ဓားတစ်ချက်တည်းဖြင့် ရန်သူကို အနိုင်ယူခြင်း
Vol. 21 Ch. 307
~"ထျန်းယွမ်ဘုံ ဆဌမအလွှာ"
နန်းကုန်းလီ၏ မျက်လုံးများ ရုတ်တရက် ကြောက်လန့်တကြား ပြူးကျယ်ထွက်လာသည်။
"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
နန်းကုန်းထျန်းဟန်က တုန်ယင်စွာ ဆိုလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရအောင် တုန်ခါနေသည်။
'သေစမ်း သေစမ်း။ ငါ ခုနက သူ့ကို အထင်သေးနေမိတာ'
ယခင်က အလွန် ယုံကြည်မှု ရှိနေခဲ့သော နန်းကုန်းထျန်းဟန်သည် ယခုအခါ ကြောက်လန့်၍ ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ဖြစ်နေလေပြီ။
လေဟာနယ်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ မျက်စိကျိန်းမတတ် သွေးနီရောင် အလင်းတန်းက လေဟာနယ်ကို လင်းဖြာသွားစေသည်။ နန်းကုန်းမိသားစု၏ ကြီးကျယ်ခမ်းနားသော နန်းတော်များမှာ မရပ်မနား ယိမ်းထိုးနေတော့သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားက နန်းကုန်းမိသားစုမှ လူတိုင်းကို တုန်လှုပ်ခြောက်ခြားကာ မှင်တက်သွားစေသည်။
"နန်းကုန်းလီ မင်းအလှည့်။ အသေခံဖို့ တက်လာခဲ့"
ဖုန်းဝူချန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ အသံမှာ နိမ့်ကျပြီး တည်ငြိမ်နေပုံရသော်လည်း၊ ၎င်းထဲတွင် ကမ္ဘာလောကကြီးတစ်ခုလုံးကို အထင်သေးစွာ ကြည့်နေသည့် သဘောထားမျိုး ပါဝင်နေသည်။
ဖုန်းဝူချန်သည် သူ၏ အရှိန်အဝါကို တမင်တကာ မြှင့်တင်ထားခြင်း မဟုတ်ပေ။ သို့သော် ထိုယုံကြည်မှုသည် သူ၏ အရိုးများ အတွင်းဆုံးမှ ထွက်ပေါ်လာပုံရပြီး၊ သူ၏ တဟုန်ထိုး တက်လာသော တိုက်ခိုက်လိုစိတ်များက အရိုင်းအစိုင်း ပေါက်ကွဲထွက်နေသည်။
ဖုန်းဝူချန်က နန်းကုန်းလီကို တကယ်ကြီး စိန်ခေါ်နေသည်။
ထျန်းယွမ်ဘုံ တတိယအလွှာက ထျန်းယွမ်ဘုံ ဆဌမအလွှာကို စိန်ခေါ်နေသည်တဲ့။ ဒါ ဘယ်လောက်တောင် မောက်မာလိုက်သလဲ။
"ဒီကောင်စုတ် ငါတို့ကို အထင်သေးရဲတယ် ဟုတ်လား"
နန်းကုန်းဝူဟန်က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်ပြီး၊ သူ၏ မျက်နှာမှာ ကြမ်းတမ်းစွာ ရှုံ့မဲ့သွားသည်။
နန်းကုန်းလီမှလွဲ၍၊ ဖုန်းဝူချန်သည် အခြားမည်သူ့ကိုမျှ သူ၏ မျက်လုံးထဲတွင် အမှန်တကယ် ထည့်မထားခဲ့ပေ။
ထျန်းယွမ်ဘုံ ဆဌမအလွှာပင် မရောက်သေးသူများကို ဖုန်းဝူချန်က အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
