← Chapters

ကမ္ဘာနှစ်ခုရဲ့ အပြင်ဘက်မှာ

Vol. 76 Ch. 1134

ကမ္ဘာနှစ်ခုရဲ့ အပြင်ဘက်မှာ

Vol. 76 Ch. 1134

လေရန်ကမ္ဘာက ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ရန် လေးရက်သာ လိုတော့သည်။ ထို့ကြောင့် ပထမဆုံးအကြိမ် ကမ္ဘာနှစ်ခု ကျင့်ကြံသူများ ညီလာခံသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ကမ္ဘာနှစ်ခုမှ အဓိက အဖွဲ့အစည်းများကို ပြန်လည်ပြင်ဆင်ကြရန် လုချန်း ညွှန်ကြားလိုက်သည်။

လေရန်ကမ္ဘာမှ ကျင့်ကြံသူများ၏ ကျူးကျော်မှုကို ကာကွယ်ရန် သက်သက်မဟုတ်ပဲ အချိန်တန်ပါက လေရန်ကမ္ဘာကို သိမ်းပိုက်ရန် အဆင်သင့် ဖြစ်နေစေရေးအတွက် ပြင်ဆင်ရန် သူတို့ကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

လေရန်ကမ္ဘာသည် အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာတစ်ခု ဖြစ်သည်။ ရှနိုင်ငံတော် အတွက်ပင်လျှင် ကမ္ဘာသုံးခုကို တစ်ပြိုင်နက်တည်း စီမံခန့်ခွဲရန် အတော်အတန် ခက်ခဲပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း လေးရက် ကုန်ဆုံးသွားသည်။ လေရန်ကမ္ဘာ ရောက်ရှိလာမည်ကို စောင့်ဆိုင်းရန် ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများကို ဦးဆောင်၍ နတ်လှေဖြင့် အာကာသဟင်းလင်းပြင်ထဲသို့ လုချန်း ဝင်ရောက်သွားခဲ့သည်။

ထျန်းချန်ကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်သည်။ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် စစ်မြေပြင်ကို ဟင်းလင်းပြင် အာကာသထဲတွင် သတ်မှတ်ရခြင်း ဖြစ်သည်။

နတ်လှေ အာကာသ ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားသည်နှင့် တောက်ပသော ကြယ်တာရာများဖြင့် ပြည့်နေသည့် ကောင်းကင်ယံကြောင့် ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ မှင်သက်သွားကြသည်။ သူတို့ထဲမှ အများစုမှာ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့သည် အာကာသ ဟင်းလင်းပြင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သည်။

……

တစ်ချိန်တည်းတွင်...

လေရန်နိုင်ငံ၏ အဓိက အဖွဲ့အစည်းများမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကို လေဟောင်ရန်က စုစည်းလိုက်သည်။ ထို့နောက် နတ်လှေ တစ်ဒါဇင်ကျော်ဖြင့် ထျန်းချန်ကမ္ဘာဆီသို့ ဦးတည်လာခဲ့သည်။

နတ်လှေ တစ်ဒါဇင်ကျော်သာ ရှိသော်လည်း ဤနတ်လှေများကို တည်ဆောက်ရန် လေရန်နိုင်ငံသည် နိုင်ငံ့ အင်အား၏ ထက်ဝက်ကျော်ကို အသုံးပြုခဲ့ရသည်။

လေရန်နိုင်ငံသည် အလယ်အလတ်တန်းစား ကမ္ဘာတစ်ခုသာ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် နတ်လှေ တည်ဆောက်ရန် ပစ္စည်းများ လေရန်ကမ္ဘာ၌ ရှိနေခဲ့သည်။ မဟုတ်ပါက နတ်လှေ ဤမျှအများအပြား ထုတ်လုပ်နိုင်မည် မဟုတ်ပေ။

ထျန်းချန်ကမ္ဘာနှင့် နတ်လှေများ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ လှေပေါ်ရှိ လူများစိတ်ထဲ တင်းမာမှုများ မြင့်တက်လာသည်။

အဝေးမှ ကြည့်လျှင် ထျန်းချန်ကမ္ဘာသည် စိတ်ဝိညာဉ်စွမ်းအား ကင်းမဲ့နေသော သက်မဲ့ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။

လေဧကရာဇ် ပြောသကဲ့သို့ ထိုကမ္ဘာတွင် ကန့်သတ်ချက်များ ရှိနေသည်မှာ အမှန်ပင်ပဲလား။

ကံကောင်းထောက်မစွာဖြင့် နတ်လှေများ၏ သွားနှုန်း အလွန်မြန်ဆန်လှသဖြင့် အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုနိုင်ရန် အချိန်သိပ်ကြာတော့မည် မဟုတ်ပေ။

