မီးအဆိပ်ကို ထိန်းချုပ်စိုးမိုးခြင်း
Vol. 22 Ch. 325
~"မင်းမှာ အရည်အချင်း မရှိဘူး။ လစ်လိုက်တော့။"
ထိုရေခဲတမျှ အေးစက်သော စကားလုံးများမှာ ပေတိုရှုံ၏ ခန္ဓာကိုယ်ပေါ်သို့ ရေခဲရေများ လောင်းချလိုက်သကဲ့သို့ ဖြစ်သွား၏။ သူ၏ တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိနေသော မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
ဖုန်းဝူချန်က သူ့အား အရည်အချင်းမရှိဟု ပြောရဲသည်တဲ့။ ပြီးတော့ သူ့ကို "လစ်လိုက်" ဟုပင် ပြောရဲပါတကား။ ပေတိုရှုံတစ်ယောက် မယုံကြည်နိုင် ဖြစ်သွားမိသည်။
ကြီးမားသော ဒေါသမီးများက ပေတိုရှုံ၏ ရင်ထဲတွင် တဟုန်းဟုန်း လောင်ကျွမ်းလာ၏။ ထိန်းချုပ်မရနိုင်သော လူသတ်စိတ်ဆန္ဒ ပေါက်ကွဲ ထွက်ပေါ်လာပြီး ပေတိုရှုံ တစ်ယောက် လုံးဝ သည်းမခံနိုင်တော့ပေ။
ပေတိုမိသားစု၏ အစွမ်းထက် အဖွဲ့ဝင်တစ်ဦးကို ဖုန်းဝူချန်က အရည်အချင်းမရှိဟု ဆိုလိုက်ခြင်းမှာ ပေတိုရှုံအား ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ပေတိုရှုံ၏ အမြင်တွင် ဖုန်းဝူချန်က ပေတိုထျန်းယဲ့ကို လက်သီးတစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့ခြင်းမှာ ပေတိုထျန်းယဲ့က သတိမမူဘဲ ပေါ့ဆသွားသောကြောင့်သာ ဖြစ်လေ၏။ တကယ့်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ကြလျှင် မည်သူ နိုင်မည် ရှုံးမည်ကို ပြောရန် ခက်ခဲနေသေးသည်ဟု သူ ယုံကြည်ထားသည်။
"ငါ မင်း အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်။" ပေတိုရှုံ၏ မျက်နှာမှာ ရက်စက်စွာ ရှုံ့တွသွားပြီး သူက အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။ ထိုစကားလုံးများထဲတွင် သွေးဆာနေသည့် အရှိန်အဝါတို့ ကိန်းအောင်းနေ၏။
ထျန်းယွမ်ဘုံ ပဉ္စမလွှာ အထွတ်အထိပ်မှ သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ရာ လွှမ်းမိုးနိုင်သော အရှိန်အဝါက လှိုင်းလုံးကြီးများသဖွယ် တိုးဝှေ့လာသည်။ ပေတိုရှုံ၏ ဒေါသမှာ မီးတောင် ပေါက်ကွဲမှုတစ်ခုနှယ် ဖြစ်ပေါ်လာသည်ကို လူတိုင်း ခံစားလိုက်ရ၏။ ထိုကြောက်မက်ဖွယ် စွမ်းအားက ပေတိုရှုံအား ထျန်းယွမ်ဘုံ ဆဌမလွှာ၏ တံခါးဝသို့ပင် တွန်းပို့နေသကဲ့သို့တည်း။
ပေတိုရှုံ၏ အစွမ်းမှာ လိန်ဝူယဲ့၊ နန်းကုန်းလီတို့နှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် လုံလောက်နေပြီ ဖြစ်သည်။ ပေတိုမိသားစု၏ အစွမ်းထက် အဖွဲ့ဝင်များမှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြပေ။
"ဘုန်း။"
ပေတိုရှုံက လေဟာနယ်ကို အားအပြည့် နင်းတက်လိုက်ရာ ဟိန်းဟောက်သံနှင့်အတူ အစွမ်းထက်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ ပစ်ထွက်သွားပြီး သူ၏ နောက်တွင် အရိပ်ရှည်ကြီးတစ်ခု ထားရစ်ခဲ့၏။
