ထောင်ချောက်ထဲသို့ ခြေလှမ်းစေခြင်း
Vol. 1 Ch. 214
"အရှင်ကျန်း ... ဒါက တံဆိပ်ပြားတွေ အကုန်လုံးပါ ... စုစုပေါင်း ၆၃၂၆ခု"
တံဆိပ်ပြားများကို စုစည်းပေး နေကြသော ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများ ပြန်ရောက် လာကြသည်။ ကျန်းရီလည်း အချိန်ဆွဲ မနေတော့ပဲ တံဆိပ်ပြားများ အားလုံးကို မီးဝိညာဉ်ပုလဲ အတွင်း ထည့်၍ သိမ်းဆည်းလိုက်သည်။ သူ့တွင် ရှိပြီးသား ဖြစ်သော တံဆိပ်ပြားများနှင့် ပေါင်းလိုက်သော် တံဆိပ်ပြား စုစုပေါင်း ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှိပြီဖြစ်လေသည်။ သူရရှိထားသော အမှတ်သည် ထိပ်ဆုံးတွင် ရှိနေလောက်သည်။
"သွားကြစို့၊ ယွင်ဖေး ... ရှားထျန်းနဲ့ ကျန်းစွန်းဝူကျိ ရှိတဲ့နေရာကို ခြေရာခံဖို့ ငါ့ကို ကူညီပေး ... ငါတို့ သူတို့အဖွဲ့နဲ့ တခြားလူ နည်းနည်းကို သတ်ပြီးရင် ပထမနေရာ သေချာ သလောက်ပဲ"
ကျန်းရီသည် လက်ယမ်းလိုက်ပြီး သူတို့လူစုသည် တောအုပ် အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ခွာ လိုက်ကြသည်။ ယွင်ဖေး၏ သစ်ပင်များကို ရွေ့လျားနိုင်သော စွမ်းရည်ကြောင့် တစ္ဆေ တောအုပ်သည် သူတို့အား ပိတ်လှောင် မထားနိုင်တော့ပေ။ တစ်ခဏ အတွင်း သူတို့လူစု တစ္ဆေတောအုပ် အပြင်ဘက်သို့ ရောက်ရှိ သွားကြသည်။
တောအုပ် အပြင်ဘက်သို့ ရောက်သောအခါ ကျန်းရီသည် တစ်ဖွဲ့လုံးအား အရင် သွားနှင့်ရန် ပြောလိုက်ပြီး မီးဝိညာဉ် ပုလဲထဲမှ ဝိုင်အကောင်းစား တစ်ပုလင်းကို ဆွဲထုတ်ကာ တစ္ဆေတောအုပ် အပြင်ဘက်တွင် လောင်းချလိုက်သည်။ ထို့နောက် ဝိညာဉ်သားရဲ အဆောင်ကို ထုတ်ကာ တွင်းတစ်ခု တူး၍ မြှုပ်နှံလိုက်ပြီး တစ္ဆေ တောအုပ်အား ငေးကြည့် နေခဲ့သည်။
"သွားကြစို့ ...”
ကျန့်ဝူရွှမ်းသည် ကျန်းရီထံ လျှောက်လာပြီး ပခုံးအား ပုတ်ပေးလိုက်သည်။
"ဝိညာဉ်သားရဲ တစ်ကောင် တိုက်ပွဲမှာ သေဆုံး သွားတာက ဖြစ်နေကျပဲ၊ ဒါပေမဲ့ ဒီငွေလ ဝံပုလွေက တော်တော်လေး ရှားတယ် ... နှမြောဖို့တော့ ကောင်းသား"
"ဟူး ...”
