ကုန်းရယ်လျှံဖုန်း၏ ရန်စမှု
Vol. 76 Ch. 1126
ကျိချိုးယုအတွက် အိပ်ဆောင်နေရာချထားမှု ကိစ္စ ပြီးစီးသွားသည်နှင့် တပြိုင်နက် လုချန်းရှေ့သို့ နန်းကုန်းချင်ရ ရောက်ရှိလာသည်။ ထိုအခိုက်၌ လုချန်းသည် လနက်မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေခိုက် ဖြစ်၏။
လနက်မြို့ တည်ဆောက်မှုမှာ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ နောင်တစ်ချိန်တွင် ဖျက်ဆီးပစ်ရန် မလိုအပ်တော့ကြောင်း သူ တွေးတောမိလိုက်သည်။ မူလကမူ ထျန်းချန်ကမ္ဘာမှ အင်ဂျင်နီယာအဖွဲ့ကို ဆောက်လုပ်ရေးပစ္စည်းများ ယူဆောင်စေပြီး ကျိယန်ကမ္ဘာသို့ လာရောက်ကာ မြို့တည်ဆောက်စေရန် သူ စိတ်ကူးခဲ့ဖူးသည်။
သို့သော် ယခု လနက်မြို့ တည်ဆောက်မှုက လက်စသတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အိမ်ခြေ အဆောက်အအုံတို့၏ ဖွဲ့စည်းပုံမှာ စနစ်တကျ ရှိလှသကဲ့သို့ လမ်းမများလည်း အတော်အတန် ကျယ်ဝန်းနေသည်။ ခေတ်မီမြို့ပြကြီးများကဲ့သို့ လူဦးရေ အမြောက်အမြားကို လက်ခံနိုင်စွမ်း မရှိသော်လည်း ဤရှေးဟောင်းပုံစံ မြို့ပြလေးမှာက အလွန် ဆွဲဆောင်မှု ရှိနေသည်ဟု ဆိုရမည်။
ထိုစဉ်မှာပင် နန်းကုန်းချင်ရ လုချန်း၏ အနားသို့ လျှောက်လာပြီး
“မင်းကြီး... ရှင် အခု မအားဘူးလား”
ထိုအသံကို ကြားလိုက်ရသောအခါ နန်းကုန်းချင်ရရှိရာသို့ လုချန်း လှည့်ကြည့်လိုက်မိသည်။ ရှက်သွေးဖြာနေသော မိန်းမပျိုလေးပမာ သူမ၏ မျက်နှာနီမြန်းနေသည်ကို သူ တွေ့လိုက်ရ၏။
နန်းကုန်းချင်ရ၏ ရင်ထဲမှ အတွေးများကို လုချန်း ချက်ချင်းပင် ရိပ်စားမိလိုက်သည်။ ထို့နောက်တွင်မူ နန်းကုန်းချင်ရ၏ ခန္ဓာကိုယ်ကို သူရင်ခွင်ထဲသို့ လုချန်း ဆွဲသွင်းလိုက်တော့သည်။ နောက်တစ်ခဏ၌ သင်းပျံ့သော ရနံ့တစ်မျိုး လုချန်း၏ နှာခေါင်းထဲသို့ တိုးဝင်ရောက်ရှိလာပြီး သူ၏စိတ်အာရုံကို ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားစေခဲ့သည်။
လုချန်းလည်း တွန့်ဆုတ်မနေတော့ပဲ နန်းကုန်းချင်ရ၏ အိပ်ဆောင်ဆီသို့ အလင်းအရိပ်ကို အသုံးပြုကာ ချက်ချင်း သွားလိုက်သည်။
