စုံစမ်းဖို့ မလိုတော့ဘူး
Vol. 76 Ch. 1129
ထျန်းချန်နှင့် ကျိယန်ကမ္ဘာတို့ တိုက်မိရာမှ ကောင်းကင်ဘုံ အသိစိတ်ချင်းပါ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ အသိစိတ်သည် ကျိယန်ကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ၎င်း၏ လူသားများအား အကြောင်းအရာ အချက်အလက်အချို့ကို သတင်းစကား ပါးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်၌ လုချန်းသည် နန်းကုန်းချင်ရ၏ ခါးကို ဖက်ထားကာ လှုပ်ရှားနေခိုက် ဖြစ်သည်။ ထိုသို့ အရှိန်တက်နေစဉ်မှာပင် ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်လာသော ပုံရိပ်အချို့ သူ၏ စိတ်အာရုံထဲ၌ ရုတ်တရက် ထင်ဟပ်လာခဲ့၏။
လုချန်း သဘောပေါက်လိုက်သည်။ ဤသည်မှာ ထျန်းချန်ကမ္ဘာထဲသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာကြောင်း ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်က သူ့အား ဆက်သွယ် အသိပေးခြင်း ဖြစ်ရမည်။
ထျန်းချန်ကမ္ဘာကို ထိန်းချုပ်ပြီးကတည်းက ကောင်းကင်ဘုံ လမ်းစဉ်နှင့် လုချန်းတို့ကြား အလွယ်တကူ ဆက်သွယ်နိုင်ခဲ့ကြသည်။ သူ့နောက်သို့ လိုက်ပါခြင်းဖြင့် ထျန်းချန်ကမ္ဘာကို ပိုမိုစွမ်းအားကြီးမားလာစေနိုင်ကြောင်း ကောင်းကင်ဘုံ လမ်းစဉ်က နားလည်လက်ခံထားပုံရ၏။
အခြားကမ္ဘာမှ ကျင့်ကြံသူများ ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။ သို့ဖြစ်၍ အခြေအနေကို သွားရောက်ကြည့်သင့်သည်ဟု လုချန်း တွေးလိုက်သည်။
ထိုအတွေးနှင့်အတူ လုချန်း သူ၏ လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်ပြီးနောက် မကြာမီတွင် လေပူတစ်ချက်ကို မှုတ်ထုတ်၍ ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။
ကုတင်ဘေးတွင် သူ မတ်တပ်ရပ်လိုက်ချိန်၌ နန်းကုန်းချင်ရသည် မျက်လုံးများ မှေးစင်းလျက် မျက်နှာတစ်ခုလုံး နီရဲနေသည်။
လုချန်းက သူမကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ နန်းကုန်းချင်ရတစ်ယောက် စိတ်သက်သာရာ ရသွားခဲ့၏။ သူမသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ထိုကိစ္စများကို မငြင်းဆန်ရုံသာမက နှစ်သက်သဘောကျတတ်သော်လည်း လုချန်း၏ စွမ်းအားက ကြီးမားလွန်းသည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်သည့် သူမပင်လျှင် မခံနိုင်တော့ပဲ အသနားခံခဲ့ရသည်။
ထိုအချိန်တွင် လုချန်းက သူမကို ပုတ်လိုက်ရာ နန်းကုန်းချင်ရထံမှ ညည်းညူသံ ထွက်ပေါ်လာသည်။
“ထျန်းချန်ကမ္ဘာမှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေလို့ မင်းအစ်မဆီကို ကိုယ် မသွားတော့ဘူး။ သူ မေးလာရင် အဲဒီအတိုင်းသာ ပြောလိုက်ပါ။”
