ငါ မင်းကို သွားခိုင်းမိလို့လား
Vol. 12 Ch. 169
ယဲ့ချန်းက အလယ်အလတ်အဆင့် ဆေးပညာကျွမ်းကျင်မှု ရှိသူပင်။
သူ့အပ်စိုက်ကုသခြင်းစွမ်းရည်မှာ ကျွမ်းကျင်အဆင့်ကိုပင် ရောက်နေပြီဖြစ်၏။
သူ့လှုပ်ရှားမှုများမှာ လျှပ်စီးကဲ့သို့ လျင်မြန်ပြီး လက်နှစ်ဖက်စလုံးကလည်း အရိပ်များအလား။
အမျိုးသမီးကြီးစု၏ လက်ဖဝါးနှင့် ခန္ဓာကိုယ်ထက်ရှိ အပ်စိုက်အမှတ်တချို့တွင် ငွေရောင်အပ်များဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်း၏ အပ်စိုက်နည်းပညာကို မြင်လိုက်ရသောအခါ စုကျန့်နှင့် စုဝမ်ယိတို့လည်း အလွန်အံ့အားသင့်သွားကြသည်။
တရုတ်ရိုးရာ အပ်စိုက်ကုသနည်းကို သူတို့ ယခင်ကမြင်ဖူးသော်လည်း ယဲ့ချန်း၏ အပ်ကိုင်တွယ်သည့်အရှိန်မှာ အမှန်ပင် ကျွမ်းကျင်အဆင့်တွင် ရှိသည်။
ထိုတရုတ်ဆေးဆရာဝန်အိုကြီးများပင် ယဲ့ချန်း၏လက်အရှိန်ကို မမီနိုင်ချေ။
အစပိုင်းတွင် သားအဖနှစ်ယောက်မှာ အလွန်စိုးရိမ်ပူပန်ခဲ့မိသော်လည်း အမျိုးသမီးကြီးစု၏ မျက်နှာထက်တွင် ဖြည်းဖြည်းချင်း သွေးရောင်လွှမ်းလာတာကို မြင်လိုက်ရချိန်မှာတော့ အနည်းငယ်စိတ်အေးသွားသည်။
အပ်အနည်းငယ်ထပ်စိုက်ပြီးနောက် ယဲ့ချန်း ရပ်လိုက်ပြီး စုဝမ်ယိကို ပြောလိုက်၏။
"ဝမ်ယိ.. ခွက်တစ်လုံး ယူပေးဦး။ ခဏနေရင် အဒေါ့်ရဲ့ လက်ချောင်းကိုဖောက်တဲ့အခါ သွေးမည်းတွေ ထွက်လာလိမ့်မယ်။ အဲဒီသွေးကို သေချာခံထားပေး။ မင်းရဲ့ခန္ဓာကိုယ်နဲ့ မထိမိအောင်လည်း သတိထားဦး"
ဤသို့ပြောပြီးနောက် ယဲ့ချန်းက ငွေအပ်တစ်ချောင်းကို ကောက်ယူကာ အမျိုးသမီးစု၏ လက်ချောင်းထိပ်ကို ညင်သာစွာ ထိုးဖောက်လိုက်သည်။
ဖောက်ခနဲအသံထွက်လာပြီး သွေးမည်းစီးကြောင်းတစ်ခု ပန်းထွက်လာသည်။
စုဝမ်ယိလည်း ထိုသွေးမည်းများကို ခွက်ဖြင့် ခံထားလိုက်သည်။
ထိုသွေးမည်းများက အနီရောင်သို့ ပြောင်းသွားသောအခါမှသာ ယဲ့ချန်းလည်း သက်ပြင်းချနိုင်တော့သည်။
ထိုအချိန်တွင် အမျိုးသမီးစု၏ အသားအရောင်မှာ ပန်းရောင်သမ်းနေပြီး သာမန်လူတစ်ယောက်နှင့် မကွာတော့ပေ။
အမျိုးသမီးစုက အိပ်ရာမှ ထထိုင်လိုက်ပြီး အံ့ဩနေလေတော့သည်။
"ဝိုး..ခန္ဓာကိုယ်တစ်ခုလုံး ပိုပြီးပေါ့ပါးသွားသလို ခံစားရတယ်။ ငါ အရင်က ခါးနာနေကျ။ အခုတော့ လုံးဝပျောက်သွားပြီ"
ယဲ့ချန်းက ဆို၏။
"ကျွန်တော် အဒေါ့်ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ပြီး အဒေါ့်ကျောက်ကပ်မှာရှိတဲ့ ပြဿနာအသေးစားလေးကိုပါ ဖြေရှင်းပေးလိုက်တာ"