ကန့်သတ်ချက်များ အမှန်တကယ် ရှိနေပါက ထျန်းချန်ကမ္ဘာတွင် ရတနာများ ရှိနေသည်မှာ သေချာသည်။ ထို့ကြောင့် နတ်လှေများ အသုံးပြုရန် စိတ်ဝိညာဉ်ကျောက်တုံး အများအပြား သုံးစွဲခဲ့ရခြင်းက တန်ဖိုးရှိပေလိမ့်မည်။

နတ်လှေများသည် လေရန်နိုင်ငံပိုင် ဖြစ်ပြီး လှေများကို အသုံးပြုလိုသော နယ်မြေအတွင်းရှိ အဖွဲ့အစည်းများသည် စိတ်ဝိညာဉ်ကျောက်တုံးအများအပြား သုံးစွဲခဲ့ရသည်။ နတ်လှေများကို ငှားရမ်းခ သာမက မောင်းနှင်ရန်အတွက်လည်း စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ကုန်ကျသည်။

ဟင်းလင်းပြင် အာကာသထဲတွင် ပျံသန်းနိုင်သော နတ်လှေကဲ့သို့ စက်ယန္တရားများသည် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏ အမြောက်အများ ကုန်ကျစေသည်။ ထျန်းချန်ကမ္ဘာတွင် သိမ်းပိုက်စရာ ရတနာများ မရှိပါက လေရန်ကမ္ဘာနောက်သို့ လိုက်ပါလာသော အဖွဲ့အစည်းများအတွက် အကုန်အကျ အလွန်များသွားမည်ဖြစ်၏။

လေရန်ကမ္ဘာမှ ကျင့်ကြံသူများ ထျန်းချန်ကမ္ဘာကို စိုးရိမ်တကြီး ကြည့်ရှုနေစဉ် သူတို့၏ နတ်လှေများသည် တစ်စုံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ရုတ်တရက် တုန်ခါသွားသည်။

သို့သော် ဤအရာက လူများကို ထိတ်လန့်သွားစေခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။

ကန့်သတ်ချက်က တကယ် ရှိနေတာပဲ။

ဤအရာက လေဧကရာဇ် သူတို့ကို မလိမ်ညာကြောင်း ဆိုလိုခြင်းဖြစ်သည်။ ထျန်းချန်ကမ္ဘာတွင် ရတနာများ သို့မဟုတ် စွမ်းအားရှင် တစ်စုံတစ်ယောက်၏ ဂူသင်္ချိုင်းပင် ရှိကောင်းရှိနေနိုင်သည်။

စွမ်းအားရှင် တစ်ယောက်၏ ဂူသင်္ချိုင်းကို တွေ့ရှိပါက ဤခရီးစဉ်မှ တစ်စုံတစ်ခု အသေအချာ ရရှိနိုင်မည်ဖြစ်ပြီး သူတို့၏ ကုန်ကျမှုများအတွက် တန်ဖိုးရှိပေလိမ့်မည်။

နတ်လှေ တုန်ခါသွားသည်ကို ခံစားမိပြီးနောက် လေဟောင်ရန်က

“နတ်လှေကို ငြိမ်အောင် ထိန်းထားပြီး ရှေ့ဆက်တိုးကြ”

ဟု တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

လေဟောင်ရန်၏ အသံဆုံးသည်နှင့် နတ်လှေကို မောင်းနှင်နေသူများသည် စိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်း ထည့်သွင်းလိုက်ပြီး ခရီးဆက်ရန် ကြိုးစားလိုက်ကြသည်။

အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် နတ်လှေများ တုန်ခါမှု ရပ်တန့်သွားချိန်တွင် “ဟိုမှာ ကြည့်ကြစမ်း” ဟု တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

နတ်လှေပေါ်ရှိ လူများ ရှေ့သို့ ချက်ချင်း ကြည့်လိုက်ရာ နတ်လှေနှင့် မနီးမဝေးတွင် အပြာရောင်ကမ္ဘာနှင့် ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ကမ္ဘာတို့ကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းက လှေပေါ်ရှိ ကျင့်ကြံသူများကို ပိုမို စိတ်လှုပ်ရှားသွားစေသည်။

