ကျွန်တော် ယန်မိသားစုကို ကယ်တင်နိုင်တယ်
Vol. 12 Ch. 172
ချန်းသုန်းခမျာ ယဲ့ချန်းကို မြင်လိုက်ရချိန်မှာ သေးထွက်ကျမတတ် ကြောက်လန့်သွားချေသည်။
ကံကောင်းချင်တော့ သူ မရူးသေးသောကြောင့် လုံခြုံရေးများကို မကိုင်တွယ်စေဘဲ သူကိုယ်တိုင်လာလိုက်မိသည်။အကယ်၍ ယဲ့ချန်းကို အပြစ်ပြုမိသွားပါက သူလည်း အထွေထွေမန်နေဂျာ ဆက်ဖြစ်နိုင်မည်မဟုတ်တော့ချေ။
ချန်းသုန်းက ယဲ့ချန်းကို ဥက္ကဋ္ဌယဲ့ဟု ခေါ်နေတာကို မြင်လိုက်ရသောအခါ ရွှီထောင်လည်း အတန်ငယ်ကြောင်အသွားချေသည်။
"အစ်ကိုချန်း.. ဒီလူက ဘယ်သူ.."
ချန်းသုန်းက ယဲ့ချန်းရှေ့တွင် ကြောင်တစ်ကောင်ကိုမြင်လိုက်ရသည့် ကြွက်အလား ဖြစ်နေသည်ကို မြင်သောအခါ ရွှီထောင်၏နှလုံးသားမှာ တင်းကျပ်သွားရလေသည်။
ဒီကောင်ယဲ့ချန်းမှာ နောက်ခံတစ်ခုခုရှိနေတာများလား?
သို့သော် သူ ထိတ်လန့်မသွားချေ။ မည်သို့ပင်ဖြစ်စေ သူသည် ကျုံးယွမ်လုပ်ငန်းစု၏ လက်ထောက်အထွေထွေမန်နေဂျာပင်။
ယဲ့ချန်းက အတန်ငယ်အင်အားရှိသည်ဆိုလျှင်ပင် သူ့ကို ဘာများလုပ်နိုင််မည်နည်း။
ချန်းသုန်းက ရွှီထောင်၏ ကိုယ့်သေတွင်းကိုယ်တူးနေသော အကြည့်ကို မြင်သောအခါ အေးတိအေးစက်ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့က စီးပွားရေးစင်တာရဲ့ပိုင်ရှင်ပဲ။ ဒီအဆောက်အအုံတစ်ခုလုံးကို ဥက္ကဋ္ဌယဲ့ပိုင်တာ"
"ဘာ?"
ချန်းသုန်း၏စကားများကို ကြားသောအခါ တည်ငြိမ်အေးဆေးနေသော ရွှီထောင်၏မျက်နှာကား ဖြူဖျော့သွားချေသည်။
"ဘာ? မင်း.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
ရွှီထောင်ခမျာ သေမတတ်ကြောက်လန့်သွားလေသည်။
စီးပွားရေးစင်တာ၏ ပိုင်ရှင်က ဘယ်လိုလူစားမျိုးလဲဆိုတာကို သူကောင်းကောင်းသိသည်။ ကုမ္ပဏီသေးသေးလေးတစ်ခု၏ ဘော့စ်တစ်ယောက်အနေနှင့် သွားရန်စ၍ရနိုင်သူတစ်ယောက်မဟုတ်ချေ။
ယဲ့ချန်းက ခပ်ယဲ့ယဲ့ပြုံးလျက် ပြောလိုက်၏။
"ဒီတော့ အခုပြောစမ်းပါဦး။ စီးပွားရေးစင်တာက ဘယ်သူ့ပိုင်နက်လဲ"
ကျောက်ဟိုင်ယန်လည်း ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရသောအခါ ကြက်သေသေသွားရသည်။
တစ်ချိန်တုန်းက သူ(မ)ကာကွယ်ပေးခဲ့ရသော မောင်လေးက ယခုအချိန်မှာ အလွန်အင်အားကြီးလာလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်၏။
"တစ်ရက်အတွင်း မင်းရဲ့ကျုံးယွမ်လုပ်ငန်းစုက စီးပွားရေးစင်တာက ဖယ်ပေးရမယ်"
"ငါ.."
