← Chapters

ဆရာ

Vol. 21 Ch. 309

ဆရာ

Vol. 21 Ch. 309

~ဖုန်းဝူချန်မှာ ဒဏ်ရာ တစ်ချက်မျှ မရချေ။

နန်းကုန်းမိသားစုမှ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးနှစ်ဦး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရ ကျန်တစ်ဦးမှာ သူ၏ ချီပင်လယ် ဖျက်ဆီးခံလိုက်ရသည်။ သို့သော် ဖုန်းဝူချန်က ခြစ်ရာတစ်ခုပင် မရှိနေပေ။

တုန်လှုပ်ခြင်း။ အကြွင်းမဲ့ တုန်လှုပ်ခြင်းပါပင်။

လိန်ဝူယဲ့ အပါအဝင် ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာ ကြောက်ရွံ့မှု၏ သံမဏိလက်တစ်စုံဖြင့် ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

'ဒီ ဒီလူငယ်။ ယန်ဟော် အင်ပါယာက အဲ့ဒီ လူငယ် ပါရမီရှင်လေးက နန်းကုန်းမိသားစု တစ်ခုလုံးကို သူ့တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ ဖိနှိပ်ထားတယ်'

ဒါ ဒါ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်သလဲ။

"သူ သူက ဖုန်းဝူချန်"

စန်းဟွမ် တစ်ယောက် တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ၏ အသံများ ထစ်ငေါ့နေသည်။ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် မယုံနိုင်မှုများ ပြည့်နှက်နေ၏။

စန်းဟွမ်သည် ကျိုကျိုးတွင် အထွတ်အထိပ် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး သူ၏ အစွမ်းမှာ နန်းကုန်းကျန့်နှင့် အငြင်းပွားဖွယ်ရာ တန်းတူညီမျှ ရှိသည်။

သို့သော် ဤမျှ အစွမ်းထက်လှသော နန်းကုန်းကျန့် ယခု သူ၏ ချီပင်လယ် ဖျက်ဆီးခံလိုက်ရလေပြီ။

"ဒါ"

ဆေးဧကရာဇ်နှင့် ချူချန်ခုံးတို့ စကားလုံးများ ဆွံ့အသွားကြ၏။

ဖုန်းဝူချန်က တကယ်ကြီး ဒီလောက် အစွမ်းထက်လာခဲ့လေပြီ။

တစ်ချိန်တည်းမှာပင်၊ သူတို့၏ ပေါ်ထွက်လာမှုက လင်ရှောင်ရှောင်နှင့် အခြားသူများကိုလည်း တုန်လှုပ်သွားစေသည်။ အကြောင်းမှာ ရင်းနှီးသော ပုံရိပ်တစ်ခု သူတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသောကြောင့် ဖြစ်၏။

ဖုန်းဝူချန်သည်လည်း ထိုပုံရိပ်ကို တွေ့လိုက်ရသဖြင့် အတော်လေး အံ့အားသင့်သွားသည်။

"ကျန်းကျွင့်လန်"

ဖုန်းဝူချန် တစ်ယောက် အလွန်အမင်း အံ့အားသင့်ကာ မမျှော်လင့်ဘဲ ဖြစ်သွားသည်။ သူ ကျိုကျိုးမှာ အသိ တစ်ယောက်ကို ပြန်တွေ့လိမ့်မည်ဟု မယုံနိုင်ပေ။

"တကယ် ကျန်းကျွင့်လန်ပဲ။ သူ ကျိုကျိုးမှာ ဘာလုပ်နေတာလဲ"

လျိုချင်းယန် အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။ ကိုယ့်ကိုယ်ကို မျက်စိမှားသွားသည်ဟု ထင်နေမိသည်။

"တကယ် သူပဲ"

မြောင်ချင်းချင်းသည်လည်း သူ့ကို မှတ်မိသွား၏။

လင်ရှောင်ရှောင်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး "သူက ဘယ်လိုလုပ် ရှောင်မိသားစုဝင်တွေနဲ့ အတူတူ ဖြစ်နေရတာလဲ" ဟု ရေရွတ်လိုက်သည်။