ကျန်းရီသည် သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး ကျန်လူအုပ်နှင့် အတူ ပြေးကာ ထွက်လာခဲ့သည်။ ငွေလ ဝံပုလွေသည် ကျန့်ဝူရွှမ်း၏ မျက်လုံးထဲတွင် ဝိညာဉ်သားရဲ တစ်ကောင်သာ ဖြစ်သော်လည်း ကျန်းရီ အတွက်မူ သူ့ကို လပေါင်းများစွာ အဖော်ပြု ပေးခဲ့ကာ အကြိမ်ကြိမ် ကယ်တင်ခဲ့သည့် အဖော်မွန် တစ်ယောက် ဖြစ်လေသည်။
***
ရွှေယို့လန် သူမပုံရိပ်ကို ထင်ဟပ်ပြ လာပြီးနောက် ရွှေကျင်းရှီ လွင်ပြင်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘယ်သူမှ ရွှေယို့လန် ပြောခဲ့သည့် စကားများကို မကြားခဲ့ကြရာ ထိုလူများ မည်မျှ စိတ်ဝင်စား နေကြပါစေ၊ ဘာဖြစ်ခဲ့သည်ကို အတိအကျ မသိကြရပေ။
ကျန်းစွန်းဝူကျိနှင့် ရှားထျန်းသည်လည်း စိတ်လှုပ်ရှား နေခဲ့သည်။ ရွှေယို့လန် ပေါ်ထွက်လာခြင်း ရွှေချမ်လော့ အန္တရာယ် ရှိနေ၍သာ ဖြစ်နိုင်လေသည်။ ရွှေချမ်လော့နှင့် ယွင်ဟဲသည် ကျန်းရီကို ဝိုင်းဝန်း၍ သတ်ဖြတ်ကြရန် ထွက်သွားကြောင်း သူတို့နှစ်ယောက် သိကြသည်။ ဘာပဲ ဖြစ်လာလာ ကျန်းရီ သေမည်မှာ သေချာလှသည်။ ရွှေယို့လန်သည် ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ကျန်းရီ ခုခံနိုင်မည် မဟုတ်ပေ။
ကျန်းစွန်းဝူကျိသည် ရွှေယို့လန်၏ ပုံရိပ်ပျောက် သွားသည်အထိ စောင့်လိုက်ပြီး လူတစ်ယောက် လင်းတ သားရဲကို ထိန်းချုပ်စေ၍ တစ္ဆေတောအုပ် အနီး လှည့်ပတ်ပျံသန်း နေစေလိုက်သည်။ ကျန်းရီသေကြောင်း မသေချာသေး သရွေ့ သူ့စိတ်နှလုံး ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။
"သတင်း ပို့ပါတယ် ...”
တစ်ရက် ကြာပြီးနောက် လင်းတသားရဲ ပြန်ရောက်လာပြီး ကျန်းစွန်းဝူကျိထံ သတင်းရောက်ရှိ လာလေသည်။
"ခေါင်းဆောင်ငယ် ကျန်းရီကို လင်းတသားရဲ တွေ့ခဲ့ပါတယ်၊ ရွှေယွဲ့လျန် မျှော်စင်က လူတွေ ကျန်းရီကို ကြိုးချည်ထားပြီး ရှန်မိနိုင်ငံက လူတွေနဲ့အတူ ထွက်ခွာ လာပါတယ် ... သူတို့ ခေါင်းအရေအတွက်က နည်းနည်းပဲရှိပြီး ယွင်ဟဲကိုတော့ မတွေ့ရပါဘူး ...”
"အခြေအနေက ဘယ်လိုလဲ ...”
ကျန်းစွန်းဝူကျိနှင့် ရှားထျန်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး နားမလည်ကြပေ။ လင်းတသားရဲသည် ဝေဖန်ဆုံးဖြတ် နိုင်သည့် အသိဉာဏ် ရှိသော်လည်း လူသား ဉာဏ်ရည်နှင့် တန်းတူ မဟုတ်ပေ။ ထို့ပြင် ယွင်ဟဲ၏ စစ်သည် ထောင်ချီသည် ဘယ်ရောက်သွား သနည်း ... ။ အဘယ့်ကြောင့် လူအနည်းငယ်သာ ကျန်ရှိရသနည်း ...
"ထပ်ပြီး စုံစမ်းချေ ...”