ရွှီထောင်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
သူက သာမန်လက်ထောက်အထွေထွေမန်နေဂျာအဆင့်သာ။ စီးပွားရေးစင်တာဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ခွန်အားကို ကိုယ်စားပြုသည်။ အထွေထွေမန်နေဂျာက စီးပွားရေးစင်တာသို့ ပြောင်းရွှေ့လာနိုင်ရန်အတွက် အများကြီးကြိုးစားခဲ့ရသည်။
ကျုံးယွမ်လုပ်ငန်းစုက သူ့ကြောင့် စီးပွားရေးစင်တာမှ ဖယ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အထွေထွေမန်နေဂျာသာ သိသွားပါက သူ့ရာထူးလည်း သေချာပေါက်ဖယ်ပေးရမည်။
မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသော ရွှီထောင်က ခပ်မြန်မြန်ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော် စုံလုံးကန်းပြီး ရူးမိုက်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ညှာတာပေးပါ။ ကျွန်တော်တို့ကုမ္ပဏီကို စီးပွားရေးစင်တာကနေ ကန်မထုတ်လိုက်ပါနဲ့"
ယဲ့ချန်းက ခေါင်းတစ်ချက်လှည့်မကြည့်ဘဲ ချန်းသုန်းကို ပြောလိုက်၏။
"ငါ မင်းကို သုံးနာရီအချိန်ပေးမယ်။ ကျံးယွမ်လုပ်ငန်းစုရဲ့နာမည်ကို စီးပွားရေးစင်တာမှာ ထပ်မမြင်ချင်ဘူး"
ချန်းသုန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ ဥက္ကဋ္ဌယဲ့.. ကျွန်တော် အခုချက်ချင်းဖြေရှင်းလိုက်ပါ့မယ်"
ကျောက်ဟိုင်ယန်က ယဲ့ချန်းနှင့်အတူ ဥက္ကဋ္ဌရုံးခန်းထဲသို့ လိုက်လာခဲ့သည်။
'ဒါဆို စတားကုမ္ပဏီရဲ့ဥက္ကဋ္ဌက နင်ကိုး"
ကျောက်ဟိုင်ယန်၏မျက်လုံးထဲ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဟုတ်တယ် အစ်မ..အစ်မရဲ့မောင်လေးက အရမ်းဩဇာညောင်းနေလိမ့်မယ်လို့ ထင်မထားဘူးမလား"
"ဟုတ်တယ်။ ငါ့မောင်လေးက အရွယ်ရောက်လာပြီပဲ"
ယဲ့ချန်းက ပြောလိုက်သည်။
"တကယ်တော့ စီးပွားရေးစင်တာက ကျွန်တော့်ပိုင်ဆိုင်မှုတွေအများကြီးထဲက သေးသေးလေးတစ်ခုပဲ ရှိပါသေးတယ်"
"အာ!”
ကျောက်ဟိုင်ယန်လည်း ကြောင်အသွားရသည်။
"ပိုင်ဆိုင်မှုတွေအများကြီးထဲက သေးသေးလေးတဲ့လား"
စီးပွားရေးစင်တာက ဘာအဓိပ္ပာယ်သက်ရောက်သလဲဆိုတာကို ကျောက်ဟိုင်ယန် ကောင်းကောင်းသိသည်။ ဤစင်တာမှာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော ပိုင်ဆိုင်မှုတစ်ခုပင်။ ထိုအရာကိုပင် ယဲ့ချန်းက သေးသေးလေးဟု သတ်မှတ်နေသည်။
ယခုအချိန်တွင် ယဲ့ချန်း ဘယ်လောက်ချမ်းသာနေပြီလဲဆိုတာကို သူ(မ) တွေးကြည့်၍မရနိုင်ပေ။ သို့သော် ယဲ့ချန်းကို သူ(မ) အလွန်ကျေးဇူးတင်မိသည်။
