← Chapters

ကောင်းကင်အဆင့် ဝိညာဉ်ဓား အစစ်

Vol. 76 Ch. 1138

ကောင်းကင်အဆင့် ဝိညာဉ်ဓား အစစ်

Vol. 76 Ch. 1138

ရှောက်လျန်ကျိ၏ ခြိမ်းခြောက်မှုအောက်တွင် လေရန်ကမ္ဘာမှ အခြား နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လေးဦးတို့ လှုပ်ရှားလိုက်ကြကာ နိယာမရုပ်သွင်များကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။

ပြန်လည်ပျက်စီးခြင်းအဆင့်၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ဆွမ်ဧကရာဇ်နှင့် သူ၏ အစောင့်အရှောက်တို့၏ အငွေ့အသက်မှာ မတည်ငြိမ်ပဲ လှုပ်ရှားနေသည်။ သူတို့သည် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ တက်လှမ်းထားသည်မှာ မှန်သော်လည်း မကြာသေးမီကမှ အဆင့်တက်ထားခြင်း ဖြစ်နိုင်၏။ သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရထားပြီး အလုံးစုံ မသက်သာသေးခြင်းလည်း ဖြစ်နိုင်သည်ဟု လေဟောင်ရန် တွေးတောနေသည်။

သူ့တွင် မတော်တဆ ရရှိခဲ့သော မြေအဆင့် ရတနာနှစ်ပါး ရှိသည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် မဟာမိတ် ငါးဦးကသာ သူ့အတွက် အချိန်ဆွဲပေးနိုင်ပါက သူ ထွက်ပြေးလွတ်မြောက်နိုင်စရာရှိသည်။

သူလွတ်မြောက်လျှင် အခြား အဆင့်မြင့်ကမ္ဘာတစ်ခုမှ အင်အားကြီးအဖွဲ့အစည်းတစ်ခုတွင် ခိုလှုံမည်။ ထျန်းချန်ကမ္ဘာမှ ရတနာများအကြောင်း သတင်းများကို ထိုအဖွဲ့အစည်းအား ဖွင့်ပြောမည်။

သူ အသက်ရှင်နေသရွေ့ လေရန်နိုင်ငံသည် တစ်နေ့ သူ့လက်ထဲသို့ ပြန်ရောက်လာပေလိမ့်မည်။ လေရန်နိုင်ငံတွင် ကျန်ရှိနေသည့် ဆွေမျိုးများကို သူ ဂရုစိုက်နေမည် မဟုတ်ပေ။ သူ မသေဆုံးသရွေ့ လေရန်နိုင်ငံ ဆက်ရှိနေမည်။ ဆွေမျိုးများ သေဆုံးခြင်းက အရေးမပါလှ။

မျိုးဆက်များ ပျက်စီးသွားပါက မျိုးဆက်သစ်များကို ထပ်မံ မွေးထုတ်နိုင်သည်။ သူ အသက်ရှင်သန်ရေးကသာ အဓိကကအကျဆုံးဖြစ်သည်။ ထိုအရာအတွက် မည်သည့်အရာကိုမဆို သူ စွန့်လွှတ်နိုင်သည်။

လေဟောင်ရန်တို့က အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေကြပုံကို လုချန်း မြင်လိုက်သည်။ ထိုစဉ် ယင်ကျန်းယဲ့က

“မင်းကြီး... သူတို့ကို သုတ်သင်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါ”

လုချန်းက အေးစက်စွာဖြင့်

“ကောင်းပြီ”

လုချန်း၏ စကားကို ကြားသောအခါ ယင်ကျန်းယဲ့လည်း အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိပဲ နဂါးနက် နိယာမရုပ်သွင်ကို တဖန် ဆင့်ခေါ်လိုက်သည်။