"မိစ္ဆာ။ သူ သူက တကယ့် မိစ္ဆာ ပဲ"

ရှောင်ရန်က ထိတ်လန့်တကြား ဆိုလိုက်သည်။ သူ၏ မျက်နှာ ဖြူဖျော့နေပြီး ဖုန်းဝူချန်ကို အလွန်အမင်း ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

တုန်ယင်နေသော လက်များဖြင့် ရှောင်ရန်က ဖုန်းဝူချန်ကို ထိုးညွှန်လိုက်ပြီး ထိတ်လန့်တကြား ဆိုသည်။

"ကျန်း သခင်လေးကျန်း။ တွေ့ တွေ့လား။ သူ သူက ဖုန်းဝူချန် ပဲ။ ဒီလူက တကယ့် မိစ္ဆာ ပဲ။ သူ ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ခဲ့တယ်။ အခု သူက နန်းကုန်းမိသားစုကို ဖျက်ဆီးမလို့"

သို့သော် အလွန်အမင်း ထိတ်လန့်နေသော ရှောင်ရန်တစ်ယောက် ကျန်းကျွင့်လန်၏ မျက်နှာပေါ်မှ လေးစားမှု အပြုံး နှင့် သူ၏ မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုတို့ကို သတိမထားမိခဲ့ပေ။

"သခင်လေးကျန်း မြန်မြန်။ သူ့ကို သတ်လိုက်ပါ"

ရှောင်ရန်က ထိတ်လန့်တကြား အလျင်စလို တိုက်တွန်းလိုက်သည်။

"ငါ့ကို သတ်မယ် ဟုတ်လား"

ဖုန်းဝူချန်၏ နှုတ်ခမ်းများ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"ရှောင်ရန် ..ခင်ဗျား ကျုပ်ကို ပြစ်မှားမိခြင်းရဲ့ အကျိုးဆက်ကို သိရဲ့လား"

"ဖုန်းဝူချန် မင်း မောက်မာမနေနဲ့။ ဒီ ပုဂ္ဂိုလ်က ပြည်မကြီး ကျန်းမိသားစုက သခင်လေးကျန်း ပဲ။ ဒီနေ့ မင်း သေနေ့ စေ့ပြီ"

ရှောင်ရန်က သူ၏ ကြောက်ရွံ့စိတ်ကို အတင်း ပြန်လည် တွန်းလှန်ရင်း ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အိုး ဟုတ်လို့လား"

ဖုန်းဝူချန်၏ မျက်နှာ မထီမဲ့မြင် အမူအရာများ ပြည့်နှက်နေသည်။

"သခင်လေးကျန်း တွေ့တယ် မဟုတ်လား။ ဒီကောင် အရမ်း မောက်မာလွန်းတယ်။ သူ သခင်လေးကျန်းကို သူ့မျက်လုံးထဲ လုံးဝ ထည့်မထားဘူး။ မြန်မြန် သူ့ကို သတ်လိုက်ပါ"

ရှောင်ရန်က ထပ်မံ တိုက်တွန်းလိုက်သည်။

နတ်ဘုရား ဆေးလုံးသခင်ကြီးလည်း ရုတ်တရက် အသိစိတ် ပြန်ဝင်လာပြီး အလျင်အမြန် တားဆီးရန် ပြောလိုက်သည်။

"သခင်လေးကျန်း။ ကျေးဇူးပြုပြီး ကျွန်တော် ရှင်းပြတာကို နားထောင်ပါ။ ဖုန်းဝူချန်က ရှောင်ရန် ပြောသလို မဟုတ်ပါဘူး။ ဖုန်းဝူချန် ကျန့်လင်တောင်ကြားကို မျိုးဖြုတ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အကြောင်းရင်း ရှိခဲ့ပါတယ်။ ကျန့်လင်တောင်ကြားက ဖုန်းဝူချန်ရဲ့ ကိုးထပ် ချန်ခွန်း မျှော်စင်ကို တပ်မက်ပြီး သူ့အဖေကို ဖမ်းဆီးသွားခဲ့တာပါ။ သူ့အဖေကို လဝက်နီးပါး အကျဉ်းချထားပြီး သူ့အဖေရဲ့ ခြေထောက်တစ်ဖက်ကိုတောင် ရိုက်ချိုးပစ်ခဲ့ပါတယ်"

