← Chapters

နတ်ဘုရား

Vol. 12 Ch. 166

နတ်ဘုရား

Vol. 12 Ch. 166

ယန်ချွမ်းက အမြန်ပြောလိုက်၏။

"အစ်ကိုယဲ့.. လိုအပ်တာမှန်သမျှ ကျွန်တော့်ကို ပြောသာပြောပါ”

ယဲ့ချန်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

"ဝေ့သုန်းရှန်းကို ရှာပေးပါဦး"

"ဝေ့သုန်းရှန်းလား"

ထိုနာမည်ကို ကြားလိုက်ရသောအခါ ယန်ချွမ်းမှာ တအံ့တဩဖြစ်သွားရသည်။

ဝေ့သုန်းရှန်းက တစ်ချိန်တုန်းက မိုတုကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး အနားယူထားသည်မှာ ကြာလှချေပြီ။

ယဲ့ချန်းက သူ့ကို ဘာကြောင့် ရုတ်တရက်ကြီး ရှာချင်ရတာလဲ?

"ခက်ခဲလို့လား"

ယဲ့ချန်းလည်း ပြန်မေးလိုက်သည်။

ယန်ချွမ်းက ချက်ချင်းပြန်ဖြေလာ၏။

"မခက်ခဲပါဘူး။ ကျွန်တော် ချက်ချင်းလုပ်ပေးပါ့မယ်"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"သတင်းရတာနဲ့ ချက်ချင်းအကြောင်းကြားပေးနော်"

သူ ဖုန်းချလိုက်သည်နှင့် နောက်ထပ်ဖုန်းတစ်လုံး ထပ်ဝင်လာသည်။

ယဲ့ချန်း ထိုနံပါတ်ကို တစ်ချက်ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု ဖြစ်နေလေသည်။

ဖုန်းကိုင်လိုက်သောအခါ မရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းက ယဲ့ချန်းမဟုတ်လား"

"ဘယ်သူလဲမသိဘူး"

ယဲ့ချန်းလည်း မေးကြည့်လိုက်မိသည်။

"ငါက စုဝမ်ယိရဲ့အဖေ စုကျန့်ပါ"

ယဲ့ချန်း ခန့်မှန်းထားသည့်အတိုင်းပင်။ တစ်ဖက်လူက စုကျန့်ပင်။

တကယ်တော့ မနေ့က ကောင်းလဲ့နှင့် တွေ့ဆုံပြီးနောက် စုကျန့်က သူ့ကိုလာရှာလိမ့်မည်ဟု ယဲ့ချန်း ကြိုတွေးထားပြီးသားပင်။

"ဪ.. ဦးလေး မင်္ဂလာပါ"

စုဝမ်ယိ၏ အဖေဖြစ်နေသည့်အတွက် ယဲ့ချန်းလည်း အလွန်ယဉ်ကျေးစွာ ဆက်ဆံနေသည်။

စုကျန့်၏အသံက အနည်းငယ် အေးတိအေးစက်နိုင်နေသည်။

"ငါ မင်းနဲ့တွေ့ချင်တယ်။ ငါက အခု အရှေ့ကျွန်းကော်ဖီဆိုင်မှာ"

"ကောင်းပါပြီ။ နာရီဝက်အတွင်း ကျွန်တော်လာခဲ့ပါ့မယ်"

ယဲ့ချန်း ခုတင်ပေါ်က ဆင်းလိုက်သောအခါ စုရှောင်ယာက မချင့်မရဲဟန်ဖြင့် မေးလာလေသည်။

"အစောကြီးရှိသေးတာကို ဘယ်သွားမလို့လဲ"

"လုပ်စရာလေးတွေ ရှိလို့ပါ။ စကားနားထောင်ပြီး အိမ်မှာကောင်းကောင်းနေခဲ့နော်"

မျက်နှာသစ်သွားတိုက်ပြီးနောက် ယဲ့ချန်းလည်း ကားမောင်း၍ အရှေ့ကျွန်းကော်ဖီဆိုင်သို့ ထွက်လာခဲ့လိုက်သည်။

ယဲ့ချန်းက ဗီအိုင်ပီအခန်းတစ်ခုထဲရှိ စုဝမ်ယိ၏အဖေ စုကျန့်နှင့် သွားတွေ့လိုက်သည်။

စုကျန့်က ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တစ်ကိုယ်တည်း တိတ်တိတ်လေးခေါင်းတညိတ်ညိတ်လုပ်နေသည်။

ဒီလူငယ်လေးကို ငါ့သမီးသဘောကျတာလည်း အံ့သြစရာတော့မရှိပါဘူး။ ဖြောင့်မတ်ပြီး အထင်ကြီးဖို့ကောင်းတယ်.. တစ်ချိန်တုန်းက ငါ့ပုံစံနဲ့တောင် နည်းနည်းတူနေသေးတယ်...

