ဒီကြယ်တာရာနယ်မြေကနေ ထွက်ခွာရတော့မယ် ထင်တယ်
Vol. 76 Ch. 1140
လေဟောင်ရန်၏ အမိန့်သံကြောင့် စစ်သည်လည်း ကြောင်အ တောင့်တင်းသွားသည်။ ဆွေမျိုးမတော်စပ်သော နယ်စားများထဲတွင် ချီနယ်စား ရှောက်လျန်ကျိသည် ဧကရာဇ်နှင့် အနီးကပ်ဆုံး ဆက်ဆံရေးရှိသူဖြစ်သည်။ ထိုအချက်ကို စစ်သည် ကောင်းစွာသိထား၏။
အိမ်ရှေ့မင်းသားက ချီနယ်စား၏ မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရန် အမှန်တကယ် အမိန့်ပေးနေတာလား။
စစ်သည်သည် ရပ်နေသည့်နေရာ၌ပင် တောင့်တင်းနေသည်ကို မြင်သောအခါ လေဟောင်ရန်က အေးစက်စွာ ပြောလိုက်သည်။
“ငါ ပြောတာ မင်း နားမလည်ဘူးလား”
ထိုအခါမှ စစ်သည် အသိဝင်လာပြီး လျင်မြန်စွာဖြင့်
“အိမ်ရှေ့မင်းသား... ကျေးဇူးပြုပြီး စိတ်လျှော့ပါ.. ကျွန်တော် ချက်ချင်း သွားပါ့မယ်”
ဧကရာဇ် မရှိသည့်အချိန်တွင် အိမ်ရှေ့မင်းသား၏ အမိန့်များသည် သူ၏ အမိန့်များပင်ဖြစ်ကြောင်း ဧကရာဇ်က မရေမတွက်နိုင်အောင် ပြောခဲ့ဖူးသည်။
အိမ်ရှေ့မင်းသားက အမိန့်ပေးပြီး ဖြစ်သောကြောင့် လက်အောက်ငယ်သားများမှာ သူ ပြောသည့်အတိုင်း လိုက်နာရုံသာ ရှိတော့သည်။
စစ်သည် ထွက်သွားပြီးနောက် လေဟောင်ရန် သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။ နတ်ဝိညာဉ် တစ်ဝက် ဆုံးရှုံးလိုက်ရသဖြင့် သူ၏ ခေါင်းမှာ ကွဲမတတ် ခံစားနေရ၏။ အင်အား ကျဆင်းသွားရုံသာမက ပြင်းထန်သော နာကျင်မှုကိုလည်း ခံစားနေရသည်။
လေဟောင်ရန်က ဟိန်းဟောက်သံဖြင့် ပြောလိုက်သည်။
“ဒီကလဲ့စားကို မချေရရင် လူမမည်ပါစေနဲ့လို့ ငါကျိန်တယ်”
ကလဲ့စားချေရန် ဆန္ဒပြင်းပြနေသော်လည်း လက်ရှိအင်အားဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့်ကို မယှဉ်နိုင်ကြောင်း လေဟောင်ရန် နားလည်ထားသည်။ ကလဲ့စားချေရန်အတွက် အခြား အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများမှ ကျောထောက်နောက်ခံကို ရှာဖွေရပေလိမ့်မည်။
ထိုသို့ တွေးမိသောအခါ လေဟောင်ရန် လက်သီး ဆုပ်လိုက်သည်။ သူသည် အဆုံးသတ် နီးကပ်လာသည့်တိုင် ဖရိုဖရဲကြယ်ပင်လယ်မှ မထွက်ခွာခဲ့ပဲ ထိုနေရာတွင်သာ အမြဲနေထိုင်ခဲ့သည်။
ဤနေရာမှ မထွက်ခွာနိုင်၍ မဟုတ်ပေ။ သူ လက်ရှိပိုင်ဆိုင်ထားသမျှ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ လေရန်ကမ္ဘာတွင် သူသည် ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတွင်မူ ရေတွက်၍ မရနိုင်သော သူတော်စင် နီးပါးအဆင့်များနှင့် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများကြားတွင် သူသည် ခွေးတစ်ကောင်လောက်ပင် အဆင့်ရှိမည် မဟုတ်ပေ။
သူသည် ရေကန်ကြီးထဲမှ ငါးသေးလေး ဖြစ်ရသည်ထက် ရေကန်ငယ်ထဲမှ ငါးကြီး ဖြစ်ရသည်ကို ပိုနှစ်သက်သူ ဖြစ်သည်။ လေရန်ကမ္ဘာတွင် ဧကရာဇ် ဖြစ်နေလျက်နှင့် သူတစ်ပါးအတွက် အဘယ်ကြောင့် ခွေးသွားလုပ်ရမည်နည်း။