လုချန်းက မျက်နှာလိုက်လေ့ မရှိတတ်ပေ။ မူလက ကျိယန်ကမ္ဘာတွင် နန်းကုန်းချင်ရနှင့် တစ်လ၊ နန်းကုန်းယွဲ့ဟွာနှင့် တစ်လ အချိန်ကုန်ဆုံးရန် စီစဉ်ထားသော်လည်း ထျန်းချန်ကမ္ဘာ၌ အခြားကမ္ဘာမှ ကျူးကျော်သူများ ရုတ်တရက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထျန်းချန်ကမ္ဘာ၏ ကမ္ဘာ့သခင်နှင့် ရှနိုင်ငံတော်၏ ဧကရာဇ် ဖြစ်သည့် သူ့အနေနှင့်မည်သို့ပင်ဖြစ်စေ ပြန်သွားပြီး စစ်ဆေးရလိမ့်မည်။
နန်းကုန်းချင်ရက
“ကျွန်မနားလည်ပါပြီ”
လုချန်း ဆက်မပြောတော့ပဲ ဘေးရှိ ရေချိုးခန်းသို့ ဝင်ရောက်ပြီး လျင်မြန်စွာ ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် ထျန်းချန်ကမ္ဘာဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ အသိစိတ်နှင့် ဆက်သွယ်ရန် လုချန်း ထပ်မံ ကြိုးစားလိုက်သည်။ ထိုအခါ သူ၏ စိတ်အာရုံထဲတွင် အခြားပုံရိပ်တစ်ခု ပေါ်လာခဲ့ပြန်၏။
ပုံရိပ်ထဲတွင် ထျန်းချန်ကမ္ဘာသို့ ကျူးကျော်လာသူများသည် မြူခိုးဒေသ အစွန်အဖျားရှိ ဂိုဏ်းငယ်လေးတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြပြီ ဖြစ်သည်။ ထို့ပြင် ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများအပေါ် ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ် အသုံးပြုနေကြသည်ကိုပါ တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်းလည်း တုံဆိုင်းမနေတော့ပဲ ထိုဂိုဏ်းငယ်လေးဆီသို့ တန်းသွားလိုက်တော့သည်။
ထိုကျူးကျော်သူများ မည်သည့်ကမ္ဘာမှ လာရောက်သည်ကို သူ သိချင်နေ၏။
ဂိုဏ်း၏ နယ်နမိတ်အစတွင် လုချန်း၏ ပုံရိပ် ပေါ်လာသည်နှင့် သူ၏ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းကြီး... ရှင်လည်း သတိထားမိတာလား။”
အသံကို ကြားသောအခါ လုချန်း လှည့်ကြည့်လိုက်ရာ စုဟန်ယန်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။
ထို့နောက်
“ကိုယ် အခုလို မြန်မြန်ဆန်ဆန် သိသွားတာက မဆန်းပါဘူး။ မင်းကရော ဘယ်လိုလုပ် သတိထားမိတာလဲ။”
ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ အသိစိတ်က သူ့ကို ကမ္ဘာသခင်အဖြစ် အသိအမှတ်ပြုထားသဖြင့် ကျူးကျော်သူများကို ချက်ချင်း သိနိုင်သည်က သဘာဝကျသည်။
သို့သော် စုဟန်ယန်ကတော့ ကမ္ဘာသခင် မဟုတ်ပဲ ကျူးကျော်သူများကို လျင်မြန်စွာ သိနိုင်ခြင်းက သူမ၏ အာရုံခံနိုင်စွမ်း အလွန်အားကောင်းကြောင်း ပြသနေခြင်းဖြစ်သည်။
စုဟန်ယန်က
“လွန်ခဲ့တဲ့တစ်ခေါက် လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာကို ရောက်လာကတည်းက မြူခိုးဒေသ နယ်စပ်ကို စောင့်ကြည့်ဖို့ လူတွေ အမြဲ လွှတ်ထားခဲ့တာပါ။ ကျူးကျော်သူတွေ ဝင်လာတာနဲ့ မြူခိုးမှော်ဂိုဏ်းရဲ့ တပည့်တွေက ချက်ချင်း သိခဲ့တာပါ။”
လုချန်း ဖျော့တော့စွာ ပြုံးလိုက်သည်။ ထိုသို့ဖြစ်ရပေသည်။ စုဟန်ယန်သည် သူမ၏ အဆင့်အတန်းနှင့် အပြည့်အဝ အသားကျနေပြီး ဖြစ်ပုံရ၏။
ထို့နောက် အလင်းအရိပ် ဖြင့် စုဟန်ယန်၏ အနောက်သို့ လုချန်း ရောက်ရှိသွားပြီး သူမ၏ ခါးကို ဖက်ကာ ပခုံးပေါ် မေးတင်လိုက်သည်။
