← Chapters

တစ်ချက်ထိုး လက်သီး

Vol. 22 Ch. 324

တစ်ချက်ထိုး လက်သီး

Vol. 22 Ch. 324

~ချူချန်ခုံး၏ အစွမ်းမှာ အလွန်တရာ ပြင်းထန်လှပါ၏။ ဤတိုက်ပွဲတွင် ချူချန်ခုံးက လေလံရုံအတွက် အမှန်တကယ် ဂုဏ်ဆောင်နိုင်ခဲ့ပြီး ပေတိုမိသားစု၏ မျက်နှာကို အားပြင်းပြင်းနှင့် ရိုက်ချလိုက်သလို ဖြစ်သွားစေတော့သည်။

သို့သော်ငြားလည်း ပေတိုမိသားစု၏ လူလတ်ပိုင်း မျိုးဆက်တစ်ဦးအနေဖြင့် ပေတိုထျန်းကန်း၏ အစွမ်းမှာလည်း အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်ကိုတော့ ဝန်ခံရပေမည်။

"ပေတိုမိသားစုဝင်တိုင်းက 'ကျိုကျိုး' ကိုးပြည်ထောင်က ထိပ်သီးပညာရှင်တွေကို ဖိနှိပ်နိုင်တာ မဟုတ်ဘူး။"

ကောင်းကင်ယံ မြင့်မားသော နေရာ၌ အပြင်းအထန် ဒဏ်ရာရနေသော ချူချန်ခုံးက သူ၏ ကိုယ်တွင်းမှ သွေးများ ဆူပွက်လာမှုကို အတင်းအကျပ် ဖိနှိပ်လိုက်၏။ သူက ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး သူ၏ အကြည့်များအား ပေတိုယန့်ခုံနှင့် အခြားသူများထံသို့ ဝေ့ကြည့်လိုက်လေသည်။

ပေတိုထျန်းကန်းကို တစ်ကွက်တည်းဖြင့် အနိုင်ယူပြီးနောက် ချူချန်ခုံးတွင် ဤစကားကို ပြောဆိုရန် အရည်အချင်း အပြည့်အဝ ရှိနေလေပြီ။

"လေလံရုံ ဥက္ကဌကြီးဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ သူ့အစွမ်းက တကယ်ပဲ ထူးခြားတယ်။"

ချူချန်ခုံး၏ စကားသံ မဆုံးသေးမီမှာပင် အေးစက်စက် လေသံတစ်ခုက သူ၏ နားနားသို့ ရုတ်တရက် ပျံလွှား ရောက်ရှိလာခဲ့သည်။

"ထျန်းယွမ်ဘုံ ပဉ္စမလွှာ။"

ချူချန်ခုံး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။

"ဘုန်း။"

"ဝေါ့။"

လေးနက်စွာ သတိထားလိုက်မိသော ချူချန်ခုံးတစ်ယောက် မည်သူမည်ဝါမှန်း မမြင်လိုက်ရမီမှာပင် ပေါက်ကွဲသံနက်ကြီးတစ်ချက်ကို ကြားလိုက်ရသည်။ သူ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် အောက်သို့ ထိုးစိုက်ကျသွားကာ သူ ကိုင်ဆောင်ထားသော ယွမ်ဟုန် နတ်ဘုရားဓားမှာလည်း လက်ထဲမှ လွင့်စင်သွားတော့သည်။

"ဥက္ကဌကြီး။"

ပထမဆုံး ရိပ်ခနဲ ပြေးထွက်လာသူမှာ နတ်ဘုရားဆေးလုံးသခင်ကြီးနတ်ဘုရားဆေးလုံး ဖြစ်ပြီး သူက အပြင်းအထန် ဒဏ်ရာရနေသော ချူချန်ခုံးကို ဖမ်းယူလိုက်၏။

