ဆွမ်ဧကရာဇ် မဟုတ်ပြန်ဘူးလား
Vol. 76 Ch. 1135
ရှောက်လျန်ကျိ၏ မေးခွန်းကို ကြားသောအခါ နတ်လှေကုန်းပတ်ပေါ်တွင် ရပ်နေသည့် လုချန်းလည်း မရယ်ပဲ မနေနိုင် ဖြစ်သွားခဲ့သည်။
“ခင်ဗျားက တကယ် မေ့လွယ်တာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ခင်ဗျားရဲ့ ကိုယ်ပွားတစ်ခုကို ကျွန်တော် ခေါင်းဖြတ်သတ်ခဲ့တာလေ... အခု ကျွန်တော် ဘယ်သူလဲ ဆိုတာ ခင်ဗျား မေ့သွားပြီလား။”
လုချန်း စကားဆုံးသည်နှင့် ဟင်းလင်းပြင်ထဲရှိ ရှောက်လျန်ကျိတစ်ယောက်ရုတ်တရက် တောင့်ခဲသွားသည်။
သို့သော် သူ အလျင်အမြန် သတိပြန်ဝင်လာပြီး ရယ်မောလိုက်သည်။ မူလက ဤနတ်လှေပိုင်ရှင်များသည် အခြားကမ္ဘာမှ လာသည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း နတ်လှေများကို ထိန်းချုပ်ထားသူများသည် ထျန်းချန်ကမ္ဘာမှ ဖြစ်နေခဲ့သည်။
ချက်ချင်းပင် ရှောက်လျန်ကျိက
“ပုရွက်ဆိတ်တွေက ထွက်ပြေးရကောင်းမှန်း မသိပဲ ဟင်းလင်းပြင်ထဲထိ လူစုပြီး ကျုပ်တို့ကို လာစောင့်နေရဲတယ်ပေါ့။ တကယ်ပဲ သေလမ်းရှာနေတာပဲ။”
သူ၏ စကားဆုံးသည်နှင့် ရှောက်လျန်ကျိက လေဟောင်ရန်ထံ စိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။
“မင်းကြီး။ နတ်လှေတွေကို ထိန်းချုပ်ထားတာ ဆွမ်ဧကရာဇ်ပါ... ဒီနတ်လှေတွေက စွမ်းအားရှင် တစ်ယောက်ယောက် ချန်ထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပုံရတယ်။”
ထိုအရာကို ကြားသောအခါ လေဟောင်ရန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ သူတို့သည် ထျန်းချန်ကမ္ဘာ ဒေသခံများသာ ဖြစ်နေသည်။ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုမှ နတ်လှေများဟု သူ အစကက ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
သူ လောင်းကြေးထပ်တာ မှန်ကန်ခဲ့ပုံရသည်။
ဆွမ်ဧကရာဇ်က နတ်လှေများကို ထျန်းချန်ကမ္ဘာ အပြင်ဘက်တွင် ထားထားခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်း ထင်ရှားသည်။ ထျန်းချန်ကမ္ဘာကို အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုက သိမ်းပိုက်ထားသည်ဟု အခြားကမ္ဘာမှ လူများ ထင်မှတ်ပြီး ကြောက်လန့်သွားအောင် သူ လုပ်ချင်ခြင်း ဖြစ်သည်။
နှမြောစရာ ကောင်းသည်က ဆွမ်ဧကရာဇ် သူ့လိုလူနဲ့ လာတွေ့နေခြင်းဖြစ်သည်။
တခြားလူသာဆိုလျှင်တော့ တကယ်ပဲ ကြောက်လန့်ပြီး ထွက်ပြေးသွားလောက်သည်။
ထိုအတွေးနှင့်အတူ လေဟောင်ရန်က
“အဲဒီ နတ်လှေတွေက ထျန်းချန်ကမ္ဘာကပဲ။ တိုက်ခိုက်ကြ”
ဟု နတ်လှေပေါ်ရှိ လူများကို စိတ်အာရုံဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
လေဟောင်ရန်၏ စကားကို ကြားသောအခါ လေရန်ကမ္ဘာမှ ကျင့်ကြံသူများ ချက်ချင်း စိတ်သက်သာရာ ရသွားကြသည်။ ထို့နောက် ယခင်ထက်ပင် ပို၍ စိတ်လှုပ်ရှားလာကာ မျက်လုံးများတွင် လောဘရိပ်များ ပြည့်နှက်လာကြသည်။
အဆင့်နိမ့်ကမ္ဘာတစ်ခု ဖြစ်သော ထျန်းချန်ကမ္ဘာက နတ်လှေ အများအပြား ပိုင်ဆိုင်ထားပြီး အထူးသဖြင့် ရှေ့ဆုံးမှ နတ်လှေမှာ အလွန်ခမ်းနားနေသဖြင့် ထျန်းချန်ကမ္ဘာတွင် စွမ်းအားရှင် ချန်ထားခဲ့သော ရတနာများ အမှန်တကယ် ရှိနေကြောင်း ဆိုလိုသည်။