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားများမှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်လာသည်။ ကြီးမားပြီး တိုးဝှေ့နေသော အရှိန်အဝါက အရူးအမူး ထိုးတက်သွား၏။ ထူးဆန်းသော သွေးနီရောင် စွမ်းအင်များက ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တောက်ပသော သွေးရောင်အလင်းတန်းက လေဟာနယ်ကို လင်းထိန်သွားစေကာ ပတ်ဝန်းကျင်တစ်ခုလုံး သွေးနီရောင် ဆိုးသွားစေတော့သည်။
"ထျန်းယွမ်ဘုံ တတိယလွှာ။" ပေတိုရွှမ်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူ၏ ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားသည်။
"ဒီအရှိန်အဝါက ထျန်းယွမ်ဘုံ ပဉ္စမလွှာကို ကျော်သွားပြီ။ ပြီးတော့ ဆက်တက်နေတုန်းပဲ။" ပေတိုယွင်ဖုန်းက မယုံကြည်နိုင်သည့်အလား မျက်နှာထားဖြင့် တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
"တတိယလွှာ ကျင့်ကြံအဆင့်နဲ့။ ဒါ" ပေတိုမိသားစု၏ အစွမ်းထက် အဖွဲ့ဝင်များအားလုံး အံ့အားသင့် မှင်သက်သွားကြ၏။
ပေတိုထျန်းယဲ့မှာ ဖုန်းဝူချန်ကို ကြောင်ငေး စိုက်ကြည့်နေမိသည်။
‘သူ သူက ထျန်းယွမ်ဘုံ တတိယလွှာမှာပဲ ရှိတဲ့ တစ်ယောက်ရဲ့ လက်သီးတစ်ချက်တည်းနဲ့ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်တဲ့။’
ပေတိုရှုံမှာလည်း ဖုန်းဝူချန်ကို မှင်သက်စွာ ကြည့်နေမိ၏။ ဖုန်းဝူချန်၏ တဟုန်ထိုး တက်လာသော အရှိန်အဝါက သူ့ကို ကျော်လွန်သွားခဲ့လေပြီ။
ပေတိုရှုံကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
"ဝှီး။"
"ဘုန်း။"
သူ ပြန်ပေါ်လာသောအခါ လူကိုပင် မမြင်ရသေးမီ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ပေတိုရှုံတစ်ယောက် သွေးများ မအောင့်နိုင်ဘဲ အန်ချလိုက်ရပြီး သူ၏ ကိုယ်မှာ အဟုန်ပြင်းစွာ လွင့်ထွက်သွားတော့သည်။
ဖုန်းဝူချန်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ ပေတိုရှုံတစ်ယောက် အတပ်သိလိုက်သော်လည်း လုံးဝ တုံ့ပြန်ချိန် မရလိုက်ပေ။ ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှုက သူ့ကို လုံးဝ အငိုက်မိသွားစေခဲ့သည်။
တစ်ချက်တည်းသော လက်သီးချက်ကြောင့် ပေတိုရှုံတစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိသွား၏။ သူ၏ ရင်ဘတ်မှာ ပေါက်ကွဲထွက်မတတ် ဝေဒနာကို မအောင့်နိုင်တော့ဘဲ ဖြစ်သွားရသည်။
တစ်ဖန် နေရာတစ်ခုလုံးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ပေတိုမိသားစု၏ အစွမ်းထက် မျိုးဆက်သစ်မှာ ဖုန်းဝူချန်အတွက် ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။
ဖုန်းဝူချန်က ပေတိုထျန်းယဲ့ကို လက်သီးတစ်ချက်၊ ပေတိုရှုံကို နောက်တစ်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ သူ၏ ခွန်အားမှာ အစွန်းရောက်လှပါ၏။
"ဖုန်းဝူချန်က အရမ်း အစွမ်းထက်လွန်းတယ်။ တော်တော် ကြောက်ဖို့ကောင်းတာပဲ။"