ခဏကြာအောင် တွေးတောပြီးနောက် သူတို့နှစ်ယောက်လုံး နားမလည် နိုင်ကြသည့် အပြင် အလျင်စလိုလည်း မလှုပ်ရှား ရဲကြပေ။ ထို့ကြောင့် လင်းတ သားရဲကို ဆက်လက် စောင့်ကြည့်ခိုင်း စေလိုက်သည်။
နေ့ဝက်ကြာသော် လင်းတသားရဲ ပြန်ရောက် လာခဲ့သည်။ ရလာသော သတင်းသည် ယခင် အတိုင်းပင်။ လူအနည်းငယ်သာ ရှိပြီး ကျန်းရီသည် ကြိုးဖြင့်တုပ်နှောင် ထားခြင်း ခံရသည်။ ရွှေချမ်လော့သည် ရွှေယွဲ့လျန် မျှော်စင်မှ မိန်းမလှလေးများ၏ လက်ထဲတွင် အိပ်နေလျက် ရှိပြီး ကြိုးဖြင့် တုပ်နှောင်ခံထား ရသူမှာ အခြား နှစ်ယောက်လည်း ရှိသေးဟန် တူလေသည်။ လင်းတ သားရဲသည် ထိုနှစ်ယောက်အား မမြင်ဖူးရာ မည်သူမှန်း ကောက်ချက် မချနိုင်ပေ။
"ဝူကျိ ... ငါတို့ သွားကြည့်ကြ မလား ...”
ရှားထျန်းသည် သူ့အား ယွင်ဟဲ ကျော်တက် သွားသောကြောင့် စိတ်စောလျက် ရှိသည်။ ထို့ကြောင့် ရလာသော အခွင့်အရေးအား လက်လွတ် မခံနိုင်ပေ။
"အလျင်လိုဖို့ မလိုပါဘူး"
ကျန်းစွန်းဝူကျိသည် တစ်ခဏမျှ စဉ်းစား လိုက်ပြီးနောက် အမိန့်ထပ်ပေး လိုက်သည်။
"လင်းတ သားရဲကို ကျန်းရီရှိတဲ့ ဧရိယာ တစ်ဝိုက်ကို အကဲခတ်ခိုင်း ပြီးရင် ယွင်ဟဲရဲ့ လူတွေ ချုံခိုပြီး ပုန်းနေကြလား ဆိုတာ ကြည့်ခိုင်းလိုက်"
ရှားထျန်း ခေါင်းညိတ်လိုက်ပြီး သတိထားခြင်းက ပိုကောင်းသည်ဟု တွေးလိုက်သည်။ သူတို့ကို ယွင်ဟဲက လှည့်စား၍ ဖမ်းဆီးလျှင် တစ်ဖွဲ့လုံး သေကုန်ကြ လိမ့်မည်။ သူတို့ နှစ်ယောက်သည် ကျန်းရီကိုတော့ သံသယ မဝင်မိကြပေ။ ရွှေယို့လန် ကိုယ်တိုင် ရုပ်ပုံပြလာသည် ဖြစ်ရာ ကျန်းရီ မသေသေးခြင်းကပင် အံ့သြစရာ ဖြစ်နေလေပြီ။
မကြာခင်တွင် သတင်းထပ်ရောက် လာခဲ့သည်။ တောင်ဘက်ခြမ်းရှိ ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိနေသော လူအနည်းငယ် ပါသည့် အုပ်စုလေး တစ်ခုမှတစ်ပါး အနီးအနားတွင် မည်သည့် စစ်တပ် တစ်ခုမှ ရှိမနေပေ။
"သွားကြစို့ ...”