"တရားလွန်တယ်။ မင်းတို့က ချောင်းခိုက်ရဲတယ်ပေါ့။ လူကြီးသူမကို ရိုသေလေးစားမှုမရှိဘဲ လုံးဝ ရိုင်းစိုင်းတယ်။ ဒါ ပေတိုမိသားစုက သင်ပေးလိုက်တဲ့ တပည့်မျိုးလား။" ကျောက်ယွင်ချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဒါ ချောင်းခိုက်တာ မဟုတ်ဘူး။ သူက သိပ် အားနည်းလွန်းတာ။" ကောင်းကင်ယံမှ လူငယ်က ခံစားချက်ကင်းမဲ့စွာ ပြန်ပြော၏။

"ဥက္ကဌကြီး အပြင်းအထန် ဒဏ်ရာရနေတာကို အခွင့်ကောင်းယူ တိုက်ခိုက်တာက ဘယ်လို သိုင်းပညာမျိုးလဲ။"

"ပေတိုမိသားစုက ဒီလိုမျိုး အနိုင်ကျင့်တာလား။ တကယ့်ကို အရှက်မရှိဘူး။"

"ယုတ်မာပြီး အရှက်မရှိတဲ့ကောင်တွေ။"

လေလံရုံမှ ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများမှာ ဒေါသတကြီးဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆဲလိုက်ကြသည်။

"တကယ် အရှက်မရှိတာပဲ။ ပေတိုမိသားစုရဲ့ ပါရမီရှင်ဆိုတဲ့ကောင်က။"

"အင်အားကြီးလေ မောက်မာလေပဲ။ ဒဏ်ရာရနေတဲ့ ဥက္ကဌကြီး ချူကိုတောင် ဝင်တိုက်ခိုက်တယ်။"

"အရမ်း အရှက်မဲ့တယ်။ ချောင်းခိုက်တာ သိသိသာသာကြီးကို ဥက္ကဌကြီးက အားနည်းလို့တဲ့။"

လူအများက တီးတိုး ပြောဆိုနေကြသော်လည်း ပေတိုမိသားစုကို မစော်ကားမိစေရန် အသံကျယ်ကျယ် မပြောဝံ့ကြပေ။

ကောင်းကင်ယံမှ လူငယ်က ဖြည်းညှင်းစွာ ထိုးဆင်း ကျရောက်လာသည်။ သူ၏ မျက်နှာထားမှာ အေးစက် မောက်မာနေပြီး အရာအားလုံးထက် မြင့်မားနေသည့်အလားပင်။

သူကား ပေတိုထျန်းယဲ့ ပေတိုမိသားစု အကြီးအကဲ၏ မြေးတော်စပ်သူ ဖြစ်ပြီး သူ၏ ကျင့်ကြံအဆင့်မှာ ထျန်းယွမ်ဘုံ ပဉ္စမလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ပေတိုမိသားစု၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးပါတည်း။

"ဒီမှာ ရှိနေတဲ့ ဘယ်သူမဆို ထျန်းယွမ်ဘုံ ဆဌမလွှာက သိုင်းသမားတွေ အပါအဝင် ငါ့ကို စိန်ခေါ်နိုင်တယ်။" ပေတိုထျန်းယဲ့က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်၏။ သူက 'ကျိုကျိုး' ကိုးပြည်ထောင်မှ အင်အားစု အသီးသီးမှ ထိပ်သီးပညာရှင်များကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်ထားသည်မှာ ရှင်းလင်းလှသည်။

ပေတိုထျန်းယဲ့သည် ထျန်းယွမ်ဘုံ ပဉ္စမလွှာ၌သာ ရှိနေသော်လည်း ထျန်းယွမ်ဘုံ ဆဌမလွှာမှ သိုင်းသမားများကို အနိုင်ယူရန် ယုံကြည်မှု ရှိနေ၏။

"ပေတိုမိသားစုကို လက်အောက်မခံချင်တဲ့ လူတွေ သေဖို့အတွက် ရှေ့ထွက်ခဲ့။" ပေတိုထျန်းယဲ့က အေးစက်စွာ ဆိုလိုက်ရာ သူ၏ ရေခဲတမျှ အေးစက်သော လူသတ်စိတ်ဆန္ဒက လူတိုင်းကို သိမ့်သိမ့်ခါသွားစေသည်။

"ဝှီး ဝှီး။"