ယဲ့ချန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် စုကျန့်ကို နှုတ်ဆက်လိုက်သည်။

"ဦးလေးစု..ဘာကိစ္စများပြောချင်လို့လဲဗျ"

စုကျန့်ကလည်း ယဲ့ချန်းအား ဝင်ထိုင်ရန် အမူအရာပြလိုက်၏။

"ငါ့သမီးကိစ္စပေါ့ကွာ"

ယဲ့ချန်းက ပြောလိုက်လေတော့သည်။

"ဦးလေးစု စိတ်မပူပါနဲ့..ဝမ်ယိကို ကျွန်တော် ကောင်းကောင်းဆက်ဆံမှာပါ"

စုကျန့်က ခွန်းတုံ့ပြန်လိုက်သည်။

"မင်းနောက်ကြောင်းကို ငါ စုံစမ်းပြီးပြီ။ မင်းမှာ အစွမ်းအစတချို့တော့ ရှိတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိချမ်းသာနေပြီ။ ဒါပေမဲ့ ဒီ​လောက်နဲ့တော့ မလုံလောက်သေးဘူး"

တကယ်တော့ စုကျန့်ရရှိထားသော အချက်အလက်က ယဲ့ချန်း၏ပိုင်ဆိုင်မှုအစစ်ထဲမှ ဆယ်ပုံတစ်ပုံမျှသာ ရှိသေးသည်။ အသေးစိတ်အချက်အလက် အမြောက်အများကို ယဲ့ချန်းက ဖုံးကွယ်ထားသောကြောင့် သာမန်လူများ ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။

ယဲ့ချန်း၏ပိုင်ဆိုင်မှုက သူ့စည်းစိမ်ထက် များစွာကျော်လွန်နေကြောင်းကိုသာ စုကျန့်သိလိုက်ရပါက ထိတ်လန့်အံ့သြသွားပေလိမ့်မည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဦးလေးစု..စိတ်ချပါ။ ကျွန်တော် ထပ်ကြိုးစားပါ့မယ်"

စုကျန့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလာလေသည်။

"ငါ့သားမက်ဖြစ်ဖို့ဆိုရင် မင်းအနေနဲ့ ယုံကြည်လက်ခံနိုင်လောက်တဲ့ အရာတစ်ခုကို ပြရမယ်။ ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့တော့ မျှော်လင့်ရတာပဲ"

ယဲ့ချန်းလည်း ခပ်​ဖျော့ဖျော့ပြုံးလိုက်မိသည်။

"ဦးလေး..ဦးလေး စိတ်ပျက်ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဦးလေးကို ကျွန်တော် အခုချက်ချင်း ယုံကြည်လက်ခံလာအောင် လုပ်နိုင်ပါတယ်"

စုကျန့် တဒင်္ဂမျှ ကြောင်အသွားသည်။

"အခုချက်ချင်းလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ စုလုပ်ငန်းစုက အခုလက်ရှိမှာ ဖူရှီအနောက်ပိုင်းဆင်ခြေဖုံးစီမံကိန်းမှာ ပါဝင်နေတာမဟုတ်လား"

"ဟုတ်တယ်။ ဒီစီမံကိန်းက ငါတို့စုမိသားစုအတွက် အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ ကနဦးလုပ်ငန်းတွေက ပြီးခါနီးနေပြီ။ စီမံကိန်းက ငါတို့လက်ထဲရောက်လာဖို့ သေချာသလောက်ပဲ"