"သခင်လေးကျန်း.. ကျွန်တော် ဖုန်းဝူချန်ကို သိပါတယ်။ သူက လူဆိုးကြီး တစ်ယောက် မဟုတ်ပါဘူး။ သခင်လေး ပြန်လည် စဉ်းစားပေးပါဦးလို့ မျှော်လင့်ပါတယ်"

ထိုသို့ လိန်ချင်းဖုန်းသည်လည်း ဖုန်းဝူချန်အတွက် ရှေ့ထွက် ပြောပေးလိုက်သည်။

"သခင်လေးကျန်း"

လျိုချင်းယန် အနည်းငယ် ကြောင်သွားသည်။ ဆေးဧကရာဇ်နှင့် အခြားသူများက ကျန်းကျွင့်လန်ကို 'သခင်လေးကျန်း' ဟု ဤမျှ လေးစားစွာ ခေါ်ဝေါ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ တုန်လှုပ်သွားသည်။

'ဒီလူ ကျန်းကျွင့်လန်။ ကြည့်ရတာ သူ့နောက်ခံက ငါတို့ ထင်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းနေပုံပဲ'

"ကျန်းကျွင့်လန်က ကျွန်မတို့ စိတ်ကူးထားတာထက် ပိုပြီး ကြီးမားတဲ့ နောက်ခံ ရှိနေပုံပဲ"

မြောင်ချင်းချင်းက ကျန်းကျွင့်လန်ကို ကြည့်ရင်း အံ့ဩစွာ ဆိုသည်။

ကျန်းကျွင့်လန်ကတော့ မလှုပ်မယှက်။

နတ်ဘုရား ဆေးလုံးသခင်ကြီးနှင့် အခြားသူများ ပြောနေသည်ကို မကြားသကဲ့သို့ပင်။

"သခင်လေးကျန်း မြန်မြန် ဖုန်းဝူချန်ကို သတ်လိုက်ပါ။ ဒီလို ရက်စက်တဲ့ မိစ္ဆာ။ မျက်တောင်မခတ် လူသတ်တဲ့ လူ၊ သူ့ကို တခြားသူတွေကို ထပ်ပြီး အန္တရာယ်ပေးခွင့် မပြုသင့်တော့ဘူး"

ရှောင်ရန်က ဆက်လက် သွေးထိုးလှုံ့ဆော်နေသည်။

ကျန်းကျွင့်လန်က သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်ရာ ပုံရိပ်နှစ်ခု ချက်ချင်းပင် လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။

ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ စစ်သည်တော်များ။

ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်နှင့် ရှောင်ရန်၏ မျက်နှာပေါ်တွင် ကျေနပ် အေးစက်သော အပြုံးတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

"ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ သခင်လေးကျန်း"

ချူချန်ခုံးက စိုးရိမ်ပူပန်စွာဖြင့် အလေးအနက် တောင်းပန်လိုက်သည်။

"သခင်လေးကျန်း ၊ရှောင်ရန်က သခင်လေးရဲ့ အစွမ်းကို အသုံးချပြီး ဖုန်းဝူချန်ကို သတ်ချင်နေတာပါ။ ရှောင်မုနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက အားလုံး သူ့အမှား ချည်းပါပဲ”