“တကယ်ပဲဟေ့။ ဖရိုဖရဲ ကြယ်ပင်လယ်မှာ တခြား သက်ရှိကမ္ဘာတွေ တကယ် ရှိနေတာပဲ။”

“ဒီလို ကန့်သတ်ချက်မျိုးကို စွမ်းအားရှင်တွေပဲ လုပ်နိုင်တာ။ ဒီ ထျန်းချန်ကမ္ဘာမှာ စွမ်းအားရှင် တစ်ယောက်ယောက်ရဲ့ ဂူသင်္ချိုင်း သေချာပေါက် ရှိရမယ်။”

“ငါတို့ ချမ်းသာတော့မယ်။ ဒီခရီးက တကယ် အလကား မဖြစ်ဘူးပဲ “

“ဟားဟားဟား... စွမ်းအားရှင် ဂူသင်္ချိုင်းဆိုတော့ အတွင်းထဲမှာ ရတနာတွေ ဘယ်လောက်တောင်များမလဲ မသိနိုင်ဘူး။”

သို့သော် လူများ စိတ်လှုပ်ရှားနေစဉ်

“မြန်မြန် ကြည့်လိုက်။ အဲ့ဒီ ကမ္ဘာနှစ်ခုရဲ့ အပြင်ဘက်မှာ..... လူတွေ ရှိနေပုံရတယ်”

ဟု တစ်စုံတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။

ထိုအချိန်တွင် နတ်လှေပေါ်ရှိ လူများလည်း လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး ထျန်းချန်ကမ္ဘာ ဘက်သို့ အာရုံစိုက် ကြည့်ရှုလိုက်ကြသည်။ ကြည့်လိုက်မိချိန်တွင် လူတိုင်း ခဏမျှ ကြောင်အသွားကြသည်။

အကွာအဝေး များနေသဖြင့် မြင်ကွင်း မရှင်းလင်းသော်လည်း ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်တွင် အစက်အပြောက် ဒါဇင်အနည်းငယ်ကို ဝိုးတဝါး မြင်တွေ့နေရသည်။

ထိုအစက်အပြောက်များကို မြင်လိုက်ရသောအခါ လေဟောင်ရန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့်အတွက် သူ၏ အာရုံခံနိုင်စွမ်းမှာ ပိုမိုကောင်းမွန်ပြီး ထိုအစက်အပြောက်များသည် နတ်လှေများ ဖြစ်ကြောင်း အလွန်ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ထျန်းချန်ကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတစ်ခုက နတ်လှေ တစ်ဒါဇင်ကျော်ကို မည်သို့ ပိုင်ဆိုင်ထားနိုင်သနည်း။

နတ်လှေ တည်ဆောက်မည့် ပစ္စည်းများကို ကန့်သတ်ချက် ပြုလုပ်ထားသည့် စွမ်းအားရှင်က ချန်ထားခဲ့တာ ဖြစ်နိုင်လား။

သို့မဟုတ် အခြားကမ္ဘာတစ်ခုက ထျန်းချန်ကမ္ဘာကို အရင် ရှာဖွေတွေ့ရှိပြီး သူတို့ထက် ဦးအောင် ရောက်ရှိနေခြင်းလား။

အခြားကမ္ဘာမှ ကျင့်ကြံသူများ ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပါက ပြဿနာရှိသည်။ အဘယ်ကြောင့်ဆိုသော် လာရောက်သူများ၏ စွမ်းအားကို သူတို့ မသိရပေ။ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာမှ ဖြစ်ပါက ထျန်းချန်ကမ္ဘာ၏ ရတနာများကို သူတို့ ရယူနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် လေရန်ကမ္ဘာမှ အခြား နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည်လည်း နတ်လှေများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး အထူးသဖြင့် ရှေ့ဆုံးမှ နတ်လှေကို သတိထားမိလိုက်ကြသည်။

ထိုနတ်လှေသည် နန်းတော်တစ်ခုကဲ့သို့ အလွန် ခမ်းနားထည်ဝါပြီး ပိုင်ရှင်မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားစေသည်။

ထိုအချိန်တွင် ချီမင်းသား ရှောက်လျန်ကျိက

“မင်းကြီး။ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ... ဆက်သွားကြမလား”