အိပ်ဆောင်ထဲသို့ ရောက်သည်နှင့် လုချန်းဘာမှ မလုပ်ရသေးခင်မှာပင် နန်းကုန်းချင်ရက တိုးကပ်လာခဲ့သည်။ သူမ၏ လက်များက လုချန်း၏ ခါးပေါ်သို့ ရောက်ရှိလာပြီး လုချန်း၏ အဝတ်အစားများကို တက်ကြွစွာပင် ကူညီချွတ်ပေးလိုက်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် စကားပိုဆိုနေရန် မလိုအပ်တော့ချေ။ တစ်ဦးနှင့်တစ်ဦး ဘာကို တွေးတောနေကြသည်ကို နှစ်ဦးစလုံး နားလည်သဘောပေါက်ကြပြီး ဖြစ်သည်။
နန်းကုန်းချင်ရ၏ နှုတ်ခမ်းများကို လုချန်းက ချက်ချင်းပင် ပိတ်ဆို့လိုက်ပြီး ကုတင် ပေါ်သို့ လှဲချလိုက်လေသည်။ ထို့နောက် နန်းကုန်းချင်ရ ဝတ်ဆင်ထားသော အနီရောင် ဝတ်စုံကို အပိုင်းပိုင်း ဖြစ်သွားအောင် ဆွဲဆုတ်ပစ်လိုက်သည်။
ပုံမှန် အဝတ်ဖယ်ခြင်းထက် ဤနည်းလမ်းက ပို၍ မြန်ဆန်ထိရောက်သည်။
မကြာမီမှာပင် နန်းကုန်းချင်ရ၏ နှုတ်ဖျားမှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။ နန်းကုန်းချင်ရ၏ ခန္ဓာကိုယ်မှာ ရေကဲ့သို့ ပျော့ပျောင်းလှသည်ဟု ဆိုရမည်။ သူမသည် အထူးတလည် နှိုးဆွနေစရာ မလိုပဲ လွယ်ကူစွာပင် စိတ်ပါလာစေနိုင်သူ ဖြစ်၏။
…….
တစ်ချိန်တည်းမှာပင်။
လေရန်ကမ္ဘာ။
မရေမတွက်နိုင်သော အနီရောင် ကျောက်မျက်ရတနာများဖြင့် စီခြယ်မွမ်းမံထားသည့် နန်းတော်ကြီးတစ်ခု၏ ခန်းမဆောင် အလယ်တွင် အဘိုးအိုတစ်ဦး ရပ်နေပြီး လေးနက်သောလေသံဖြင့် မရပ်မနား လျှောက်တင်နေလေသည်။
ထိုအချိန်၌ နဂါးပလ္လင်ထက်တွင် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အမှတ်အသားများ ဖုံးလွှမ်းနေပြီး သူ၏ ဆံပင်နှင့် မျက်လုံးများမှာလည်း အနီရောင် သက်သက်သာ ဖြစ်သည်။
အဘိုးအို၏ အသံတိတ်သွားသည်နှင့် တပြိုင်နက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပလ္လင်ပေါ်မှ လူက စကားတစ်ခွန်းမှ မဟသကဲ့သို့ အဘိုးအိုကလည်း ထပ်မံ၍ ဘာမှ မပြောရဲတော့ချေ။
ခန်းမဆောင်ကြီးအတွင်း ရုတ်တရက် ဖိစီးလာပြီး အလွန်အမင်း ပူပြင်းလာသဖြင့် အဘိုးအို၏ နဖူးပြင်ပေါ်တွင် ချွေးစက်များ ဆက်တိုက် သီးလာသည်။
အချိန်အတော်ကြာ ပြီးနောက်မှ ပလ္လင်ပေါ်ရှိ လူက
“စိတ်ဝင်စားဖို့ ကောင်းသားပဲ... ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာ ကျွန်တော်တို့ကမ္ဘာတစ်ခုတည်းပဲ ရှိတယ်လို့ ထင်ထားတာ...တခြားကမ္ဘာနှစ်ခု ရှိနေဦးမယ်လို့ မထင်ထားမိဘူး”
“ဒါပေမဲ့...”