ထျန်းချန်ကမ္ဘာကို သိမ်းပိုက်နိုင်ပါက ဤရတနာများ အားလုံး လေရန်ကမ္ဘာပိုင် ဖြစ်လာပေလိမ့်မည်။ ဝေစုတစ်စုသာ ရလျှင်ပင် သူတို့ ချမ်းသာသွားပေလိမ့်မည်။
လေဟောင်ရန် စကားပြောပြီးနောက် လေရန်ကမ္ဘာမှ နတ်လှေများသည် ထျန်းချန်ကမ္ဘာဆီသို့ ချက်ချင်း ဆက်လက် တိုးဝင်သွားကြသည်။
အာကာသ ဟင်းလင်းပြင်ထဲတွင် တိုက်ပွဲဖြစ်ပွားပါက ထျန်းချန်ကမ္ဘာ၏ သာမန်လက်နက်များ သိပ်အသုံးမဝင်တောပေ။ ဥပဒေနိယာမ အလုံးစုံနယ်ပယ် နံပါတ်ရှစ်အလွှာ အထက်ရှိ ကျင့်ကြံသူများသာ ဟင်းလင်းပြင်ထဲ၌ ရပ်တည်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် နှစ်ဖက်စလုံး၏ နတ်လှေပေါ်ရှိ လူအများစုမှာ ပွဲကြည့်ပရိသတ်များသာ ဖြစ်ပြီး မည်သည့်အကူအညီမှ မပေးနိုင်ကြပေ။
နတ်လှေများ၏ သွားနှုန်းမှာ မြန်ဆန်လှသဖြင့် လေရန်ကမ္ဘာမှ နတ်လှေများသည် ထျန်းချန်ကမ္ဘာ အစွန်အဖျားသို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။ သို့သော် ထိုအချိန်တွင် လေရန်ကမ္ဘာမှ နတ်လှေများသည် ဆက်လက် တိုးဝင်ခြင်း မရှိတော့ပေ။
နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်များ၏ တိုက်ပွဲ နီးကပ်လာပြီ ဖြစ်သည်။ အရမ်းကပ်သွားပါက လှေပေါ်ရှိ ကျင့်ကြံသူများ ထိခိုက်နိုင်ခြေ ရှိသည်။
နတ်လှေများ တဖြည်းဖြည်း အရှိန်လျှော့လိုက်သည်နှင့် လေရန်ကမ္ဘာမှ ဥပဒေနိယာမ အလုံးစုံနယ်ပယ် နံပါတ်ရှစ်ခုအလွှာ အထက်ရှိ ကျင့်ကြံသူများသည် မစောင့်နိုင်တော့ပဲ နတ်လှေထဲမှ ပျံထွက်ကာ ဟင်းလင်းပြင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် လုချန်းဘက်မှ လူများသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးပေ။ သူတို့သည် နတ်လှေ ကုန်းပတ်ပေါ်တွင် ရပ်ကာ ဟင်းလင်းပြင်ထဲရှိ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများ နတ်လှေထဲမှ ထွက်မလာသည်ကို မြင်သောအခါ လေရန်ကမ္ဘာမှ ကျင့်ကြံသူများ၏ မျက်နှာပေါ်၌ အထင်သေးသော အမူအရာများကို ပေါ်လာကြသည်။
ရန်သူက အနားရောက်နေပြီ ဖြစ်သော်လည်း ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများသည် နတ်လှေထဲတွင် ပုန်းအောင်းနေကြဆဲ ဖြစ်သည်။
ဘာလို့ ထွက်မလာကြတာလဲ။ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်တွေက ဟင်းလင်းပြင် ဖိအားကို မခံနိုင်လို့များလား။
ထျန်းချန်ကမ္ဘာက ကျင့်ကြံသူတွေက သိပ်အားနည်းတာပဲ။
ထျန်းချန်ကမ္ဘာကို လက်ဝယ်ပိုင်ဆိုင်ရတော့မည်ဟု တွေးတောရင်း လေရန်ကမ္ဘာမှ ကျင့်ကြံသူများ အလွန်စိတ်လှုပ်ရှားနေကြသည်။
ထိုအချိန်တွင် လေဟောင်ရန်လည်း ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားပြီး အောက်ဘက်ရှိ ခမ်းနားထည်ဝါသော ရွှေရောင်နတ်လှေကို အပေါ်စီးမှ ကြည့်ကာ
“ထျန်းချန်ကမ္ဘာက ပုရွက်ဆိတ်တွေ... ခင်ဗျားတို့ကို ရွေးချယ်ခွင့် ပေးမယ်... ကျုပ်ကို သစ္စာခံမလား... သေမလား”
ဟု စိတ်အာရုံဖြင့် ပြောလိုက်သည်။
သူတို့ကို ချက်ချင်း ရှင်းလင်းရန် လေဟောင်ရန် မရည်ရွယ်ထားပေ။ ထျန်းချန်ကမ္ဘာ၏ ရတနာများကို ရှာဖွေဖို့ ကူညီခိုင်းရန် ထျန်းချန်ကမ္ဘာမှ လူများကို သူ လိုအပ်နေသေးသည်။