ယဲ့ချန်းကတော့ ခေါင်းခါယမ်းလိုက်သည်။

"ဦးလေးစု.. အမှန်အတိုင်းပြောရမယ်ဆိုရင် ဦးလေး အဲဒီစီမံကိန်းရဖို့ အလှမ်းဝေးနေသေးတယ်"

ယဲ့ချန်း၏စကားများကို ကြားသောအခါ စုကျန့်ခမျာ အံ့အားသင့်သွားရသည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

ယဲ့ချန်းက ရှင်းပြလိုက်သည်။

"ဝေ့မင်နဲ့ ဦးလေးတို့ နှုတ်ကတိစာချုပ်ချုပ်ထားတာတော့ မှန်ပါတယ်။ သူကလည်း ဒီစီမံကိန်းကို ဦးလေးကိုပေးမယ်လို့ ပြောထားတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဒီစီမံကိန်းကို ထိန်းချုပ်ထားတဲ့လူက ဝေ့သုန်းရှန်းပါ။ ပြီးတော့ ဝေ့မိသားစုက ကောင်းမိသားစုနဲ့ပေါင်းပြီး ဦးလေးကိုသစ္စာဖောက်ဖို့ ကြံစည်နေတာ"

"မင်းဘာပြောလိုက်တာလဲ"

စုကျန့်၏အမူအရာကား သိသိသာသာ ပြောင်းလဲသွားချေသည်။

ယဲ့ချန်းက ဤအချက်အလက်ကို ဘဝမှတ်တမ်းကိုကြည့်ရှုခြင်းစွမ်းရည်မှတစ်ဆင့် ရထားခြင်းဖြစ်၏။ တွေ့ဆုံပွဲကို သူလိုက်သွားရသည့် အကြောင်းအရင်းကလည်း ကောင်းလဲ့နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် ပတ်သက်ဆက်နွှယ်နိုင်ရန်ပင်။

ကောင်းလဲ့က စုမိသားစုကိုဆန့်ကျင်ရန်အတွက် ကြီးမားလှသော အစီအစဉ်ကြီးတစ်ခုကို ကြံစည်နေပြီး ဤအစီအစဉ်တွင် ယန်ချွမ်းက အဓိကပုဂ္ဂိုလ်ပင်။

ဘဝမှတ်တမ်းကိုကြည့်ရှုခြင်းစွမ်းရည်မှတစ်ဆင့် ကောင်းလဲ့၏ အစီအစဉ်များကို ယဲ့ချန်း ကောင်းကောင်းသိလိုက်ရသည်။

စုဝမ်ယိက သူ့ချစ်သူပင်။ ကောင်းလဲ့ကမူ စုမိသားစုကို ဖျက်ဆီးပြီးမှ စုဝမ်ယိကို သူ့အပိုင်အဖြစ် အတင်းအကျပ်ရယူရန် ရည်ရွယ်ထားသည်။ ယဲ့ချန်းအနေနှင့် ထိုသို့ဖြစ်ခွင့်မပေးနိုင်ချေ။

ယန်ချွမ်းက ဤအစီအစဉ်တွင် အရေးပါသော ကစားသမားတစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်းက ယန်ချွမ်းကိုချဉ်းကပ်ပြီး သူ့နောက်လိုက်အဖြစ် ပြောင်းလဲခြင်းဖြင့် ကောင်းလဲ့၏အစီအစဉ်များကို တန်ပြန်အစီအစဉ်ချနေခြင်းပင်။

ကော်ဖီဆိုင်မှ ထွက်လာခဲ့ပြီးနောက် ယဲ့ချန်းအပေါ်ထားသော စုကျန့်၏အမြင်မှာ လုံးဝပြောင်းလဲသွားလေသည်။

အစတုန်းကတော့ စုကျန့်က ယဲ့ချန်းကို ရိုးရိုးသာမန် သူဌေးပေါက်စတစ်ယောက်ဟုသာ ထင်ခဲ့မိသည်။ သို့သော် စကားပြောကြည့်လိုက်သောအခါ ယဲ့ချန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို သိလိုက်ရသည်။

"ကောင်းမိသားစု..စုမိသားစုကိုများ နောက်ကျောကနေ ဓားနဲ့လာထိုးရဲတယ်ပေါ့လေ။ သိပ်ကောင်းတယ်"