“ခင်ဗျားပြောတာ အမှန်ဖြစ်ရင်တောင် ကျွန် တော်တို့အပေါ် ဘာသက်ရောက်မှု ရှိမှာမို့လို့လဲ”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ကုန်းရယ်လျှံဖုန်း ခဏခန့် ကြောင်အမ်းသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။
“မင်းကြီး... ဆွမ်ဧကရာဇ်က ရည်မှန်းချက်ကြီးမားပါတယ်... သူက ကျိယန်ကမ္ဘာကို သိမ်းပိုက်ရုံနဲ့ ကျေနပ်နေမှာ မဟုတ်ပါဘူး... ကျိယန်ကမ္ဘာက ကျင့်ကြံခြင်းအရင်းအမြစ် သိပ်မရှိတဲ့ အဆင့်နိမ့်ကမ္ဘာတစ်ခုပါ။”
“သူက ပိုအင်အားကြီးချင်ပြီး ရှနိုင်ငံတော်ကို ပိုအင်အားကြီးအောင် လုပ်ချင်နေတာမို့ တခြားကမ္ဘာတွေကို သေချာပေါက် တိုက်ခိုက်ပါလိမ့်မယ်။”
“လေရန်ကမ္ဘာက ထျန်းချန်ကမ္ဘာနဲ့ အနီးဆုံးဖြစ်တဲ့အတွက် သူ့ရဲ့ နောက်ထပ်ပစ်မှတ်က လေရန်ကမ္ဘာ ဖြစ်ဖို့များပါတယ်... မင်းကြီး သတိထားမှ ဖြစ်ပါမယ်။”
ကုန်းရယ်လျှံဖုန်းသည် ကျိယန်ကမ္ဘာမှ ထွက်ပြေးပြီးနောက် လေရန်ကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
လေရန်ကမ္ဘာတစ်ခုလုံးကို မင်းဆက်တစ်ခုတည်းက စုစည်းအုပ်ချုပ်ထားပြီး ၎င်းမှာ လေရန်မင်းဆက်ပင် ဖြစ်သည်။ ယခု နဂါးပလ္လင်ထက်တွင် ထိုင်နေသူမှာ လေရန်မင်းဆက်၏ ဧကရာဇ် လေဟောင်ရန် ဖြစ်သည်။
ဆွမ်ဧကရာဇ် နယ်မြေချဲ့ထွင်မှာလားဆိုတာ ကုန်းရယ်လျှံဖုန်း မသိသော်လည်း ဒါက သူ့အတွက် အရေးမကြီးပေ။ သူ့၌ ဆွမ်ဧကရာဇ် ဒုက္ခရောက်စေလိုသည့် ပြင်းပြသောဆန္ဒရှိနေသည်။
ကျိယန်ကမ္ဘာ၏ ကောင်းကင်နတ်ဆိုးကို လုချန်း သတ်ဖြတ်လိုက်ခြင်းက သူ့အစီအစဉ်ကို ပျက်စီးစေခဲ့သဖြင့် လုချန်းအပေါ် နာကြည်းချက်များ ပြည့်နှက်နေခဲ့သည်။
ကျိယန်ကမ္ဘာရှိ အင်အားစုကြီးများကို သူ ခဲယဉ်းပင်ပန်းစွာ စုစည်းခဲ့ပြီး ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ထားရာမှ လွတ်မြောက်အောင် ကူညီပေးခဲ့သော်လည်း ထိုကောင်းကင်နတ်ဆိုးကို လုချန်းက သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။
တာဝန်မအောင်မြင်ခဲ့သဖြင့ နတ်ဆိုးသခင်ကို မည်သို့ ပြန်လည်လျှောက်တင်ရမည်ကို သူ စဉ်းစားပူပန်နေမိသည်။
အာကာသလမ်းကြောင်းကို အသုံးပြု၍ လေရန်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ကုန်းရယ်လျှံဖုန်းလည်း အလွန် စိတ်ပျက်အားငယ်စွာဖြင့် လေဧကရာဇ် အားသွားရောက်တွေ့ဆုံခဲ့သည်။ သူ့ဒေါသများကို ဖြေဖျောက်ရန်အတွက် ကျိယန်ကမ္ဘာမှ အဖြစ်အပျက်များကို ချဲ့ကားပြောဆိုပြီး ထျန်းချန်ကမ္ဘာကို စစ်ခင်းရန် လေဧကရာဇ်အား သွေးထိုးလှုံ့ဆော်နေခြင်းသာ ဖြစ်သည်။
