တစ်ခါတစ်ရံမှာ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေက ကြီးမားတဲ့ ပေးဆပ်ရမှုတွေ ရှိလာနိုင်တယ်
Vol. 76 Ch. 1136
လေဟောင်ရန် လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရလာခဲ့သည်။ ထျန်းချန်ကမ္ဘာရှိ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို ကိုင်တွယ်ရန် ခက်ခဲနိုင်သော်လည်း ရတနာများနှင့် သူတို့အတွက် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ခြေအတွက် ထိုကမ္ဘာကို သိမ်းပိုက်ရပေမည်။
အဆင့်နိမ့်ကမ္ဘာမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို ကြောက်ရွံ့နေရန် မတန်ပေ။ အားသာချက်က သူ့ဘက်တွင် ရှိနေသည်။
သို့သော် ထိုအချိန်တွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အငွေ့အသက်များ ထုတ်လွှတ်ထားသော အခြား အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသည်။ နောက်ထပ် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသောအခါ လေဟောင်ရန်၏ မျက်နှာလုံးဝ မည်းမှောင်သွားသည်။
ဤအမျိုးသမီးသည် ဆွမ်ဧကရာဇ် မဖြစ်နိုင်သဖြင့် ဆွမ်ဧကရာဇ် နတ်လှေပေါ်တွင် ရှိနေသေးသည်ဟု ဆိုလိုသည်။ ထျန်းချန်ကမ္ဘာတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက် အမှန်တကယ် ရှိနေပေသည်။
ထိုအချိန်တွင် လေရန်ကမ္ဘာမှ ကျင့်ကြံသူများ မှင်သက်သွားကြပြီး အချို့မှာ လေရန်ကမ္ဘာသို့ ပြန်လှည့်ပြေးရန်ပင် စဉ်းစားနေကြပြီ ဖြစ်သည်။
လူများ တုံ့ပြန်မှု မပြုလုပ်နိုင်ခင်မှာပင် ထျန်းချန်ကမ္ဘာ၏ နတ်လှေပေါ်မှ လူအများအပြား ထပ်မံ ဆင်းသက်လာကြသည်။ ရုတ်တရက် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ အငွေ့အသက်များ သူတို့ထံမှ ထွက်ပေါ်လာသည်။
နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ အငွေ့အသက်ကို ခံစားလိုက်ရသောအခါ လေရန်ကမ္ဘာမှ ကျင့်ကြံသူများ ချက်ချင်း ဆွံ့အသွားကြသည်။
အဆင့်နိမ့်ကမ္ဘာတစ်ခုက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို ဘယ်လို ပိုင်ဆိုင်ထားတာလဲ။
ဘာတွေ ဖြစ်ကုန်တာလဲ။
နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဆိုလို့ ဆွမ်ဧကရာဇ် တစ်ယောက်တည်း ရှိတယ်လို့ လေဧကရာဇ် ပြောခဲ့တယ် မဟုတ်ဘူးလား။
ကင်းထောက်များ ပေးပို့သော သတင်းအချက်အလက်များတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူအဖြစ် ဆွမ်ဧကရာဇ် တစ်ဦးတည်းသာ ပါဝင်သောကြောင့် လေဟောင်ရန် ကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေသည်။ ထျန်းချန်ကမ္ဘာက အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်ပါလျက် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို ဘယ်လို မွေးထုတ်ပေးနိုင်တာလဲ။
ထျန်းချန်ကမ္ဘာမှာ ကန့်သတ်ချက် ပြုလုပ်ထားတဲ့ စွမ်းအားရှင်က ဘယ်လို ကျင့်စဉ်ရင်းမြစ်မျိုးတွေ ချန်ထားခဲ့လို့လဲ။
ရှောက်လျန်ကျိက
“မင်းကြီး... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”
ဟု သတိထား၍ မေးလိုက်သည်။
လေဟောင်ရန်က ချက်ချင်း မဖြေပေ။ ထို နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို သူ အကဲခတ်ကြည့်လိုက်ရာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့်နှင့် ဆင်တူသော အငွေ့အသက်များ ထုတ်လွှတ်နေသော်လည်း သူတို့၏ အငွေ့အသက်မှာ စစ်မှန်မှု အားနည်းနေကြောင်း သူ ချက်ချင်း သိလိုက်သည်။