"အာ..ဒါကြောင့် ခါးမနာတော့တာကိုး။ ငါ ဆေးရုံတော်တော်များများကို သွားခဲ့ပေမဲ့ ဘယ်သူမှ ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ ရှောင်ယဲ့.. မင်းကလေ တကယ့်ကို နတ်ဆေးသမားတော်တစ်ပါးပါပဲ"
လူတိုင်းက စုဝမ်ယိ၏ခွက်ထဲရှိ သွေးမည်းများကို ကြည့်လိုက်ကြသည်။
"ငါ့ကျန်းမာရေးပြဿနာတွေက ဒီသွေးမည်းတွေကြောင့်လား"
အမျိုးသမီးစုက မေးလိုက်သည်။
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဒီသွေးမည်းတွေက သိပ်မကြာသေးခင်တုန်းက မိစ္ဆာချီစွမ်းအင်တွေအများကြီးကို စုပ်ယူမိလို့ဖြစ်တာပါ။ အခု ကျွန်တော် အဲဒီမိစ္ဆာစွမ်းအင်တွေကို ဖယ်ထုတ်လိုက်ပြီးပြီမို့ ခန္ဓာကိုယ်ပေါ်က ပြဿနာတွေအားလုံး ပျောက်သွားပါပြီ"
ယဲ့ချန်းက စုဝမ်ယိ၏လက်ထဲရှိ သွေးမည်းများကို ယူပြီးနောက် ကျောက်တုံးတစ်တုံးပေါ်သို့ လောင်းချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိုသွေးမည်းများက အစအနပင်မကျန်တော့လောက်အောင် ပျောက်ကွယ်သွားသည်။
လူတိုင်းကလည်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။
ယဲ့ချန်းက ဆို၏။
"ဦးလေး...ဒီအစီအရင်ကို ဖြေရှင်းဖို့အတွက် ညသန်းခေါင်ယံမှာ အနောက်ဘက်ဂိတ်ရဲ့နံရံအောက်မှာ ဒီကျောက်တုံးကို ထားခိုင်းလိုက်ပါ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း ဆေးစာတစ်ရွက်ကို ကောက်ယူပြီး ပြောလိုက်၏။
"အဒေါ်..မိစ္ဆာချီစွမ်းအင်ကို ကျွန်တော် ဖယ်ထုတ်ပေးလိုက်ပြီဆိုပေမဲ့ အဒေါ့်ခန္ဓာကိုယ်ကို တရုတ်တိုင်းရင်းဆေးနဲ့ ပုံမှန်အားဖြည့်ပေးဖို့ လိုပါတယ်။ တစ်လကြာရင် လုံးဝပြန်ကောင်းသွားပါလိမ့်မယ်"
"ရှောင်ယဲ့..ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး"
သူတို့ဘေးရှိ စုဝမ်ယိကမူ မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
အစတုန်းက သူ(မ)၏မိဘများက ယဲ့ချန်းကို ခက်ခဲအောင်လုပ်လိမ့်မည်ဟုထင်ကာ စိုးရိမ်ခဲ့ရသည်။
သို့သော် ယခုမူ သူ(မ)၏မိဘများကို ယဲ့ချန်းက အောင်အောင်မြင်မြင်သိမ်းသွင်းနိုင်ခဲ့တာကို မြင်လိုက်ရ၏။
ညစာစားပွဲတွင် ယဲ့ချန်းတစ်ယောက် စုကျန့်နှင့် ပလဲနံသင့်နေလေသည်။
ယခုတစ်ခေါက် ယဲ့ချန်း စုဝမ်ယိ၏အိမ်သို့ အလည်အပတ်သွားခဲ့သည့် ခရီးစဉ်ကား ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး ဝမ်ယိ၏မိဘများကလည်း ယဲ့ချန်းကို အလွန်သဘောကျနေကြသည်။
ညစာစားပြီးနောက် စုဝမ်ယိတွင် နေ့လယ်ပိုင်း၌ အရေးကြီးအစည်းအဝေးတစ်ခု ရှိသောကြောင့် ယဲ့ချန်းကပင် ကုမ္ပဏီသို့ ပြန်ပို့ပေးလိုက်ရသည်။