နန်းကုန်းလီက အင်အားအပြည့်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အစွမ်းဖြင့်၊ သူက ဖုန်းဝူချန်ကို ကြောက်ရွံ့နေစရာ အကြောင်း ရှိပါ့မလား။
"သေခြင်းတရားကို မသိမမြင်တဲ့ကောင်" (ဘာသာပြန်သူ မှတ်ချက်: မူရင်းမှာ '不知死活' (bu zhi si huo) ဖြစ်ပြီး၊ 'သေခြင်းတရားကို မသိခြင်း' ဟု တိုက်ရိုက် အဓိပ္ပာယ်ရကာ၊ မိမိ၏ အခြေအနေကို မသိဘဲ မိုက်မဲစွာ သေလမ်းရှာခြင်းကို ဆိုလိုပါသည်။)
'ဖုန်းဝူချန်က ထျန်းယွမ်ဘုံ တတိယအလွှာပဲ ရှိတာ။ သူ့အစွမ်းက ထျန်းယွမ်ဘုံ ဆဌမအလွှာနဲ့ ယှဉ်နိုင်တယ် ဆိုဦးတော့။ သူက တကယ့် ဆဌမအလွှာမှ မဟုတ်တာ။ ပြီးတော့ ကိုးထပ် ချန်ခွန်း မျှော်စင်လည်း မရှိတော့ဘူး။ ဒီတိုက်ပွဲက ငါ တစ်ဝက် နိုင်ပြီးသားပဲ'
ထိုစဉ်၊ နန်းကုန်းမိသားစု၏ ထိပ်ပိုင်းပုဂ္ဂိုလ်များလည်း မထီမဲ့မြင် အမူအရာများ ပြသကြသည်။
"မောက်မာလိုက်တာ။ မိသားစုခေါင်းဆောင်ကို စိန်ခေါ်ရဲတယ်။ 'သေ' ဆိုတဲ့ စကားလုံး ဘယ်လိုရေးလဲတောင် မသိရှာဘူး"
"တကယ်ပဲ ထျန်းယွမ်ဘုံ တတိယအလွှာကို ရောက်သွားတာနဲ့ မိသားစုခေါင်းဆောင်ကို ယှဉ်နိုင်ပြီ ထင်နေတာလား။ တကယ့်ကို 'အရူး အိပ်မက်မက်' နေတာပဲ"
"ကိုးထပ် ချန်ခွန်း မျှော်စင် မရှိတော့ဘဲနဲ့ ဖုန်းဝူချန်အတွက်တော့ သူ့သေလမ်းကို သူ လာရှာတာပဲ"
ဖုန်းဝူချန် သန်မာသည်ကို သူတို့ ဝန်ခံရမည် ဖြစ်သည်။
သို့သော် နန်းကုန်းလီကို သတ်ရန် စဉ်းစားခြင်းမှာမူ အချိန်မတန်သေးပေ။
"ဝုန်း..ဝုန်း"
ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင်များသည် နန်းကုန်းလီ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး၊ ပြင်းထန်သော အရှိန်အဝါနှင့်အတူ ရေစီးကြောင်းများကဲ့သို့ လှိုင်းထန်လာကာ ရုတ်တရက် တုန်ခါသွားသည်။
နန်းကုန်းလီသည် သူ၏ ဒဏ်ရာများမှ (၈၀) ရာခိုင်နှုန်းသာ ပြန်လည် နာလန်ထူသေးသော်လည်း၊ သူ၏ အစွမ်းမှာ အကြွင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထျန်းယွမ်ဘုံ ဆဌမအလွှာ ဆိုသည်မှာ အလကား ရထားခြင်း မဟုတ်ပေ။
"အစ်ကိုကြီးဖုန်း သူ့အစွမ်းက တော်တော် သန်မာတယ် နော်။ သတိထားပါ"
လင်ရှောင်ရှောင်က မျက်မှောင်အနည်းငယ် ကျုံ့ကာ သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ ၊ရှောင်ရှောင်.."
ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
ဖုန်းဝူချန်သည် သူ၏ ကိုယ်ပိုင် ခွန်အား အပေါ် အလွန် ယုံကြည်မှု ရှိသည်။ နန်းကုန်းလီသာ အပြည့်အဝ နာလန်ထူလာခဲ့လျှင်တောင်၊ ဖုန်းဝူချန်သည် လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ဖုန်းဝူချန် ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းပြီးနောက်၊ သူသည် သူ၏ သွေးကြောထဲတွင် ဖုံးကွယ်နေသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို မထင်မရှား ခံစားမိနေခဲ့ပြီ ဖြစ်သည်။
ဖုန်းဝူချန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ တည်ရှိမှုကို ထိတွေ့နိုင်နေပြီ ဖြစ်၏။
"ဒီကောင်စုတ်။ မင်းက ငါတို့ နန်းကုန်းမိသားစုကို ရောက်လာပြီး ရန်စရဲတဲ့ သတ္တိ ရှိနေမှတော့။ အခု သေလိုက်တော့"
နန်းကုန်းလီက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် အရိုင်းအစိုင်းနိုင်သော၊ ကြမ်းတမ်းသော အရှိန်အဝါဖြင့် ရှေ့သို့ ပေါက်ကွဲထွက်သွားသည်။
နန်းကုန်းလီ၏ အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်လှပြီး၊ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကာ၊ သူ၏ လက်ဝါးတွင် ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းလျက် ဖုန်းဝူချန်ထံသို့ မည်သည့် အပိုအလိုမှမပါဘဲ ရိုက်ချလိုက်သည်။
နန်းကုန်းလီသည် အမှန်တကယ်ပင် ထျန်းယွမ်ဘုံ ဆဌမအလွှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ၏ အစစ်အမှန်ယွမ်စွမ်းအင်မှာ အားကောင်းပြီး ပြင်းထန်လှကာ၊ ထိုရိုက်ချက်ထဲတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော လေထုတစ်ခု ပါဝင်နေ၏။
"ဟွန့်"
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး၊ မည်သည့် အားနည်းမှုမျှ မပြဘဲ လက်ဝါးဖြင့် တည့်တည့် ဝင်တိုက်လိုက်၏။
"အုန်း.."
"ဝုန်း..ဝုန်း"
သူတို့၏ လက်ဝါးများ တိုက်မိသွားပြီး၊ ကြီးမားသော ဆူညံသံကြီး ထွက်ပေါ်လာသည်။ ကြီးမားလှသော စွမ်းအင်လှိုင်းလုံးများကြောင့် လေဟာနယ်ကြီး ပြင်းထန်စွာ တုန်ခါသွား၏။
"ဟွန့်။ ဒီကောင် တော်တော်လေးတော့ အရည်အချင်း ရှိသားပဲ"
နန်းကုန်းလီက ကြမ်းတမ်းစွာ ကြိမ်းဝါးလိုက်၏။ အပေါ်ယံတွင် သူသည် မတုန်မလှုပ် ပုံပေါ်နေသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ သူ အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။
'ထျန်းယွမ်ဘုံ တတိယ အလွှာက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်နိုင်တယ် ဟုတ်လား'
ဖုန်းဝူချန်က အေးစက်စွာ ဆို၏။
"ငါ့မှာ အရည်အချင်းတွေ အများကြီး ရှိသေးတယ်"
'ဒီကောင်စုတ်ရဲ့ အစွမ်းက ဘယ်လိုဖြစ်နေတာလဲ။ ထျန်းယွမ်ဘုံ တတိယအလွှာက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရှိနိုင်ရတာလဲ'
နန်းကုန်းလီတစ်ယောက် အတွင်းစိတ်ထဲတွင် ထိတ်လန့်တကြား ဖြစ်နေသော်လည်း၊ စဉ်းစားရန် အချိန်မရှိတော့ပေ။
လက်ဝါးတစ်ချက် တိုက်မိရုံမျှဖြင့် နန်းကုန်းလီ၏ မျက်နှာအမူအရာကို လေးနက်သွားစေခဲ့ပြီ ဖြစ်သည်။
နန်းကုန်းလီသည် သူ၏ စွမ်းအားကို အနည်းငယ် တိုးမြှင့်လိုက်ပြီး နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
"ဒီလောက်လေးပဲ တိုးလိုက်တာလား"
ဖုန်းဝူချန်က အန္တရာယ်အရှိန်အဝါ ပါသော အပြုံးတစ်ခုကို အနည်းငယ် မြှင့်တင်လိုက်ပြီး၊ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏ စွမ်းအားကလည်း ထိုနည်းတူ တိုးမြင့်သွားသည်။
"အုန်း.."