ကျန်းစွန်ဝူကျိသည် လင်းတသားရဲ၏ ကင်းထောက် စွမ်းရည်ကို အနည်းငယ်မျှ သံသယ မဝင်ပေ။ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေး အုပ်စုသည် ယခုအခါ သစ်ပင်ငယ်လေးများ ပေါက်ရောက်လျက် ရှိသော တောတစ်ခုကို ဖြတ်သန်း နေကြသည်။ သို့သော် ထိုတောအုပ်တွင် အရေအတွက် ထောင်ချီသော စစ်သည်တို့ ပုန်းအောင်း နေနိုင်ရန် မဖြစ်နိုင်ပေ။
ကျန်းစွန်းဝူကျိသည် ကျန်းရီထံ သွားကြရန် ချက်ချင်း အမိန့်ပေး လိုက်သည်။ သူနှင့် ရှားထျန်းသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ခုနစ်ဆယ်ခန့် ပါဝင်သော လူအရေအတွက် တစ်ရာခန့်ကို ခေါ်ဆောင် သွားခဲ့သည်။ ရွှေယွဲ့လျန် မျှော်စင်မှ လူများနှင့် တိုက်ခိုက်ရမည် ဆိုလျှင်တောင် သူတို့ မကြောက်ပေ။ သူတို့တွင် ရေခဲသားရဲလည်း ရှိနေရာ အချိန်မရွေး ထွက်ပြေး နိုင်သေးသည်။
သို့သော် သူတို့ တိုက်ပွဲ စတင်ရန် သွားခြင်း မဟုတ်ပေ။ ကျန်းစွန်းဝူကျိသည် ကျန်းရီကို ကလဲ့စားချေရန် အခွင့် ရချင်၍ ဖြစ်ပြီး ရှားထျန်းသည် ရွှေချမ်လော့ကို ဆွဲဆောင်ရန် အခွင့်အရေး လိုချင်၍ ဖြစ်လေသည်။
***
နှစ်ရက် ကြာပြီးနောက် ...
တောအုပ် တစ်ခုထဲတွင် လူတစ်စုသည် အမြန်ဆုံးသော နှုန်းဖြင့် ရွေ့လျား နေကြသည်။ ကျန်းရီ၊ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့သည် ကြိုးဖြင့် ချည်နှောင်ထားခံ ရသည်။ ယွင်ဖေး၏ ကိုယ်မှ အဝါရောင် အလင်းများ တောက်ပနေပြီး ကီလိုမီတာ ငါးဆယ်အတွင်းရှိ သစ်ပင်များထံ အာရုံခံ နေခဲ့သည်။ သူမသည် ရုတ်တရက် မျက်လုံးဖွင့် လာခဲ့ပြီး ပြုံးလိုက်သည်။
"ကျန်းစွန်းဝူကျိ ငါးမျှားချိတ်မှာ မိပြီး ဒီဘက်ကို အပြေး လာနေပြီ။ နေ့ဝက်အတွင်း သူတို့အဖွဲ့ ငါတို့နဲ့ တွေ့လိမ့်မယ်"
"ကောင်းပြီ ...”
ကျန်းရီ သူ့ကိုယ်ကို လှုပ်ရှားလိုက်သည်။ သူသည် ကြိုးအချည်ခံ၍ အားနည်းဟန် ပြသကာ ကျန်းစွန်းဝူကျိ ငါးစာလာဟပ်မည့် အချိန်ကို စောင့်နေခဲ့သည်။ ရွှေယို့လန် ပေါ်ထွက်လာပြီး ကျန်းစွန်းဝူကျိသည် လင်းတ သားရဲကို စေလွှတ်ကာ သူထံ ထောက်လှမ်းရန် စေလွှတ်လိမ့် ဖြစ်ကြောင်း သူသိထားသည်။ အမှန်တကယ်လည်း ကောင်းကင်ထက်တွင် အနက်စက်လေးကို သူတွေ့ခဲ့ ရပေသည်။ သူသည် ကျန်းစွန်းဝူကျိကို နည်းနည်းပါးပါး ကစားကာ ထောင်ချောက်ထဲသို့ ကိုယ်တိုင် ခြေလှမ်းစေ လိုက်သည်။
ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် အယောက် လေးဆယ်ကျော် ရှိ၍ ကုထယ်နှင့် အခြား လူများသည် နှစ်ဆယ်ကျော် ရှိလေသည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတွင် နောက်လိုက် ရှစ်ဆယ်ကျော် ရှိသည်။ သူတို့တွင် ကျန်းစွန်းဝူကျိနှင့် ရှားထျန်းကို ရင်ဆိုင်ရန် လူအရေအတွက် အလုံအလောက် ရှိလေသည်။ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းမများသည် ကြမ်းလွန်းကြရာ အလကားရသော အင်အားကို မသုံးလျှင် ကျန်းရီ ရူးနေရ၍သာ ဖြစ်လိမ့်မည်။
"ယွင်ဖေး၊ ဆက်ပြီး ထောက်လှမ်းနေ ... ခဏ စောင့်ပြီးရင် ကျန့်ဝူရွှမ်းနဲ့ မင်းရဲ့ လူတွေကို လာခိုင်းလိုက်တော့။ ငါတို့ ရှေ့နောက်ညှပ်ပြီး တိုက်ကြမယ် ...”
