လေရန်ကမ္ဘာကို လိုချင်ရင် ကိုယ်တိုင် လာယူလိုက်ပါ
Vol. 76 Ch. 1137
ထိုအချိန်တွင် လေဟောင်ရန်သည် စိတ်ထဲ၌ မကျေနပ်သော်လည်း ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်နှင့် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ လုချန်းဘက်တွင်ပိုများနေသည့် အချက်တို့ကြောင့်..... ခေတ္တ အလျော့ပေးရန်မှတစ်ပါး သူ့ထံ၌ အခြား ရွေးချယ်စရာ မရှိပေ။
သို့သော် ဤကိစ္စကို လက်လျှော့ရန် ရည်ရွယ်ချက် လေဟောင်ရန်ထံ မရှိပေ။ သူသည် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်ကို မယှဉ်နိုင်သော်လည်း ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ခွာပြီး အခြား အဆင့်မြင့် ကျင့်စဉ်ကမ္ဘာ သို့မဟုတ် အင်ပါယာများတွင် ခိုလှုံနိုင်သည်။
ကန့်သတ်ချက် ပြုလုပ်ပြီး ကမ္ဘာနှစ်ခုကို ဖုံးကွယ်ထားနိုင်သော စွမ်းရည်သည် သူတော်စင်များ၊ မဟာဧကရာဇ်များ၏ လက်ရာဖြစ်၏။ သူတော်စင်များနှင့် မဟာဧကရာဇ်များ၏ ဂူသင်္ချိုင်းများကို စိတ်ဝင်စားသူများစွာ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
လုချန်း စကားပြောရန် ပြင်လိုက်စဉ် လေဟောင်ရန်၏ သစ္စာရှိမှု -၁၀၀ အထိ ရုတ်တရက် ကျဆင်းသွားသည်ကို သတိပြုမိလိုက်သည်။ လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
စနစ်မှ ဆင့်ခေါ်ထားသူ မဟုတ်ပါက သစ္စာရှိမှုသည် နှစ်သက်မှုနှင့် ညီမျှသည်။ လေဟောင်ရန်၏ သစ္စာရှိမှုသည် အံ့သြစရာကောင်းလောက်အောင် နိမ့်ကျနေသည်။ ဤအနှုတ်လက္ခဏာ သစ္စာရှိမှုသည် အမုန်းတရား၏ အတိုင်းအတာဖြစ်ပြီး အနှုတ်များလေလေ အမုန်းတရား ကြီးမားလေလေ ဖြစ်သည်။
လေဟောင်ရန် ပြန်သွားပါကလည်း လုံးဝ လက်လျှော့မည် မဟုတ်ပေ။ ထိုကဲ့သို့သော လူမျိုးကို လျစ်လျူရှုထား၍ မဖြစ်ပေ။
လုချန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လေဟောင်ရန်က
“ဆွမ်ဧကရာဇ် လိုချင်တာ ရှိရင် တိုက်ရိုက် ပြောပါ... ကျွန်တော့်ဘက်ကလည်း တောင်းပန်ပါတယ်။”
ခြေတစ်လှမ်း ဆုတ်ခြင်းသည် ရှည်လျားသော အနာဂတ်ကို ရရှိခြင်း ဖြစ်သည်။ လက်ရှိ ဦးစားပေးမှာ ဤအန္တရာယ်ရှိသော နေရာမှ ထွက်ခွာပြီး မှီခိုအားထားရမည့် အဆင့်မြင့်ကမ္ဘာတစ်ခုကို ရှာဖွေရန် ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက
“ကျွန်တော် သိချင်တာ တစ်ခုရှိတယ်... ထျန်းချန်ကမ္ဘာက အရင်းအမြစ် နည်းပါးပြီး စိတ်ဝိညာဉ်စွမ်းအား ရှားပါးတဲ့ အဆင့်နိမ့်ကမ္ဘာတစ်ခုပါ။ အလယ်အလတ်တန်းစား ကမ္ဘာတစ်ခုအတွက် အသုံးမဝင်ပါဘူး... ဒါဆို ဘာလို့ ထျန်းချန်ကမ္ဘာကို ခင်ဗျားတို့ လာတိုက်ရတာလဲ။”
ထိုအရာကို ကြားသောအခါ လေဟောင်ရန်က ချက်ချင်းပင်
“ဖရိုဖရဲ ကြယ်ပင်လယ်က သေမင်းတမန်နယ်မြေ ဖြစ်ပြီး သက်ရှိကမ္ဘာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ထျန်းချန်ကမ္ဘာက အဆင့်နိမ့်ကမ္ဘာ ဖြစ်ပေမဲ့ လေရန်နိုင်ငံအတွက် အသုံးဝင်ပါတယ်။”
