← Chapters

လေရန်ကမ္ဘာမှ ကင်းထောက်

Vol. 76 Ch. 1128

လေရန်ကမ္ဘာမှ ကင်းထောက်

Vol. 76 Ch. 1128

လေရန်ကမ္ဘာသို့ နတ်လှေကို မောင်းနှင်၍ ပြန်ရောက်ပြီးနောက် နန်းတော်ကြီးဆီသို့ လေပိုဝမ် တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဧကရာဇ် လေဟောင်ရန်သည် ကျင့်စဉ်ခန်းမထဲ၌ ကျင့်ကြံနေခိုက် ဖြစ်သည်။ လေပိုဝမ် ပြန်ရောက်လာပြီဖြစ်ကြောင်း စစ်သည်များထံမှ ကြားသိရသောအခါ စာကြည့်ခန်းရှိရာသို့ လေဟောင်ရန် ချက်ချင်း သွားလိုက်သည်။

စာကြည့်ခန်းထဲသို့ လေပိုဝမ် ဝင်ရောက်လာပြီး ဂါရဝပြုရန် ပြင်လိုက်ချိန်တွင် လေဟောင်ရန်က စိတ်အားထက်သန်စွာဖြင့် ဖြတ်မေးလိုက်သည်။

“ဘာတွေ တွေ့ခဲ့သလဲ”

လေပိုဝမ်က ချက်ချင်းပင်

“မင်းကြီး... ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာ နှစ်ခုလုံးမှာ သက်ရှိတွေ တကယ် ရှိနေပါတယ်။”

လေပိုဝမ်၏ အဖြေစကားကို ကြားလိုက်ရသောအခါ လေဟောင်ရန်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ရေရွတ်လိုက်သည်။

“အဲဒီ ကမ္ဘာနှစ်ခုလုံးမှာ စိတ်ဝိညာဉ်စွမ်းအား ကင်းမဲ့နေတာတောင် လူသားတွေ နေထိုင်နေကြတယ်ပေါ့။”

လေဟောင်ရန်၏ အသံဆုံးသွားသည်နှင့် လေ့ပိုဝမ်က ဆက်လက်တင်ပြလိုက်သည်။

“ထျန်းချန်ကမ္ဘာရဲ့ အပြင်ဘက်မှာ ကန့်သတ်ချက်တစ်ခု ရှိနေပါတယ်။ အဝေးက ကြည့်မယ်ဆိုရင် ထျန်းချန်ကမ္ဘာက စိတ်ဝိညာဉ်စွမ်းအား ကင်းမဲ့ပြီး သေမင်းတမန်နယ်မြေတစ်ခုလို ဖြစ်နေတာပါ။ ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီးမှသာ ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာရဲ့ ပုံစံအစစ်အမှန်ကို ကျွန်တော်တို့ မြင်တွေ့နိုင်ခဲ့တာပါ။”

လေပိုဝမ်၏ စကားကို ကြားသောအခါ လေဟောင်ရန်၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

ကန့်သတ်ချက်တစ်ခု ဟုတ်လား။

ကမ္ဘာနှစ်ခုလုံးကို ဖုံးကွယ်ထားနိုင်သည့် ကန့်သတ်ချက်တစ်ခုလား။

ဖရိုဖရဲ ကြယ်ပင်လယ်သည် သေမင်းတမန်နယ်မြေတစ်ခု ဖြစ်နေပါလျက် မည်သူက ဤနေရာသို့ လာရောက်ပြီး ကန့်သတ်ချက်ကို ပြုလုပ်ထားသနည်း။

ကမ္ဘာနှစ်ခုကို ဖုံးကွယ်ထားနိုင်သည့် ကန့်သတ်ချက်ကို ပြုလုပ်ထားနိုင်ပါက နောက်ကွယ်မှ ပုဂ္ဂိုလ်သည် အလွန်စွမ်းအားကြီးမားပေလိမ့်မည်။

ထိုကဲ့သို့ စွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခုက ကန့်သတ်ချက် လာရောက်ပြုလုပ်ထားရသည်အထိ ထိုကမ္ဘာများထဲတွင် မည်သည့်အရာများ ရှိနေသနည်း။

မိမိထက် ပိုစွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခုက ကန့်သတ်ချက် ပြုလုပ်ထားသည်ကို လေဟောင်ရန် နားလည်သော်လည်း ကြောက်ရွံ့ခြင်းတော့ မရှိပေ။ ထို့အစား သူ၏ စူးစမ်းလိုစိတ်ကိုသာ ပိုမို ထက်သန်လာစေသည်။

စွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခုက ကန့်သတ်ချက် ပြုလုပ်ထားသည်ဆိုပါက ထိုကမ္ဘာများထဲတွင် စွမ်းအားကြီးသူများ စိတ်ဝင်စားမည့် မှော်ရတနာကဲ့သို့သော အရာများ ရှိနေကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

ထိုရတနာများကို ရရှိနိုင်ပါက သူ၏ ကျင့်စဉ်အဆင့် ပိုတိုးတက်လာမည် ဖြစ်သည်။

သူသည် နတ်ဘဝပြောင်းလဲခြင်းအဆင့်တွင် နှစ်ပေါင်းသောင်းချီအောင် ရပ်တန့်နေခဲ့ပြီး သက်တမ်းကုန်ဆုံးရန် နီးကပ်နေပြီ ဖြစ်သည်။ ကံကောင်းခြင်းများနှင့် အခွင့်အရေးများ မရှိပါက သူ၏ ကံကြမ္မာမှာ ဘိုးဘေးများကဲ့သို့ ကျင့်စဉ်ခန်းထဲ၌ အိုမင်းရင့်ရော်ပြီး သေဆုံးရမည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထျန်းချန်ကမ္ဘာတွင် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီဖြစ်ရာ ထိုစွမ်းအားကြီးမားသော ဖြစ်တည်မှု ကာကွယ်ပေးချင်သည့်အရာမှာ အလွန်ထူးခြားလိမ့်မည်ဟု လေဟောင်ရန် တွေးမိလိုက်သည်။ ထိုအရာ၏ အကူအညီဖြင့် ဆွမ်ဧကရာဇ်က နတ်ဘဝပြောင်းလဲခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

နတ်ဘဝပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန် ကျင့်စဉ်အရင်းအမြစ် မည်မျှလိုအပ်ကြောင်း ထိုအဆင့်သို့ ရောက်ရှိထားသည့် သူကိုယ်တိုင် အသိဆုံးဖြစ်သည်။ လေရန်ကမ္ဘာကဲ့သို့ အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာတစ်ခုပင်လျှင် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူအများအပြားကို ထောက်ပံ့ပေးနိုင်ခြင်း မရှိပေ။

ယခု ထျန်းချန်ကမ္ဘာတွင် အခွင့်အလမ်းများ ရှိနေနိုင်သဖြင့် သူက စောင့်ကြည့်ရ တော့မည်။

ထိုအတွေးနှင့်အတူ လေဟောင်ရန်က

“ကျုပ်တို့ရဲ့ ဘိုးဘေးတွေ ထျန်းချန်ကမ္ဘာမှာ သက်ရှိတွေကို မတွေ့ခဲ့ရတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ ကန့်သတ်ချက်နဲ့ ဖုံးကွယ်ထားလို့ ဖြစ်မယ်။”

“ကန့်သတ်ချက် ရှိနေတယ်ဆိုတာက ထျန်းချန်ကမ္ဘာမှာ ရတနာတွေ ရှိနေတယ်ဆိုတာကို ပြသနေတာပဲ။ ပိုဝမ်.....ထျန်းချန်ကမ္ဘာထဲကို ဝင်ပြီး အခြေအနေကို စုံစမ်းဖို့ ဥပဒေနိယာမ အလုံးစုံအဆင့် ပထမအလွှာ ကျင့်ကြံသူအချို့ကို ချက်ချင်း စီစဉ်လိုက်ပါ။”

ထိုအရာကို ကြားသောအခါ လေပိုဝမ်က ချက်ချင်း မေးမြန်းလိုက်သည်။

“မင်းကြီး... ကျွန်တော်ကိုယ်တိုင် ထျန်းချန်ကမ္ဘာကို သွားလိုက်ရမလား”

လေဟောင်ရန်က တားမြစ်လိုက်သည်။

“လောလောဆယ် မလိုသေးပါဘူး။ ထျန်းချန်ကမ္ဘာရဲ့ အခြေအနေကို ကျုပ်တို့ မသိရသေးဘူး။ အရမ်းစွမ်းအားကြီးတဲ့ ကျင့်ကြံသူကို စေလွှတ်လိုက်ရင် ဆွမ်ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်။”

ထျန်းချန်ကမ္ဘာတွင် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာပြီးဖြစ်ရာ ဥပဒေနိယာမ အလုံးစုံအဆင့် ပထမအလွှာ ကျင့်ကြံသူအများအပြား ရှိကောင်းရှိနိုင်ကြောင်း လေဟောင်ယန် တွေးမိလိုက်သည်။ ထို့ကြောင့် ဥပဒေနိယာမ အလုံးစုံအဆင့် ပထမအလွှာ ကျင့်ကြံသူများကို စေလွှတ်ခြင်းက အာရုံစိုက်မှု သိပ်ခံရမည်မဟုတ်ပေ။