"ပေတိုထျန်းယဲ့ရော ပေတိုရှုံရော နှစ်ယောက်လုံးက ထျန်းယွမ်ဘုံ ဆဌမလွှာ အစွမ်း ရှိတာကို ဖုန်းဝူချန်က သူတို့ကို တစ်ယောက် တစ်ချက်စီနဲ့ နိုင်သွားတယ်။"
"ဖုန်းဝူချန်ရဲ့ အစွမ်းက ထျန်းယွမ်ဘုံ သတ္တမလွှာနဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ်။ ပြီးတော့ သူ့မှာ 'ကိုးထပ် ချန်ခွင်း မျှော်စင်' လည်း ရှိသေးတယ်။"
လိန်ဝူယဲ့နှင့် နန်းကုန်းလီ အပါအဝင် အဓိက အင်အားစုကြီးများမှ ထိပ်သီးပညာရှင် အားလုံး၏ မျက်နှာများတွင် တုန်လှုပ်မှုများ ထင်ဟပ်နေလေသည်။
ပေတိုမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာလည်း အတွင်းစိတ်ထဲထိ လှုပ်ခါသွားကြ၏။
ထျန်းယွမ်ဘုံ တတိယလွှာ၏ ကျင့်ကြံအဆင့်က ဆဌမလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ပြီး ပေတိုရှုံကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်။
ဘယ်လို
ဒါကြီးက ဘယ်လို နတ်ဆိုးသဖွယ် စွမ်းအားမျိုးပါနည်း။
"အဆင့် သုံးဆင့် ကွာတယ်….." အပြင်းအထန် ဒဏ်ရာရနေသော ပေတိုရှုံက ဖုန်းဝူချန်ကို အံ့ဩမှု၊ ကြောက်ရွံ့မှုများဖြင့် စိုက်ကြည့်နေမိသည်။
"တော်တော် ပြင်းထန်တဲ့ စွမ်းအားပဲ။" ပေတိုယွင်ဖုန်းက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"ဒီကောင့်ရဲ့ အစွမ်းက ငါ့ထက်တောင် သာနေတယ်။" ပေတိုယန့်ခုံ၏ မျက်နှာအိုကြီးမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သူ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အစွမ်းကို နားမလည်နိုင်တော့ပေ။
ပေတိုရွှမ်း၏ မျက်နှာမှာ ပို၍ပင် လေးနက်သွားသည်။ ဤမျှ ကြောက်မက်ဖွယ် ပါရမီရှင်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ပေတိုယန်ပင်လျှင် ဖုန်းဝူချန်၏ နတ်ဆိုး ဆန်မှုနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
"ငါ မင်းမှာ အရည်အချင်း မရှိဘူးလို့ ပြောသားပဲ။ မင်းက ဒုက္ခကို ကိုယ်တိုင် ရှာတာ။ သေချာ နားထောင်ထား ၊ မင်းက ငါ့လက်နဲ့ သေရမယ့် အရည်အချင်းတောင် မရှိဘူး။" ဖုန်းဝူချန်က အေးစက်စွာ ကဲ့ရဲ့လိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက အပြင်းအထန် ဒဏ်ရာရနေသော ပေတိုရှုံထံသို့ ရိပ်ခနဲ ရောက်သွားသည်။
မောက်မာထောင်လွှားမှုဆိုသည်မှာ ဘယ်လိုမျိုးလဲ။
ဒါကို ဖုန်းဝူချန်က သက်သေပြလိုက်ခြင်း ဖြစ်သည်။
ပေတိုမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ရှေ့မှောက်တွင် ပေတိုမိသားစု၏ အစွမ်းထက် အဖွဲ့ဝင်တစ်ဦးကို ဤသို့ စော်ကားရဲသူ ဘယ်သူ ရှိဦးမည်နည်း။
ဖုန်းဝူချန်က ထိုစကားများကို ပြောလိုက်သည်နှင့် ပေတိုရွှမ်း အပါအဝင် ပေတိုမိသားစု အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာများမှာ သိသိသာသာ မည်းမှောင်သွားကြ၏။