ယနေ့ ယဲ့ချန်းသာ ပေါ်မလာခဲ့ပါက ရွှီထောင်က ယင်ကောင်တစ်ကောင်အလား သူ(မ)ကို လိုက်နှောင့်ယှက်နေမည်သာ။ သူ(မ)၏အလုပ်လျှောက်လွှာတွင် ဖုန်းနံပါတ်နှင့် လိပ်စာများလည်း ပါနေသည်ဖြစ်ရာ သူ့ကို ရှောင်ရှားရန် မဖြစ်နိုင်ချေ။
ယဲ့ချန်းက ဆိုလာလေသည်။
"အစ်မဟိုင်ယန်..အခု အစ်မ အလုပ်ရှာနေတာလား"
ကျောက်ဟိုင်ယန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ အရင်အလုပ်က သိပ်မကောင်းလို့ အလုပ်ပြောင်းချင်လို့"
"ကျွန်တော့်ဆီမှာ အလုပ်လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော့်ဆီမှာ လက်ထောက်အထွေထွေမန်နေဂျာတစ်ယောက် လိုနေတာ"
ကျောက်ဟိုင်ယန်မှာ ဤစကားကို ကြားလိုက်ရပြီးနောက် အံ့အားသင့်သွားလေသည်။
"လက်ထောက်အထွေထွေမန်နေဂျာလား။ ရှောင်ချန်း ငါ မလုပ်နိုင်ဘူးနော်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ကျွန်တော်က အစ်မလုပ်နိုင်တယ်လို့ပြောရင် တကယ်လုပ်နိုင်တယ်။ ယောင်ယောင်လည်းရှိတာပဲ။ သူ အစ်မကို ကူညီပေးနိုင်ပါတယ်"
ကျောက်ဟိုင်ယန်က ယဲ့ချန်း၏စရိုက်ကို ကောင်းကောင်းသိသည်။ သူ(မ)သာ ငြင်းလိုက်ပါက ယဲ့ချန်းလည်း မပျော်မရွှင်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူ(မ) သဘောတူလိုက်ရသည်။
"ငါနဲ့မသင့်တော်ဘူးဆိုရင် အချိန်မရွေးအလုပ်ထုတ်လို့ရတယ်နော်။ ငါ နင့်ကို ဆွဲထားသလိုမဖြစ်ချင်ဘူး"
ယဲ့ချန်းက ပြုံးလိုက်၏။
"စိတ်မပူပါနဲ့။ ကုမ္ပဏီက အခုမှထောင်ခါစပဲရှိသေးတာ။ အစ်မ ယောင်ယောင့်ဆီက အများကြီးသင်ယူလို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်းရှိတာပဲ။ ကျွန်တော်ငယ်ငယ်တုန်းက အစ်မက ကျွန်တော့်ကို အမြဲကာကွယ်ပေးခဲ့တာ။ အခု ကျွန်တော်က အစ်မကို ပြန်ကာကွယ်ရမဲ့အလှည့်ပဲ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ကျောက်ဟိုင်ယန်၏ရင်ထဲဝယ် ခံစားချက်ပေါင်းစုံ လှိုင်းထလာသည်။
ယဲ့ချန်းက အမှန်တကယ်ပြောင်းလဲသွားခဲ့လေပြီ။ အရေးအကြီးဆုံးအချက်မှာ လူတွေက ပြောင်းလဲတတ်ခြင်းပင်။
ယခု ယဲ့ချန်းက အလွန်ချမ်းသာနေပြီဖြစ်သည့်တိုင် ယခင်တုန်းက ပတ်သက်ဆက်နွှယ်မှုများကို မှတ်မိနေဆဲပင်။ ဤသည်မှာ အလွန်ရှားပါးလှ၏။
"စကားမစပ်.. အစ်မ အခု ဘယ်မှာနေတာလဲ"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"ငါ အိမ်တစ်လုံးငှားထားတယ်။ နည်းနည်းဝေးပေမဲ့ အိမ်ငှားစာချုပ်က သက်တမ်းကုန်တော့မှာမို့ ဒီနားကအိမ်တစ်လုံးကို ငှားလို့ရပါတယ်"
ယဲ့ချန်း ရယ်မောလိုက်လေသည်။
"မလိုပါဘူး။ ကျွန်တော် အစ်မကို အိမ်တစ်လုံးပေးမယ်"
"အာ..နင်က ငါ့ကို အိမ်တစ်လုံးပေးမလို့လား။ မဖြစ်ဘူးနော် ယဲ့ချန်း။ နင့်ကုမ္ပဏီမှာ ငါ့ကိုအလုပ်ဝင်ခိုင်းတာနဲ့တင် ကျေးဇူးတင်နေပြီ"