ကျန်းစုနှင့် ကျဲ့ကျန်းခရိုင်တွင် ထွန်းတောက်လာသော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် စုကျန့်တွင် ခိုင်မာသော နည်းလမ်းများရှိသည်။ ယဲ့ချန်း၏ လမ်းညွှန်မှုဖြင့် ကောင်းမိသားစုကို မည်သို့ကိုင်တွယ်ရမလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်းသိသွားသည်။

သို့သော် ထိုအဘိုးကြီးဝေ့သုန်းရှန်းကို ယဲ့ချန်းက အမှန်တကယ်လှုပ်ခါနိုင်ပါ့မလားဆိုတာကိုတော့ သူ သံသယဖြစ်နေဆဲပင်။

ယဲ့ချန်း ကော်ဖီဆိုင်ထဲက ထွက်လာခဲ့ပြီးနောက် သူ့ဖုန်းက ထမြည်လာသည်။

"အစ်ကိုယဲ့..ဝေ့သုန်းရှန်းက အနောက်ပိုင်းမြို့တော်စစ်မှုထမ်းဟောင်းကုသရေးဆေးရုံမှာ ရှိတယ်။ အစ်ကိုသွားချင်တယ်ဆိုရင် ကျွန်တော် လိုက်ပို့ပေးလို့ရတယ်"

"ကောင်းပြီ။ ကျေးဇူးပဲ ညီလေးယန်"

"ဟားဟား အစ်ကိုယဲ့က ကျွန်တော့်အသက်ကို ကယ်ခဲ့တာလေ။ ဒီလိုကိစ္စသေးသေးလေးက ဘာမှမပြောပလောက်ပါဘူး"

ယဲ့ချန်းလည်း ကားမောင်း၍ အနောက်ပိုင်းမြို့တော်စစ်မှုထမ်းဟောင်းကုသရေးဆေးရုံသို့ သွားလိုက်သည်။

အနောက်ပိုင်းမြို့တော် စစ်မှုထမ်းဟောင်းကုသရေးဆေးရုံမှာ သတ်မှတ်ထားသော အဆင့်အတန်းရှိသူများကိုသာ လက်ခံပြီး ဝင်ပေါက်တွင်လည်း အစောင့်များချထားသေးသည်။

ယဲ့ချန်း ကားပေါ်ကဆင်းလိုက်သည်နှင့် ယန်ချွမ်းရောက်လာတာကို မြင်လိုက်ရသည်။

"အစ်ကိုယဲ့..အစ်ကိုရဲ့ကြိုတင်ပြင်ဆင်မှုကြောင့် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီတစ်ခေါက် ကျွန်တော် တကယ်ဒုက္ခရောက်နေလောက်ပြီ"

ယဲ့ချန်းကတော့ အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ပြဿနာတွေကို အကုန်မဖြေရှင်းရသေးဘူးမဟုတ်လား။ သူ ထွက်ပြေးသွားတာမလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်ချွမ်း၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ယဲ့ချန်းက အမှန်စင်စစ် နတ်ဘုရားတစ်ပါးပင်။

ဤအကြောင်းကို​ပါ သူ ဘယ်လိုလုပ်သိသလဲ။

ယန်ချွမ်း ခေါင်းညိတ်ပြလိုက်ရသည်။

"အစ်ကိုပြောတာမှန်ပါတယ်။ အဲဒီကောင်က တော်တော်ဉာဏ်များတာ။ သူ့ကိုဖမ်းဖို့အတွက် မိုတုတစ်မြို့လုံးမှာ လူလွှတ်ပြီး ရှာခိုင်းထားပါတယ်"

“သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ငါ့ကိုပေးလေ"

ယဲ့ချန်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။

"ကောင်းပါပြီ"

ယန်ချွမ်းလည်း တိတ်တဆိတ် စိတ်ကျေနပ်သွားပြီး လီဟူ၏အချက်အလက်များကို ချက်ချင်းပို့ပေးရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားလိုက်သည်။

ယဲ့ချန်းကတော့ လီဟူ၏ဘဝမှတ်တမ်းကို ရှာဖွေရန်အတွက် အချက်အလက်များကို အလျင်အမြန်ဖတ်ကြည့်လိုက်သည်။ ထို့နောက် အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

"မလိုတော့ဘူး။ သူက မိုတုမြို့မှာမရှိဘူး။ ယီမြစ်ကို ရောက်နေပြီ"

"ဘယ်လို!"