သူတို့၏ ရည်ရွယ်ချက်အမှန်ကို လေဟောင်ရန် ထုတ်မပြောခဲ့ပေ။ သက်ရှိကမ္ဘာများသည် လေရန်နိုင်ငံအတွက် အရေးပါသော်လည်း လေဟောင်ရန်နှင့် သူ့လူများ တကယ် စိတ်ဝင်စားသည်က ရတနာများ ရှိနေနိုင်သည့် အချက်ဖြစ်သည်။
လုချန်းက ပြုံး၍
“တကယ်ပဲလား... စောစောကလည်း မလာ... နောက်ကျမှလည်း မလာပဲ... အခုမှ ဘာလို့ ရုတ်တရက် စိတ်ဝင်စားလာရတာလဲ။”
လုချန်း၏ စကားကို ကြားသောအခါ လေဟောင်ရန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လက်ကို မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် အဝေးမှ ပုံရိပ်တစ်ခု လေဟောင်ရန်၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
ကုန်းရယ်လျှံဖုန်း၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။ ထျန်းချန်ကမ္ဘာကို ဖျက်ဆီးရန် လေဟောင်ရန်၏ အကူအညီကို ရယူနိုင်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း လေဟောင်ရန်နှင့် သူ့တပ်ဖွဲ့များ ရောက်ရှိလာသည်နှင့် တားဆီးခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကုန်းရယ်လျှံဖုန်း၏ လည်ပင်းကို ဆုပ်ကိုင်၍ လေဟောင်ရန်က
“ဆွမ်ဧကရာဇ်... ဒီကိစ္စက ဒီလူရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရတာပါ။ ဒီကိစ္စရဲ့ တရားခံဖြစ်တဲ့ သူ့ကို ခင်ဗျား သဘောရှိ စီရင်ဖို့ လွှဲပေးလိုက်ပါမယ်။”
ကုန်းရယ်လျှံဖုန်းက ရုန်းကန်နေရင်း
“ငါက ထျန်းကျိရဲတိုက်က လူနော်... မင်းတို့ ငါ့ကို သတ်လို့မရဘူး”
ဟု အော်ဟစ်လိုက်သည်။
“ထျန်းကျိရဲတိုက်ကို စော်ကားရဲတဲ့သူ ဘယ်သူမဆို နောက်ဆုံးမှာ ဆိုးရွားတဲ့ နိဂုံးနဲ့ ကြုံတွေ့ရလိမ့်မယ်။”
ကုန်းရယ်လျှံဖုန်း၏ စကားကို လေဟောင်ရန် လျစ်လျူရှုလိုက်ပြီး လုချန်းဆီသို့ ပစ်လိုက်သည်။ လုချန်းနှင့် နီးကပ်သွားသည်ကို ကုန်းရယ်လျှံဖုန်း သတိထားမိချိန်တွင် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်သွားပြီး အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်တွင် လုချန်း၏ ခန္ဓာကိုယ်မှ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး လူတိုင်းနှင့် ဟင်းလင်းပြင်ထဲရှိ နတ်လှေများကို မမြင်နိုင်သော ဖိအားဖြင့် ချက်ချင်း ဖုံးလွှမ်းသွားစေသည်။
ထိုဖိအားကို ခံစားလိုက်ရသောအခါ လေဟောင်ရန်၏ မျက်နှာမှာ ပို၍ဖြူဖျော့သွားသည်။
ပြန်လည်ပျက်စီးခြင်းအဆင့်။
ဆွမ်ဧကရာဇ်ကလည်း ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူလား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
သတင်းအချက်အလက် စုဆောင်းတဲ့သူတွေက ဘာလို့ ဒီလောက်တောင် ညံ့ဖျင်းရတာလဲ။ ဆွမ်ဧကရာဇ်က ပြန်လည်ပျက်စီးခြင်းအဆင့် ဖြစ်နေတာကိုတောင် မသိခဲ့ကြဘူး။
လုချန်းသည် အင်အားကြီး အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းထားသည်ဟု လေဟောင်ရန်နှင့် သူ့လူများက ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ဆွမ်ဧကရာဇ် ကိုယ်တိုင်က ထိုအင်အားကြီး အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်ခြေ များနေသည်။