ဟု နတ်ဘုရား ဆေးလုံးသခင်ကြီးလည်း တစ်ကြိမ် ထပ်မံ ရှင်းလင်း ပြောဆိုလိုက်သည်။

"ဖုန်းဝူချန် မင်း တွေ့တယ် မဟုတ်လား။ ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ။ မင်းကို လက်တစ်ဖျစ် တီးလိုက်ရုံနဲ့ ကြေမွသွားအောင် ချေမှုန်းနိုင်တဲ့ စစ်သည်တော်တွေ။ မင်း ဘယ်လောက် သန်မာနေပါစေ မင်း ဘယ်တော့မှ သခင်လေးကျန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သခင်လေးကျန်းရဲ့ ဩဇာအာဏာက မင်း စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်တယ်။ သူ့မျက်လုံးထဲမှာ မင်းရဲ့ အရည်အချင်းတွေက ဘာမှ တန်ဖိုးမရှိဘူး"

ရှောင်ရန်က အောင်နိုင်သူ အပြုံးဖြင့် လှောင်ရယ်လိုက်သည်။ သူ တခြားသူတစ်ယောက်၏ ကံဆိုးမိုးမှောင်ကျမှုတွင် ပျော်ရွှင်နေသည်။

ကျန်းကျွင့်လန်၏ တန်ဖိုးကို မြှင့်တင်ပေးရင်း ရှောင်ရန်သည် ဖုန်းဝူချန်ကို လှောင်ပြောင်သရော်ရန် အခွင့်အရေးကို တစ်ဆက်တည်း ယူလိုက်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပင်။

"ဟုတ်လို့လား"

ဖုန်းဝူချန်က မထီမဲ့မြင် လှောင်ရယ်လိုက်သည်။ ရှောင်ရန်ကို အရူးတစ်ယောက် ကြည့်သလို ကြည့်လိုက်သည်။

"ဖုန်းဝူချန် မင်း ထျန်းယွမ်ဘုံ အဋ္ဌမအလွှာကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း သေဖို့သာ စောင့်နေလိုက်တော့"

ရှောင်ရန်က ယုတ်မာစွာ ရယ်မောလိုက်သည်။ သူ၏ နှလုံးသား စိတ်လှုပ်ရှားမှုများဖြင့် ဖောင်းကြွလာသည်။

ရှောင်ရန် စကားဆုံးသည့် ခဏ။ ကျန်းကျွင့်လန်က လက်ဝှေ့ယမ်းလိုက်ပြီး ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ စစ်သည်တော်များထဲမှ တစ်ဦး တုံ့ဆိုင်းခြင်းမရှိ ထိုးနှက်လိုက်သည်။

"အုန်း.."

"ဖလွတ်"

ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ စစ်သည်တော် ထိုးနှက်လိုက်သောအခါ ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရှောင်ရန် သွေးများ အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ် အမြောက်ဆံ တစ်တောင့်ကဲ့သို့ လွင့်စင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

ထျန်းယွမ်ဘုံ အဋ္ဌမအလွှာမှ စစ်သည်တော်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသူမှာ ဖုန်းဝူချန် မဟုတ်။ ရှောင်ရန် ဖြစ်နေသည်။

ဆေးဧကရာဇ် နှင့် ချူချန်ခုံးကဲ့သို့ အခြားသူများအားလုံး ရှောင်ရန် လွင့်စင်ထွက်သွားသည်ကို ကြည့်ရင်း လုံးဝ မှင်တက် အံ့အားသင့်သွားကြသည်။ လုံးဝ နားမလည်နိုင် ဖြစ်သွားကြသည်။

'ဘာ ဘာကြီးလဲ။ ငါတို့ရဲ့ ရိုးသားမှုက ကျန်းကျွင့်လန်ကို စိတ်ပြောင်းသွားစေတာလား'

စန်းဟွမ် ၊ လိန်ဝူယဲ့ နှင့် အခြားသူများ တုန်လှုပ်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်ဘဲ သူတို့၏ မျက်နှာများ ကြောင်ငေး တွေဝေသွားကြသည်။

"သခင်လေးကျန်း။ ခင်ဗျား ခင်ဗျား ဘာလုပ်တာလဲ"