သို့သော် ယခု ကလဲ့စားချေလိုလျှင် သူတစ်ပါး၏ ခွေး အမှန်တကယ် သွားလုပ်ရတော့မည့်ပုံ ပေါ်နေချေပြီ။
ထိုအချိန်တွင် လေဟောင်ရန် တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ ဆွမ်ဧကရာဇ် ရောက်လာနိုင်ပြီ ဖြစ်သောကြောင့် လေရန်ကမ္ဘာမှ အလျင်အမြန် ထွက်ခွာရန်က ဦးစားပေး အစီအစဉ် ဖြစ်သည်။
မကြာမီ လေဟောင်ရန် လေရန်ကမ္ဘာမှ ထွက်ခွာသွားတော့သည်။ သူ၏ စစ်သည်များက သူ၏ အမိန့်ကို လုပ်ဆောင် မလုပ်ဆောင်က သူ၏ အရေးကိစ္စ မဟုတ်တော့ပေ။
တစ်နေ့ သူ ပြန်ရောက်လာသောအခါ ရှောက်လျန်ကျိ၏ မျိုးဆက်များ အသက်ရှင်ကျန်ရစ်နေသေးလျှင်လည်း ထိုအချိန်ကျမှ အားလုံးကို သုတ်သင်ပစ်နိုင်သည်။ ယခုအချိန်တွင် အလောတကြီး လုပ်ရန် မလိုပေ။
ထွက်ပြေးလွတ်မြောက်ရေးက အရေးအကြီးဆုံး ဖြစ်သည်။
……..
နန်းတော်၏ အတွင်းပိုင်း နက်ရှိုင်းလှသော နေရာရှိ သီးခြားနန်းဆောင်တစ်ခု။
ထိုနေရာတွင် အနီရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ကျင့်ကြံနေရာမှ ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။
ထို့နောက် သူမ မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူမ၏ နန်းဆောင်သည် အလွန် ခြောက်ကပ်နေပြီး နန်းတွင်းအစေခံ တစ်ဦးနှစ်ဦးသာ ရှိသည်။
အနီရောင်ဝတ် အမျိုးသမီး ထွက်လာသည်ကို မြင်သောအခါ အစေခံနှစ်ဦး အပြေးအလွှား ရောက်လာပြီး မေးလိုက်သည်။
“မင်းသမီး... ဘာများ အလိုရှိပါသလဲ”
ထိုအမျိုးသမီးက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး”
ထိုစကားကို ကြားသောအခါ အစေခံနှစ်ဦး မူလနေရာသို့ ပြန်သွားကြသည်။
ခဏအကြာတွင် အနီရောင်ဝတ် အမျိုးသမီး သူမဘာသာ ရေရွတ်လိုက်သည်။
“ဒီကြယ်တာရာနယ်မြေကနေ ငါ ထွက်သွားရတော့မယ် ထင်တယ်...”
မကြာမီ လေရန်နိုင်ငံ တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။ အဖွဲ့အစည်းအားလုံးနီးပါး ၎င်းတို့၏ အကြီးအကဲများထံမှ စိတ်အာရုံဖြင့် ပေးပို့သော သတင်းစကားများ ရရှိထားကြောင်း ထင်ရှားသည်။
လေရန်ကမ္ဘာ ရှုံးနိမ့်သွားကြောင်း သိလိုက်ရသောအခါ တော်ဝင်မိသားစုဝင်များသည် ၎င်းတို့၏ အစီအစဉ်များကို ဆွေးနွေးရန် အိမ်ရှေ့မင်းသားကို အလျင်အမြန် ရှာဖွေကြသည်။ သို့သော် နေပြည်တော် တစ်ခုလုံး ရှာဖွေခဲ့ကြသော်လည်း အိမ်ရှေ့မင်းသား၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ အိမ်ရှေ့မင်းသား ပျောက်ချင်းမလှ ပျောက်သွားသကဲ့သို့ ဖြစ်နေသည်။
အိမ်ရှေ့မင်းသား မရှိတော့သဖြင့် နေပြည်တော် တစ်ခုလုံးလည်း ဖရိုဖရဲ ဖြစ်သွားသည်။ သို့သော် ဖရိုဖရဲ ဖြစ်နေသည့်ကြားမှ လူများ ထွက်ပြေး၍ မရနိုင်ပေ။
၎င်းတို့၏ နတ်လှေများကို ဟင်းလင်းပြင်ထဲ စေလွှတ်ပြီးဖြစ်သဖြင့် နတ်လှေများ မရှိပါက သာမန်ကျင့်ကြံသူများ အတွက် လေဟာနယ်တွင် နေနိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများကမူ ကမ္ဘာ့လမ်းကြောင်းများ တည်ဆောက်ပြီး ဤကမ္ဘာမှ ထွက်ခွာနိုင်သည်။