ယန်ချွမ်းခမျာ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။ ထို့ကြောင့် မေးကြည့်လိုက်မိတော့သည်။

"အစ်ကိုယဲ့ သူဘယ်မှာပုန်းနေလဲဆိုတာ အစ်ကိုသိတာလား"

ယဲ့ချန်းက ဘဝမှတ်တမ်းကိုကြည့်ရှုခြင်းစွမ်းရည်မှတစ်ဆင့် လီဟူ၏လှုပ်ရှားမှုများကို မြင်ထားပြီးဖြစ်သောကြောင့် သူ့ပုန်းခိုရာနေရာကိုလည်း သိသည်။

ယန်ချွမ်းက ရိုးသားပုံရသော်လည်း တကယ်တမ်းတွင်မူ စေ့စပ်သေချာသူတစ်ယောက်ဖြစ်၏။ သူသည် ယဲ့ချန်းကို နာခံပုံရသော်လည်း အပြည့်အဝယုံကြည်တာမျိုးတော့ မဟုတ်ပေ။

ထို့ကြောင့် ယဲ့ချန်းအနေနှင့် ယန်ချွမ်းကို မိမိအား လုံးဝလက်ခံလာစေရန် နည်းလမ်းတချို့ကို ထုတ်သုံးရမည်ဖြစ်၏။ ထို့ကြောင့် ပိုမိုအံ့အားသင့်သွားစေမည့် နည်းလမ်းတချို့ကို လိုအပ်ပေသည်။

ယဲ့ချန်းက ပြောလိုက်လေသည်။

"မင်း ဘာမှလုပ်ဖို့မလိုပါဘူး။ ငါ သူ့ကို ကူရှင်းပေးနိုင်တယ်"

"ဗျာ!"

ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်ချွမ်း၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရသည်။

စဉ်းစားကြည့်မည်ဆိုလျှင် ယီမြစ်က မိုတုမြို့နှင့် မိုင်ပေါင်းတစ်ထောင်လောက် ကွာဝေးသည်။ ယဲ့ချန်း၏အာဏာက ထိုမျှအထိသက်ရောက်နိုင်ပါ့မလား။

ယဲ့ချန်းက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်၏။

"ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် ငါ အသက်ရှင်စေချင်တဲ့လူတိုင်း အသက်ရှင်ရမယ်။ ငါသေစေချင်တဲ့လူတိုင်း သေရမယ်။ မင်း နားလည်လား"

ထိုစကားကိုကြားလိုက်ရချိန်ဝယ် ယန်ချွမ်းခမျာ အသက််ပြင်းပြင်းရှူသွင်းလိုက်မိသည်။

"အစ်ကိုယဲ့..ကျွန်တော်နားလည်ပါပြီ"

ယန်ချွမ်းအနေနှင့် အပြည့်အဝမယုံကြည်သော်လည်း ယဲ့ချန်းကို ပိုမိုကြောက်ရွံ့လာချေသည်။

ယဲ့ချန်း ဤသို့ပြောရခြင်းမှာ ဘဝမှတ်တမ်းကို ကြည့်ရှုခြင်းစွမ်းရည်တွင် အခြားလူများ၏ ဘဝမှတ်တမ်းများကို ပြင်ဆင်နိုင်သည့် ခပ်ကြမ်းကြမ်းလုပ်ဆောင်ချက်တစ်ခု ပါဝင်နေသောကြောင့်ပင်။ သို့သော် ဤလုပ်ဆောင်ချက်ကို တစ်ကြိမ်အသုံးပြုရန်အတွက် တရုတ်ယွမ်ငွေတစ်ဘီလျံ ပေးရသည်။

ယန်ချွမ်းလို ညီငယ်လေးတစ်ယောက်ကို မိမိအား စိတ်ရင်းအစစ်အမှန်ဖြင့် နာခံလာစေရန်အတွက် ယွမ်တစ်ဘီလျံသုံးလိုက်ရခြင်းမှာ ယဲ့ချန်းအတွက်တော့ ထိုက်တန်ပေသည်။

•••••••••••••••

All Chapters