ပြင်းထန်စွာ ဒဏ်ရာရသွားသော ရှောင်ရန် ကျန်းကျွင့်လန်ကို အလွန်အမင်း အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

'ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ရှင်းရမှာလေ။ ဘာလို့ သူ့လက်အောက်ငယ်သားကို ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခိုင်းရတာလဲ' ရှောင်ရန် လုံးဝ ရှုပ်ထွေး နာကျင်သွားသည်။

ကျန်းကျွင့်လန်က လေဟာနယ်ထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်လျက် ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဆရာ"

"ဆ ဆရာ"

ကျန်းကျွင့်လန်၏ ရိုသေစွာ ထွက်ပေါ်လာသော "ဆရာ" ဟူသည့် အခေါ်အဝေါ်ကို ကြားလိုက်ရသောအခါ ရှုပ်ထွေး တုန်လှုပ်ခြင်းများ အကြားတွင် ရှိနေသော ဆေးဧကရာဇ်တို့ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့၏ မျက်နှာများ တောင့်တင်းသွားပြီး ဧရာမ လှိုင်းလုံးကြီးတစ်ခု သူတို့၏ နှလုံးသားများထဲ ရိုက်ခတ်သွားသည်။

လိန်ချင်းဖုန်းက ကြောင်ငေးစွာ ရေရွတ်လိုက်သည်။

"ဖုန်းဝူချန်က တကယ်ကြီး တကယ်ကြီး သခင်လေးကျန်းရဲ့ ဆရာ တဲ့"

ဤအချိန်တွင် နန်းကုန်းမိသားစုမှ လူတိုင်း လုံးဝ မှင်တက် ကြက်သေသေလျက် ရပ်နေကြသည်။

တုန်လှုပ်ခြင်း။ အကြွင်းမဲ့ တုန်လှုပ်ခြင်း။

ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ဆရာ ဟု တကယ်ကြီး ခေါ်ဝေါ်လိုက်သည်။

ပြည်မကြီး၏ နံပါတ်တစ် လက်နက်ဖန်တီးခြင်း ပါရမီရှင်က ဖုန်းဝူချန်၏ တပည့် ဖြစ်နေသည်။

'တပည့် တပည့်က ဒီလောက်တောင် အစွမ်းထက်နေရင်။ ဆရာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ'

ထင်ရှားသည်မှာ သူတို့ ဖုန်းဝူချန်ကို လုံလုံလောက်လောက် နားမလည် ထားသေး။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းမှုက သူတို့၏ စိတ်ကူးနိုင်စွမ်းများကို ရှင်းရှင်းလင်းလင်း ကျော်လွန်သွားခဲ့ပြီ။

ကျန်းကျွင့်လန် ဖုန်းဝူချန်ကို ရိုသေစွာ "ဆရာ" ဟု ခေါ်ဝေါ်ရသည်။ သို့သော် နန်းကုန်းမိသားစုက ဖုန်းဝူချန်၏ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ရဲတင်းစွာ ယူဆောင်သွားရဲပြီး တစ်ချိန်က ဖုန်းဝူချန်ကို သတ်ပစ်ချင်ခဲ့ကြသည်။

ယခု ပြန်စဉ်းစားကြည့်သောအခါ နန်းကုန်းလီကဲ့သို့ လူများ သူတို့၏ နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

"ဆရာ ဟုတ်လား"

ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားရ၏။ သို့သော် သူ ချက်ချင်းပင် အခြေအနေကို လက်ခံလိုက်နိုင်သည်။ ကျန်းကျွင့်လန်၏ ယနေ့ အောင်မြင်မှုများမှာ သူ၏ ပံ့ပိုးမှုကြောင့် အမှန်တကယ်ပင် ဖြစ်သည်။

"ဆ ဆရာ"

ပြင်းထန်စွာ ဒဏ်ရာရနေသော ရှောင်ရန် ကြောက်လန့်လွန်းသဖြင့် သူ၏ ဝိညာဉ် ပျံထွက်သွားမတတ် ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ် တုန်ယင်လာသည်။