ပြီးနောက် နားနားကပ်၍
“မင်း ကိုယ့်ကွယ်ရာမှာ ဒီလောက်တောင် လုပ်ပေးထားမယ်လို့ မထင်ခဲ့ဘူး”
ထိုစကားကို ကြားသောအခါ စုဟန်ယန် နှုတ်ခမ်းတွန့်လိုက်သည်။ ဤလူက တကယ် ကို မလေးနက်ပေ။
“အခြားကမ္ဘာက ကျူးကျော်သူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကိုပဲ ရှင် စဉ်းစားသင့်ပါတယ်။ အဲဒီ ကျူးကျော်သူတွေထဲမှာ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတွေ ပါလာတာဆိုတော့ သူတို့နောက်မှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်တွေ ရှိနေဖို့ များတယ်။”
ထို ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများသည် အင်အားစုတစ်ခု၏ ကင်းထောက်များသာ ဖြစ်ကြောင်း ထင်ရှားသည်။ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများကို ကင်းထောက်အဖြစ် စေလွှတ်နိုင်သော အင်အားစုတစ်ခု ဖြစ်ပါက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်များလည်း အသေအချာ ရှိပေလိမ့်မည်။
အဝေးရှိ ဂိုဏ်းငယ်လေးဆီသို့ လုချန်း၏ အကြည့်များ ရောက်ရှိသွားပြီး
“ရန်သူလာရင် တားဆီးမယ်။ ရေကြီးရင် တာတမံ ဆောက်မယ်။”
ဟု ခပ်အေးအေးပင် ပြောလိုက်သည်။
……..
တစ်ချိန်တည်းတွင်...
ဖီးနစ်ဂိုဏ်း ခန်းမဆောင်၌...
ဖီးနစ်ဂိုဏ်း၏ မှတ်ဉာဏ်အားလုံးကို ဖတ်ရှုရန်အတွက် ဂိုဏ်းခေါင်းဆောင်၏ လည်ပင်းကို ညှစ်ရင်း ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ်ကို ကျန်းချန်ရဲ အသုံးပြုနေသည်။ ထိုအချိန်တွင် ဟောင်ယွမ်ဝေကလည်း အကြီးအကဲများ၏ မှတ်ဉာဏ်များကို စူးစမ်းရန် ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ်ကို အသုံးပြုနေပြန်၏။
ဂိုဏ်းခေါင်းဆောင်၏ မှတ်ဉာဏ်များကို ရယူပြီးနောက် သက်မဲ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ကျန်းချန်ရဲ ပစ်ချလိုက်သည်။
ထို့နောက် ဟောင်ယွမ်ဝေကို ကြည့်၍
“ဒီကမ္ဘာမှာ စွမ်းအားရှင်တွေ အများကြီး ရှိမယ်လို့ ထင်ထားတာ။ တကယ်တမ်းကျတော့ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်တည်း ရှိပြီး ကျန်တဲ့သူတွေက ပုရွက်ဆိတ်တွေပါလား။”
ဟောင်ယွမ်ဝေကလည်း သူ ကိုင်ထားသော ခန္ဓာကိုယ်ကို ပစ်ချလိုက်ပြီး
“အဲဒီ ဆွမ်ဧကရာဇ်က စွမ်းအားရှင် တစ်ယောက်ယောက်ရဲ့ ဂူသင်္ချိုင်းကို တွေ့ထားပြီး ရတနာတွေ၊ အမွေအနှစ်တွေကို ရခဲ့တာ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် စိတ်ဝိညာဉ်စွမ်းအား ပြန်မကောင်းသေးတဲ့ ကမ္ဘာမှာ သူ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေမှာလဲ”
ဟု သုံးသပ်လိုက်သည်။
ကျန်းချန်ရဲက
“ဖြစ်နိုင်တာပဲ။ ဒါပေမယ့် စဉ်းစားကြည့်ရင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်တည်း ရှိတာဆိုတော့ ငါတို့ စိုးရိမ်စရာ မလိုပါဘူး။”