ပေတိုထျန်းယဲ့၏ စကားသံ မဆုံးသေးမီမှာပင် နားမလည်နိုင်သော အနက်ရောင် အရိပ်တစ်ခုက သူ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်လာခဲ့သည်။ သို့သော် ထိုဝေဝါးသော အရိပ်မှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားပြန်၏။

မယုံနိုင်လောက်အောင် လျင်မြန်လှသည်။ ဤနေရာတွင် ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ သတိမထားလိုက်မိပေ။

"ဘယ်သူလဲ။"

ပေတိုထျန်းယဲ့ တစ်ယောက်တည်းသာ ထိုအနက်ရောင် အရိပ် ရှိနေသည်ကို သတိပြုမိလိုက်သည်။

ထိုအနက်ရောင် အရိပ်မှာ ကြောက်မက်ဖွယ် လျင်မြန်လှပြီး လုံးဝ ခြေရာခံ၍ မရပေ။ အသံမရှိဘဲ ပေါ်လာပြီး အသံမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ပေတိုထျန်းယဲ့၏ စူးရှသော အော်သံကို ကြားသောအခါ လူတိုင်းက ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်ကြ၏။

"ထျန်းယဲ့ ဘာဖြစ်တာလဲ။" ပေတိုယန့်ခုံက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဒီလူ အရမ်းမြန်တယ်။ ကျွန်တော် သူ့ရဲ့ တည်ရှိမှုကို အာရုံမခံမိလိုက်ဘူး။" ပေတိုထျန်းယဲ့က မျက်မှောင်ကြုတ်ရင်း ဆို၏။ သူ၏ ထုံးစံအတိုင်း မောက်မာနေသော မျက်နှာထားမှာ လေးနက်သွားလေသည်။

ပေတိုယန့်ခုံမှာ မျက်မှောင် ထပ်ကြုတ်လိုက်ပြန်သည်။ 'ငါ ဘယ်သူ့ကိုမှ သတိမထားမိပါလား။ ထျန်းယဲ့ မျက်စိမှားနေတာလား။'

ပေတိုမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူ ပေါ်လာသည်ကိုမျှ သတိမထားလိုက်မိကြပေ။

"ယန်အာ။" ပေတိုရွှမ်းက သူ့ဘေးမှ လူငယ်တစ်ဦးကို လှမ်းကြည့်လိုက်သည်။

ပေတိုယန်။ သူ၏ ကျင့်ကြံအဆင့်မှာ သတ္တမလွှာ ဖြစ်သည်။ ပေတိုမိသားစု၏ သခင်လေးပင် ဖြစ်၏။

ဤလူ၏ အစွမ်းမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပြီး ပေတိုမိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်၏။ အသက် နှစ်ဆယ့်သုံးနှစ်မျှသာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံအဆင့်မှာ သူ၏ ဖခင် ပေတိုယွင်ဖုန်းကိုပင် မှီလုနီးပါး ဖြစ်နေလေပြီ။

ပေတိုယန်က ခေါင်း အနည်းငယ် ခါယမ်းလိုက်သည်။ သူကိုယ်တိုင်ပင် ဘာကိုမျှ မတွေ့ရှိလိုက်ရပေ။

ထိုအခြင်းအရာကို မြင်သော် ပေတိုရွှမ်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး "ထျန်းယဲ့ မင်း တကယ် တစ်ယောက်ယောက် ရှိနေတာ သေချာလို့လား။" ဟု မေးလိုက်သည်။

"လုံးဝ သေချာတယ်။ ကျွန်တော် မှားစရာ အကြောင်းမရှိဘူး။" ပေတိုထျန်းယဲ့က အလေးအနက် ထုတ်ပြောရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာ စူးစမ်း ကြည့်ရှုနေ၏။

"ဘယ်သူမှ ရှိတဲ့ အရိပ်အယောင် မရှိပါဘူး။" ပေတိုယွင်ဖုန်းက ခေါင်း အနည်းငယ် ခါယမ်းရင်း တီးတိုး ရေရွတ်လိုက်သည်။