နဂါးနက် နိယာမရုပ်သွင် ပေါ်လာပြီးနောက် ချက်ချင်းပင် အနီးနားရှိ ဟင်းလင်းပြင်တစ်ခုလုံး ဖိအားများ ဖုံးလွှမ်းသွား၏။ ရှိနေသော ကျင့်ကြံသူများလည်း ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် ယင်ကျန်းယဲ့၏ အထက်မှ နဂါးနက် နိယာမရုပ်သွင် ပျံသန်းထွက်ပေါ်လာပြီး လေဟောင်ရန်နှင့် အခြားသူများထံသို့ တည့်မတ်စွာ ဦးတည်သွားသည်။ ထိုအရာကို မြင်သောအခါ လေဟောင်ရန် စကားမပြောနိုင်ခင်မှာပင် ရှောက်လျန်ကျိက ချက်ချင်း အော်ပြောလိုက်သည်။

“အားလုံးပဲ... အတူတူ တိုက်ခိုက်ကြ”

သူ၏ အသံဆုံးသည်နှင့် လူတိုင်းက ၎င်းတို့၏ နိယာမရုပ်သွင် စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

ထို့နောက် စွမ်းအားများ ဝုန်းခနဲ တိုက်မိသွားကြတော့သည်။ နဂါးနက် နိယာမရုပ်သွင်နှင့် ထိပ်တိုက်တွေ့ကြသော နိယာမရုပ်သွင်များ လည်း ချက်ချင်းပင် ကြေမွသွား‌ တော့သည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်လည်း လတ်ဆတ်သော သွေးများကို ချက်ချင်း အန်ထုတ်လိုက်ကြရသည်။

ယခု သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ဒါက ပြန်လည်ပျက်စီးခြင်းအဆင့်ရဲ စွမ်းအားလား။

သူတို့ ခုခံကာကွယ်နိုင်ခြင်း မရှိသလို လုံးဝ ယှဉ်၍လည်း မရပေ။

ယခု ဘာလုပ်သင့်သနည်း။

သူတို့အားလုံး ဤနေရာ၌ သေဆုံးရန် ကံပါလာပြီလား။

ထိုစဉ် နဂါးနက် နိယာမရုပ်သွင် နီးကပ်လာချိန်၌ လေဟောင်ရန်စတင် လှုပ်ရှားလိုက်သည်။ လေဟောင်ရန်သည် သူ၏ အာကာသ လက်စွပ်ထဲမှ မျှော်စင်ငယ်တစ်ခုကို ရုတ်တရက် ထုတ်လိုက်ရာ ချက်ချင်းပင် ကြီးမားသော အရွယ်အစားသို့ ပြောင်းလဲသွားသည်။

ထိုစဉ် ရောက်ရှိလာသော နဂါးနက် နိယာမရုပ်သွင်သည် မျှော်စင်၏ ထိပ်ဖျားနှင့် တိုက်မိသွားပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့‌ပေ။ ထိုအရာကို မြင်သောအခါ လေဟောင်ရန် ဘေးရှိ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ အလွန် ဝမ်းမြောက်သွားကြသည်။ လေ ဧကရာဇ်၌ ထိုကဲ့သို့သော ရတနာရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။

ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ထိုမျှော်စင်က တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ တွေးမထားမိခဲ့ပေ။

သူ၏ တိုက်ခိုက်မှုကို လေဟောင်ရန် တားဆီးနိုင်သည်ကို မြင်သောအခါ ယင်ကျန်းယဲ့ မျက်မှောင်ကြုတ်လိုက်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ထပ်မံစုစည်းလိုက်သည်။ ထို့နောက် နဂါးနက် နိယာမရုပ်သွင်ကို တဖန် မောင်းနှင်လိုက်ရာ နဂါးနက်က လေဟောင်ရန် ရှေ့ရှိ ရွှေရောင်မျှော်စင်ထံသို့ မီးနက်များကို မှုတ်ထုတ်လိုက်သည်။