“ဟောင်ယွမ်ဝေ။ မင်း ချက်ချင်း ပြန်သွားပြီး ထျန်းချန်ကမ္ဘာ့ အကြောင်းကို မင်းကြီးဆီ လျှောက်တင်လိုက်ပါ။ ငါက ရှနေပြည်တော်ကို သွားပြီး ဆွမ်ဧကရာဇ် ဘယ်မှာရှိနေလဲ ဆိုတာကို စုံစမ်းလိုက်မယ်။”
ဟောင်ယွမ်ဝေ ထွက်ခွာရန် ပြင်လိုက်စဉ် ခန်းမအပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“စုံစမ်းဖို့ မလိုတော့ပါဘူး။ ကျွန်တော်ရောက်နေပါပြီ။”
ထိုအသံကို ကြားသောအခါ ကျန်းချန်ရဲတို့ ချက်ချင်း ကြောင်အမ်းသွားကြသည်။
လုချန်းနှင့် အမျိုးသမီးတစ်ဦး ခန်းမထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းချန်ရဲနှင့် ဟောင်ယွမ်ဝေတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ထားပြီး ဖြစ်သောကြောင့် လုချန်းကို သူတို့ မှတ်မိထားပြီးဖြစ်သည်။
သို့သော် ဆွမ်ဧကရာဇ်က ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူတို့ စိတ်ကူးပင် မယဉ်ခဲ့မိပေ။
အသိပြန်ဝင်လာပြီးနောက် ကျန်းချန်ရဲက တုံဆိုင်းမနေပဲ
“ပြေးကြ”
ဟု အော်ပြောလိုက်သည်။
သူ၏ အသံဆုံးသည်နှင့် ကျန်းချန်ရဲနှင့် သူ့လူများ၏ ပုံရိပ်များ ထိုနေရာ၌ပင် ပျောက်ကွယ်သွားပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထျန်းချန်ကမ္ဘာ၏ အကာအရံဆီသို့ ပျံသန်းသွားကြသည်။
နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး မရှိကြောင်း သူတို့ ကောင်းစွာ သိနားလည်ကြသည်။
ထိုလူများ ထွက်ပြေးသွားသည်ကို မြင်သော်လည်း လုချန်းက ချက်ချင်း လိုက်မဖမ်းပေ။ ထို့အစား သူ ယခုလေးတင် သိလိုက်ရသော သတင်းအချက်အလက်အချို့ကို ကြည့်လိုက်သည်။
[အမည် : ကျန်းချန်ရဲ]
[ အချက်အလက်။ လေရန်ကမ္ဘာ၊ လေရန်နိုင်ငံမှ နေမင်းတပ်မတော် တပ်မှူး]
[စွမ်းအား : ဥပဒေနိယာမ အလုံးစုံအဆင့် ပထမအလွှာ]
[သစ္စာရှိမှု :၀]
…
[အမည် : ဟောင်ယွမ်ဝေ]
[အချက်အလက်: လေရန်ကမ္ဘာ၊ လေရန်နိုင်ငံမှ နေမင်းတပ်မတော် တပ်မှူး]
[စွမ်းအား : ဥပဒေနိယာမ အလုံးစုံအဆင့် ပထမအလွှာ]
[သစ္စာရှိမှု - ၀]
ထိုလူနှစ်ယောက်၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် လုချန်း၏ ပုံရိပ်လက်ခနဲ ဖြစ်သွားကာ အလင်းအရိပ်ကို အသုံးပြု၍ ကျန်းချန်ရဲတို့ ရှေ့သို့ တန်းတန်းမတ်မတ် သွားကာ ပိတ်ဆို့လိုက်သည်။
ထျန်းချန်ကမ္ဘာအတွင်း မည်သည့်နေရာကိုမဆို လုချန်း ချက်ချင်း ရောက်ရှိနိုင်ကြောင်း ကျန်းချန်ရဲနှင့် သူ့လူများ သတိမပြုမိကြပေ။ လုချန်း လိုက်မလာသည်ကို မြင်လိုက်ရသဖြင့် သူတို့ လွတ်မြောက်သွားပြီဟု ထင်မှတ်နေကြသည်။
သို့သော် နောက်တစ်ခဏတွင် သူတို့ ထွက်ပြေးမည့် လမ်းကြောင်းပေါ်၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။
လုချန်းက ပြုံး၍
“ဧည့်သည်တွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာပေါ့။ ခင်ဗျားတို့ကို သေသေချာချာ ဧည့်မခံရသေးဘူးလေ။ ဘာလို့ အလောတကြီး ပြန်ချင်နေရတာလဲ။”