လူတိုင်းမှာ အလွန်တရာ ရှုပ်ထွေးသွားပြီး အရပ်လေးမျက်နှာကို လှည့်ပတ် ကြည့်ရှုနေကြ၏။

"ဘုန်း။"

"ဝေါ့။"

ပေတိုထျန်းယဲ့ သတိကြီးစွာ ထားနေစဉ်မှာပင် အနက်ရောင် အရိပ်တစ်ခုက နောက်တစ်ကြိမ် ရုတ်တရက် ပေါ်လာခဲ့ပြီး သူ့အား နောက်မှနေ၍ လက်သီးတစ်လုံး ပစ်လွှတ်တိုက်လိုက်သည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ပေတိုထျန်းယဲ့တစ်ယောက် သွေးများ ဝေါ့ခနဲ အန်ချလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုပမာ လွင့်စင်သွားတော့သည်။

အနက်ရောင် အရိပ် ပေါ်လာသည့် အခိုက်အတန့်အထိ ပေတိုထျန်းယဲ့တစ်ယောက် သတိမထားလိုက်မိသေးပေ။

လက်သီးတစ်ချက်တည်း။ ထိုတစ်ချက်တည်းဖြင့် ပေတိုထျန်းယဲ့တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိသွား၏။

"ထျန်းယဲ့။" ပေတိုယန့်ခုံတစ်ယောက် တုန်လှုပ် ခြောက်ခြားသွားသည်။

"တကယ်ပဲ တစ်ယောက်ယောက် ရှိနေတာပဲ။" ပေတိုရွှမ်းက မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး သူ၏ အကြည့်များက ကောင်းကင်ယံမှ အနက်ရောင် အရိပ်ထံသို့ လှည့်သွားလေ၏။

ပေတိုယွင်ဖုန်းက အံ့ဩတကြီး ဆိုလိုက်သည်။ "ဘာဆို ဘာမှ မြင်တောင် မမြင်လိုက်ရဘူး။ 'ကျိုကျိုး' ကိုးပြည်ထောင်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လူ ရှိနေသေးတာလား။"

"တရားလွန်တယ်။ ဒီလို ချောင်းခိုက်ရဲရအောင်။" အကြီးအကဲ တစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ ချောင်းခိုက်တာ မဟုတ်ဘူး။ သူက သိပ် အားနည်းလွန်းတာ။" အနက်ရောင် အရိပ်က ခပ်ဖျော့ဖျော့ အေးစက်စွာ ရယ်မောရင်း ဆိုသည်။ "ပြီးတော့ ငါ သူ့ကို သတိပေးပြီးသား။"

"ဆေးဧကရာဇ်။"

"ဖုန်းဝူချန်။"

ကောင်းကင်ယံမှ ပုံရိပ်ကို မြင်လိုက်ရသောအခါ နေရာအတွင်းမှ လူတိုင်းမှာ တစ်ချိန်တည်း တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

"ပေတို မိသားစုခေါင်းဆောင် ..သူက ဖုန်းဝူချန်ပဲ။" ရှောင်ချင်းရှန်က တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လျက် မျက်နှာ ဖြူဖျော့ကာ ထိတ်လန့်တကြား ဆိုလိုက်၏။

"ဖုန်းဝူချန်။"

ပေတိုယန့်ခုံ၏ မျက်နှာမှာ တစ်ခဏအတွင်း ဒေါသဖြင့် ရှုံ့တွသွားပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါတို့မှာ ကောင်းကင်ယံသို့ တိုးဝှေ့ ထွက်ပေါ်လာတော့သည်။

လေလံရုံတွင် ဖုန်းဝူချန်နှင့် တွေ့ဆုံခဲ့ရပြီး သူက ဤမျှ ကြောက်မက်ဖွယ် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ပေတိုယန့်ခုံတစ်ယောက် ဘယ်သောအခါမှ တွေးထင်ထားခဲ့ခြင်း မရှိပေ။

"ဖုန်းဝူချန်။" ပေတိုရွှမ်းနှင့် ပေတိုမိသားစုမှ အခြား အကြီးတန်း အဖွဲ့ဝင်များ၏ အာရုံမှာ ဖုန်းဝူချန်ထံသို့ စူးစိုက်သွားသည်။