'ကျန်းမိသားစုက ဒီလောက် ကြောက်ဖို့ကောင်းနေတာ။ ပြီးတော့ ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်ဖန်တီးခြင်း ပါရမီရှင် ကျန်းကျွင့်လန်က တကယ်ကြီး ဖုန်းဝူချန်ရဲ့ တပည့် ဖြစ်နေတယ်'

ရှောင်ရန် ဘယ်တုန်းကမှ သူ ဖိတ်ခေါ်လိုက်သော သခင်လေးကျန်းသည် အမှန်တကယ် ဖုန်းဝူချန်၏ တပည့် ဖြစ်နေလိမ့်မည်ဟု စိတ်ကူး မယဉ်ခဲ့ဖူးပေ။

ဒါ ဒါ ကိုယ့်အရှက်ကို ကိုယ်တိုင် ခွဲခြင်းပင်။ ပါးရိုက်ခံရခြင်း။

"ပါရမီရှင် လို့ တင်စားထိုက်သားပဲ။ လအနည်းငယ် အတွင်းမှာ မင်း အတော်လေး ထိုးထွင်း သိမြင်သွားပုံ ရတယ်"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ဆိုလိုက်သည်။ ကျန်းကျွင့်လန်ကို ချီးကျူးလိုက်သည်။ ကျန်းကျွင့်လန်က သူ့ကို စိတ်ပျက်စေခဲ့ခြင်း မရှိသလို သူ၏ လမ်းညွှန်မှုကိုလည်း အလဟဿ မဖြစ်စေခဲ့ပေ။

ဤသည်ကို ကြားသောအခါ၊ ကျန်းကျွင့်လန်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး "ဒါ ဒါတွေအားလုံး ဆရာ့ရဲ့ လမ်းညွှန်မှု ကြောင့်ပါ။ မဟုတ်ရင် ကျွန်တော် လက်ရှိ နယ်ပယ်အဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆိုလိုက်သည်။

"ကျန်းကျွင့်လန်"

လျိုချင်းယန်နှင့် အခြားသူများ စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြပြီး ပျံသန်းလာကြသည်။

"ချင်းယန်၊ ချင်းချင်း၊ ရှောင်ရှောင်"

ကျန်းကျွင့်လန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ၏ မျက်နှာ တောက်ပသော အပြုံးဖြင့် ဝင်းလက်လာပြီး သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။

"မဆိုးဘူး ကောင်လေး။ မင်းနဲ့ မတွေ့ရတာ ဒီလောက် ကြာသွားတာ။ မင်း ထျန်းယွမ်ဘုံ ပထမအလွှာကိုတောင် ရောက်နေပြီ"

လျိုချင်းယန်က ပျော်ရွှင်စွာ ရယ်မောရင်း ကျန်းကျွင့်လန်၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်ရင်း ဆိုသည်။

"အစ်ကိုကျန်း ၊ကျွန်မတောင် အစ်ကိုက ခုနက အဲ့ဒီလူနဲ့ အတူတူလို့ ထင်နေတာ"

မြောင်ချင်းချင်းက ရယ်မောရင်း ပြောလာသည်။

"ဘယ်ဟုတ်ပါ့မလဲ။ ငါက ဆရာ့ နာမည်ကို ကြားလိုက်လို့ သူ့ကို လမ်းပြ ခေါ်လာခိုင်းတာပါ။ သူက ဆရာ့အပေါ် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူလိမ့်မယ်လို့ မထင်ထားဘူး"

ကျန်းကျွင့်လန်က ရယ်မောရင်း ဆိုသည်။ သို့သော် အဆုံးတွင် သူ၏ အသံ ရုတ်တရက် အေးစက်သွားပြီး သူ၏ မျက်လုံးများ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