လေရန်ကမ္ဘာဘက်၌ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ အများအပြားနှင့် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦး ရှိနေသဖြင့် သူ တစ်ခွန်း ပြောလိုက်ရုံဖြင့် ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများသည် လုချန်းကို သစ္စာဖောက်ပြီး လေရန်ကမ္ဘာဘက်သို့ ကူးပြောင်းလာကြလိမ့်မည်ဟု လေဟောင်ရန် တွက်ဆထားသည်။
သို့သော် လေဟောင်ရန် ပြောပြီးချိန်တွင် နတ်လှေပေါ်ရှိ ကျင့်ကြံသူ မည်သူတစ်ဦးတစ်ယောက်မှ လုချန်းကို သစ္စာဖောက်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
လေဟောင်ရန် မျက်မှောင်ကြုတ်လိုက်သည်။
ဘာတွေ ဖြစ်နေတာလဲ။
ဆွမ်ဧကရာဇ်က လေရန်ကမ္ဘာနဲ့ ယှဉ်နိုင်တယ်လို့ ဒီ အဆင့်နိမ့်ကမ္ဘာက ပုရွက်ဆိတ်တွေက တကယ် ထင်နေကြတာလား။
ရယ်စရာ ကောင်းလိုက်တာ။
ဒါပေမဲ့ ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ...
အမြော်အမြင် မရှိတာ သူတို့၏ သဘာဝပင်။
ဒီလူတွေက သစ္စာမဖောက်ချင်ကြမှတော့ ဘာမှ ပြောစရာ မရှိတော့ဘူး...
ဆွမ်ဧကရာဇ်ကို သတ်ပြီးတာနဲ့ အဲဒီလူတွေ အလိုလို ဒူးထောက်လာကြလိမ့်မယ်။
ထိုအတွေးနှင့်အတူ လေဟောင်ရန်က သူ၏ လက်ကို မြှောက်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ လေဟောင်ရန်၏ အမူအရာကို မြင်သောအခါ သူ၏ အနောက်ဘက်ရှိ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများလည်း တုံဆိုင်းမနေပဲ ထျန်းချန်ကမ္ဘာ၏ နတ်လှေဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသည်။
သို့သော် ထိုအချိန်တွင် ထျန်းချန်ကမ္ဘာ၏ နတ်လှေထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ပျံထွက်လာသည်။
ထိုပုံရိပ် ထွက်ပေါ်လာပြီးနောက် လေရန်ကမ္ဘာမှ ကျင့်ကြံသူများသည် ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
ထိုလူမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်ကို မြင်သောအခါ လေဟောင်ရန်က ရယ်မောပြီး
“မင်းက ဆွမ်ဧကရာဇ်လား”
ထိုအချိန်တွင် ဤလူ ဆွမ်ဧကရာဇ် မဟုတ်ကြောင်း သိနေသော ရှောက်လျန်ကျိက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယခု အခြား နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခြင်းက ထျန်းချန်ကမ္ဘာ၌ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိနေကြောင်း ဆိုလိုသည်။
ယင်ကျန်းယဲ့က လေဟောင်ရန်၏ မေးခွန်းကို မဖြေပေ။ ထို့အစား လေဟာနယ်ထဲရှိ လူများကို ခံစားချက်မဲ့စွာ ဝေ့ဝဲကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများတွင် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ရှောက်လျန်ကျိက
“မင်းကြီး... ဒီလူက ဆွမ်ဧကရာဇ် မဟုတ်ပါဘူး”
ဟု လေဟောင်ရန်ထံ စိတ်အာရုံဖြင့် ချက်ချင်း ပြောလိုက်သည်။
ထိုအရာကို ကြားသောအခါ လေဟောင်ရန် ခဏမျှ ကြောင်အသွားသည်။ ထျန်းချန်ကမ္ဘာတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဆိုလို့ ဆွမ်ဧကရာဇ် တစ်ဦးတည်းသာ ရှိသည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤကျင့်ကြံသူသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ဖြစ်သည့်အတွက် ဆွမ်ဧကရာဇ် ဖြစ်ရမည်ဟု ယူဆခဲ့သော်လည်း မဟုတ်နေပြန်ပေ။
