အဆင့်မြင့်ဆေးပညာစွမ်းရည်
Vol. 12 Ch. 173
ယန်လင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"မင်း ယဲ့ချန်းကို ငါတို့အိမ်ကိုလာခဲ့ဖို့ ဖိတ်နိုင်လား။ ငါ သူနဲ့တွေ့ချင်တယ်"
ဤစာထဲရှိ အကြောင်းအရာကြောင့် ယန်လင်း အနည်းငယ်အံံအားသင့်မိသော်လည်း ယဲ့ချန်းနှင့်ပတ်သက်ပြီး သံသယတချို့ ရှိနေဆဲသာ။
ကမ္ဘာပေါ်တွင် အံ့ဖွယ်ကောင်းလောက်အောင် ဉာဏ်ထက်သူတစ်ယောက်က တကယ်ရှိနိုင်ပါ့မလား?
ယခုနှစ်ပိုင်းအတွင်း ယန်မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုက မိသားစုပေါင်းများစွာကို အပြစ်ပြုမိခဲ့သည်။ ယခုမူ သူတို့က လက်စားချေရန်အတွက် အကြီးအကဲယန်မရှိတော့မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
အကြီးအကဲယန်သာ ဆုံးပါးသွားပါက ယန်မိသားစုလည်း ထိုမိသားစုများထံမှ ပေါင်းစပ်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
ထို့ကြောင့် ယဲ့ချန်းကသာ အကြီးအကဲယန်ကို တကယ်ကယ်တင်နိုင်သည်ဆိုပါက ယန်မိသားစုကို ကယ်တင်နိုင်ခြင်းနှင့် တူလှပေသည်။
ဟွားနိုင်ငံတွင် အကြီးအကဲယန်၏ ရဲဘော်ရဲဘက်ဟောင်းအများကြီးရှိသည့်အပြင် သူတို့၏ဩဇာလွှမ်းမိုးမှုက ကောင်းမွန်လှလေရာ သူရှိနေသရွေ့ မည်သူကမှ ယန်မိသားစုကို မထိပါးရဲကြပေ။
ယန်မိသားစုကိုသာ အမှန်တကယ်ဖွံဖြိုးတိုးတက်နိုင်ဖို့အတွက် နှစ်အနည်းငယ်လောက် အချိန်ထပ်ပေးလိုက်ပါက အကြီးအကဲယန် မရှိတော့သည့်တိုင် ထိုမိသားစုများ၏ တိုက်ခိုက်မှုများကို ပြန်ခုခံနိုင်သည်။
ယန်မိသားစုအတွက်တော့ အချိန်က အလွန်အရေးကြီးလှသည်။
ယန်ချွမ်းလည်း ယဲ့ချန်းကို ဖုန်းဆက်လိုက်၏။ ဖြစ်ချင်တော့ ယဲ့ချန်း၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
"ဟားဟား.. ဦးလေးယန်က ကျွန်တော့်ကိုရှာနေတယ်ဆိုတာကိုသိလို့ ကျွန်တော် ရောက်နေပါပြီ"
"ဒါက.."
ယန်လင်းခမျာ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
"အစ်ကိုယဲ့.. အစ်ကိုက အံ့ဩချင်စရာကောင်းအောင် ထက်မြက်ပါပေတယ်"
ယန်ချွမ်းလည်း မအံ့ဩဘဲ မနေနိုင်ချေ။
ယဲ့ချန်းက ပြုံး၍ ယန်လင်းကို ကြည့်လိုက်လေသည်။
"ဦးလေးယန်က ကျွန်တော် လူကြီးမင်းယန်ကို ကယ်နိုင်မကယ်နိုင်ဆိုတာ မေးချင်နေတာမလား"
ယန်လင်းက ယဲ့ချန်းကိုစိုက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ မစ္စတာယဲ့က အဖေ့ရဲ့အသက်ကို တကယ်ကယ်နိုင်တာလား"
ယဲ့ချန်းက ပြောလိုက်လေ၏။
"လူကြီးမင်းယန်ရဲ့ရောဂါက အရမ်းပြင်းထန်တယ်။ သာမန်ကုသနည်းနဲ့ဆိုရင် ဆယ့်တစ်ရက်အတွင်းမှာပဲ သူ ဆုံးပါးရလိမ့်မယ်။ အဲဒီလိုဆိုရင် ယန်မိသားစုလည်း ပျက်ကပ်ဆိုက်မှာပဲ။ တကယ်တော့ ဟူဇီက ပြိုင်ဘက်တွေက ဦးလေးတို့ယန်မိသားစုဆီမှာ လာစိုက်ထားတဲ့ ဓားမြှောင်တစ်ချောင်းပဲ။ ဒါပေမဲ့ ဦးလေးတို့က အဲဒါကို ကြိုတင်ပြီး ဆွဲနှုတ်နိုင်ခဲ့တယ်"
ယဲ့ချန်း၏ ဝေဖန်သုံးသပ်ချက်ကို နားထောင်ရင်း ယန်လင်းခမျာ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိပြန်သည်။ ယဲ့ချန်း၏တွက်ချက်မှုကား အလွန်တိကျလွန်းလှသည်။