ယဲ့ချန်းက ပြုံးလိုက်၏။
"ကျွန်တော်ပေးတာမို့ ယူထားလိုက်ပါ။ ကျွန်တော် ငယ်ငယ်တုန်းက အစ်မကပဲ အနိုင်ကျင့်သူတွေဆီကနေ ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာလေ။ အခု ကျွန်တော် ပြန်ကာကွယ်ပေးရမဲ့အလှည့်ပဲ"
ယဲ့ချန်းလည်း ထျန်းခွန်ကို ဖုန်းဆက်ပြီး ကျောက်ဟိုင်ယန်အတွက် ရှုခင်းသာထဲတွင် အိမ်တစ်လုံးပြင်ခိုင်းလိုက်သည်။
ကျောက်ဟိုင်ယန်၏မျက်လုံးထဲဝယ် မျက်ရည်များ ဝဲတက်လာသည်။
သူ(မ)မှာ နှစ်ပေါင်းများစွာကြာသည်အထိ မိုတုမြို့ထဲမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရသည်။ နာကျင်မှုပေါင်းများစွာနှင့် မကျေနပ်မှုများကို သည်းခံခဲ့ရသည်။
သို့သော် ယနေ့ ယဲ့ချန်းကိုတွေ့လိုက်ရသောအခါ ကျောထောက်နောက်ခံတစ်ခု ရှာတွေ့လိုက်သည့်အလား ခံစားရသည်။
ယဲ့ချန်းကလည်း ကျောက်ဟိုင်ယန်ကို သူ(မ)၏အငှားတိုက်ခန်းဆီသို့ ပြန်ပို့လိုက်သည်။
"အစ်မဟိုင်ယန်.. ကျွန်တော့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဖို့ မမေ့နဲ့နော်"
ယဲ့ချန်းက သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း စနောက်နေခဲ့သော်ငြား ကျောက်ဟိုင်ယန်ကတော့ မယုံပေ။
သို့သော် ယခုမူ တစ်ဖက်လူက တက္ကစီအငှားအက်ပ်ကိုသုံးပြီး ကြယ်ငါးပွင့်ပေးခိုင်းနေသည်။
ကျောက်ဟိုင်ယန် ဆွံ့အသွားရသည်။ သို့သော် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ပေးလိုက်၏။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၄/၅)ကို ရရှိတဲ့အတွက် အဆင့်မြင့်ဆေးပညာစွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိလိုက်ပါပြီ]
အဆင့်မြင့်ဆေးပညာစွမ်းရည်!
စနစ်၏ဆုလာဘ်ကို မြင်သောအခါ ယဲ့ချန်းလည်း ဝမ်းသာသွားသည်။
အဆင့်မြင့်ဆေးပညာစွမ်းရည်ဆိုသည်မှာ သေသူကို ပြန်ရှင်အောင်လုပ်နိုင်ပြီး ဒဏ်ရာများကို ကုသပေးနိုင်သည်။ အဆင့်မြင့်ဆေးပညာစွမ်းရည်ကို ရရှိလိုက်ခြင်းမှာ အကာအကွယ်နောက်တစ်ထပ် ထပ်ရလိုက်သလို ခံစားရသည်။
ယန်မိသားစုတွင် လူကြီးမင်းယန်၏အခြေအနေမှာ တည်ငြိမ်သွားလေပြီ။ သို့သော် ဆရာဝန်ကတော့ လူကြီးမင်းယန်တွင် အချိန်အကန့်အသတ်ရှိသည်ဟု ဆိုထားသည်။
တာဝန်ကျဆရာဝန်က မိုတုမြို့ထဲတွင် နာမည်ကြီးကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူကိုယ်တိုင်ကတောင် လူကြီးမင်းယန်တွင် အချိန်နည်းနည်းသာ ကျန်တော့သည်ဖြစ်ရာ မျှော်လင့်ချက်မရှိဘူးဟု ပြောထားသည်။
ယန်မိသားစုအတွက် အချိန်မလုံလောက်တော့ကြောင့် သဘောပေါက်လိုက်သည့်အတွက် ယန်လင်း၏မျက်နှာမှာ ပို၍မှုန်မှိုင်းသွားရလေသည်။