အဲဒါဆို ထျန်းချန်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိတယ်လို့ ဆိုလိုတာလား။
သို့သော် နှစ်ယောက်ဆိုလည်း သိပ်ပြီး စိတ်ပူစရာ မလိုပေ။ သူတို့ဘက်မှာ ခြောက်ယောက် ရှိပြီး စွမ်းအားတွေက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် နံပါတ်ငါးအလွှာ နီးပါး ရောက်နေကြပြီဖြစ်သည်။ အဆင့်နိမ့်ကမ္ဘာက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ကိုင်တွယ်ဖို့က သူတို့အတွက် လွယ်ကူသေးသည်။
လူတိုင်း ထိုသို့ တွေးတောနေစဉ် ထျန်းချန်ကမ္ဘာ၏ နတ်လှေတစ်စင်းပေါ်မှ အခြားပုံရိပ်တစ်ခု ဆင်းသက်လာပြီး နတ်ဘဝ ပြောင်းလဲခြင်းအဆင့်၏ ဖိနှိပ်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
လေဟောင်ရန်၏ မျက်ခုံး အနည်းငယ် တွန့်သွားသည်။ နောက်ထပ် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်လား။
ဒါ ဆွမ်ဧကရာဇ် ဖြစ်မလား။
လေဟောင်ရန် ထိုသို့ တွေးတောနေစဉ် ရှောက်လျန်ကျိက
“မင်းကြီး... ဒီလူကလည်း ဆွမ်ဧကရာဇ် မဟုတ်ပါဘူး”
ဟု ထပ်မံ ဆက်သွယ်ပြောကြားလိုက်သည်။
ဒါက...
အဆင့်နိမ့် ထျန်းချန်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်တောင် ရှိနေတာလား။
ထျန်းချန်ကမ္ဘာမှာ ရတနာတွေ ရှိနေတာ သေချာသလောက်ပြီ။
ဒါမှမဟုတ်ရင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဘယ်လို ထောက်ပံ့ပေးနိုင်မလဲ။
ဒါပေမဲ့ ဒါက ထျန်းချန်ကမ္ဘာ ထောက်ပံ့နိုင်တဲ့ အစွမ်းအကုန် ဖြစ်မှာပဲဟု သူ တွေးလိုက်သည်။
သူထိုသို့ တွေးလိုက်မိချိန်တွင် ထျန်းချန်ကမ္ဘာမှ အခြားကျင့်ကြံသူတစ်ဦး နတ်လှေပေါ်မှ ဆင်းသက်လာပြီး နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြန်သည်။
ဆွမ်ဧကရာဇ် နောက်ဆုံးတော့ ပေါ်လာပြီဟု လေဟောင်ရန် တွေးလိုက်သော်လည်း ထိုအချိန်တွင် ရှောက်လျန်ကျိ မျက်မှောင်များ ကြုတ်သွားပြီး
“မင်းကြီး... ဒီလူကလည်း ဆွမ်ဧကရာဇ် မဟုတ်ပါဘူး”
လေဟောင်ရန် အံ့သြသွားသည်။
နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လေးယောက်တောင်လား။
လေဟောင်ရန် သတိမဝင်ခင်မှာပင် ထျန်းချန်ကမ္ဘာမှ အခြား နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့ပြန်သည်။
ဒီတစ်ခါတော့ ရှောက်လျန်ကျိ ပြောမည့်စကားကို မစောင့်တော့ပဲ
“ဒီလူကလည်း ဆွမ်ဧကရာဇ် မဟုတ်ဘူးလား”
ဟု လေဟောင်ရန်က တိုက်ရိုက် မေးလိုက်သည်။
လေဟောင်ရန်၏ မျက်နှာမည်းမှောင်သွားသည်။ လူသစ်မှာ အမျိုးသမီး ကျင့်ကြံသူ ဖြစ်နေပြီး ဆွမ်ဧကရာဇ် မဟုတ်နိုင်သည်မှာ ထင်ရှားသည်။
ထိုအတိုင်းဆိုလျှင်တော့ ထျန်းချန်ကမ္ဘာရှိ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်သည် လေရန်ကမ္ဘာနှင့် တူညီသွားပြီ ဖြစ်သည်။
ကိစ္စမရှိဘူး......
ထျန်းချန်ကမ္ဘာမှာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက် ရှိလျှင်တောင် လေရန်ကမ္ဘာဘက်က လူတွေကို လေရန်ကမ္ဘာကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
ဒီလို စိတ်ဝိညာဉ်စွမ်းအား ရှားပါးတဲ့ ကမ္ဘာမှာ ကျင့်ကြံရတဲ့သူတွေက အားနည်းဖို့ သေချာတယ်ဟု လေဟောင်ရန် တွေးလိုက်ပြန်သည်။