ဟု လေဟောင်ရန်အား စိတ်အာရုံဖြင့် မေးမြန်းလိုက်သည်။

ထိုလူများ ထျန်းချန်ကမ္ဘာ အပြင်ဘက်တွင် နတ်လှေများကို ရပ်တန့်ထားခြင်းက တစ်စုံတစ်ယောက် လာနေသည်ကို ထိုသူတို့ သိရှိထားပြီး အခြားသူများ ထျန်းချန်ကမ္ဘာထဲသို့ မဝင်ရောက်နိုင်အောင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရှေ့ဆက်တိုးပါက ထိုနတ်လှေ ပိုင်ရှင်များနှင့် ထိပ်တိုက်တွေ့ဆုံဖွယ် ရှိသည်။

သို့သော် ဒီအထိ ရောက်လာပြီးမှ ရတနာကို မျက်စိရှေ့တွင် ထား၍ နောက်ပြန်လှည့်ရမှာလား။

လေဟောင်ရန်က

“ရှေ့ဆက်တိုးမယ်”

ထိုနတ်လှေပိုင်ရှင်များသည် အလွန်စွမ်းအားကြီးသော ဖြစ်တည်မှုများ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသော်လည်း အခွင့်အရေးအတွက် စွန့်စားရန် လေဟောင်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင် ထိုနတ်လှေများနှင့် နီးကပ်စွာ မရောက်ရှိသေးသရွေ့ ပိုင်ရှင်များသည် သူတို့ထက် တကယ် စွမ်းအားကြီးမားခြင်း ရှိမရှိ အတိအကျ ပြောရန် မဖြစ်နိုင်ပေ။

ထိုနတ်လှေပိုင်ရှင်များသည်လည်း အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာမှ ဖြစ်ကောင်းဖြစ်နိုင်သည်။ နတ်လှေ တည်ဆောက်ရန် ပစ္စည်းများကို လေရန်ကမ္ဘာတွင်သာမက အခြား အလယ်အလတ်တန်းစား ကျင့်စဉ်ကမ္ဘာများတွင်လည်း ရှိနိုင်သည်။

ထို့ပြင် ထိုနတ်လှေများသည် စွမ်းအားရှင်တစ်ဦးက ထျန်းချန်ကမ္ဘာတွင် ချန်ထားခဲ့သော ရှေးဟောင်းပစ္စည်းများထဲမှ ဖြစ်နိုင်ပြီး ထိုပစ္စည်းများကို ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများက ထိန်းချုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။

နတ်လှေပေါ်ရှိ လူများသည် ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများသာ ဖြစ်ရမည်ဟု လေဟောင်ရန် စိတ်ထဲလောင်းကြေးထပ်လိုက်သည်။

သံသယ ဖြစ်စရာမလိုစွာပင် လေဟောင်ရန်၏ ခန့်မှန်းချက်မှာ မှန်ကန်သော်လည်း သူ ၏ တွက်ချက်မှုကတော့ မှားယွင်းခဲ့သည်။ ထိုသူများသည် ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများ အမှန်တကယ် ဖြစ်ပါက ထျန်းချန်ကမ္ဘာတွင် ထိုသူတို့ကို ကန့်သတ်ချက်များ ချိုးဖျက်နိုင်ရန် ကူညီပေးမည့် ရတနာများ ရှိနေကြောင်း ပိုမို သက်သေပြနေသည်။

လေရန်ကမ္ဘာမှ နတ်လှေ နီးကပ်လာသည်နှင့်အမျှ ထိုအစက်အပြောက်များသည် နတ်လှေများ ဖြစ်ကြောင်း လိုက်ပါလာသူများ တဖြည်းဖြည်း သဘောပေါက်လာကြသည်။

မူလက စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများသည်လည်း အန္တရာယ် အရိပ်အယောင်ကို စတင် ခံစားလာရသည်။

နတ်လှေနှင့် နီးကပ်လုနီးပါး အချိန်တွင် လေဟောင်ရန်က

“ရပ်လိုက်ကြ”

ဟု ချက်ချင်း အမိန့်ပေးလိုက်သည်။

ထို့နောက် ရှောက်လျန်ကျိကို

“အခြေအနေ သွားမေးလိုက်ပါ”

“အမိန့်အတိုင်းပါ မင်းကြီး”

ထို့နောက် ရှောက်လျန်ကျိလည်း နတ်လှေပေါ်မှ တိုက်ရိုက် ထွက်ခွာသွားပြီး ဖေးဟုန်နတ်လှေ၏ ရှေ့သို့ ပျံသန်းသွားသည်။

“ကျုပ်တို့က လေရန်ကမ္ဘာမှ ကျင့်ကြံသူတွေပါ။ ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘာလို့ ဒီမှာ လာစောင့်နေကြတာလဲ။”

All Chapters