နောက်တစ်ကြိမ် လက်ဝါးများ ထိတိုက်မိပြီး ပေါက်ကွဲသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ နန်းကုန်းလီ၏ မယုံနိုင်သော အကြည့်များအောက်တွင်၊ ဖုန်းဝူချန်သည် သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် မီတာ (၁၀) ကျော်အထိ လွင့်စင်သွားစေခဲ့သည်။
ဒါ ဘယ်လို လွှမ်းမိုးနိုင်တဲ့ စွမ်းအားမျိုးလဲ။
နန်းကုန်းထျန်းဟန်နှင့် အခြား အဆင့်မြင့် ပုဂ္ဂိုလ်များ ထိုနေရာတွင် ရပ်နေကြသည်။ သူတို့၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။
တိုက်ပွဲက အခုမှ စတင်ရုံ ရှိသေးသည်။
နန်းကုန်းလီ ရှုံးနိမ့်သွားခဲ့ချေပြီ။
နန်းကုန်းလီသည် ဖုန်းဝူချန်ကို ကြောင်ငေးကြည့်နေမိသည်။
သူ့လို ထျန်းယွမ်ဘုံ ဆဌမအလွှာ ကျွမ်းကျင်သူတစ်ဦးက ထျန်းယွမ်ဘုံ တတိယအလွှာ တစ်ယောက်ကို အမှန်တကယ် ရှုံးနိမ့်နေသည်ကို သူ ယုံကြည်နိုင်စွမ်း မရှိ ဖြစ်နေရ၏။
'ငါ ဒဏ်ရာရနေတယ် ဆိုဦးတော့။ ဒါက ငါ့ရဲ့ အစွမ်းအပြည့် ထုတ်သုံးနိုင်စွမ်းကို မထိခိုက်ဘူးလေ'
အစွမ်းကုန်ပင် မထုတ်ရသေး။ သို့သော် သူ အရေးနိမ့်နေခဲ့လေပြီ။
"နန်းကုန်းလီ ၊ ခင်ဗျား ကျုပ်ကို အထင်သေးနေတာလား"
ဖုန်းဝူချန်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။
နန်းကုန်းလီ၏ မျက်နှာသည် တစ်ဖန် ရှုံ့မဲ့သွားပြီး၊ ထို့နောက် သူ၏ အရှိန်အဝါများ တစ်ဖန် မြင့်တက်လာသည်။ ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ စွမ်းအားအပြည့် ပေါက်ကွဲထွက်လာပြီး၊ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်က လူများကို ကြေမွသွားစေနိုင်၏။
သူ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်ခြင်းဖြင့်၊ နန်းကုန်းလီသည် ဖုန်းဝူချန်အား သူ၏ ပြိုင်ဘက်အဖြစ် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုလိုက်ပြီ ဖြစ်၏။
"ကျိုကျိုးမှာ ဒီအဘိုးကြီးကို အစွမ်းကုန် ထုတ်တိုက်စေနိုင်တာ လိန်ဝူယဲ့နဲ့ စန်းဟွမ် နှစ်ယောက်ပဲ ရှိခဲ့တယ်။ အခု မင်းက ပထမဆုံးပဲ"
နန်းကုန်းလီက မည်းမှောင်သော လေသံဖြင့် ဆိုလိုက်ပြီး၊ လက်နက်ချ အညံ့ခံချင်စိတ် ပေါက်သွားစေနိုင်သော လွှမ်းမိုးနိုင်သည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
နန်းကုန်းလီ၏ မျက်လုံးများထဲမှ မထီမဲ့မြင် အကြည့်များ ပျောက်ကွယ်သွားခဲ့လေပြီ။
"တကယ့် ပြိုင်ဘက်တိုင်းက လေးစားမှုနဲ့ ထိုက်တန်တယ်။ ဖုန်းဝူချန် မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ကျင့်ကြံအဆင့်ကို ပိုင်ဆိုင်ထားတယ်။ ဒါ 'လက်ရှိရော အတိတ်မှာပါ ပြိုင်ဘက်မရှိ'တဲ့ ပါရမီရှင်ပဲ။ ငါ မင်းထက် ညံ့တာကို ဝန်ခံတယ်။ ဒါပေမဲ့ နန်းကုန်းမိသားစုက မင်း ထင်သလောက် ကြွပ်ဆတ်မနေဘူး"
နန်းကုန်းလီက လေးနက်သော အသံဖြင့် ဆို၏။
"တိုက်ပွဲထဲမှာ အမှန်တရားကို ကြည့်ကြတာပေါ့"
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
"အုန်း.."