ဖုန်းဝူချန်က ပေတိုမိသားစုကို ဤသို့ မောက်မာစွာ စော်ကားလိုက်ခြင်းမှာ သူတို့ကို လုံးဝ အလေးမထားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
"ထျန်းယွမ်ဘုံ ဆဌမလွှာရဲ့ အစွမ်းလောက်နဲ့ ငါတို့ ပေတိုမိသားစုကို တုန်လှုပ်အောင် မလုပ်နိုင်သေးဘူး။ ကောင်လေး မင်းသာ ငါတို့ ပေတိုမိသားစု လက်အောက်ကို ခိုဝင်မယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ချမ်းသာပေးလိုက်မယ်။" ပေတိုယွင်ဖုန်းက သူ၏ မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်လျက် အေးစက်စွာ ဆိုသည်။
ပေတိုယွင်ဖုန်း၏ ရပ်တည်ပုံအရ သူကိုယ်တိုင် ဝင်ရောက် လှုပ်ရှားရန် ပြင်ဆင်နေဟန်တူ၏။
ကံဆိုးစွာပင် ဖုန်းဝူချန်က သူ့ကို လှည့်ပင် မကြည့်ခဲ့ပေ။ ပေတိုယွင်ဖုန်း ရှိနေသည်ကိုပင် လုံးဝ လျစ်လျူရှုထားလိုက်သည်။
ဖုန်းဝူချန်က ပေတိုယန့်ခုံထံသို့ ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးထက်တွင် အပြာရောင် မီးတောက်တစ်ခု ဖြစ်ပေါ်လာပြီး သူက ခနဲ့လိုက်၏။
"ပေတိုယန့်ခုံ မင်း အခု ငါ့ရှေ့မှာ ဒူးထောက်ပြီး အသနားခံရင် …ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားကောင်း စဉ်းစားလိုက်မယ်။"
"မင်းသာ ဒီအဘိုးကြီးရှေ့မှာ ဒူးထောက် ဦးချမယ်ဆိုရင် ငါ မင်းကို မြန်မြန်ဆန်ဆန် သေခွင့် ပေးလိုက်နိုင်တယ်။" ပေတိုယန့်ခုံက အုံ့မှိုင်းသော လေသံဖြင့် ဆိုသည်။
သူ၏ လက်ဖဝါးပေါ်မှ အပြာရောင် မီးတောက်များ ပိုမို ပြင်းထန်လာသည်။ ဖုန်းဝူချန်က အေးစက်စွာ မှတ်ချက်ချ၏။ "ပေတိုမိသားစုက မင်းလို ပဉ္စမ အဆင့် ဆေးပညာရှင် တစ်ယောက်ကိုသာ ဆုံးရှုံးလိုက်ရရင် ဘယ်လိုထင်လဲ။"
အတွေးတစ်ချက်ဖြင့် ဖုန်းဝူချန်က ပေတိုယန့်ခုံ၏ ကိုယ်တွင်းမှ မီးအဆိပ်ကို ပြတ်သားစွာ ထိန်းချုပ်ကာ ဆွဲထုတ်လိုက်သည်။
ပေတိုယန့်ခုံ၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွား၏။ သူ၏ အတွင်းထဲမှ ကြောက်မက်ဖွယ် မီးအဆိပ်များမှာ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ထကြွလာပြီး သူ၏ ခန္ဓာကိုယ်ကို မီးခိုးနက်များက လွှမ်းခြုံသွားကာ အနက်ရောင် အစင်းကြောင်းများက သူ၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
"ဖုန်းဝူချန်က မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်။" ပေတိုရွှမ်းက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"အကြီးအကဲ။" ပေတိုယွင်ဖုန်းတို့ အုပ်စုမှ လူများမှာ ထိတ်လန့်တကြား နောက်သို့ ဆုတ်သွားကြ၏။
"အား။"
မီးအဆိပ်က စတင် အာနိသင်ပြသောအခါ ပေတိုယန့်ခုံထံမှ နှလုံးသားကို ဆွဲခါလောက်အောင် နာကျင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး အတွင်း ကလီစာများပါ လောင်ကျွမ်းနေသဖြင့် မြေပြင်ပေါ်တွင် အရူးအမူး လူးလှိမ့်နေတော့သည်။
