← Chapters

ရွှေသားမက်

Vol. 12 Ch. 168

ရွှေသားမက်

Vol. 12 Ch. 168

ယဲ့ချန် ဆေးရုံမှ ထွက်လာသည်နှင့် စုဝမ်ယိထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

"ယဲ့ချန်း.. ရှင် ဘယ်မှာလဲ"

"ကိုယ် နာတာရှည်ဆေးရုံကနေ အခုလေးတင် ထွက်လာတာ"

"အဖေက ရှင့်ကို အိမ်မှာ နေ့လယ်စာလာစားဖို့ ဖိတ်ချင်တယ်တဲ့"

"အိုး..မြန်လိိုက်တာ"

စုကျန့်က ယခုလိုဖိတ်ကြားခြင်းမှာ သူ့ကို သားမက်အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း ယဲ့ချန်း နားလည်လိုက်သည်။

ယနေ့ ယဲ့ချန်းက စုမိသားစုကို ကယ်တင်လိုက်သည်ဟု ဆိုနိုင်သည်။

စုမိသားစုသာ ပုသုန်းအနောက်ပိုင်းစီမံကိန်းကို မရပါက စတော့ဈေးနှုန်းများ သိသိသာသာကျဆင်းပြီး ပြန်လည်မထူထောင်နိုင်တော့သည်အထိ ဖြစ်သွားနိုင်သည်။

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ကောင်းပြီ။ ကိုယ် မင်းကိုလာကြိုမယ်"

"အစ်ကိုချန်း.. ဒီည မာရီယော့ဟိုတယ်ကိုလာဖို့ မမေ့နဲ့နော်။ အဲဒီလူယုတ်မာတွေကို ရှင်းထုတ်ဖို့ ကျွန်တော် အစ်ကိုယဲ့ကို အားကိုးနေမယ်"

ယန်ချွမ်းက ရယ်မောလိုက်သည်။

ယဲ့ချန်းကလည်း ပြုံးလျက်ဘခေါင်းညိတ်ပြသည်။

"ကောင်းပြီလေ။ ဒီည တွေ့ကြမယ်"

ယဲ့ချန်းက ကူလီနန်ကားကိုမောင်း၍ စုဝမ်ယိကို သွားကြိုရန် ယာရှီလုပ်ငန်းစုဆီသို့ ဦးတည်လိုက်သည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ အဖေက ကျွန်မကို အကုန်ပြောပြပြီးပြီ။ ဒီတစ်ခေါက် ရှင် စုမိသားစုကို အကြီးအကျယ် ကူညီလိုက်တာပဲ"

ယဲ့ချန်း ရယ်မောလိုက်မိသည်။

"ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားပြောစရာလိုလို့လား"

"ဒါနဲ့ ရှင် အခုတလော ယန်ချွမ်းနဲ့ တွဲသွားတွဲလာလုပ်နေတယ်နော်"

ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။

"ဟုတ်တယ်။ အဲဒီ့ကလေးက ကိုယ်အသစ်လက်ခံထားတဲ့ ညီလေးလေ"

"ယန်ချွမ်းလိုလူမျိုးက ရှင့်ညီလေး ဖြစ်သွားတာလား။ ယဲ့ချန်း..သူ့ကိုသတိထားနော်"

စုဝမ်ယိက စိုးရိမ်တကြီးပြောလာလေသည်။

"စိတ်မပူပါနဲ့။ ကိုယ့်မှာလည်း အကြောင်းပြချက်ရှိပါတယ်"

ယဲ့ချန်း စုမိသားစုနေအိမ်သို့ မောင်းသွားလိုက်သည်။

စုဝမ်ယိက အကျင့်ဖြစ်နေသည့်အတိုင်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်(၂/၅)အတွက် ဆုလာဘ်ကတော့ ချီစွမ်းအင် လေ့လာရေးစွမ်းရည်ဖြစ်ပါတယ်]

စုမိသားစုက မိုတုမြို့၏ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်ခုတွင် နေထိုင်ကြသည်။

ယဲ့ချန်း စံအိမ်ထဲသို့ ဝင်သွားလိုက်ပြီးနောက် ကျန်းစုနှင့် ကျဲ့ကျန်းတို့တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ထိုက်ပါပေသည်ဟု စိတ်ထဲမှ တအံ့တသြချီးကျူးမိသည်။