စုဝမ်ယိက ယဲ့ချင်အား ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ယဲ့ချန်း..အရမ်းကျေးဇူးတင်ပါတယ်။ ရှင်ကြောင့်သာမဟုတ်ရင် ကျွန်မတို့မိသားစုလည်း အဲ့ဒီကျောက်တုံးကြောင့် ကံဆိုးမိုးမှောင်ကျသွားနိုင်တယ်"
ယဲ့ချန်းက ရယ်မောလိုက်၏။
"စိတ်မပူပါနဲ့။ ကိုယ်ရှိနေသရွေ့ စုမိသားစုကို ထိခိုက်အောင်လုပ်ရဲတဲ့လူမှန်သမျှ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်မှာ စုဝမ်ယိ၏ရင်ထဲ နွေးထွေးသွားရသည်။
ယာရှီလုပ်ငန်းစုသို့ရောက်သော် စုဝမ်ယိက ကားပေါ်မှ ဆင်းပြီးနောက် အကျင့်ဖြစ်နေသည့်အတိုင်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်၏။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်(၃/၅)ကို ရရှိလိုက်တဲ့အတွက် ဆုလာဘ်စွမ်းရည် : ခွက်အသင်္ချေမမူးယစ်ခြင်းစွမ်းရည်ကို ရရှိပါတယ်]
ခွက်တစ်ထောင်လောက် သောက်လျှင်ပင် မမူးနိုင်သည့်စွမ်းရည်ဖြင့်သာဆိုလျှင် ထိုသူဌေးသားများကို ကိုင်တွယ်ဖြေရှင်းရာ၌ ပိုလွယ်ကူသွားစေသည်။
နေ့လယ်ပိုင်းတွင် ယဲ့ချန်းက တောက်တိုမည်ရအကုန်ပြေးလွှားခဲ့သော်ငြား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကို ထပ်မရခဲ့ပေ။
ည၇နာရီတွင် ယဲ့ချန်းလည်း မာရီယော့ဟိုတယ်သို့ ရောက်လာခဲ့သည်။
သူ အထဲသို့ဝင်သွားသည်နှင့် လုံခြုံရေးများနှင့် ဧည့်ကြိုများအားလုံးက ဦးညွတ်ဂါရဝပြုကြသည်။
ယခုအခါတွင် လုံခြုံရေးဖြစ်စေ၊ စားပွဲထိုးဖြစ်စေ လေ့ကျင့်ရေးကာလအတွင်း ယဲ့ချန်း၏ဓာတ်ပုံကို တစ်ကြိမ်တစ်ခါတော့ ကြည့်ထားရသည်။
ဤသို့လုပ်ဆောင်ရခြင်းမှာ ယဲ့ချန်း ညစာစားရန် ရောက်လာသည့်အခါ မည်သည့်စားပွဲထိုးကမှ ယဲ့ချင်အား မစော်ကားမိစေရန်အတွက်သာ။
ယဲ့ချန်းက ဧည့်ခန်းမထဲသို့ လျှောက်ဝင်လာစဉ် အနောက်ဘက်မှ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
"ယဲ့ချန်း.. မင်း ဒီကို ဘာလုပ်ဖို့လာတာလဲ"
သူ့နောက်မှလူကို မြင်လိုက်ရသောအခါ ယဲ့ချန်း အနည်းငယ်အံ့သြသွားသည်။ ထိုလူက အလယ်တန်းတုန်းက သူ့အခန်းဖော်သူငယ်ချင်း ဝူပေါ် ဖြစ်၏။
ယနေ့မှာ သူတို့အလယ်တန်းကျောင်း၏ ကျောင်းသားဟောင်းတွေ့ဆုံပွဲပင်။
ဤတွေ့ဆုံပွဲကို ဝူပေါ်က စီစဉ်ခဲ့ပြီး အတန်းဖော်အများကြီးကို ဖိတ်ကြားခဲ့သော်လည်း ယဲ့ချန်းကိုတော့ တမင်တကာချန်လှပ်ထားခဲ့သည်။
ယဲ့ချန်းကို မဖိတ်ရသည့်အကြောင်းအရင်းမှာ သူက အလွန်ထင်ပေါ်လွန်းလှသောကြောင့်ပင်။