ကျန်းရီသည် ညွှန်ကြားလိုက်ပြီး အနားယူရန် သစ်ပင်တစ်ပင်ကို မှီ၍ ထိုင်ချလိုက်သည်။ ကျန့်ဝူရွှမ်းနှင့် ကျန်လူများသည်လည်း နားလိုက်ကြပြီး ကျန်းစွန်းဝူကျိနှင့် သူ့လူများ ပေါ်လာမည်ကို အေးအေးလူလူ စောင့်နေ လိုက်ကြသည်။
"ဂရား ...”
နေ့ဝက်ခန့် ကြာသော် ကောင်းကင်၏ အရှေ့ဘက်ခြမ်းမှ နဂါးဟိန်းသံ တစ်ခု ပေါ်ထွက်လာခဲ့ပြီး ရေခဲနဂါးကြီး ပျံသန်းလာခဲ့သည်။ ကျန်းရီ၊ ကျန်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် မေ့မြောချင်ယောင် ဆောင်နေကြပြီး ကုထယ်နှင့် မိန်းမလှလေးများ၏ ခေါင်းဆောင် ရွှေကျုံးဟွာတို့သည် ကျန်းရီညွှန်ကြား ထားသည့်အတိုင်း မတ်တတ်ရပ်ကာ လာရောက်ကြသော ရန်သူများကို တိုက်ရန် ပြင်သည့် အနေအထား ပြုမူ လိုက်ကြသည်။
"ဝှစ် ...”
ရွှေယွဲ့လျန် မျှော်စင်မှ လူများနှင့် ကုထယ်၊ ဟော်ရှုတို့၏ လူများသည် အလျင်အမြန် လူစုခွဲလိုက်ကြပြီး လက်မှ အတွင်းအားများ ထုတ်ဖော် လိုက်ကြသည်။ သူတို့သည် တိုက်ပွဲ စတင်ရန် အဆင်သင့် အနေအထား ဟန်ဆောင် နေကြခြင်း ဖြစ်လေသည်။
"ဝှစ် … ဝှစ် ...”
အရှေ့ဘက်ခြမ်းမှ လူတစ်အုပ် လေအလျင်နှင့် ထွက်ပေါ် လာကြပြီး ကျန်းစွန်းဝူကျိနှင့် ရှားထျန်းတို့သည် ရေခဲနဂါးကြီး ထက်တွင် မတ်တတ်ရပ် လိုက်ကြပြီး အော်ပြောလိုက်သည်။
"မိန်းကလေး ချမ်လော့ ... ကျွန်တော်တို့ပါ ... မတိုက်ပါနဲ့ ...”
ရွှေချမ်လော့သည် အိပ်ပျော်နေဆဲ ဖြစ်သောကြောင့် ဘာမှ ပြန်မပြောနိုင်ပေ။ ရွှေကျုံးဟွာသည် ရှေ့သို့ နည်းနည်း တက်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ရှင်တို့ ဘယ်သူတွေလဲ ... ချက်ချင်း နောက်ဆုတ်၊ မဆုတ်ရင် မယဉ်ကျေးတဲ့ အတွက် ကျွန်မတို့ကို အပြစ်မတင်နဲ့ ...”