စံအိမ်ထဲတွင် တံတားငယ်များ၊ စီးဆင်းနေသော ရေများ၊ ကျောက်တောင်အတုများနှင့် ရေကန်များပါရှိပြီး အကျယ်အဝန်းကလည်း ကျိုတိုရှိ သူ့တော်ဝင်မင်းသားစံအိမ်နှင့် သိပ်မကွာပေ။

ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ဗီလာထဲသို့ ဦးတည်သွားကြလေသည်။

ရုတ်တရက်ဆိုသလိုပင် ယဲ့ချန်း၏ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားပြီး ရေကန်ဘေးရှိ ကျောက်တုံးတစ်တုံးဆီသို့ အကြည့်ရောက်သွားသည်။

ဥယျာဉ်တစ်ခုလုံးမှာ စိမ်းလန်းစိုပြေနေသော်လည်း ထိုကျောက်တုံးတစ်ဝိုက်တွင်မူ မြက်ပင်တစ်ပင်မျှ မပေါက်ချေ။

စုဝမ်ယိက ယဲ့ချန်း ထိုကျောက်တုံးကို အကြောင်သားစိုက်ကြည့်နေတာကို မြင်လိုက်သဖြင့် မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ"

ယဲ့ချန်းက ချီစွမ်းအင်လေ့လာရေးစွမ်းရည်ကို အသုံးပြုလိုက်လေရာ ထိုကျောက်တုံး၏ အချက်အလက်များက သူ့ရှေ့တွင် ပေါ်လာသည်။

သုန်းယွဲ့အံ့ဖွယ်ကျောက်တုံး။ ဘုရင်လု၏သင်္ချိုင်းဂူမှ တူးဖော်ရရှိသည်။ အတွင်း၌ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော မိစ္ဆာချီစွမ်းအင်များကို စုဆောင်းထားပြီး အလွန်မင်္ဂလာမရှိသောအရာအဖြစ် သတ်မှတ်ထားသည်။

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။

စုမိသားစုက ကျန်းစုနှင့် ကျဲ့ကျန်းတွင် အချမ်းသာဆုံးဖြစ်လေရာ သူတို့၏ ခြံဝင်းအတွင်းရှိ ပစ္စည်းတိုင်းကို ဂရုတစိုက်ရွေးချယ်ထားသော်လည်း ဤမျှအထိ မင်္ဂလာမရှိသော ကျောက်တုံးကို ဤနေရာတွင် အဘယ်ကြောင့်ထားရလေသလဲ။

ယဲ့ချန်း မေးလိုက်လေတော့သည်။

"ဒီကျောက်တုံးက ခြံထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာလား"

စုဝမ်ယိခမျာ တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး။ ဒီနေရာမှာ အရင်က ကျောက်တောင်အတုတစ်ခု ရှိခဲ့တာ။ တလောတုန်းကမှ လဲလိုက်တာဖြစ်မယ်"

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူတို့ကိုနှုတ်ဆက်ရန် ထွက်လာသည်။

"ရှောင်ချန်း.. မင်းပြောတဲ့ကျောက်တုံးကို ငါတို့ကုမ္ပဏီရဲ့ လက်ထောက်ဒါရိုက်တာက အရှေ့ပိုင်းယွဲ့တောင်တန်းကနေ ယူလာတာ။ ပြဿနာတစ်ခုခုရှိလို့လား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဦးလေး..သတိထားတာ ပိုကောင်းမယ်။ အဲဒီလက်ထောက်ဒါရိုက်တာက ဦးလေးကို မကောင်းကြံနေတာ ဖြစ်နိုင်တယ်"

"ဘာ?"

စုကျန့်လည်း အံ့အားသင့်သွားချေသည်။

"ယဲ့ချန်း...ပေါက်ကရတွေမပြောနဲ့နော်"

စုဝမ်ယိ၏အမူအရာမှာ ပြောင်းလဲသွားလေသည်။

စုကျန့်၏အမူအရာလည်း အနည်းငယ် မှုန်မှိုင်းသွားသည်။ ချန်ဖုရှန်ဟုခေါ်သော ထိုလက်ထောက်ဒါရိုက်တာက စုကျန့်နှင့် စစ်တပ်ထဲတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူတို့နှစ်ယောက်မှာ နိုင်ငံအတွက် စစ်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြဖူးသည်။ စုကျန့်သည် တစ်ချိန်တုန်းက ချန်ဖုရှန်၏အသက်ကို ကယ်ခဲ့ဖူး၏။ အငြိမ်းစားယူပြီးနောက်တွင်မူ သူတို့နှစ်ယောက်က ကုမ္ပဏီတစ်ခုကို အတူတကွစတင်တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် သွေးသားမတော်စပ်သော်လည်း သွေးရင်းညီအစ်ကိုများနှယ်။