သို့သော် လေ ဧကရာဇ်က အလွယ်တကူ ကြိုးဆွဲရာကမည့်သူ မဟုတ်ကြောင်း ထင်ရှားသည်။
ကုန်းရယ်လျှံဖုန်း၏ စကားများကို နားထောင်ပြီးနောက် လေ ဧကရာဇ်က ရယ်မောကာ ပြောလိုက်သည်။
“ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာ ဘယ်သူကမှ လေရန်ကမ္ဘာကို ခြိမ်းခြောက်နိုင်စွမ်း မရှိသေးဘူး။”
“ခင်ဗျားက ကျွန်တော့်လက်နဲ့ လူသတ်ချင်နေတာလား... ခင်ဗျား အတွက် ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ခိုင်းနေတာလား။”
ကုန်းရယ်လျှံဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ဒါက သူ၏ ဉာဏ်နီဉာဏ်နက်များကို တစ်ချက်ကြည့်ရုံမျှဖြင့် ထွင်းဖောက်မြင်နိုင်သည့် ဧကရာဇ်တစ်ပါး၏ ကြီးမားသော အမြော်အမြင်ပင် ဖြစ်သည်။
သူ့ရည်ရွယ်ချက် ပေါ်သွားပြီဖြစ်၍ ဆက်လက်ဖုံးကွယ်ထားရန် အသုံးမဝင်တော့သဖြင့် ဝန်ခံလိုက်သည်။
“မှန်ပါတယ်... ဆွမ်ဧကရာဇ်နဲ့ ကျွန်တော့်ကြားမှာ မကျေလည်မှုတချို့ ရှိပါတယ်... ထျန်းကျိရဲတိုက်နဲ့ ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုတွေကို သူ ဖျက်ဆီးခဲ့တာမို့ ကျွန်တော် လက်စားချေချင်တာ သဘာဝပါပဲ။”
“ဒါပေမဲ့ ကျွန်တော့်မှာ ဆုံးရှုံးစရာ ဘာမှမကျန်တော့ပါဘူး... မင်းကြီးအတွက်ကတော့ မတူပါဘူး... ရှနိုင်ငံတော်သာ အင်အားကြီးလာရင် မင်းကြီးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။”
ကုန်းရယ်လျှံဖုန်း၏ စကားများကို ကြားသောအခါ ဧကရာဇ် လေဟောင်ရန် ခဏခန့် စဉ်းစားလိုက်သည်။
အသုံးချခံရခြင်းကို သူ မုန်းတီးသော်လည်း ကုန်းရယ်လျှံဖုန်း ပြောတာက အဓိပ္ပာယ်ရှိ နေသည်။ ထျန်းချန်ကမ္ဘာတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အမှန်တကယ် ပေါ်ပေါက်လာပါက သူ့အတွက် ကောင်းသောလက္ခဏာ မဟုတ်ပေ။
ကမ္ဘာနှစ်ခုစလုံးက ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် တည်ရှိနေပြီး အထဲရှိ ကမ္ဘာအများစုမှာ သေဆုံးနေပြီးသား သို့မဟုတ် ပျက်စီးနေပြီ ဖြစ်သည်။ သက်ရှိကမ္ဘာ အနည်းငယ်သာ ကျန်ရှိတော့သည်။ အကယ်၍ ဆွမ်ဧကရာဇ်သာ အမှန်တကယ် နယ်မြေချဲ့ထွင်လိုပါက သူ့တွင် ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ ပထမဆုံးပစ်မှတ်မှာ လေရန်ကမ္ဘာ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုဖြစ်သော လေရန်ကမ္ဘာကို သိမ်းပိုက်ထိန်းချုပ်မှသာလျှင် ရှနိုင်ငံတော်အတွက် အရင်းအမြစ်များ ပိုမိုစုဆောင်းနိုင်ပြီး ပိုမိုအားကြီးလာနိုင်မည် ဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် ဧကရာဇ် လေဟောင်ရန်က