သူ စကားဆုံးသည်နှင့်၊ သူ၏ တောင်ပံများ တုန်ခါသွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဖုန်းဝူချန်သည် အသံထက် ပိုမြန်သော အမြန်နှုန်းဖြင့် ပေါက်ကွဲထွက်သွားပြီး၊ သူ၏ အစွမ်းမှာ ကြီးကျယ်ခမ်းနား၏။
“တတိယအလွှာ ကောင်းကင် ဒေါသလက်ဝါး”
ဖုန်းဝူချန်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး၊ မိုးကြိုးပစ်သံကဲ့သို့ ဟစ်အော်ကာ၊ သူ၏ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သူသည် ထပ်ဆင့်ကျသော လက်ဝါးသုံးချက်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပေါင်းစပ်ကာ အဆုံးအစွန် ထုတ်ဖော်လိုက်၏။
"ရွှမ်အဆင့် အဆင့်မြင့် သိုင်းပညာ ထုံထျန်း လက်ဝါး" (ဘာသာပြန်သူ မှတ်ချက်: 'Tong Tian' မှာ 'ကောင်းကင်သို့ ထိုးဖောက်ခြင်း' ဟု အဓိပ္ပာယ်ရပါသည်။)
နန်းကုန်းလီသည် ကြောက်ရွံ့ခြင်းမရှိဘဲ ခေါင်းချင်းဆိုင် ဝင်တိုက်ကာ၊ အဆုံးစွန်ထိ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
"အုန်း.."
"ဝုန်း..ဝုန်း"
အစွမ်းထက် သိုင်းပညာရပ်များ တိုက်မိခြင်းက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီးဖြင့် ပေါက်ကွဲထွက်သွာ၏။
အားလှိုင်းများက နှစ်ဦးလုံးကို နောက်သို့ ဆုတ်သွားစေပြီးနောက်၊ အရပ်မျက်နှာအားလုံးသို့ ရိုက်ခတ် သွားသည်။
အစွမ်းကုန် ထုတ်သုံးသည့်တိုင် နန်းကုန်းလီသည် ဖုန်းဝူချန်ကို မနိုင်သေး။
“ဝုန်း..ဝုန်း”
နှစ်ဦးလုံးသည် သူတို့၏ တိုက်ပွဲတွင် အစွမ်းကုန် ထုတ်သုံးကြပြီး၊ သူတို့၏ ကျွမ်းကျင်မှုများကို အပြည့်အဝ ပြသကြရာ၊ အထက်မှ ကောင်းကင်ကြီးပင် တုန်ခါနေတော့၏။
"အရမ်း .. သန်မာတယ်။ ယုံနိုင်စရာတောင် မရှိဘူး"
"ဖုန်းဝူချန်က အရမ်း ကြောက်ဖို့ကောင်းတာပဲ။ သူ သူက မိသားစုခေါင်းဆောင်နဲ့ ယှဉ်တိုက်နိုင်တယ်တဲ့"
"ဖုန်းဝူချန်က ထျန်းယွမ်ဘုံ တတိယအလွှာလေးပဲ ရှိတာ။ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်နိုင်ရတာလဲ"
နန်းကုန်းမိသားစုဝင်များ၏ မျက်နှာများမှာ တုန်လှုပ်မှုနှင့် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်ထွက်လာ၏။
ဖုန်းဝူချန်၏ အစွမ်းအစက သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့လေပြီ။
ထိုကြောက်မက်ဖွယ် စွမ်းအင်များသည် ဖုန်းဝူချန်နှင့် နန်းကုန်းလီကို ဒဏ်ရာရစေနိုင်သော အဆင့်သို့ မရောက်ရှိသေးပေ။