စေလွှတ်လိုက်သူများက အလွန်စွမ်းအားကြီးမားနေပြီး ထျန်းချန်ကမ္ဘာတွင် စွမ်းအားကြီးသူ အနည်းငယ်သာ ရှိနေပါက အလွယ်တကူ ပေါ်သွားနိုင်သည်။ ထို့ကြောင့် ရန်သူကို ထိတ်လန့်မသွားစေရန် အလယ်အလတ်အဆင့် စွမ်းအားရှိသူများကိုသာ စေလွှတ်ခြင်းက ပိုကောင်းသည်။

လေဟောင်ရန်၏ စကားကို ကြားပြီးနောက် သူဆိုလိုသည်ကို လေပိုဝမ် သဘောပေါက်သွားပြီး

“နားလည်ပါပြီ ထျန်းချန်ကမ္ဘာရဲ့ အခြေအနေကို စုံစမ်းဖို့ လူတစ်ယောက် ချက်ချင်း စီစဉ်လိုက်ပါ့မယ်”

ထိုစကားများနှင့်အတူ လေပိုဝမ် လှည့်ထွက်ကာ စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်တွင် အခြားနတ်လှေတစ်စင်း ပေါ်လာခဲ့လေသည်။ ကုန်းပတ်ပေါ်တွင် ရပ်နေသော အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦးက အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ထျန်းချန်ကမ္ဘာကို ကြည့်ရှုရင်း အံ့သြတကြီး ပြောလိုက်သည်။

“ဗိုလ်ချုပ်လေ ပြောတာ မှန်တာပဲ။ ထျန်းချန်ကမ္ဘာက တကယ်ပဲ သက်ရှိကမ္ဘာ ဖြစ်နေတယ်။”

လေပိုဝမ်ထံမှ အမိန့်များ လက်ခံရရှိချိန်တွင် ကျန်းချန်ရဲ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ သူတို့၏ ဘိုးဘေးများသည် ဖရိုဖရဲ ကြယ်ပင်လယ် တစ်ခုလုံးကို ရှာဖွေခဲ့ပြီးဖြစ်သည်။ လေရန်ကမ္ဘာမှလွဲ၍ အခြားသက်ရှိကမ္ဘာ မရှိခဲ့ပေ။ သို့သော် ယခုအခါ သက်ရှိကမ္ဘာ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု လေပိုဝမ်က သူ့ကို ပြောခဲ့သည်။

ကျန်းချန်ရဲစိတ်ထဲ အနည်းငယ် မယုံကြည်နိုင်သော်လည်း အမိန့်ကို နာခံပြီး ထျန်းချန်ကမ္ဘာဆီသို့ နတ်လှေကို မောင်းနှင်ခဲ့သည်။ ကန့်သတ်ချက်များကို ဖြတ်ကျော်ပြီးနောက် အပြာရောင်ကမ္ဘာတစ်ခုကို အမှန်တကယ် တွေ့ရှိခဲ့ရသည်။

အရောင်ရှိခြင်းက ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအား ရှိသည်ကို ဆိုလိုပြီး စိတ်ဝိညာဉ်စွမ်းအား ရှိသည့်နေရာတွင် သက်ရှိများ ရှိစမြဲ ဖြစ်သည်။

ထိုအချိန်တွင် ကျန်းချန်ရဲ၏ ဘေးရှိ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသူက ပြောလိုက်သည်။

“ဒီလိုဝေးလံခေါင်သီတဲ့ နေရာကို ဘယ်လို စွမ်းအားရှင်မျိုးက လာပြီး ကန့်သတ်ချက် လာလုပ်ထားလဲဆိုတာ မသိဘူး။”

သတင်းအချက်အလက် စုံစမ်းရန် ကျန်းချန်ရဲနှင့်အတူ ထျန်းချန်ကမ္ဘာသို့ လိုက်ပါလာသူမှာ အခြားသော ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၏။ ထိုသူမှာ သူ၏ဘေးတွင် ရပ်နေသည့် အနီရောင်ဝတ်စုံနှင့် လူပင်ဖြစ်သည်။

ဟောင်ယွမ်ဝေသည်လည်း အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ထျန်းချန်ကမ္ဘာကို မျက်မြင်ကိုယ်တွေ့ မမြင်ရသရွေ့ ကျန်းချန်ရဲကဲ့သို့ပင် မယုံကြည်နိုင် ဖြစ် နေခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရဲက

“စွမ်းအားရှင်တစ်ယောက်က ကန့်သတ်ချက်တွေ လုပ်ထားတဲ့နေရာဆိုရင် မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေမှာပဲ။ ထျန်းချန်ကမ္ဘာမှာ သူတော်စင် သို့မဟုတ် မဟာဧကရာဇ် တစ်ပါးပါးရဲ့ ဂူသင်္ချိုင်းတောင် ရှိကောင်းရှိနိုင်တယ်။”