"သူ့ရဲ့ အရည်အချင်းတွေကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ သူ့ရဲ့ ကျင့်ကြံအဆင့် အတိမ်အနက်ကိုတောင် ခန့်မှန်းရ ခက်နေတယ်။" ပေတိုယွင်ဖုန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲ၌ အတော်လေး အံ့အားသင့်နေမိသည်။

"ထျန်းယဲ့ကို လက်သီးတစ်ချက်တည်းနဲ့ ဒဏ်ရာရစေနိုင်တာ ဒီလူ့ရဲ့ အစွမ်းက မရိုးရှင်းဘူး။" ပေတိုယန်က ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။ အံ့ဩစရာ ကောင်းသည်မှာ ထိုလူငယ်က သူ့ထက်ပင် အသက် အနည်းငယ် ငယ်ပုံ ရနေ၏။

'ပဉ္စမ အဆင့် လက်နက်သန့်စင်သူ ပြီးတော့ ဆေးပညာရှင်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အောင်မြင်နေတာ ဒီကလေး တော်တော် ထူးခြားတယ်’

ပေတိုရွှမ်းက ရင်တွင်း သုံးသပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့အားလုံး ဖုန်းဝူချန်၏ စွမ်းဆောင်ရည်များကို ကြားသိထားပြီး ဖြစ်သည်။

ဖုန်းဝူချန်၏ ရောက်ရှိလာမှုက နေရာတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။

ရှုံးနိမ့်ဖွယ်မရှိဟု ထင်ရသော ပေတိုထျန်းယဲ့ကို လက်သီးတစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည့် ထိုကြောက်မက်ဖွယ် စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားစေခဲ့၏။

အဝေးမှ အပြင်းအထန် ဒဏ်ရာရနေသော ပေတိုထျန်းယဲ့ထံသို့ ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ "မင်းရဲ့ အစွမ်းက သိပ် မကောင်းလှဘူး မဟုတ်လား။" ဟု မေးလေသည်။

ပေတိုထျန်းယဲ့၏ ဖြူဖျော့နေသော မျက်နှာမှာ ရက်စက်စွာ ရှုံ့တွသွားပြီး သွေးကြောများပင် ထောင်ထလာသည်။

ပေတိုထျန်းယဲ့က ပြန်မဖြေခဲ့ပေ။ ထို လက်သီးတစ်ချက်တည်းဖြင့် ထိုစွမ်းအားက မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ထိုအစွမ်းမှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ရှင်းရှင်းလင်းလင်းပင် ပေတိုထျန်းယဲ့သည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

"ဥက္ကဌကြီး ချူ ခင်ဗျား အဆင်ပြေရဲ့လား။" ဖုန်းဝူချန်က အောက်သို့ ငုံ့ကြည့်ရင်း မေးလိုက်၏။

"ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ တပည့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး။" ချူချန်ခုံးက အားယူ၍ ပြန်ဖြေသည်။ ဖုန်းဝူချန် ပေါ်လာသည်နှင့် လေလံရုံသို့ တက်ရောက်လာသူများအားလုံး စိတ်သက်သာရာ ရသွားကြသည်။

"ပေတိုမိသားစုက လေလံရုံကို ချေမှုန်းပစ်ချင်တယ်လို့ ကြားတယ်။ အဲ့ဒါ ဟုတ်မဟုတ် ဘယ်သူ ဖြေပေးနိုင်မလဲ။" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပေတိုရွှမ်းနှင့် အခြား အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာကို ဝေ့ကြည့်ကာ မေးလိုက်သည်။

"လေလံရုံက ပေတိုမိသားစုကို စော်ကားတယ်၊ သေကို သေရမယ်။" လူလတ်ပိုင်းတစ်ဦးက ဒေါသတကြီး အော်ဟစ်လာ၏။

ဖုန်းဝူချန်က ခေါင်း အနည်းငယ် ညိတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလေသည်။