"ရှောင်ရှောင် ..အစ်ကိုဖုန်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် သန်မာလာတာလဲဟက်။ ငါ မှတ်မိသလောက်တော့ အစ်ကိုဖုန်းရဲ့ အစွမ်းက အလွန်ဆုံးမှ ထျန်းယွမ်ဘုံ ပဉ္စမအလွှာကိုပဲ ယှဉ်နိုင်တာလေ။ အခု ကိုးထပ် ချန်ခွန်း မျှော်စင် မရှိဘဲနဲ့ အစ်ကိုဖုန်းက ဆဌမအလွှာကို ယှဉ်တိုက်နေပုံပဲ"
လျိုချင်းယန်က ကြောင်ငေးကြည့်ရင်း နားလည်နိုင်စွမ်းမရှိ ဖြစ်နေသည်။
"အစ်ကိုဖုန်းက တော်လွန်းတယ် နော်"
မြောင်ချင်းချင်း၏ ချစ်စဖွယ် မျက်နှာလေးမှာ အံ့အားသင့်မှုဖြင့် ကြောင်ငေးသွားသည်။
"ကျွန်မလည်း မသိတော့ဘူး"
လင်ရှောင်ရှောင်သည်လည်း အတော်ပင် တုန်လှုပ်နေသည်။
ဖုန်းဝူချန် ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းပြီးနောက်၊ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တိုးတက်မှုကို တွေ့ကြုံခံစားရသည်ကို သူမ မသိရှိပေ။
လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ စွမ်းအားကို အမြဲတမ်း ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ ဘာမှ နားမလည်နိုင်တော့ပေ။
ဖုန်းဝူချန်၏ စွမ်းအားသည် အဘယ်ကြောင့် ရုတ်တရက် ဤမျှ ပြင်းထန်လာသည်ကို လင်ရှောင်ရှောင် အမှန်တကယ် မမြင်နိုင်ခဲ့ပေ။ သူမသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်းမှ အခြား မည်သည့် စွမ်းအားကိုမျှလည်း အာရုံမခံမိပေ။
'ဒါ ဒါ နဂါးနတ်ဘုရားရဲ့ အသက်ရှုငွေ့နဲ့များ ပတ်သက်နေမလား'
လင်ရှောင်ရှောင်က သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် တွေးဆလိုက်သော်လည်း၊ မသေချာခဲ့ပေ။
" ခဏလေး"
သူမ ထိုသို့ တွေးဆလိုက်မိစဉ်မှာပင်၊ လင်ရှောင်ရှောင်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူမ၏ နှလုံးသားထဲတွင် ဟစ်အော်လိုက်မိသည်။
'ပြောင်းလဲခြင်း။ ဒါ ပြောင်းလဲခြင်းပဲ။ အစ်ကိုကြီးဖုန်းက နဂါးအဖြစ် ပြောင်းလဲတော့မှာ။ သေချာတယ်။ အရမ်းကို သေချာတယ်'
လင်ရှောင်ရှောင် တစ်ယောက် ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် လူသား တစ်ဦး ဖြစ်နေသေးသည်ကို မေ့လျော့နေခဲ့သည်။ သူမ လုံးဝ ရှုပ်ထွေးသွားမှသာ ဤ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားမိတော့သည်။
ဖုန်းဝူချန်သည် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်ကို အပြည့်အဝ နိုးထလာခဲ့ပြီး ဖြစ်သောကြောင့်၊ သူ၏ ရုပ်ခန္ဓာသည်လည်း နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပေလိမ့်မည်။