ယခုမူ ယဲ့ချန်းက ချန်ဖုရှန်သည် မကောင်းကြံနေနိုင်သည်ဟု ဆိုလာလေရာ စုကျန့်အနေနှင့် ဒေါသမထွက်ဘဲ ဘယ်နေနိုင်မည်နည်း။

ယဲ့ချန်းက ပြောလိုက်သည်။

"တလောတုန်းက အဒေါ့်မှာ ကျန်းမာရေးပြဿနာတချို့ ပေါ်မလာခဲ့ဖူးဘူးလား။ အထူးသဖြင့် သန်းခေါင်ကျော်ပြီးရင် အိပ်မပျော်တာတို့၊ ရင်ဘတ်အောင့်တာတို့၊ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတာမျိုးတို့လေ"

ယဲ့ချန်း၏စကားများကို ကြားလိုက်ရသောအခါ စုကျန့် အံ့အားသင့်သွားရသည်။

"ဝမ်ယိက မင်းကိုပြောပြထားတာလား"

စုဝမ်ယိ ခေါင်းခါယမ်းလိုက်ချေသည်။

"အဖေ... အဖေနဲ့အမေအကြောင်း ယဲ့ချန်းကို တစ်ခါမှ မပြောဖူးပါဘူး"

ယဲ့ချန်းက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"တလောတုန်းကဖြစ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေနဲ့ အဒေါ့်ရဲ့ကျန်းမာရေးပြဿနာတွေအားလုံးက အဲဒီ့ကျောက်တုံးကြောင့်ပါ"

"အဲဒီကျောက်တုံးကြောင့်လား"

စုကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီကျောက်တုံးက သင်္ချိုင်းကျောက်တုံးတစ်တုံးလေ။ သင်္ချိုင်းဂူထဲမှာ နှစ်ပေါင်းထောင်ချီပြီး ရှိနေခဲ့တာ။ အရင်တုန်းက ဘုရင်လုရဲ့သင်္ချိုင်းဂူကို တည်ဆောက်တုန်းက လက်သမားထောင်ပေါင်းများစွာကို အဲဒီအထဲမှာ အရှင်လတ်လတ်မြှုပ်နှံခဲ့တယ်။ နောက်တော့ အဲဒီအရာတွေက ကျောက်တုံးကစုပ်ယူထားတဲ့ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ မိစ္ဆာချီစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တာပေါ့။ အဲဒီ့ကျောက်တုံးက မိစ္ဆာချီစွမ်းအင်တွေကို ခြံဝင်းအနှံ့ ဖြန့်ကြက်ထားတာ"

"ဘာ? ဒီလိုအရာမျိုးလည်း ရှိတာလား"

ယဲ့ချန်း၏ရှင်းပြချက်ကို ကြားလိုက်ရချိန်ဝယ် စုကျန့်လည်း ထိတ်လန့်သွားရသည်။

ယဲ့ချန်းကတော့ ဆက်ပြောသည်။

"အစတုန်းက ဦးလေးတို့အိမ်ရဲ့တည်နေရာနဲ့ ဆောက်လုပ်ပုံက အရမ်းကောင်းခဲ့တယ်။ ဒါပေမဲ့ ဒီကျောက်တုံးက နေရာအခင်းအကျင်းကို လုံးဝပြောင်းလဲပစ်လိုက်တယ်လေ။ ကြည့်လိုက်ပါ.. ကျောက်တုံးရဲ့ပတ်ပတ်လည်မှာ ဘာမြက်ပင်မှမရှိဘူး။ ပြီးတော့ ရေကန်ထဲကငါးတွေလည်း အကုန်လုံးနီးပါးသေကုန်ကြတယ်"