"လေလံရုံက ငါ့အပိုင်ပဲ။ မင်းတို့ ဒီလို ပြောမှတော့ ပေတိုမိသားစုက ငါ့ကို စော်ကားတာပဲ။ ဒါဆိုရင် မင်းတို့လည်း သေကို သေရမယ်။"

ဖုန်းဝူချန်၏ စကားကြောင့် နေရာတစ်ခုလုံး တုန်လှုပ်သွားကြသည်။

လေလံရုံက ဖုန်းဝူချန် အပိုင်တဲ့လား။

"လူငယ်လေး၊ မင်း တော်တော် သတ္တိရှိတာပဲ။" ပေတိုယွင်ဖုန်းက အနည်းငယ် အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းတစ်ယောက်တည်းနဲ့ ပေတိုမိသားစုကို ချေမှုန်းပစ်နိုင်မယ် ထင်နေတာလား။ တော်တော် မောက်မာလွန်းနေပြီ။"

"ခင်ဗျားတို့ ပေတိုမိသားစုကလည်း မောက်မာတာ သိပ်မထူးပါဘူး မဟုတ်လား။ လောကထဲ ပြန်ဝင်လာတာနဲ့ 'ကျိုကျိုး' ကိုးပြည်ထောင်က အင်အားစု အကြီးအသေး အားလုံးကို အတင်းအကျပ် လက်အောက်ခံခိုင်းပြီး ကြက်ကိုသတ် ၊ မျောက်ကိုခြောက်တယ်။ လေလံရုံကို ချေမှုန်းချင်တာကလည်း ဖုန်းလန်ဂိုဏ်းနဲ့ နန်းကုန်းမိသားစုလို အင်အားစုကြီးတွေကို ခြိမ်းခြောက်ချင်လို့ မဟုတ်လား။ အဟွန်း၊ တော်တော် ပါးနပ်တဲ့ နည်းဗျူဟာပဲ။" ဖုန်းဝူချန်က တည်ငြိမ်စွာနှင့် ယုံကြည်မှုရှိရှိ တုံ့ပြန်လိုက်၏။

သူက တစ်ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။

"ဪ ဟုတ်သား။ ပြီးတော့ အင်အားစု အားလုံးဆီက လက်ဆောင်တွေ တောင်းသေးတယ်။ ဒီလောက် အရှက်မရှိတဲ့ တောင်းဆိုမှုမျိုးကိုတောင် ခင်ဗျားတို့ လုပ်ရဲသေးတယ်။ ဒါ ပေတိုမိသားစုလား။ သူတို့ကိုယ်သူတို့ ဧကရာဇ်လို့ ထင်နေတာလား။"

ပေတိုရွှမ်း၏ မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။ ဖုန်းဝူချန်က ပေတိုမိသားစု တစ်ခုလုံးကို ဤမျှ တည်ငြိမ်စွာ ရင်ဆိုင်နေခြင်းမှာ သူက အကြီးအကျယ် ဟန်ဆောင်နေခြင်း ၊ သို့မဟုတ် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း အမှန်တကယ် ရှိနေခြင်း သည်နှစ်မျိုးထဲမှ တစ်ခုခု ဖြစ်ရမည်။

ထိုအခါ၊ ပေတိုယန့်ခုံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ ဖုန်းဝူချန်ထံမှ ရှင်းလင်းသော အဖြေတစ်ခုကို လိုအပ်နေသည်။

"ဖုန်းဝူချန်။ ဟိုနေ့က လက်သရမ်းခဲ့တာ မင်းလား.။"

ထိုအခိုက်အတန့်၌၊ ဖုန်းဝူချန်က သူ၏ ညာလက်ကို ဆန့်တန်းလိုက်ရာ အပြာရောင် မီးတောက် သဲ့သဲ့လေးတစ်ခုက သူ၏ လက်ဖဝါးပြင်တွင် ကခုန်နေ၏။

အပြာရောင် မီးတောက်လေးကို ကစားရင်း ဖုန်းဝူချန်က ပြုံးစစနှင့် မေးလိုက်သည်။

"မီးအဆိပ် ထကြွလာတဲ့ ခံစားချက်ကို ပြန် စမ်းကြည့်ချင်သေးလား။"