ကျန်းကျွင့်လန် ဖုန်းဝူချန်ကို "ဆရာ" ဟု ခေါ်ဝေါ်ရန် ဆန္ဒရှိနေမှတော့ သူ မည်သူ့ကိုမျှ ဖုန်းဝူချန်အပေါ် မလေးမစား ပြုမူခြင်းကို သည်းခံမည် မဟုတ်ပေ။

"သခင်လေးကျန်း ၊ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။ သခင်လေးကျန်း အသက် ချမ်းသာပေးပါ"

ကျန်းကျွင့်လန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ ရှောင်ရန် လေဟာနယ်ထဲတွင် ဒူးထောက်လိုက်ပြီး ထိတ်လန့်တကြား အသက် တောင်းပန်လိုက်သည်။

"ဟွန့်။ မင်း တော်တော် သတ္တိရှိတာပဲ။ ငါ့ ဆရာကို လာပြီး ပြစ်မှားရဲတယ်"

ကျန်းကျွင့်လန်က အေးစက်စွာ ဆိုသည်။

"သခင်လေးကျန်း ..ကျွန်.. ကျွန်တော် သူက သခင်လေးရဲ့ ဆရာမှန်း မသိလို့ပါ။ ကျွန်တော်သာ သိခဲ့ရင် သတ္တိ အဆ တစ်သောင်း ရှိရင်တောင်

မ မလုပ်ရဲပါဘူး။ သခင်လေးကျန်း ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် မှားမှန်း သိပါပြီ။ နောက် နောက် မလုပ်ရဲတော့ပါဘူး"

ရှောင်ရန်က ကြောက်လန့်တကြား သူ၏ ခေါင်းကို မြေပြင်နှင့် ဆောင့်ရင်း အသက် တောင်းပန်လိုက်သည်။

"ငါ့ရဲ့ ကျေးဇူးရှင်ကို ပြစ်မှားခြင်းက သေခြင်းတရားပဲ"

ကျန်းကျွင့်လန်က အေးစက်စွာ ဆိုလိုက်သည်။ မည်သည့် ညှိနှိုင်းမှု အခွင့်အရေးမှ မပေးတော့။

ကျန်းကျွင့်လန်၏ စကား ကျဆုံးသည်နှင့် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ ကျွမ်းကျင်သူ ချက်ချင်း လှုပ်ရှားလိုက်သည်။ "

“အုန်း..”

ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ချက်ချင်းပင် ရှောင်ရန်ကို သွေးမှုန်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

လက်သီးတစ်ချက်တည်းဖြင့် သေဆုံးခြင်း။

ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ ကျွမ်းကျင်သူ။ သူတို့၏ အစွမ်း အဆုံးစွန်ထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

လိန်ဝူယဲ့နှင့် စန်းဟွမ်တို့ အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။

နန်းကုန်းလီနှင့် အခြားသူများ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။

'ဖုန်းဝူချန်ကို ပြစ်မှားမိတာ။ ကျန်းကျွင့်လန်က ငါတို့ နန်းကုန်းမိသားစုကို ချမ်းသာပေးပါ့မလား'

နန်းကုန်းမိသားစု မည်မျှပင် အစွမ်းထက်စေကာမူ သူတို့ ကျန်းမိသားစုကို မယှဉ်နိုင်ပေ။ ကျန်းမိသားစု၏ ရှေ့မှောက်တွင် သူတို့သည် ပုရွက်ဆိတ်များထက်ပင် အရေးမပါ။

"ဒီကောင်လေး"

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး လျှပ်တပြက် ရောက်ရှိသွားရာ ကျန်းကျွင့်လန်က ချက်ချင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဒီလို အဆောင်အယောင်တွေ လုပ်မနေပါနဲ့တော့။ ငါ့ကို နောက်တစ်ခါ လက်နက်ဖန်တီးခြင်းနဲ့ လာစိန်မခေါ်ရင် တော်ပါပြီ"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ပြန် ပြောလိုက်သည်။

"ကျွန်တော် မလုပ်ရဲတော့ပါဘူး။ ကျွန်တော့်မှာ အရည်အချင်းတောင် မရှိသေးပါဘူး"