ကျန်းချန်ရဲ၏ စကားကို ကြားသောအခါ နတ်လှေပေါ်ရှိ လူများမှာ ချက်ချင်း တက်ကြွသွားကြ၏။ သူတို့၏ မျက်လုံးများသည် ထျန်းချန်ကမ္ဘာကို ကြည့်ရှုရင်း အသက်ရှူသံများ မြန်ဆန်လာကာ မျက်လုံးများ အရောင်တောက်လာကြသည်။

သူတော်စင် သို့မဟုတ် မဟာဧကရာဇ် ဂူသင်္ချိုင်း အမှန်တကယ် ရှိနေပါက ဂူသင်္ချိုင်းအပြင်ဘက်တွင် လမ်းလျှောက်ရုံဖြင့်ပင် ကြီးမားသော အခွင့်အလမ်းများကို ရရှိနိုင်ပေသည်။

ထိုအချိန်တွင် ကျန်းချန်ရဲက သတိပေးလိုက်သည်။

“ဒါပေမဲ့ ထျန်းချန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေ ရှိနေတာကြောင့် မဟာဧကရာဇ် ဂူသင်္ချိုင်း ရှိရင်တောင် သိမ်းပိုက်ဖို့ လွယ်ကူမှာ မဟုတ်ဘူး”

ဟောင်ယွမ်ဝေက ပြန်ပြောလိုက်သည်။

“ဘာကြောက်စရာ ရှိလို့လဲ။ ကျွန်တော်တို့ မင်းကြီးရဲ့ အင်အားနဲ့ဆိုရင် ထျန်းချန်ကမ္ဘာကို သိမ်းပိုက်တာက လက်ဝါးမှောက်လိုက်သလို လွယ်ကူပါတယ်”

ထိုသို့ပြောပြီးနောက် ဟောင်ယွမ်ဝေက နတ်လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး ပြောလိုက်သည်။

ကျွန်‌တော်တို့ ထျန်းချန်ကမ္ဘာထဲ ဝင်တော့မယ်။ နတ်လှေကို မြန်မြန် သိမ်းလိုက်”

နတ်လှေသည် အလွန် ထင်ရှားလွန်းနေသည်။ နတ်လှေဖြင့် ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်ပါက ကြီးမားသော အာကာသ တုန်ခါမှုများကို ဖြစ်ပေါ်စေနိုင်ပြီး သူတို့အား အလွယ်တကူ သတိပြုမိ သွားနိုင်သည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များဖြင့်သာ ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။

နတ်လှေပေါ်မှ ဟောင်ယွမ်ဝေ ခုန်ဆင်းလိုက်ပြီးနောက် လေရန်ကမ္ဘာ၏ ရှေ့ပြေးအဖွဲ့မှ ကျင့်ကြံသူများလည်း တစ်ဦးပြီးတစ်ဦး ခုန်ဆင်းလိုက်ကြကာ မကြာမီတွင် ထျန်းချန်ကမ္ဘာ၏ အတားအဆီးကို အောင်မြင်စွာ ဖြတ်ကျော်ဝင်ရောက်သွားကြလေတော့သည်။

…….

တစ်ချိန်တည်းမှာပင်...

ကျိယန်ကမ္ဘာ၌...

လနက်မြို့ရှိ နန်းတော်ကြီးထဲတွင် သတိလစ်မတတ် ဖြစ်နေပြီး အဆက်မပြတ် ညည်းညူအော်ဟစ်နေသော နန်းကုန်းချင်ရှိ နေသည်။

အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် နန်းကုန်းချင်ရ သတိအနည်းငယ် ပြန်ဝင်လာပြီး အားနည်းစွာ တောင်းပန်လိုက်သည်။

“ မင်းကြီး... ခွင့်လွှတ်ပေးပါ... ကျွန်မ သေတော့မယ်။”

ထိုအရာကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး

“သေဖို့ဆိုတာ အဲဒီလောက် မလွယ်ကူပါဘူး”

လုချန်း စကားပြောပြီးသည်နှင့် သူ၏ ဦးနှောက် ရုတ်တရက် အေးခဲသွားသည်။

သူ၏ စိတ်အာရုံကို လျှို့ဝှက်ဆန်းကြယ်သော အသိစိတ်တစ်ခုက နှောင့်ယှက်လိုက်သကဲ့သို့ ဖြစ်နေသည်။

ထိုအရာသည် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် အသိစိတ်ဖြစ်ကြောင်းလည်း လုချန်း ချက်ချင်း သိလိုက်သည်။

All Chapters