မနက်တုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ရုတ်တရက်သတိရလိုက်မိသဖြင့် ယန်ချွမ်းကို ခေါ်လိုက်၏။
"ယန်ချွမ်း.. မနက်တုန်းက မင်းနဲ့အတူရှိနေတဲ့လူက ဘယ်သူလဲ"
ယန်ချွမ်းကလည်း ပြန်ဖြေလိုက်သည်။
"သူက ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ။ အရမ်းတော်တာ"
"အားဟူက သူ့လက်ချက်ကြောင့် သေသွားတယ်ဆိုတာ အမှန်ပဲလား"
"ဟုတ်တယ်။ အားဟူသေလိမ့်မယ်လို့ သူ ကျွန်တော့်ကိုပြောထားတာ။ အားဟူက တကယ်လည်းသေသွားတာပဲ"
"အဲဒါက မင်းပြောသလို အံံဩစရာကောင်းတာလား"
ယန်လင်းက ယန်ချွမ်းကို ကြည့်လိုက်၏။
ယန်ချွမ်းက ခေါင်းညိတ်ပြလေသည်။
"အဖေ.. ယဲ့ချန်းက သာမန်လူတစ်ယောက်မဟုတ်ဘူး။ သူက တကယ့်ကျွမ်းကျင်သူတစ်ယောက်နော်"
"တိုက်ဆိုင်မှုတို့ ဒါမှမဟုတ် မင်းကိုအရူးလုပ်ဖို့အတွက် လှည့်စားထားတာတို့ မဟုတ်တာတော့ သေချာလား"
ယန်လင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"မဟုတ်တာ။ အစ်ကိုယဲ့ရဲ့အစွမ်းအစကို ကျွန်တော်ယုံတယ်။ သူက လူလိမ်မဟုတ်ဘူး။ ကျွန်တော် သူ့အတွက် အာမခံနိုင်တယ်"
ထိုအခိုက် ယန်ချွမ်းလည်း တစ်စုံတစ်ခုကို ရုတ်တရက်အမှတ်ရလိုက်သည်။
"စကားမစပ် အစ်ကိုယဲ့က အဖေ့အတွက် စာတစ်စောင်ပေးသွားတယ်။ အဖေ ကျွန်တော့်ကို လာရှာလိမ့်မယ်လို့လည်း ပြောသွားတယ်"
"ဘာ"
ယန်လင်း၏အာရုံစူးစိုက်မှုကား ထက်ရှသွားလေသည်။
ယန်ချွမ်းက သူ့အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး ယန်လင်းကို ပေးလိုက်သည်။ ထိုစာကိုမြင်သောအခါ ယန်လင်း၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
ထိုစာရွက်ထဲတွင် စာလုံးသေးသေးဖြင့် စာတစ်ကြောင်းရေးထားသည်။
"ဦးလေးယန် ကျွန်တော် လူကြီးမင်းယန်ရဲ့အသက်ကို ကယ်နိုင်တယ်.."
ဤစာကို မြင်လိုက်ရချိန်ဝယ် ယန်လင်း၏ခန္ဓာကိုယ်တစ်ခုလုံး အတန်ငယ်တုန်ယင်သွားလေသည်။
"ဒီစာက တကယ်ပဲ ယဲ့ချန်းဆီကလား"
ယန်ချွမ်းကလည်း ပြောစရာစကားကင်းမဲ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"အဖေ.. ကျွန်တော်က အဖေ့ကိုလှည့်စားတော့ရော ဘာရမှာမို့လို့လဲ"
"ဒီစာကို အစ်ကိုယဲ့က မပြန်ခင် ကျွန်တော့်အိတ်ကပ်ထဲကို ထည့်သွားတာ။ အဖေ သူ့အကြောင်းမေးလာခဲ့ရင် စာကိုဖွင့်ဖတ်လိုက်တဲ့။ စာထဲက အကြောင်းအရာကိုတော့ ကျွန်တော်လည်းမသိဘူး"
ယန်ချွမ်း၏အမူအရာကို မြင်ပြီးနောက် သူ့သားက သူ့ကိုလှည့်စားမည်မဟုတ်ကြောင်း ယန်လင်း သိလိုက်သည်။
ယန်လင်းခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
ယဲ့ချန်းက ယန်မိသားစုကို တကယ်ပဲ ကယ်တင်နိုင်တာများလား?
••••••••••••••