ဤစကားကို ကြားသောအခါ ပေတိုယန့်ခုံ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ အကယ်၍ ဤသည်မှာ ဖုန်းဝူချန်၏ လက်ချက်သာ ဆိုလျှင် သူက သူ၏ ကိုယ်တွင်းမှ မီးအဆိပ်ကို ထိန်းချုပ် ထကြွစေနိုင်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

ဖုန်းဝူချန်၏ စကားကြောင့် ရှိနေသော ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ အားလုံးမှာလည်း ထိတ်လန့် တုန်လှုပ်သွားကြပါတော့သည်။

မီးအဆိပ် ထကြွလာသည့် ခံစားချက်ကို စမ်းကြည့်ချင်သလားတဲ့။

ဖုန်းဝူချန်က ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ၏ ကိုယ်တွင်းမှ မီးအဆိပ် ထကြွလာမှုကို အမှန်တကယ် ထိန်းချုပ်နိုင်သလော။

ဒါ အမှန်တရား ဖြစ်ခဲ့ပါလျှင် ဖုန်းဝူချန်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီ။

"ပေတိုယန့်ခုံ ငါ ပေတိုမိသားစုဆီ လာခဲ့ရင် အကျိုးဆက်က ဘာဖြစ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့လို့ ခင်ဗျား ပြောခဲ့တာ ငါ မှတ်မိသေးတယ်။ အခု ငါ ရောက်လာပြီ။ ကဲ အဲ့ဒီ အကျိုးဆက်တွေက ဘာလဲ။" ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း ခြိမ်းခြောက်မှုကို တစ်စိုးတစ်စိမျှ မခံစားရဘဲ မေးလိုက်၏။

"ဖုန်းဝူချန် တကယ် သတ္တိရှိတာပဲ။ သူ့ရဲ့ သတ္တိကို ငါ တကယ် လေးစားတယ်။ အကျိုးဆက်ကို သိရအောင် ပေတိုမိသားစုဆီ တကယ် သွားရဲတယ်။"

"ပေတိုမိသားစုက ဒီလောက် ကြောက်ဖို့ကောင်းတာ ဖုန်းဝူချန် တစ်ယောက်တည်း နိုင်ပါ့မလား။ ငါ ထင်တာတော့ သူ သေလမ်း လာရှာတာပဲ။"

"ပေတို မိသားစုခေါင်းဆောင်က ထျန်းယွမ်ဘုံ အဋ္ဌမလွှာမှာ။ ဖုန်းဝူချန် သူ့ကို ကျော်နိုင်မှာ မဟုတ်ဘူး။"

လူအုပ်ကြီးမှာ တီးတိုး ပြောဆိုနေကြသည်။

"အကျိုးဆက်ကတော့ သေခြင်းတရားပဲ။" ပေတိုယန့်ခုံက ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကြမ်းတမ်းသော လူသတ်စိတ်ဆန္ဒမှာ အလွန် ပြင်းထန်လှသည်။

အကယ်၍ ဖုန်းဝူချန်က မီးအဆိပ်ကို အမှန်တကယ် ထကြွစေနိုင်ပါက ပေတိုယန့်ခုံသည် ဖုန်းဝူချန်ကို အလွတ်ပေးရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

"ကျွန်တော်လည်း မျှော်လင့်နေပါတယ်။" ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ဆို၏။

"ကောင်လေး မင်း ဒီလောက် ယုံကြည်မှု ရှိနေမှတော့ ငါနဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်မလား။"

ထိုအခိုက်အတန့်တွင် လူငယ်တစ်ဦးက အေးစက်စွာ မေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်သို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။ ဤလူမှာလည်း ပေတိုမိသားစုမှ ပါရမီရှင်တစ်ဦး ပေတိုရှုံ ဖြစ်ပြီး သူ့ခွန်အားက ထျန်းယွမ်ဘုံ ပဉ္စမလွှာ အထွတ်အထိပ်တွင် ရှိနေလေသည်။

ထိုအခါ၊ ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်လေ၏။

"မင်းမှာ အရည်အချင်း မရှိဘူး။ လစ်လိုက်တော့။"

All Chapters