မီးအဆိပ်၏ ကြောက်မက်ဖွယ် အငွေ့အသက်က လူတိုင်းကို ထိတ်လန့်တကြား နောက်ဆုတ်သွားစေသည်။
ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများမှာ ကျောက်ရုပ်များပမာ တောင့်ခဲသွားကြ၏။ ဖုန်းဝူချန်က ဖုန်းဝူချန်က မီးအဆိပ်ကို အမှန်တကယ် ထိန်းချုပ်နိုင်ပါတကား။
"ဖုန်းဝူချန်။ ရပ်လိုက်စမ်း။" ပေတိုယွင်ဖုန်းက ထိတ်လန့်တကြား ဟိန်းဟောက်လိုက်သည်။
"ပေတိုယန့်ခုံ ကျုပ်ကို ဒူးထောက် အသနားခံလေ။ ခင်ဗျားအသက်ကို ချမ်းသာပေးကောင်း ပေးလိုက်မယ်။" ဖုန်းဝူချန်က ပေတိုယွင်ဖုန်းကို နောက်တစ်ကြိမ် လျစ်လျူရှုရင်း ခပ်ဖျော့ဖျော့ အေးစက်စွာ ပြုံးလိုက်သည်။
"အား" ပေတိုယန့်ခုံ၏ နာကျင်စွာ အော်ဟစ်သံများမှာ ကြည့်ရှုရန် မခံနိုင်လောက်အောင် ဖြစ်နေပြီး ရှိနေသူတိုင်းမှာ ကြောက်လန့်တကြား တောင့်ခဲနေကြသည်။
"ယွင်ဖုန်း။ မြန်မြန်လုပ်။" ပေတိုရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပေတိုယန့်ခုံ၏ မီးအဆိပ် ထကြွမှုကို ဖိနှိပ်ရန် သူ၏ အစစ်အမှန်ယွမ်စွမ်းအင်ကို အလျင်အမြန် ဆင့်ခေါ်လိုက်၏။
အဋ္ဌမလွှာ ထျန်းယွမ်ဘုံ၏ အစွမ်းအစက ရှိနေသူတိုင်းကို တုန်လှုပ်စေသည်။
ပေတိုယွင်ဖုန်း ချက်ချင်း လှုပ်ရှားလိုက်ပြီး အခြား အကြီးအကဲ နှစ်ဦးပါ လိုက်ပါလာ၏။
ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်စွမ်းအင် စီးကြောင်းများက ပေတိုယန့်ခုံ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး မီးအဆိပ်ကို အတင်းအကျပ် ဖိနှိပ်လိုက်တော့သည်။
"မီးအဆိပ်က ပြန်မဝါးမျိုသွားအောင်တော့ သတိထားကြဦး။" ဖုန်းဝူချန်က သူ၏ လက်ထဲမှ အပြာရောင် မီးတောက်များကို ဆက်လက် ကစားရင်း ခပ်ဖျော့ဖျော့ အေးစက်စွာ ပြုံးလိုက်သည်။
ပေတိုရွှမ်းနှင့် အခြားသူများ၏ ပူးပေါင်း ကြိုးပမ်းမှုအောက်တွင် ပေတိုယန့်ခုံ၏ မီးအဆိပ်မှာ နောက်ဆုံးတွင် ဖိနှိပ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များနှင့် မီးခိုးနက်များ ပျောက်ကွယ်သွားလေ၏။
သို့ဖြစ်သော်ငြားလည်း ထိုအကျိုးဆက်အနေဖြင့် ပေတိုရွှမ်းနှင့် အခြားသူများမှာ သူတို့၏ အစစ်အမှန်ယွမ်စွမ်းအင် အများအပြားကို သုံးစွဲလိုက်ရသည်။
ပေတိုယန့်ခုံ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ကြောက်ရွံ့မှုများက ကပ်ငြိနေဆဲ ဖြစ်သည်။ သူက အသက်ကို အငမ်းမရ ရှူရှိုက်နေရပြီး လုံးဝ မောပန်းနွမ်းနယ်ကာ အလွန်အမင်း အရှက်ရနေသည့် အခြေအနေသို့ ရောက်သွား၏။
မီးအဆိပ်၏ ညှဉ်းပန်းနှိပ်စက်မှုမှာ ဆေးပညာရှင် တစ်ယောက်အတွက် အမှန်တကယ် မခံမရပ်နိုင်စရာ ကောင်းလှသည်။
"ဖုန်းဝူချန်။" ပေတိုရွှမ်း၏ မျက်နှာမှာ တဆတ်ဆတ် လှုပ်ခါသွားပြီး သူ၏ ဒေါသများ တိုးဝှေ့ ထွက်ပေါ်လာတော့သည်။