ကျန်းစွန်းဝူကျိနှင့် ရှားထျန်းတို့သည် မေ့မြော နေကြပြီး သွေးတို့ပေကျံ နေသည့် ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ရွှေချမ်လော့တို့ကို မြင်သောအခါ နှုတ်ခမ်း ထောင့်စွန်းများ ကော့တက်သွားပြီး သံသယ အရိပ်အယောင်များလည်း ပျောက်ကွယ် သွားကြသည်။
ကျန်းစွန်းဝူကျိသည် ရှားထျန်းကို တစ်ချက်ကြည့် လိုက်ရာ ရှားထျန်းသည် ရှေ့တက်လာ၍ လက်နှစ်ဖက်ကို ယှက်လိုက်သည်။
"ကျွန်တော်က ရှန်ဝူနိုင်ငံရဲ့ မင်းသား ရှားထျန်းပါ၊ မိန်းကလေး ချမ်လော့ရဲ့ မိတ်ဆွေဆိုလည်း ဟုတ်တယ်။ မင်း ... ဘာဖြစ် ထားတာလဲ ... ချမ်လော့ ဒဏ်ရာ ရထားတာလား ... ဘယ်သူက သူမကို ထိခိုက်အောင် လုပ်တာလဲ ...”
"အိုး ... ဒါက တတိယ မင်းသားပေါ့၊ ကျွန်မကို သခင်မလေးက ရှင့်အကြောင်း ပြောဖူးပါတယ်"
ရွှေကျုံးဟွာ၏ မျက်နှာထက်မှ တင်းမာမှုသည် ပျော့ပျောင်းသွားပြီး ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများကို နောက်ဆုတ်ကြရန် လက်ဟန်ပြ လိုက်ကာ ရှင်းပြလိုက်သည်။
"သခင်မလေးက ဒဏ်ရာရပြီး သတိလစ်နေတယ် ... ကျွန်မရှင့်ကို အသေးစိတ်တော့ ရှင်းမပြတော့ဘူး။ အရင်ဆုံး ပြန်လိုက်ပါ၊ သခင်မလေး သတိရလာတာနဲ့ ကျွန်မ ပြောပေးပါ့မယ်"
ရှားထျန်းနှင့် ကျန်းစွန်းဝူကျိသည် အေးစက်သည့် အငွေ့အသက်များ ယှက်သိုင်းလာသော မျက်ဝန်းများဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော အခွင့်အရေးကြီးကို အဘယ့်ကြောင့် သူတို့ လက်လွှတ်ခံ ရမည်နည်း ...
ကျန်းစွန်းဝူကျိသည် ရှားထျန်းကို မျက်စပစ်ပြ လိုက်ရာ ရှားထျန်းသည် ချက်ချင်း ရယ်မောလိုက်သည်။
"ဟားဟား ... ကိစ္စမရှိပါဘူး၊ ချမ်လော့ သတိရလာတဲ့ အထိ ကျွန်တော်တို့ ဒီမှာပဲ စောင့်ပါ့မယ်။ အမ် ... ဟုတ်သား၊ အပြစ်သားတွေက ဘယ်သူတွေလဲ ... သူတို့က မိန်းကလေး ချမ်လော့ကို ဒဏ်ရာရအောင် လုပ်တဲ့ သူတွေလား ... ဘာလို့ သူတို့ သုံးယောက်ကို မသတ်တာလဲ ... မင်းကြောက်နေတယ် ဆိုရင် ဒီမင်းသားက မင်းအစား ရှင်းပေးပါ့မယ် ... နတ်ဘုရားတွေ ဖြစ်နေတယ် ဆိုရင်တောင် ချမ်လော့ကို ထိခိုက်အောင် လုပ်ဝံ့ရင် သေရမယ် ...”
***