နဂါးမျိုးနွယ်သည် ဤလောက၏ ဧကရာဇ်များ ဖြစ်ကြပြီး၊ အထွတ်အထိပ်၊ အလွန်တရာ အစွမ်းထက်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြသည်။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ၊ သူ၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြောင်းလဲနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်သည် နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲနေပါက၊ ဖုန်းဝူချန်၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း သဘာဝကျကျ တိုးတက်လာမည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
'ဒါကြောင့် အစ်ကိုကြီးဖုန်းက နန်းကုန်းမိသားစုကို လာရဲတာကိုး'
ဖုန်းဝူချန် နန်းကုန်းမိသားစုသို့ လာရဲသည်မှာ သူသည်လည်း ထိုပြောင်းလဲမှုကို သိရှိနေသောကြောင့် ဖြစ်သည်။ ဖုန်းဝူချန် ထျန်းယွမ်ဘုံ တတိယအလွှာသို့ တက်လှမ်းလိုက်စဉ်က၊ သူ ၎င်းကို ခံစားမိခဲ့ပြီး ဖြစ်သည်။
ဤသည်သာ သူ နန်းကုန်းမိသားစု၏ မြေပေါ်သို့ ခြေချရဲစေသော ယုံကြည်မှုပင်။
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
"နန်းကုန်းလီ ၊ခင်ဗျားနဲ့ စကားအပိုတွေ ပြောမနေတော့ဘူး”
သူ့စကား မဆုံးမီပင်၊ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး၊ ဓားကိုယ်ထည်၌ ဓားချီများ ရစ်ဝဲလာ၏။
"ဝုန်း..ဝုန်း"
အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် မျက်စိကျိန်းမတတ် သွေးနီရောင် အလင်းတန်းကို ထုတ်လွှတ်နေပြီး၊ ကြီးစိုးလွှမ်းမိုးသော အရှိန်အဝါများဖြင့် ပြည့်နှက်ကာ၊ တဝှမ်ဝှမ် မြည်သံပေးလျက် ရှိသည်။
ချီစွမ်းအင်များ သိပ်သည်းထွက်လာပြီး၊ နန်းကုန်းလီ၏ မျက်နှာကိုပင် ဓားဖြင့် ခွဲဖြတ်ခံလိုက်ရသကဲ့သို့ နာကျင်သွားစေသည်။
'ဒီ ဒီလောက် ပြင်းထန်တဲ့ ဖိနှိပ်မှု ခံစားချက်။' လိန်ဝူယဲ့နှင့် စန်းဟွမ်တို့၏ ရှေ့တွင်ပင် မတွေ့ရသော ဤခံစားချက်မျိုးကို နန်းကုန်းလီ တစ်ခါမှ မခံစားဖူးခဲ့ပေ။
နန်းကုန်းလီသည် ဤကြောက်မက်ဖွယ် ချီစွမ်းအင်အတွင်း၌ ဖျက်ဆီးခြင်း စွမ်းအင်တစ်ခုကို ခံစားမိရုံသာမက၊ ထို့အပြင် အဆုံးအစမရှိသော ခန့်ညားထည်ဝါသည့် အရှိန်အဝါတစ်ခု။
သက်ရှိအားလုံးကို လက်နက်ချ အညံ့ခံစေရန် တောင်းဆိုနေသော တည်ရှိမှုကြီးတစ်ခုကိုပါ ခံစားနေရသည်။
"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ ..နတ်ငို၊ သရဲ အော်သံ"
ဖုန်းဝူချန်ထံမှ အေးစက်သော ဟစ်အော်သံတစ်ခု ထွက်ပေါ်လာသည်။ လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ တက်သွားပြီး၊ ထောင်ပေါင်းများစွာသော စစ်တပ်ကြီး၏ စွမ်းအားဖြင့် သိပ်သည်းသွားသည်။