သို့သော် မအောင်မြင်ပေ။

လေဟောင်ရန်ကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။

လေဟောင်ရန်၏ ဦးခေါင်းအထက်ရှိ ရွှေရောင်မျှော်စင်ကို လုချန်း အကဲခတ်လိုက်သည်။ ပြီးနောက် စိတ်ထဲမှ မေးလိုက်သည်။

“စနစ်... အဲဒီမျှော်စင်က ဘယ်အဆင့်လဲ”

အမှန်တကယ်တော့ ထိုဝိညာဉ်လက်နက်၏ အဆင့်ကို လုချန်း ခန့်မှန်းမိသည်။ သို့သော် မသေချာသေးသဖြင့် မေးလိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင် စနစ်က

“အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ပါ။”

ဒါက...

မြေကမ္ဘာအဆင့်ထိပ်တန်း ဝိညာဉ်လက်နက်ဟု အစက သူ ထင်မှတ်ခဲ့သည်။

သို့သော် အရိပ်အယောင် ကောင်းကင်အဆင့်ဟူ၍ အမှန်တကယ် ရှိနေလား။

စနစ်က ဆက်လက်၍

“အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်က ကောင်းကင်အဆင့်နဲ့ နီးစပ်တဲ့ စွမ်းအားကို ပိုင်ဆိုင်ပေမဲ့ ကောင်းကင်အဆင့် ဝိညာဉ်လက်နက် အစစ်အမှန်ကိုတော့ မယှဉ်နိုင်ပါဘူး။”

ထိုသို့ သတိပေးရန် မလိုအပ်ကြောင်း လုချန်း တွေးလိုက်မိသည်။ အမည်တွင် “အရိပ်အယောင်” ပါသော မည်သည့်အရာမဆို အစစ်အမှန်နှင့် မယှဉ်နိုင်သည်မှာ သဘာဝပင်။

သို့သော်...

အလယ်အလတ်အဆင့် ကျင့်စဉ်ကမ္ဘာတစ်ခုတွင် အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ကို တွေ့ရှိရသည်က အံ့ဩစရာပင်။

အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများတွင်ဆိုလျှင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်များ အလွန်ပေါများနေမှာလား...

အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက် တစ်ခုတည်းကပင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ၏ နိယာမရုပ်သွင်စွမ်းအားကို ခုခံနိုင်ပါက နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လက်ထဲတွင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက် အစစ်သာ ရှိနေပါက ဖြေရှင်းရ ခက်ခဲပေလိမ့်မည်။

လုချန်း ထပ်မံ တွေးတောမနေတော့ပေ။ သူ၏ နတ်သတ်ဓားကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ယင်ကျန်းယဲ့ကို ပြောလိုက်သည်။

“ နောက်ဆုတ်ပါ”

ထိုစကားကို ကြားသောအခါ ယင်ကျန်းယဲ့ ကြောင်အသွားသည်။ ရှန်ဟွေ သံချပ်ကာကို ဝတ်ဆင်ထားသည့်တိုင် လုချန်းရှေ့တွင် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သူ မသတ်နိုင်ခဲ့ပေ။ မိမိကိုယ်ကို အသုံးမကျဟု ယင်ကျန်းယဲ့ ခံစားလိုက်ရသည်။ ယင်ကျန်းယဲ့က လျင်မြန်စွာ ပြောလိုက်သည်။

“မင်းကြီး.. ဒါ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုပါ”

“ခင်ဗျားနဲ့ မဆိုင်ပါဘူး။ အဲဒါက အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ဆိုတော့ ဖြေရှင်းရ လွယ်မှာမဟုတ်ဘူး”

ဟု လုချန်းက ခပ်အေးအေး ပြောလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် တပြိုင်နက် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လေဟောင်ရန်နှင့် သူ၏ အဖွဲ့ထံသို့ လုချန်း လျှောက်သွားလိုက်သည်။ လုချန်း လာနေသည်ကို မြင်သောအခါ လေဟောင်ရန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ရှဧကရာဇ်၏ အစောင့်အရှောက်ပင် သူ့ကို မထိခိုက်နိုင်လျှင် ရှဧကရာဇ်က သူ့ကို မည်သို့ ထိခိုက်နိုင်မည်နည်း။