“ခင်ဗျား ပြောတဲ့ကိစ္စတွေကို ကျွန်တော့်လူတွေကို စစ်ဆေးခိုင်းလိုက်မယ်... ခင်ဗျားပြောသလို ထျန်းချန်နဲ့ ကျိယန်ကမ္ဘာတွေက သက်ရှိကမ္ဘာတွေ ဖြစ်ပြီး နတ်ဘဝပြောင်းလဲခြင်းနယ်ပယ်က ကျင့်ကြံသူ ရှိနေတယ်ဆိုရင် ခင်ဗျား ဘာမှထပ်ပြောစရာ မလိုတော့ဘူး။ အဲဒီ နတ်ဘဝပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူကို ဖရိုဖရဲ ကြယ်ပင်လယ်ထဲကနေ မောင်းထုတ်ဖို့ ကျွန်တော်ကိုယ်တိုင် နည်းလမ်းရှာမယ်။”
ဖရိုဖရဲ ကြယ်ပင်လယ်ထဲရှိ အရင်းအမြစ်များမှာ နတ်ဘဝပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူ အများအပြားကို ထောက်ပံ့ပေးနိုင်လောက်သည်အထိ မများပေ။ ကျင့်ကြံခြင်းအရင်းအမြစ်များကို သူ့ထံမှ လာရောက်လုယူမည့်သူကို ဧကရာဇ် လေဟောင်ရန် ခွင့်ပြုမည် မဟုတ်ပေ။
ဧကရာဇ် လေဟောင်ရန်၏ စကားကို ကြားသောအခါ ကုန်းရယ်လျှံဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ထို့နောက် ဦးညွတ်အရိုအသေပြုကာ
“ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး မင်းကြီး... ကျွန်တော့်ကို လိုအပ်ရင် အချိန်မရွေး ခေါ်ယူနိုင်ပါတယ်”
စကားဆုံးသည်နှင့် ကုန်းရယ်လျှံဖုန်း လှည့်ထွက်သွားသည်။ ထွက်ခွာသွားသော ကုန်းရယ်လျှံဖုန်း၏ ကျောပြင်ကို ကြည့်ရင်း ဧကရာဇ် လေဟောင်ရန် အတွေးနက်သွားမိသည်။
ထျန်းကျိရဲတိုက်...
သူသိထားတဲ့ ထျန်းကျိရဲတိုက်များလား...
ထျန်းကျိရဲတိုက်က ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာ ဘယ်လိုလုပ် ဌာနခွဲ လာဖွင့်ထားတာလဲ...
အခြား ကြယ်နယ်မြေများသို့ သွားရောက်လည်ပတ်ဖူးသော ဧကရာဇ် လေဟောင်ရန်သည် ထျန်းကျိရဲတိုက်နှင့် အနည်းငယ် ရင်းနှီးမှုရှိသည်။ ၎င်းသည အင်အားစုကြီးတစ်ခုဖြစ်၏။ အရေးအကြီးဆုံးမှာ ထျန်းကျိရဲတိုက်သည် မည်သည့်အင်ပါယာတွင်မဆို အတိုက်အခံမရှိပဲ ဌာနခွဲများ တည်ထောင်နိုင်ခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် ထျန်းကျိရဲတိုက်သည် အရေးပါသော ကမ္ဘာများ သို့မဟုတ် အဆင့်မြင့်ကျင့်ကြံသူများ ရှိသော ကမ္ဘာများတွင်သာ ဌာနခွဲများ ဖွင့်လှစ်လေ့ရှိသည်။ အန္တရာယ်များလွန်းသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများပင် သွားရန် ဝန်လေးသည့် ဖရိုဖရဲ ကြယ်ပင်လယ်ထဲသို့ ထျန်းကျိရဲတိုက် ဝင်ရောက်လာသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဤအကြောင်းကို တွေးမိပြီးနောက် လူတစ်ဦးထံသို့ ဧကရာဇ် လေ့ဟောင်ယန် သတင်းပို့လိုက်၏။
“ပိုဝမ်... ဒီကို ခဏလာခဲ့ပါဦး”