လေရန်ကမ္ဘာရှိ နတ်ဘဝပြောင်းလဲခြင်းအဆင့်များ ရှုံးနိမ့်သွားပြီဖြစ်ရာ ကျန်ရှိနေသောသူများမှာ ထျန်းချန်ကမ္ဘာ၏ ပြိုင်ဘက် ဖြစ်လာနိုင်ခြေ နည်းပါးလွန်းသည်။ ထို့ကြောင့် လေရန်ကမ္ဘာရှိ မည်သည့် အဓိကအဖွဲ့အစည်းမှ ခုခံလိုခြင်း မရှိကြပေ။
လေရန်ကမ္ဘာတွင် နည်းဗျူဟာပုံစံများစွာ ရှိသော်လည်း ထိုအချိန်တွင် လေရန်ကမ္ဘာရှိ လူများသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပြီ ဖြစ်သည်။ အားအကြီးဆုံးသူသာ အသက်ရှင်ကျန်ရစ်မည့် သဘောတရားကို အလွန်အကျွံ အလေးပေးသော ကမ္ဘာတစ်ခု၏ သဘာဝပင်။ အားကြီးသူများ ရှုံးနိမ့်သွားသည်နှင့် အားနည်းသူများက အင်အားစုအသစ်နောက်သို့ ချက်ချင်း လိုက်ပါကြတော့သည်။
လူအများစုအတွက် မည်သူ အုပ်ချုပ်သည်က အရေးမကြီးပေ။ သူတို့အတွက် အတူတူပင် ဖြစ်သည်။
မကြာမီ လေရန်ကမ္ဘာ၏ နယ်နိမိတ် စတင်လှုပ်ရှားလာပြီး နတ်လှေများ နယ်နိမိတ်ကို ထိုးဖောက်ဝင်ရောက်လာရာ အာကာသ ဂယက်များ ဖြစ်ပေါ်လာသည်။
ကောင်းကင်ပေါ်ရှိ နတ်လှေများကို မြင်သောအခါ လေရန်ကမ္ဘာရှိ လူများ၏ မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာများ ပေါ်လာကြသည်။ မည်သူ အုပ်ချုပ်သည် ဆိုတာက အရေးမကြီးသော်လည်း အုပ်ချုပ်သူ အသစ်သည် အာဏာရှင် ဟုတ် မဟုတ် မည်သူမှ မသေချာနိုင်ပေ။
လေ ဧကရာဇ် သည် သာမန်ပြည်သူများကို ခေါင်းပုံဖြတ်ခဲ့ပြီး အဆင့်နိမ့် ကျင့်ကြံသူများအတွက် ကျင့်စဉ်အရင်းအမြစ်များ ချို့တဲ့ စေခဲ့သော်လည်း ရှင်သန်ရေးကိုတော့ မထိခိုက်ပေ။
ဖေးဟုန် နတ်လှေသည် မည်သည့် အတားအဆီး သို့မဟုတ် ခုခံမှုမှ မကြုံတွေ့ရပဲ လေရန်နိုင်ငံ၏ နေပြည်တော် အထက်သို့ လွယ်ကူစွာ ရောက်ရှိလာသည်။
နတ်လှေပေါ်တွင် လေရန်ကမ္ဘာရှိ အဖွဲ့အစည်းအသီးသီးမှ အကြီးအကဲများနှင့် ဘိုးဘေးများ ပါလာသဖြင့် ထိုကမ္ဘာရှိ လူများ မဆင်မခြင် မလုပ်မိအောင် တားဆီးထားနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ယင်ကျန်းယဲ့က
“လေရန်နိုင်ငံက ရှနိုင်ငံတော်ကို ကျူးကျော်ခဲ့တယ်... အခု လေ ဧကရာဇ် သေဆုံးသွားပြီး အဓိကအဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေ အားလုံး အညံ့ခံလိုက်ပြီ။”
ထိုစကားကြောင့် နေပြည်တော် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လေရန်နိုင်ငံကို စုစည်းတည်ထောင်ပြီးကတည်းက ကြီးမားသော ပြည်တွင်းပဋိပက္ခ မရှိခဲ့သလို ယခုကဲ့သို့သော အဖြစ်အပျက်မျိုးလည်း မရှိခဲ့ပေ။
ပြည်ပရန်သူနှင့် ပထမဆုံး ရင်ဆိုင်ရချိန်တွင် လေရန်နိုင်ငံ ပျက်စီးသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ မထွက်ခွာမီက အဆင့်နိမ့်ကမ္ဘာတစ်ခုကိုသာ တွေ့ရှိထားသည်ဟု လေဧကရာဇ်က ပြောခဲ့တယ် မဟုတ်ပါလား။ အဆင့်နိမ့်ကမ္ဘာတစ်ခုက ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေရတာလဲ။
ထိုအချိန်တွင် ယင်ကျန်းယဲ့က လုချန်းအား