စုကျန့်ခမျာ ထိုစကားကိုနားထောင်ပြီး လေအေးတစ်ရှိုက်စာ ရှူသွင်းလိုက်မိသည်။

တကယ်တော့ မကြာသေးခင်ကပင် ရေကန်ထဲရှိ ငါးများမှာ ဆက်တိုက်သေကုန်ကြသည်။ အစတုန်းကတော့ စုကျန့်လည်း ငါးစာပြဿနာကြောင့်ဟု ထင်ခဲ့မိပြီး လူတစ်ယောက်ကို ငါးစာပြောင်းခိုင်းခဲ့သည်။ သို့သော် ဤကျောက်တုံးကြောင့် ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။

အစပိုင်းတွင်တော့ စုကျန့် အလေးအနက်မထားခဲ့သော်လည်း ယဲ့ချန်း၏စကားကို ကြားပြီးနောက်တွင်မူ အသက်ရှူမှားသွားရသည်။

ယဲ့ချန်းပြောပြသွားသည့် အရာအားလုံးနီးပါးက မှန်ကန်နေသဖြင့် သူလည်း မယုံကြည်ဘဲ မနေနိုင်တော့ချေ။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ဦးလေးရဲ့ လက်ထောက်ဒါရိုက်တာက ဦးလေးကို ဒီကျောက်တုံးလက်ဆောင်ပေးတာက သူမသိတာလည်း ဖြစ်နိုင်သလို တမင်လုပ်တာလည်းဖြစ်နိုင်တယ်။ ဒုတိယတစ်ခုဆိုရင်တော့ ဦးလေး သတိထားမှဖြစ်မယ်"

ယဲ့ချန်း၏စကားများကို ကြားပြီးနောက် စုကျန့်လည်း ပြောလိုက်၏။

"ကောင်းပြီ။ ငါ ဒီကျောက်တုံးကို ချက်ချင်းရှင်းခိုင်းလိုက်မယ်"

"ဒီကျောက်တုံးကို ဒီအတိုင်းလွှင့်ပစ်လို့မရဘူး။ မိစ္ဆာချီစွမ်းအင်တွေက ခြံဝင်းထဲကို စိမ့်ဝင်နေပြီ။ ဒါကိုလွှင့်ပစ်လိုက်ရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"

"မပစ်ဘဲထားလို့လည်း မရ။ ဒီအတိုင်းထားထားလို့လည်း မရဘူးဆိုတော့ ဘာလုပ်သင့်လဲ"

ယဲ့ချန်း ခပ်ယဲ့ယဲ့ပြုံးလိုက်လေသည်။

"ကျွန်တော်ပြောတဲ့နေရာမှာ ကျောက်တုံးကိုမြှုပ်ထားလိုက်ရင် ရပါပြီ"

"ကောင်းတယ်"

ယဲ့ချန်းအပေါ်ထားသော စုကျန့်၏သဘောကျမှုမှာ ပိုတိုးလာသည်။

သူတို့သုံးယောက် အိမ်ထဲသို့ လျှောက်ဝင်လာစဉ် ကြော့မော့တင့်တယ်စွာ ဝတ်စားထားသော အသားခပ်ဖြူဖြူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။

ထိုအမျိုးသမီးက အသက်ငါးဆယ်ဝန်းကျင်ရှိသော်ငြား သူ(မ)၏ရုပ်ရည်မှာ အံ့ဖွယ်ကောင်းအောင် လှပေနေသေးသည်။ သူ(မ)၏အသားအရေက အလွန်ဖြူဖျော့နေသဖြင့် ကျန်းမာရေးက အလွန်ဆိုးဝါးနေဟန်ပင်။

မေးစရာပင် မလိုချေ၏ သူ(မ)ကား စုဝမ်ယိ၏အမေ ဖြစ်ရမည်။

"မင်္ဂလာပါ အဒေါ်"

ယဲ့ချန်းက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

"မင်းက ရှောင်ချန်းပဲဖြစ်ရမယ်။ အရမ်းချောတာပဲ။ ငါ့သမီးက အမြင်ရှိသားပဲ"

"ဒါပေါ့။ ငါ့သမီးရဲ့အကြိုက်က ဘယ်လိုလုပ်ဆိုးနိုင်မှာလဲ။ အရှိန်အဝါရော အရည်အချင်းရော ငါငယ်ငယ်တုန်းကအတိုင်းပဲ"