အလယ်တန်းကျောင်းတုန်းကလည်း ယဲ့ချန်းရှိနေသရွေ့ အတန်းထဲရှိ မိန်းကလေးများက အခြားကောင်လေးများကို လျစ်လျူရှုထားပြီး ယဲ့ချန်း၏အနားတွင်သာ ဝိုင်းနေခဲ့ကြသည်။
"ယဲ့ချန်း.. ငါတို့ရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအကြောင်း မင်းကို ဘယ်သူပြောပြတာလဲ။ အစတုန်းက မင်းကိုအကြောင်းကြားမလို့ပဲ။ ဒါပေမဲ့ ငါ့ဆီမှာ မင်းရဲ့ဖုန်းနံပါတ်က မရှိဘူးလေ"
ဝူပေါ်၏စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်းလည်း အေးတိအေးစက် ရယ်မောလိုက်မိသည်။
မင်းဆီမှာ ငါ့ဖုန်းနံပါတ်မရှိဘူးဆိုတဲ့ပုံစံမျိုး ဟန်မဆောင်စမ်းပါနဲ့။ သိပ်မကြာခင်တုန်းကပဲ မင်း ငါ့ကို ဝီချက်မှာ အပ်ထားတာမဟုတ်ဘူးလား။
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ငါက သူငယ်ချင်းတစ်ယောက်နဲ့ ညစာလာစားတာ။ ငါ့ကို ဘယ်သူကမှ ကျောင်းသားဟောင်းတွေ့ဆုံပွဲအကြောင်း အကြောင်းမကြားခဲ့ပါဘူး။ ပျော်ပျော်နေကြ။ ငါ ဝင်မရှုပ်တော့ဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် ဝင်လာပြီး ဝူပေါ်၏လက်မောင်းကို ချိတ်တွယ်ရန် ပြင်လိုက်သော်လည်း ယဲ့ချန်းကိုမြင်သောအခါ အလျင်အမြန်လွှတ်လိုက်ချေသည်။
"ယဲ့ချန်း နင် ဘာလို့ ဒီကိုရောက်နေတာလဲ။ အမလေး.. ဒီလောက်နှစ်တွေကြာပြီးတာတောင် နင်က ပိုခန့်ညားလာလိုက်တာ"
ယဲ့ချန်းကိုမြင်လိုက်ရချိန်ဝယ် ထိုမိန်းကလေးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝူပေါ်ကို လုံးဝလျစ်လျူရှုထားပြီး ယဲ့ချင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ထိုမိန်းကလေး၏ နာမည်မှာ ရွှီဝေ့ဖြစ်ပြီး ယဲ့ချန်း၏ အလယ်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်လည်း ဖြစ်၏။ သူ(မ)က ကျောင်းတက်စဉ်က ယဲ့ချန်းကို ရည်းစားစာအများကြီး ရေးပေးခဲ့သော်လည်း ယဲ့ချန်းက အကုန်လုံးကို ငြင်းပယ်ခဲ့သည်။
မတွေ့ရတာကြာပြီဖြစ်ရာ ရွှီဝေ့က ယဲ့ချန်းကို ယခင်ကထက် ပိုဆွဲဆောင်မှုရှိသည်ဟု ခံစားမိသည်။
ဝူပေါ်လည်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယခု ရွှီဝေ့က သူ့ရည်းစားဖြစ်နေပြီဆိုသော်ငြား သူ(မ)က ယဲ့ချန်းနှင့်တွေ့သောအခါ အချစ်ရူးတစ်ယောက်နှယ် ပြုမူနေတာကို မြင်လိုက်ရသည့်အခါ မနာလိုမဖြစ်ဘဲ ဘယ်နေနိုင်မလဲ။
"ယဲ့ချန်း နင်လာတာ သိပ်ရှားတယ်လေ။ ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကို ဘယ်လောက်သတိရနေလဲဆိုတာ သိလား။ တွေ့ဆုံပွဲကို အတူလိုက်ခဲ့ပါ့လား"