ကျယ်ပြန့်သော သွေးနီရောင် ဓားစိတ်ဆန္ဒသည် လမ်းခရီးရှိ အရာအားလုံးကို ကြေမွသွားစေနိုင်သော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီး၊ နားစည်ကို စူးရှသွားစေသော အသံပေါက်ကွဲသံကြီးက လူတိုင်း၏ နားစည်များကို နာကျင်သွားစေသည်။
နန်းကုန်းလီ၏ မျက်နှာသည် အလွန်အမင်း လေးနက်သွားပြီး၊ သူ ပေါ့ဆရဲ မရှိတော့ပေ။
"ရှစ်လွင်ပြင် စစ်ဝိညာဉ် လှံတံ။ ရှစ်လွင်ပြင် ကောင်းကင်ခွဲခုတ်ချက်"
နန်းကုန်းလီသည် အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး၊ သူ၏ စွမ်းအားအားလုံးကို ၎င်းထဲသို့ သွင်းကာ၊ နောက်ဆုံး ဟစ်အော်သံတစ်ခုနှင့်အတူ လှံတံကို ဝှေ့ယမ်းလိုက်သည်။
နန်းကုန်းလီ၏ လှံတံပညာရပ် ထုတ်ဖော်ပုံမှာ နန်းကုန်းကျန့်၏ စွမ်းအားနှင့် နီးပါးတူညီပြီး၊ အမှန်တကယ်ပင် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ဖြစ်သည်။
"ဒုန်း"
"အွတ်"
သို့သော် နန်းကုန်းမိသားစုမှ လူတိုင်းကို တုန်လှုပ်သွားစေသည်မှာ၊ ထိုဖျက်ဆီးခြင်း စွမ်းအင်နှစ်ခု တိုက်မိသည့် ခဏမှာပင်၊ နန်းကုန်းလီသည် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ဖျက်ဆီးခြင်း ပေါက်ကွဲမှုကြီးက သူ့အပေါ်သို့ လွှမ်းမိုးသွားပြီး၊ ပြင်းထန်သော ဒဏ်ရာများကြောင့် နောက်တစ်ကြိမ် သွေးများ ထပ်မံ အန်ထုတ်လိုက်ရပြန်ကာ၊ သူ၏ ခန္ဓာကိုယ်သည် နောက်သို့ အရှိန်ပြင်းစွာ လွင့်စင်ထွက်သွားတော့သည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ဖုန်းဝူချန်မှာမူ စွမ်းအင် လှိုင်းလုံးများကြောင့် မီတာ ဆယ်ဂဏန်းအနည်းငယ်မျှသာ နောက်သို့ ဆုတ်သွားခဲ့ပြီး၊ လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။
နန်းကုန်းမိသားစု ဂုဏ်ယူဝင့်ကြွားရသော လှံတံပညာရပ်သည် ဤမျှ လွယ်ကူစွာ ရှုံးနိမ့်သွားခဲ့ချေပြီ။
"မိသားစုခေါင်းဆောင်"
နန်းကုန်းထျန်းဟန်မှ လူများ အံ့အားသင့်ခြင်းနှင့် ထိတ်လန့်ခြင်း နှစ်မျိုးလုံး ခံစားလိုက်ကြရသည်။
ဖုန်းဝူချန်က နန်းကုန်းမိသားစု၏ မိသားစုခေါင်းဆောင်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်လေ၏။
"ဒီလောက် ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်။ သူ ဒီလောက် အကြောက်တရား မရှိတာ မဆန်းတော့ဘူး"
ပေါ့ပေါ့ပါးပါး အသံ တစ်ခုသည် နန်းကုန်းမိသားစု၏ နန်းတော်ထဲမှ ထွက်ပေါ်လာလေသည်။