“မင်းကြီး။ လေရန်နိုင်ငံက တော်ဝင်မိသားစုဝင်တွေကို ဘယ်လို စီမံသင့်ပါသလဲ။”
လုချန်း၏ အတွေးများကို ယင်ကျန်းယဲ့ မသေချာပေ။ သူ့သဘောအရသာဆိုလျှင် အားလုံးကို သတ်ပစ်ရန် ဝန်လေးမည် မဟုတ်သော်လည်း လုချန်းကတော့ မတူပေ။ လုချန်းသည် သတ်ဖြတ်ခြင်းကို ဝါသနာပါသူ မဟုတ်ပေ။
“အရင်ဆုံး သူတို့အားလုံးကို ဖမ်းထားလိုက်”
ဟု လုချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အမိန့်အတိုင်းပါ မင်းကြီး”
ထို့နောက် ချက်ချင်းပင် ယင်ကျန်းယဲ့က နဂါးတပ်မတော်ကို ဦးဆောင်ကာ လေရန်နိုင်ငံ၏ နေပြည်တော်ထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ နန်းတော်အတွင်း၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။
ထိုအချိန်တွင် နန်းတော်အတွင်းမှ ဆူညံသံများကို လုချန်း ဂရုမစိုက်ပေ။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
လေရန်ကမ္ဘာထဲသို့ ဝင်ရောက်သည့် အချိန်မှစ၍ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို ဖိနှိပ်နေသော မမြင်နိုင်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ အာကာသထဲတွင်သာဆိုပါက ပြန်လည်ပျက်စီးခြင်းအဆင့်၏ အင်အားကို ထုတ်ဖော်နိုင်သော်လည်း လေရန်ကမ္ဘာထဲတွင်မူ အများဆုံး နတ်ဘဝပြောင်းလဲခြင်းအဆင့်၏ ပထမအလွှာ သို့မဟုတ် ဒုတိယအလွှာ၏ အင်အားကိုသာ ထုတ်ဖော်နိုင်သည်။
“ဒါက ကောင်းကင်ဘုံ လမ်းစဉ်ဥပဒေတွေက ကျင့်ကြံသူတွေအပေါ် ချမှတ်ထားတဲ့ ပြီးပြည့်စုံတဲ့ ဖိနှိပ်မှုပဲ”
ဟု လုချန်း တွေးလိုက်မိသည်။
ထို့နောက် စနစ်ကို လုချန်း မေးလိုက်သည်။
“စနစ်... ကျင့်စဉ်ကမ္ဘာ အဆင့်မြင့်လေလေ ကျင့်ကြံသူရဲ့ အင်အားအပေါ် ဖိနှိပ်မှု ပိုပြင်းထန်လေလေ ဆိုတာ ဟုတ်လား”
စနစ်က
“ဟုတ်ပါတယ်”
ကမ္ဘာတစ်ခုစီ၏ ကောင်းကင်ဘုံ လမ်းစဉ်သည် စွမ်းအားကြီးသော သက်ရှိများက ကမ္ဘာကို မဖျက်ဆီးနိုင်စေရန်အတွက် ကျင့်ကြံသူများ၏ အင်အားကို များစွာ ဖိနှိပ်ထားလေ့ရှိ၏။ အထူးသဖြင့် ဥပဒေနိယာမများ ပိုမို ပြည့်စုံသော ကမ္ဘာများတွင် ပို၍ သိသာသည်။
ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့သည် အဆင့်နိမ့်ကမ္ဘာများသာ ဖြစ်ပြီး ပြည့်စုံသော နိယာမများ မရှိသဖြင့် ကျင့်ကြံသူများ၏ အင်အားကို မဖိနှိပ်နိုင်ပေ။ ထို့ကြောင့် ကမ္ဘာ ပေါ်၌ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို မတောင့်ခံနိုင်ကြပေ။
သို့သော် လေရန်ကမ္ဘာတွင်မူ ကွာခြားသည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် လေရန်ကမ္ဘာတွင် သူတို့၏ အင်အားကို လွယ်ကူစွာ ထုတ်ဖော်အသုံးပြုနိုင်သည်။
ဤကဲ့သို့သော ဖိနှိပ်မှုကို လုချန်း အလွန် စိုးရိမ်ခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကမ္ဘာထဲသို့ ရောက်သည်နှင့် ကျင့်ကြံသူအားလုံး၏ အင်အားမှာ ဖိနှိပ်ခံရမည်ဖြစ်ပြီး သဘာဝအတိုင်းပင် အားကြီးသူကသာ အားကြီးနေဦးမည်သာ ဖြစ်သည်။