လုချန်းဆီသို့ ကုန်းရယ်လျှံဖုန်း ပျံသန်းလာစဉ် လုချန်းက ဓားကို ဆွဲထုတ်ပြီး ပိုင်းဖြတ်လိုက်ရာ ပျက်စီးခြင်းစွမ်းအားများ ပြည့်နှက်နေသော ဓားစွမ်းအား ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် ကုန်းရယ်လျှံဖုန်း၏ ခန္ဓာကိုယ်သည် သွေးမြူမှုန်များအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ကုန်းရယ်လျှံဖုန်းကို ရှင်းလင်းပြီးနောက် လုချန်း၏ အကြည့်များက လေဟောင်ရန်အပေါ်သို့ တဖန် ကျရောက်သွားသည်။ ထိုအချိန်တွင် မရေရာသော စိုးရိမ်မှုတစ်ခုကို လေဟောင်ရန် ခံစားလိုက်ရသည်။ လက်ရှိတွင် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင် နှစ်ယောက်မဟုတ် တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်း သူ့တွင် မရှိပေ။
လေဟောင်ရန်က
“ဆွမ်ဧကရာဇ်က တရားခံကို ရှင်းပစ်လိုက်ပြီဆိုတော့ ခင်ဗျားရဲ့ အချိန်တွေကို ကျွန်တော် ဆက်ပြီး မနှောင့်နှေးစေတော့ပါဘူး။”
ထိုသို့ ပြောပြီးနောက် လေဟောင်ရန်က လှည့်ကာ
“သွားကြစို့”
ဟု အမိန့်ပေးလိုက်သည်။
လေဟောင်ရန် ထွက်ပြေးချင်နေသည်ကို မြင်သောအခါ လုချန်းက
“လေဧကရာဇ်က ဒီနေ့ ဒီမှာပဲ နေရဖို့ ကံပါလာပုံရတယ်”
ဟု ခပ်အေးအေး ပြောလိုက်သည်။
“ကျွန်တော့်မှာလည်း လေဧကရာဇ်နဲ့ တူညီတဲ့ အတွေးတွေ ရှိတယ်......ခင်ဗျားက ထျန်းချန်ကမ္ဘာကို လိုချင်သလို ကျွန်တော်ကလည်း လေရန်ကမ္ဘာကို လိုချင်နေတယ်။ လေရန်ကမ္ဘာကို ကျွန်တော့်လက်ထဲ လွှဲပေးဖို့ လေဧကရာဇ် ဆန္ဒရှိမလား ဆိုတာ သိချင်မိတယ်။”
ထိုအရာကို ကြားသောအခါ လေဟောင်ရန်နှင့် လေရန်နိုင်ငံမှ ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့ အရူးလုပ်ခံလိုက်ရပုံ ရသည်။
ဆွမ်ဧကရာဇ်က သူတို့ကို တမင် သွေးဆောင်ခေါ်ယူပြီး အခွင့်အရေးယူကာ ရှင်းပစ်ရန် ကြံစည်ထားခြင်း ဖြစ်ရမည်။
လေရန်ကမ္ဘာသည် အလယ်အလတ်တန်းစား ကမ္ဘာဖြစ်သည်။ စစ်မြေပြင်သာ လေရန်ကမ္ဘာတွင် ဖြစ်ပါက နတ်ဘဝ ပြောင်းလဲခြင်းအဆင့်နှင့် ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများသည် နည်းဗျူဟာ ပုံစံများ၏ အကူအညီဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်များကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
သို့သော် ဤလေဟာနယ်ထဲတွင်မူ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အထက်ရှိ ကျင့်ကြံသူများသည် ကောင်းကင်ဘုံလမ်းစဉ်၏ ဖိနှိပ်မှုမရှိပဲ သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ကြသည်။
အရေးအကြီးဆုံးမှာ ဤနေရာသည် လေဟောင်ရန်၏ နယ်မြေ မဟုတ်ပေ။ လေရန်ကမ္ဘာတွင် သူတို့ တည်ဆောက်ထားသော နည်းဗျူဟာများသည် ဤနေရာတွင် အသုံးမဝင်ပေ။
ယခုအချိန်တွင် သူတို့၏ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်မှာ မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်သည်။