ယဲ့ချန်းခမျာ အတန်ငယ်ဆွံ့အသွားရသည်။ သူ့ယောက္ခမလောင်းက အတ္တတော့ အတော်ကြီးသည်။ သမက်လောင်းကို ချီးကျူးရင်း သူ့ကိုယ်သူ ကြွားလုံးထုတ်ဖို့လည်း မမေ့ချေ။

အစတုန်းကတော့ စုဝမ်ယိလည်း သူ့အဖေက ယဲ့ချန်းကို ရုတ်တရက်ဖိတ်ကြားလိုက်သည့်အတွက် စိုးရိမ်ပူပန်မိခဲ့သော်လည်း ယခုလိုလိုက်လျောညီထွေဖြစ်နေတာကို မြင်သောအခါ စိတ်အေးသွားရသည်။

ယဲ့ချန်းက မားမားစုကိုကြည့်၍ ပြောလိုက်၏။

"အဒေါ်.. အခုတလော နေမကောင်းဘူးမလား။ ကျွန်တော် စစ်ဆေးပေးပါရစေ"

"မင်းက ဆေးပညာတတ်တာလား"

မားမားစုက တအံ့တသြမေးလိုက်၏။

"နည်းနည်းပဲသိတာပါ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

မားမားစုလည်း အမြန်ပြောလိုက်လေသည်။

"ဒါဆို ကြည့်ပေးပါဦးကွယ်။ ညဘက်တွေဆိုရင် အိပ်မပျော်လို့။ ရင်ဘတ်တွေလည်း တော်တော်အောင့်တယ်။ သည်းခံလို့ကိုမရဘူး"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မားမားစု၏သွေးခုန်နှုန်းကို အရင်စစ်ဆေးလိုက်သည်။

ထင်ထားသည့်အတိုင်း ထိုကျောက်တုံးကြောင့် ဖြစ်နေခြင်းပင်။

ဤအတောအတွင်း ကျန်းမာရေးချို့တဲ့မှုကြောင့် ​မားမားစု၏ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီစွမ်းအင်အမြောက်အများကို စုဆောင်းထားမိခဲ့သည်။ ထို့ကြောင့် ခြေဖျားလက်ဖျားအေးစက်ခြင်း၊ မကြာခဏအိပ်မက်မက်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်နေခြင်းပင်။

အကြောင်းအရင်းကို သိလိုက်ရပြီဖြစ်ရာ ကုသမှုကလည်း လွယ်သည်။

"ဦးလေး.. ကျွန်တော် အပ်စိုက်ကုသနည်းအတွက် အပ်တွေနဲ့ တရုတ်​ရိုးရာဆေးတချို့ လိုတယ်"

ယဲ့ချန်းက ဆေးညွှန်းနှင့် လိုအပ်သော ပစ္စည်းများကို စာရွက်ပေါ်တွင် ရေးချလိုက်ပြီးနောက် မကြာခင်မှာပင် ​အိမ်အကူများက အကုန်ပြင်ဆင်ပေးကြသည်။

"အဒေါ်.. ကျွန်တော် အဒေါ့်ခန္ဓာကိုယ်ထဲက မကောင်းတဲ့ချီစွမ်းအင်တွေကို ဖယ်ရှားဖို့အတွက် အပ်စိုက်ကုသပေးဖို့လိုပါတယ်"

"ကောင်းပါပြီ"

မားမားစုကလည်း ခုတင်ပေါ်တွင်လဲလျောင်းရင်း ခေါင်းညိတ်ပြသည်။

ယဲ့ချန်းက ငွေရောင်အပ်များကို ထုတ်ယူ၍ ​မားမားစုကို အပ်စိုက်ကုသပေးလေတော့သည်။

ယဲ့ချန်း၏လုပ်ရပ်များကိုကြည့်ရင်း စုကျန့်နှင့် စုဝမ်ယိတို့နှစ်ယောက်စလုံးမှာ အံ့သြသွားချေသည်။

ယဲ့ချန်းက စင်စစ်ထက်မြက်လွန်းလှသည်။ စီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်ပြီး ချီစွမ်းအင်ပိုင်းမှာလည်း ထက်မြက်ကာ ရိုးရာဆေးပညာကိုပင် တတ်ကျွမ်းနေသေးသည်။

စုကျန့်က ရယ်မောလိုက်၏။

"ဝမ်ယိ.. သမီးက အဖေ့ကို ရွှေသမက်လေးတစ်ယောက် ရှာပေးထားတာပဲ"

••••••••••••••

All Chapters