ကျန်းကျွင့်လန်က ရိုသေစွာ ရယ်မောရင်း ဆိုသည်။ ကြည့်ရသည်မှာ သူ ကျန်းမိသားစုမှ တစ်စုံတစ်ခုကို သိရှိလာခဲ့ပြီး ဖုန်းဝူချန်ကို လက်နက်ဖန်တီးခြင်းဖြင့် နောက်တစ်ကြိမ် မစိန်ခေါ်ရဲတော့ ပုံ ရသည်။

"ဒါ ဒါဆို သခင်လေးကျန်းက ဆေးဧကရာဇ်ရဲ့ တပည့် ဖြစ်နေတာကိုး။ ကျွန်တော်တို့ ခုနက တကယ် စိုးရိမ်နေခဲ့တာ"

နတ်ဘုရား ဆေးလုံးသခင်ကြီးနှင့် အခြားသူများ အားလုံး ဝိုင်းရံ လာကြသည်။

နတ်ဘုရား ဆေးလုံးသခင်ကြီးနှင့် ချူချန်ခုံးတို့ နောက်ဆုံးတွင် လုံးဝ စိတ်သက်သာရာ ရသွားကြသည်။ မည်သူမျှ ဤကဲ့သို့သော အလှည့်အပြောင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"ခုနက ဆရာ့ကို တွေ့လိုက်ရတော့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားပြီး အချိန်မီ မတုံ့ပြန်နိုင် ဖြစ်သွားတယ်။ ပြီးတော့ အတိတ်တုန်းက ကျွန်တော် မောက်မာစွာနဲ့ ဆရာ့ကို လက်နက်ဖန်တီးခြင်း စိန်ခေါ်ခဲ့တာကို ပြန်သတိရသွားတယ်။ ဆရာ ဘယ်လောက် သန်မာလဲ သိသွားမှ ကျွန်တော့် အရည်အချင်းတွေက ဘယ်လောက် မပြောပလောက်အောင် နိမ့်ကျလဲ ဆိုတာ သိလိုက်ရတယ်"

ကျန်းကျွင့်လန်က အရှက်ရစွာ ပြုံးရင်း ဆိုသည်။

"သခင်လေးကျန်း ၊ခင်ဗျား ကျွန်တော့်ကို သေမတတ် လန့်သွားအောင် လုပ်တာပဲ။ ညီအစ်ကိုဖုန်းရာ၊ ရိုးရိုးသားသား ဝန်ခံရရင် ခုနက ငါ မင်းအတွက် အသက်စွန့်ပြီး တိုက်ခိုက်ရမလို့တောင် ဖြစ်သွားတယ်"

လိန်ချင်းဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

လိန်ဝူယဲ့က လိန်ချင်းဖုန်းကို ချက်ချင်း ကြိမ်းမောင်းလိုက်သည်။

"လေးစားမှု ရှိစမ်း”

ထို့နောက် ဖုန်းဝူချန်ကို ရိုသေစွာ ကြည့်လိုက်ပြီး "ကျွန်တော့်သားက စဉ်းစားမဆင်ခြင်ဘဲ စကားပြောတာပါ။ ဆေးဧကရာဇ် စိတ်ထဲ မထား ပါလိမ့်မယ် လို့ မျှော်လင့်ပါတယ်" ဟု တောင်းပန်လေသည်။

"ရပါတယ်။ ဂိုဏ်းချုပ်လိန် အရမ်း အားနာနေဖို့ မလိုပါဘူး"

ဟု ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါရင်း ပြန်ပြောလိုက်သည်။

သူတို့၏ နှလုံးသားများထဲတွင် ဖုန်းဝူချန်၏ နေရာ မမြင်နိုင်စွာ မြင့်တက်သွားခဲ့ပြီး လိန်ဝူယဲ့နှင့် စန်းဟွမ်တို့ပင်လျှင် အလွန်အမင်း လေးစားစွာ ပြုမူ နေကြရ၏။

All Chapters