ရွှီဝေ့က ယဲ့ချန်း၏လက်မောင်းကို ဆွဲကိုင်ကာ တောင်းပန်တိုးလျှိုးလိုက်၏။
"မလာတော့ပါဘူး။ မင်းတို့ဘာသာ သွားကြပါ။ ငါက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ရမှာမို့ မလိုက်တော့ဘူး"
အဖိတ်မခံထားရသောကြောင့် သူလည်း ရှက်ရကောင်းမှန်းမသိဘဲ ပါတီထဲကို ဝင်ရောမည်မဟုတ်ပေ။
ယဲ့ချန်းက ရွှီဝေ့၏ သဘောသဘာဝကို မြင်ထားပြီးသား ဖြစ်၏။
လက်ဖက်စိမ်းရမှတ်၈၀ရှိနေသည်ဖြစ်ရာ သူ(မ) ယောက်ျားဘယ်နှယောက်နှင့် တွဲခဲ့သလဲဆိုတာကို မည်သူသိနိုင်မည်နည်း။ ယဲ့ချန်းကတော့ လုံးဝစိတ်မဝင်စားချေ။
"ယဲ့ချန်း..နင့်ဖုန်းနံပါတ်လေး ပေးထားခဲ့ဦးလေ။ အဲဒါမှ ငါ နင့်ကိုသတိရတဲ့အခါ ခေါ်လို့ရမှာပေါ့"
ယဲ့ချန်း ငြင်းဆန်ရန်ပြင်လိုက်ချိန်မှာပင် ဝူပေါ်က ဆက်သည်းမခံနိုင်တော့ချေ။
ဖြောင်း!
ကျယ်လောင်လှသော ရိုက်ချက်တစ်ချက်က ရွှီဝေ့၏မျက်နှာထက်သို့ ကျရောက်သွားခဲ့သည်။
"အပျက်မ.. ငါ ဒီမှာရှိနေတာတောင် နင်က ငါ့ကို သစ္စာဖောက်ချင်သေးတာလား"
"ဝူပေါ်..နင် ငါ့ကို ရိုက်ရဲတယ်ပေါ့။ ရူးသွားပြီလား"
"ငါက ရူးနေတာ။ အဲဒီမျက်နှာလှလှလေးက ဘာများ ကောင်းလို့လဲ။ သူက တက္ကစီဒရိုင်ဘာအဆင့်ပဲ မဟုတ်ဘူးလား။ မင်း သူ့ကို ဒီလိုမျိုး မြှူဆွယ်နေစရာလိုလို့လား။ ငါပြောမယ်..မင်းရဲ့လှည့်ကွက်တွေကို ငါ မသိဘူးလို့ မင်းထင်နေတာလား။ ငါ့အတွက်တော့ မင်းက ကစားစရာတစ်ခုသက်သက်ပဲ။ ငါက မင်းနဲ့ အပျော်တွဲနေတာ"
"နင်..."
ရွှီဝေ့ခမျာ မျက်ရည်ကျလုနီးနီးပင်။
သူတို့နှစ်ဦးသား စကားများရန်ဖြစ်ကြတော့မည့်ဆဲဆဲဖြစ်နေချေသည်။ ယဲ့ချန်းလည်း သူတို့နှင့် စကားမပြောချင်တော့ပေ။ ဤသည်မှာ သူနှင့်မသက်ဆိုင်သောကိစ္စပင်။
သို့သော် ယဲ့ချန်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်ချိန်မှာပင် အေးတိအေးစက်အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ကိုယ့်လူ.. မင်းက ငါ့ကောင်မလေးကို ဖြားယောင်းရဲတယ်နော်။ ငါ မင်းကို ထွက်သွားခိုင်းသေးလို့လား"
ယဲ့ချန်းကတော့ သူ့ကိုလျစ်လျူရှုပြီး အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
"ဟေး..မင်း နားကန်းနေတာလား။ ငါ မင်းကို ရပ်နေဖို့ ပြောနေတယ်လေ။ မကြားဘူးလား"
ယဲ့ချန်းက သူ့ကို လျစ်လျူရှုနေတာကို မြင်သောအခါ ဝူပေါ်မှာ အရှေ့သို့ အမြန်ပြေးသွားပြီးနောက် ယဲ့ချန်း၏ပခုံးကို ဆုပ်ကိုင်ထားလိုက်သည်။
••••••••••••••••