ဒါက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အစစ်၏ အငွေ့အသက် မဟုတ်ပေ။
ထိုလူများသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိထားခြင်း မဟုတ်ပေ။
လေဟောင်ရန်၏ ခန့်မှန်းချက် မှန်သည်။ ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူ အများစုသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်စဉ်စွမ်းအား မရှိကြပေ။ ရှန်ဟွေချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့်သာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အငွေ့အသက်များကို ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။
ရှန်ဟွေချပ်ဝတ်၏ အားဖြည့်ပေးမှုဖြင့် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ထိုကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ထျန်းချန်ကမ္ဘာမှ လူများ၏ အကြောင်းကို သူ သိမြင်သွားပြီဟု လေဟောင်ရန် တွေးတောလိုက်ပြီး သူ့အနောက်ဘက်ရှိ လူများထံ စိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။
“ထျန်းချန်ကမ္ဘာက နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေက အစစ်တွေ မဟုတ်ကြဘူး... သူတို့က အငွေ့အသက်ကို မြှင့်တင်ပေးတဲ့ ရတနာတွေကို အသုံးပြုထားကြတာ။”
လေဟောင်ရန်၏ စကားကို ကြားသောအခါ လူတိုင်း လန့်ဖျပ်သွားကြပြီး ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများကို အလေးအနက် စစ်ဆေး ကြည့်ရှုလိုက်ကြသည်။ လေဟောင်ရန် ပြောတာ မှန်ပုံရသည်။ ထိုသူများ၏ အငွေ့အသက်များသည် ပေါ့ပါးနေပြီး တည်ငြိမ်မှု မရှိပေ။
ထိုလူများသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အစစ်များ မဟုတ်ကြောင်း သိလိုက်ရသဖြင့် လေရန်ကမ္ဘာမှ ကျင့်ကြံသူများ စိတ်သက်သာရာ ရသွားကြသည်။ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင် တစ်ဒါဇင်ကျော်နှင့် ရင်ဆိုင်ရမည်ကို သူတို့ တကယ် ကြောက်ရွံ့ခဲ့ကြသည်။
၎င်းတို့သည် အတုအယောင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်များ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
အစစ်အမှန် မဟုတ်မှတော့ ကြောက်စရာ မလိုတော့ပေ။
နောက်တစ်ခဏတွင် လေရန်ကမ္ဘာမှ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများသည် ယင်ကျန်းယဲ့နှင့် အပေါင်းအပါများကို စတင် တိုက်ခိုက်လိုက်ကြသည်။
ယင်ကျန်းယဲ့တို့က အလျင်လိုခြင်း မရှိပေ။ အားလှိုင်းများ သူတို့ထံ ရောက်ရှိခါနီးမှ ယင်ကျန်းယဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်တစ်ခဏ၌ သူတို့၏ ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံး ကြီးမားသော ဖိအားဖြင့် ချက်ချင်း ဖုံးလွှမ်းသွားစေသည်။
လေရန်ကမ္ဘာမှ ကျင့်ကြံသူများ၏ မျက်နှာများလည်း ချက်ချင်း ဖြူဖျော့သွားကြသည်။
“ပြန်လည်ပျက်စီးခြင်းအဆင့်...”
“ဒါ ပြန်လည်ပျက်စီးခြင်းအဆင့်ပဲ...”
“ထျန်းချန်ကမ္ဘာလို အဆင့်နိမ့်ကမ္ဘာက ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်ကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲ...”
“အတုပါ... အတုပဲ ဖြစ်ရမယ်။ သူ့မှာ အငွေ့အသက် မြှင့်တင်ပေးတဲ့ မှော်ရတနာ ရှိနေတာ နေမှာပါ...”