သို့သော် လုချန်းကို မယှဉ်နိုင်မှန်း သိသော်လည်း လေဟောင်ရန်က
“ဆွမ်ဧကရာဇ်ရဲ့ ရည်မှန်းချက်က မသေးလှဘူးပဲ။ ဒါပေမဲ့ လေရန်ကမ္ဘာကို လိုချင်ရင်တော့ ကိုယ်တိုင် လာယူလိုက်ပါ။”
ဟု အေးစက်စွာ ပြောလိုက်သည်။
စကားပြောနေရင်း လေဟောင်ရန်၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ ခေါင်းအထက်တွင် ကြီးမားသော ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
လေဟောင်ရန် လှုပ်ရှားလိုက်ပြီးနောက် သူ့ဘေးရှိ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ချက်ချင်း မတိုက်ခိုက်ကြပေ။ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင် နှစ်ယောက်ကို မယှဉ်နိုင်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။
အရင်းအမြစ်များ သို့မဟုတ် စိတ်ဝိညာဉ်လက်နက်များ ပေါများသော အဆင့်မြင့် ကျင့်စဉ်ကမ္ဘာမှ လာရောက်သူများ ဖြစ်ပါက ပိုအားကောင်းသော ရန်သူကို အနိုင်ယူရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။ သို့သော် သူတို့သည် ကြီးမားသော စွမ်းအားနှင့် အစွမ်းထက် စိတ်ဝိညာဉ်လက်နက်များ မရှိသည့် သေမင်းတမန် နယ်မြေဖြစ်သော ဖရိုဖရဲ ကြယ်ပင်လယ်မှ ကျင့်ကြံသူများသာ ဖြစ်သည်။ ပြန်လည်ပျက်စီးခြင်းအဆင့်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
သို့သော်... လေရန်ကမ္ဘာကို ဤကဲ့သို့ သစ္စာဖောက်ရမည်က သူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။ သူတို့ ယခုချက်ချင်း သစ္စာဖောက်လိုက်ပါက လေရန်ကမ္ဘာကို အုပ်ချုပ်နေသော အိမ်ရှေ့မင်းသားထံ လေဟောင်ရန်က စိတ်အာရုံဖြင့် သတင်းပို့လိုက်လျှင် မည်သို့ လုပ်မည်နည်း။ တော်ဝင်မိသားစုဝင်များ လှုပ်ရှားပါက သူတို့၏ မျိုးဆက်များ ချက်ချင်း ရှင်းလင်းခံရပေလိမ့်မည်။
သူ့ဘေးရှိ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ မလှုပ်ရှားသည်ကို မြင်သောအခါ ရှောက်လျန်ကျိက
“လူကြီးမင်းတို့..... ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မလို့လား။ လေရန်ကမ္ဘာမှာ ရှိတဲ့ ခင်ဗျားတို့ရဲ့ မျိုးဆက်တွေ အရေးကိုလည်း တွေးပါဦး။ ဆွမ်ဧကရာဇ်သာ လေရန်ကမ္ဘာကို ထိန်းချုပ်လိုက်ရင် ခင်ဗျားတို့ရဲ့ မျိုးဆက်တွေ အသက်ရှင်ခွင့် ရပါဦးမလား”
ဟု သတိပေးလိုက်သည်။
ထိုအရာကို ကြားသောအခါ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လေးယောက်၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားသည်။ ရှောက်လျန်ကျိ၏ စကားများသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။
အပေါ်ယံတွင် ဆွမ်ဧကရာဇ်က သူတို့၏ မျိုးဆက်များကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ကြောင်း ပြောဆိုသော်လည်း တကယ်တမ်းတွင်မူ ယခုအချိန်၌ သစ္စာဖောက်ပါက လေရန်နိုင်ငံသည် သူတို့၏ မျိုးဆက်များ အားလုံးကို ချက်ချင်း ရှင်းလင်းပစ်မည် ဖြစ်ကြောင်း သတိပေးခြင်း ဖြစ်သည်။