုန်းဝူချန် ကျွန် ..ကျွန်တော်တို့ သူက ခင်ဗျား သူငယ်ချင်းမှန်း မသိလို့ပါ"
ရှောင်မုက အဆုံးစွန်ထိ ကြောက်လန့်တကြားဖြင့် စကားများ ထစ်ငေါ့ကာ ပြောလိုက်သည်။
'သွားပြီ။ ဖုန်းဝူချန်သာ ငါ့ကို သတ်ချင်တယ်ဆိုရင် ရှောင်မိသားစုမှာ လက်စားပြန်ချေဖို့ အင်အား လုံးဝမရှိဘူး'
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ဒူးထောက်လိုက်"
သူ ရှောင်မုကို ချက်ချင်း ဒူးထောက်ရန် မျှော်လင့်နေလေ၏။
ရှောင်မု ခေတ္တမျှ ကြောင်သွားပြီး၊ သူ၏ မျက်နှာ ပိုမည်းမှောင်သွားသည်။
'ဘာ။ ငါ့ကို ဒူးထောက်ခိုင်းတယ်'
ဖုန်းဝူချန်က သူ့အား လူအများရှေ့တွင် ဒူးထောက်ရန် တောင်းဆိုနေခြင်းဖြစ်ပြီး၊ ၎င်းမှာ သူ့ကို အရှက်ခွဲရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။
ရှောင်မိသားစု၏ အနာဂတ် တောက်ပသော မျိုးဆက်သစ် တစ်ဦးအနေဖြင့်၊ ရှောင်မုသာ ဒူးထောက်လိုက်ပါက၊ အနာဂတ်တွင် သူ မည်သို့ မျက်နှာပြရတော့မည်နည်း။
"ဖုန်းဝူချန် ၊ လူကို အရမ်း အနိုင်မကျင့်နဲ့"
ရှောင်မုက သူ၏ ကြောက်ရွံ့စိတ်ကို ဖိနှိပ်လိုက်ပြီး ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။
"ငါ မင်းကို ဒူးထောက်လို့ ပြောနေတယ်"
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး၊ တပြိုင်နက် ကြောက်မက်ဖွယ် ကြီးစိုးလွှမ်းမိုးသော ဖိနှိပ်မှု စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထိုလွှမ်းမိုးနိုင်သော စွမ်းအားကြီးကြောင့် လမ်းမပေါ်ရှိ လူတိုင်း ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြပြီး၊ ဤကြောက်မက်ဖွယ် ဖိအားကို တင်းမခံနိုင်ကြတော့ပေ။