“ဟုတ်တယ်...နတ်ဘဝ ပြောင်းလဲခြင်းအဆင့် အငွေ့အသက်ကိုတောင် မြှင့်တင်နိုင်မှတော့ ပြန်လည်ပျက်စီးခြင်းအဆင့် အထိလည်း မြှင့်တင်နိုင်မှာပေါ့... ကျုပ်တို့ အလိမ်မခံရစေနဲ့...”
“အားလုံး အတူတူ တိုက်ခိုက်ကြ...”
ယင်ကျန်းယဲ့သည် ပြန်လည်ပျက်စီးခြင်းအဆင့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သော်လည်း လေရန်ကမ္ဘာမှ ကျင့်ကြံသူများ နောက်မဆုတ်တော့ပေ။ သူတို့ တိုက်ခိုက်ပြီးဖြစ်သဖြင့် ရပ်တန့်၍ မရတော့ပေ။
ထို့ကြောင့်ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူ၏ အငွေ့အသက်သည် ရတနာတစ်ခုခုကြောင့် မြင့်တက်နေခြင်း ဖြစ်ရမည်ဟုသာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရသည်။
သူတို့ဆီသို့ ကျင့်ကြံသူများ လာနေသည်ကို မြင်သောအခါ ယင်ကျန်းယဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
နဂါးနက် ဥပဒေနိယာမ ပုံရိပ်။
နောက်တစ်ခဏတွင် သူ၏ ခေါင်းအထက်၌ ကြီးမားသော နဂါးနက်ကြီး တစ်ကောင် ရစ်ခွေလာသည်။
လေရန်ကမ္ဘာမှ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများ တုံ့ပြန်မှု မပြုလုပ်နိုင်ခင်မှာပင် နဂါးနက်ကြီးက ကြီးမားသော အနက် ရောင် မီးလုံးကြီးကို မှုတ်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တိုးဝင်လာသော ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ အားလုံး ဝိညာဉ်ပါမကျန် ပြာကျသွားကြသည်။
ထိုအရာကို မြင်သောအခါမှ လေရန်ကမ္ဘာမှ ကျင့်ကြံသူများ သတိဝင်လာကြသည်။ ဤအရာသည် အငွေ့အသက် မြှင့်တင်ပေးသော ရတနာ မဟုတ်ပေ။ ဤလူသည် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားကို အစစ်အမှန် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သူတို့၏ လေဧကရာဇ်ပင်လျှင် ဥပဒေနိယာမ အလုံးစုံအဆင့် နံပါတ်ရှစ်အလွှာရှိ ကျင့်ကြံသူ အများအပြားကို တစ်ပြိုင်နက်တည်း သတ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤလူကတော့ အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။
လေဟောင်ရန်လည်း နောက်ဆုံးတွင် သတိဝင်လာသည်။
သူတို့ သံပြားကို ကန်မိလေပြီ။
လေဟောင်ရန်က
“ဝါစဉ်ကြီး ပုဂ္ဂိုလ်... ကျွန်တော်တို့ စော်ကားလိုစိတ် မရှိပါဘူး... ထျန်းချန်ကမ္ဘာမှာ သက်ရှိတွေ ရှိတယ်လို့ ကြားလို့ လာရောက် လေ့လာကြည့်တာပါ။”
ထိုအရာကို ကြားသောအခါ ယင်ကျန်းယဲ့က မထီမဲ့မြင် ပြုံးလိုက်၏။ သို့သော် ဘာမှ မတုံ့ပြန်ပေ။
လေဟောင်ရန်က
“ဝါစဉ်ကြီး ပုဂ္ဂိုလ်... ကျွန်တော်တို့ အခုပဲ ပြန်ပါတော့မယ်။”
ထျန်းချန်ကမ္ဘာကို အခြား အဖွဲ့အစည်းတစ်ခုက ရှာဖွေတွေ့ရှိထားပြီး ဆွမ်ဧကရာဇ်က သူတို့နှင့် ပူးပေါင်းထားသည်ဟု လေဟောင်ရန် ခန့်မှန်းလိုက်သည်။