ပေတိုယန့်ခုံသည် ပေတိုမိသားစုအတွက် အလွန် အရေးပါပြီး သူတို့၏ ကြီးထွားမှုအတွက် အုတ်မြစ် ဖြစ်သည်။ ပေတိုယန့်ခုံကို ပစ်မှတ်ထားခြင်းဖြင့် ဖုန်းဝူချန်က ပေတိုရွှမ်းကို အမှန်တကယ် ဒေါသထွက်စေခဲ့လေပြီ။
"ခင်ဗျားတို့မှာ မီးအဆိပ်ကို ဖိနှိပ်ဖို့ အစစ်အမှန်ယွမ်စွမ်းအင် ဘယ်လောက်များ ရှိနေလို့လဲ ဟမ်။ ဘယ်အချိန်မဆို ငါ အဲ့ဒါကို နောက်တစ်ခါ ထပ်ထကြွလာအောင် လုပ်နိုင်သေးတယ်။" ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း မေးလိုက်၏။
ဤစကားကို ကြားသောအခါ ပေတိုယန့်ခုံ၏ မျက်နှာ ညှိုးနွမ်းသွားပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
"ဖုန်းဝူချန်.. မင်း ပေတိုမိသားစုကို စော်ကားတဲ့ အကျိုးဆက်ကို နားမလည်သေးဘူး ထင်တယ်။ မင်းရဲ့ မိသားစု မင်းရဲ့ သူငယ်ချင်းတွေကို စဉ်းစားကြည့်စမ်း၊ အကြီးအကဲသာ သေသွားရင် မင်းနဲ့ ပတ်သက်သမျှ ဘယ်သူ့ကိုမှ အသက်ချမ်းသာပေးမှာ မဟုတ်ဘူး။" ဒုတိယ အကြီးအကဲ ပေတိုယန်ချုံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"စတုတ္ထ အဆင့် လက်နက်သန့်စင်သူ။ ခင်ဗျားအသက်က ကျုပ် လက်ထဲမှာ ရှိနေတာတောင် မင်းက ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်။" ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်သော အကြည့်က ပေတိုယန်ချုံထံသို့ ရိပ်ခနဲ ရောက်သွား၏။
အတွေးတစ်ချက်မျှဖြင့် အပြာရောင် မီးတောက်များက ပေတိုယန်ချုံ၏ ကိုယ်တွင်းမှ မီးအဆိပ်ကို ထိန်းချုပ်လိုက်သည်။
မီးအဆိပ် ရုတ်တရက် ထကြွလာသည်ကို ခံစားလိုက်ရသည်နှင့် ပေတိုယန်ချုံ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
"အား။"
ကြောက်မက်ဖွယ် မီးအဆိပ်များက အရိုင်းအစိုင်း ပေါက်ကွဲ ထွက်ပေါ်လာပြီး ပေတိုယန်ချုံတစ်ယောက် အော်ဟစ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ မီးခိုးနက်များ ထွက်ပေါ်လာပြီး ပြင်းထန်သော မီးတောက်များက ဝါးမြိုသွားလေ၏။
"ဒုတိယ အကြီးအကဲ။"
ပေတိုရွှမ်း၊ ပေတိုယွင်ဖုန်းနှင့် အခြားသူများ၏ မျက်နှာများမှာ နောက်တစ်ကြိမ် ဖြူဖျော့သွားကြပြီး သူတို့၏ အစစ်အမှန်ယွမ်စွမ်းအင်ကို ဆင့်ခေါ်ကာ ဖိနှိပ်ရန် အလျင်အမြန် ပြေးဝင်သွားကြသည်။
"မောက်မာလှချည်လား။"
ထိုအခါ ဤမျှထိ တည်ငြိမ်နေခဲ့သော ပေတိုယန် တစ်ယောက် နောက်ဆုံးတွင် လှုပ်ရှားလာသည့် အရိပ်အယောင်များ ပြလာသည်။ သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ကြီးမားလှသော အရှိန်အဝါတစ်ခုက ဝေ့ဝဲ ထွက်ပေါ်လာ၏။
"တော်တော် အစွမ်းထက်တာပဲ။" ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ အကြည့်က ပေတိုယန်ထံသို့ စူးစိုက်သွား၏။
ပေတိုယန် ရုတ်တရက် ထုတ်လွှတ်လိုက်သော ကြီးမားလှသည့် အရှိန်အဝါက ဖုန်းဝူချန်အား တစ်ခါမျှ မခံစားဖူးသော ကြီးကျယ်မှု အာရုံကို ပေးစွမ်းလိုက်သည်။ ဤအရှိန်အဝါက ပေတိုရွှမ်းထက်ပင် ပို၍ ကြီးမားနေပါတကား။