ယခု သူ ထွက်ပြေးလွတ်မြောက်ရန် သိပ်မခက်ခဲလောက်တော့‌ပေ။

ထိုအတွေးနှင့်အတူ တောင်ဖြိုမျှော်စင်ကို လေဟောင်ရန် ထပ်မံ လှုံ့ဆော်လိုက်သည်။

“ဖိနှိပ်စမ်း”

“ဖိနှိပ်စမ်း” ဟူသော စကားလုံး လေဟောင်ရန်၏ နှုတ်မှ ထွက်လာသည်နှင့် တောင်ဖြိုမျှော်စင်က ကြီးမားသော ဖိနှိပ်မှုစွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထိုအခါ လေဟောင်ရန် ဘေးရှိ လူများလည်း မတောင့်ခံနိုင်တော့ပဲ သွေးများ အန်ထုတ်လိုက်ကြသည်။

သို့သော် လူတိုင်း အံ့ဩသွားကြသည်။ တောင်ဖြိုမျှော်စင်သည် သူတို့ထံ လျှောက်လှမ်းလာနေသော ဆွမ်ဧကရာဇ်အပေါ် သက်ရောက်မှု ရှိပုံမရပေ။

လုချန်းသည် ရှန်ဟွေ သံချပ်ကာကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အတွင်း၌ မူလစွမ်းအားဖြင့် ကာကွယ်ထားရာ ထိုဖိအားများက သူ့အတွက် ဘာမှ မဟုတ်ပေ။

ထိုအချိန်တွင် လက်ထဲရှိ နတ်သတ်ဓားကို လုချန်း မြှောက်လိုက်သည်။ ဤဓားကို မြင်သောအခါ ရှောက်လျန်ကျိ ထိတ်လန့်သွားသည်။ သူ၏ ကိုယ်ပွားသည် ဤဓားဖြင့်ပင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

“မင်းကြီး... သတိထားပါ”

ရှောက်လျန်ကျိ လျင်မြန်စွာ သတိပေးလိုက်သည်။

ရှောက်လျန်ကျိ စကားဆုံးသည်နှင့် လုချန်းက ဓားကို ဝှေ့ယမ်းလိုက်သည်။

ရေခဲရှစ်ဆင့် ဓားသိုင်း...

အေးစက်သော အလင်းတန်း ရှစ်ခုသည် ရွှေရောင်မျှော်စင်ကို ဖြတ်သန်းသွားသည်။ နောက်တစ်ခဏတွင် ရွှေရောင်မျှော်စင်လည်း အပိုင်းပိုင်း ပြတ်တောက်သွား တော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လေဟောင်ရန် လုံးဝ ကြောင်အသွားသည်။ သူ၏ လက်ထဲတွင် ရှိနေသည်မှာ မြေအဆင့် ထိပ်တန်း ဝိညာဉ်လက်နက် ဖြစ်သည်။ အချို့က အရိပ်အယောင် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ဟု ခေါ်ဆိုကြ၏။ ထိုလက်နက်သည် ယခုလေးတင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ၏ နိယာမရုပ်သွင် စွမ်းအားကို တောင့်ခံနိုင်ခဲ့သော်လည်း ဓားချက်တစ်ချက်ကိုမှ မခံနိုင်ခဲ့ပေ။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။

ဆွမ်ဧကရာဇ်က ဒီလောက်တောင် စွမ်းအားကြီးတာလား။

မဟုတ်ဘူး...