ထျန်းချန်ကမ္ဘာ၏ ရတနာများက မက်မောစရာ ကောင်းသော်လည်း သူတို့၏ အသက်က ပိုအရေးကြီးသည်။
လေဟောင်ရန် ထွက်ပြေးရန် ပြင်လိုက်ချိန်တွင် တောက်ပနေသော နတ်လှေပေါ်မှ ရွှေဖြူရောင် နဂါးဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပျံသန်း ထွက်ပေါ်လာသည်။
ရှောက်လျန်ကျိက
“မင်းကြီး... အဲဒါ ဆွမ်ဧကရာဇ်ပါ”
ဟု လေဟောင်ရန်ကို အလျင်အမြန် သတိပေးလိုက်သည်။
ထိုအရာကို ကြားသောအခါ လေဟောင်ရန် မျက်မှောင် ထပ်ကြုတ်လိုက်ပြန်သည်။
အခုမှ ဒါကို ပြောနေလို့ အပိုပင်။
ဆွမ်ဧကရာဇ်က ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်နဲ့ မဟာမိတ် ပြုလုပ်ထားပြီးဖြစ်ရာ ထျန်းချန်ကမ္ဘာကို သူတို့ ယှဉ်နိုင်မည့်နည်းလမ်း မရှိတော့ပေ။
ထိုအချိန်တွင် လေဟောင်ရန်ကို လုချန်း ကြည့်လိုက်သည်။
[အမည် : လေဟောင်ရန်]
[အချက်အလက်: လေရန်ကမ္ဘာ၊ လေရန်နိုင်ငံမှ ဧကရာဇ်]
[ကျင့်စဉ်အဆင့် : နတ်ဘဝ ပြောင်းလဲခြင်းအဆင့်ရှစ်]
[သစ္စာရှိမှု : -၃၅]
လေဟောင်ရန်၏ သစ္စာရှိမှုကို မြင်သောအခါ လုချန်း တစ်ချက် ရယ်မောလိုက်ပြီး သူ့အား မဖြစ်မနေ သတ်ဖြတ်ရမည့် စာရင်းထဲတွင် ထည့်သွင်းလိုက်သည်။
ထိုအချိန်တွင် ယင်ကျန်းယဲ့က
“မင်းကြီး... ဒီလူတွေကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ”
ဟု လုချန်းကို လေးစားစွာ မေးလိုက်သည်။
ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်က လုချန်းကို ထိုကဲ့သို့ ရိုသေလေးစားစွာ ဆက်ဆံသည်ကို မြင်သောအခါ ရောက်ရှိနေသူ အားလုံး ရုတ်တရက် တုန်လှုပ်သွားကြသည်။
ဆွမ်ဧကရာဇ်သည် အင်အားကြီး အဖွဲ့အစည်းတစ်ခု သို့မဟုတ် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုနှင့် ပူးပေါင်းထားသည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း သူတို့ မှားယွင်းခဲ့ပုံ ရသည်။
ထိုအချိန်တွင် လေဧကရာဇ်က
“ဆွမ်ဧကရာဇ်က တကယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။ ဒီလောက် စွမ်းအားကြီးတဲ့ အစောင့်အရှောက်ကို ဘေးမှာ ထားထားတာကိုး။”
လုချန်းက ပြုံး၍
“လေဧကရာဇ် ပြောပုံအရ ကျွန်တော့်အကြောင်းကို ကောင်းကောင်း သိနေတဲ့ ပုံစံပဲ။”
“တစ်ဖက်လူရဲ့ စွမ်းအားကို သေချာ နားမလည်ပဲ ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ရဲတယ် ဆိုတော့... လေဧကရာဇ်က တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် ဆိုရမယ်။”
“တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေက ကြီးမားတဲ့ ပေးဆပ်မှုတွေ ဖြစ်လာနိုင်တယ်... လေဧကရာဇ်က အဲဒါအတွက် ပြင်ဆင်ထားပြီးပြီလား ဆိုတာ ကျွန်တော် သိချင်မိတယ်။”
လေဟောင်ရန်က
“ဆွမ်ဧကရာဇ်က ဘာလုပ်ဖို့ စီစဉ်ထားလို့လဲ”
ဟု မည်းမှောင်သော မျက်နှာဖြင့် မေးလိုက်သည်။