ပေတိုယန်က ပေတိုရွှမ်းထက် ပိုမို အစွမ်းထက်ပါက ပေတိုမိသားစုတွင် အဋ္ဌမလွှာ ထျန်းယွမ်ဘုံ ပညာရှင် နှစ်ဦး ရှိနေသည်ဟု ဆိုလိုနေသည်။
'သူက ပေတိုမိသားစုမှာ အသန်မာဆုံး နံပါတ်တစ် ပါရမီရှင် ဖြစ်နိုင်မလား။' ဖုန်းဝူချန်က ပေတိုယန်ကို အကဲခတ်ရင်း တိတ်တဆိတ် တွေးတောနေမိသည်။
စူးရှသော အကြည့် တစ်ချက်တည်းကပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။ ဤသည်မှာ ပေတိုမိသားစု၏ ထိပ်သီး ပါရမီရှင်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်ပင်။
လိန်ဝူယဲ့၊ စန်းဟွမ်နှင့် အခြား ထိပ်သီး ပညာရှင်များအားလုံးမှာ ပေတိုယန် သူ၏ အစွမ်းကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်၌ သူ၏ အပေါ်သို့ စူးစိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာထားများမှာ မယုံနိုင်လောက်အောင် လေးနက်သွားကြသည်။
ပေတိုယန်၏ လွှမ်းမိုးနိုင်သော တည်ရှိမှုက လူတိုင်းအား တစ်ခါမျှ မခံစားဖူးသော ဖိအားတစ်ရပ်ကို ခံစားစေရသည်။ ကြီးမားသော တောင်ကြီးတစ်လုံးက သူတို့၏ ရင်ဘတ်ပေါ်တွင် ဖိထားသည့်အလား အသက်ရှူရန်ပင် ခက်ခဲလာ၏။
"ဝှီး။"
မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကြီး သတိမထားလိုက်မိမီ ပေတိုယန်၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကောင်းကင်ယံ အမြင့်သို့ ရောက်ရှိနေလေပြီ။
"ဖုန်းဝူချန် မင်း အရမ်း မလွန်လာနဲ့။" ပေတိုယန်က မျက်နှာတွင် ခံစားချက် တစ်စုံတစ်ရာ မရှိဘဲ ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။
ပေတိုယန်၏ အတွင်းထဲမှ ရေခဲတမျှ အေးစက်သော လူသတ်စိတ်ဆန္ဒက တိုက်ခတ် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါက အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် တိုးဝှေ့လာသည်။ တစ်ခဏအတွင်းမှာပင် ပေတိုယန်၏ အရှိန်အဝါမှာ အဋ္ဌမလွှာ ထျန်းယွမ်ဘုံ အဆင့်သို့ ရောက်ရှိသွားတော့သည်။
"အဋ္ဌမလွှာ ထျန်းယွမ်ဘုံ။" သူ၏ တဟုန်ထိုး တက်လာသော အရှိန်အဝါက လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။
လိန်ဝူယဲ့၊ စန်းဟွမ်နှင့် နန်းကုန်းလီတို့၏ မျက်လုံးများအားလုံးမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
"သခင်လေး။ သူ့ကို သတ်လိုက်ပါ။"
"ဖုန်းဝူချန်က မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်၊ သူ့ကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး။"
"ဟုတ်တယ်။ ဖုန်းဝူချန်ကို သတ်လိုက်ပါ။"
ပေတိုမိသားစုမှ လူများမှာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြသည်။
“သူက ပေတိုမိသားစုရဲ့ ထိပ်သီး ပါရမီရှင် ဆိုတာ မှန်တာပဲ။”
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွား၏။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ပင်တည်း။