ဆွမ်ဧကရာဇ် လက်ထဲက ဓားကြောင့်ပဲ။

အဲ့ဒီဓားက ကောင်းကင်အဆင့် ဝိညာဉ်ဓား အစစ်ပဲ ဖြစ်ရမယ်။

ဤတစ်ကြိမ်တွင်တော့ လေဟောင်ရန် လုံးဝ ထိတ်လန့်သွားသည်။ ဆွမ်ဧကရာဇ်က ပြန်လည်ပျက်စီးခြင်းအဆင့် ဖြစ်နေသည်။ ယခု ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ကိုပင် ကိုင်ဆောင်ထားရာ သူ မည်သို့ ယှဉ်နိုင်မည်နည်း။

မဖြစ်ဘူး...

သူ ဆက်မခုခံသင့်တော့ပေ။

အမြန်ဆုံး ထွက်ပြေးရမည်ဖြစ်သည်။

ထိုအတွေးနှင့်အတူ လေဟောင်ရန် ချက်ချင်း လှည့်ထွက်လိုက်သည်။ သူ တစ်ယောက်တည်း ထွက်ပြေးနိုင်ရန်အတွက် ရှောက်လျန်ကျိနှင့် အခြားသူများကို အချိန်ဆွဲခိုင်းထားရန် စဉ်စားလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် ဝိညာဉ်ဓားတစ်လက်က လေဟောင်ရန်၏ ရင်ဘတ်ကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။

မိမိရှေ့ရှိ လူကို လေဟောင်ရန် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ရှောက်လျန်ကျိ... မင်း”

မည်သို့ပင်ဆိုစေကာမူ လေဟောင်ရန်သည် နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ဓားချက်တစ်ချက်တည်းဖြင့် သူ့ကို မသတ်နိုင်ပေ။ တည်ငြိမ်မှု ပြန်လည်ရရှိလာပြီးနောက် လေဟောင်ရန်က ရှောက်လျန်ကျိကို ရိုက်ချလိုက်ရာ နောက်သို့ လွင့်စဉ်သွားသည်။

ထိုအရာကို မြင်သောအခါ လုချန်း မရယ်ပဲ မနေနိုင်တော့ပေ။

“ခွေးအချင်းချင်း ကိုက်တဲ့ပွဲက ကြည့်ကောင်းသားပဲ”

အဝေးမှနေ၍ ရှောက်လျန်ကျိက ပြောလိုက်သည်။

“ဆွမ်ဧကရာဇ်... ဒါတွေအားလုံးက လေဟောင်ရန်ရဲ့ အကြံအစည်ပါ... ကျွန်တော်တို့လည်း အတင်းအကျပ် ခိုင်းစေခံရလို့ ထျန်းချန်ကမ္ဘာကို လိုက်လာရတာပါ။ ကျွန်တော်မင်းကြီးကို သစ္စာရှိရှိ အလုပ်အကျွေးပြုပါ့မယ်။”

လေဟောင်ရန်က အားပါးတရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ရှောက်လျန်ကျိ... ငါက မင်းကို ညီအစ်ကိုလို ဆက်ဆံခဲ့တာ... မင်းက အခုလိုအချိန်မှာ ငါ့ကို သစ္စာဖောက်ရက်တယ်။”

ရှောက်လျန်ကျိက ပြောလိုက်သည်။

“မင်းမှာ ကိုယ်ပွားရှိပေမဲ့ ငါ့မှာ မရှိတော့ဘူး။ ငါ ဒီမှာ လုံးဝ အသေမခံနိုင်ဘူး။”

နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများတွင် ယေဘုယျအားဖြင့် ကိုယ်ပွားများ ရှိကြသော်လည်း ရှောက်လျန်ကျိ၏ ကိုယ်ပွားမှာ လုချန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးဖြစ်သည်။ ယခု သူ သေဆုံးသွားပါက အမှန်တကယ် ဇာတ်သိမ်းသွားပေလိမ့်မည်။

သို့သော် လေဟောင်ရန်ကတော့ မတူပေ။ လေဟောင်ရန် အသတ်ခံရလျှင်ပင် ၎င်းမှာ သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်ပေလိမ့်သည်။

All Chapters