ယန်လင်း၏မျက်နှာကား အလွန်ဖြူဖျော့သွားရှာလေသည်။ ယဲ့ချန်း၏စကားသာ အမှန်ဆိုပါက လူအိုကြီးတွင် ဆယ့်တစ်ရက်သာ အချိန်ကျန်တော့သည်။ ထို့ပြင် ယန်မိသားစု၏ ကံကြမ္မာကလည်း ယဲ့ချန်းဖော်ပြခဲ့သည့်အတိုင်း ပျက်ကပ်ဆိုက်ရပေလိမ့်မည်။
လူအိုကြီးတွင် အချိန်တစ်လသာကျန်တော့သည်ဟု ဆရာဝန်များက သူတို့အား ပြောထားသော်ငြား ယဲ့ချန်းကတော့ ဆယ့်တစ်ရက်ဟု ပြောနေလေသည်။
ယန်လင်းလည်း အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်၏။
"မစ္စတာယဲ့.. ကျွန်တော့်အဖေကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော့်အဖေကိုသာ အသက်ရှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ယန်မိသားစုဘက်က ဘယ်လိုတောင်းဆိုမှုမျိုးဖြစ်ဖြစ် လိုက်လျောပေးမှာပါ"
ယန်လင်းက သားသမီးတာဝန်ကျေသော သားတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ပြင် ယန်မိသားစု၏ သေရေးရှင်ရေးနှင့် ပတ်သက်လာသောအခါ အစဉ်အလာကြီးမားသော ဤမိသားစု၏ခေါင်းဆောင်တစ်ယောက်အနေနှင့် ယဲ့ချန်းရှေ့တွင် ဦးညွတ်လိုက်ရသည်။
သို့သော် ယဲ့ချန်းက အဘိုးကြီးကို ကယ်တင်ပေးနိုင်သည်ဆိုလျှင် ဘာအဓိပ္ပာယ်ဖြစ်မည်နည်း။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"အစ်ကိုယန်နဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ။ ဒီတော့ သူ့အဘိုးကလည်း ကျွန်တော့်အဘိုးပါပဲ။ ပြီးတော့ အရင်တုန်းက အကြီးအကဲယန်က နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်က ဘာမှမလုပ်ဘဲ ဒီအတိုင်းဘယ်နေနိုင်ပါ့မလဲ"
ယန်လင်းနှင့် ယန်ချွမ်းတို့မှာ ဤစကားကိုကြားလိုက်ရပြီးနောက် ဝမ်းသာလုံးစို့သွားလေသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိတယ်။ ကျွန်တော်က လူကြီးမင်းယန်ကို ကုသပေးရမှာဆိုတော့ ဝင်ရောက်စွက်ဖက်တာတို့ သံသယဖြစ်တာတို့ကို မလိုချင်ဘူး"
ယန်လင်းကတော့ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာယဲ့ စိတ်မပူပါနဲ့။ ဘာပြဿနာမှ မရှိစေရပါဘူး"
ယခုဆိုလျှင် ယန်လင်းက ယဲ့ချန်းကို အလုံးစုံယုံကြည်နေပြီဖြစ်ရာ ယန်မိသားစု၏မျှော်လင့်ချက်များကို သူ့လက်ထဲသို့ ပုံအပ်လိုက်လေပြီ။
အကြီးအကဲယန်ကို မကြာသေးခင်ကမှ ကယ်ထားခြင်းပင်။ သူ့အသက်ကို ကယ်လိုက်နိုင်သော်ငြား ရှင်ရုံသာရှင်နေပြီး သတိပြန်မရသေးပေ။
"အစ်ကိုယဲ့..ကျွန်တော့်အဘိုးကို တကယ်ကယ်လို့ရနိုင်သေးတာလား"
ယန်ချွမ်းက စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၏။
"စိတ်ချပါ။ နည်းနည်းတော့ခက်ပေမဲ့ ငါ မင်းအဘိုးကို ကယ်ပေးနိုင်ပါတယ်"
ယခင်ကသာဆိုလျှင် ယဲ့ချန်းလည်း လက်ရှိအခြေအနေကို ကယ်တင်နိုင်ဖွယ်ရာမရှိဟု ထင်မိမည်သာ။
သို့သော် ယခုတော့ မတူတော့ချေ။ ယဲ့ချန်တွင် အဆင့်မြင့်ဆေးပညာစွမ်းရည် ပိုင်ဆိုင်ထားပြီဖြစ်သောကြောင့် ယုံကြည်မှုများ ယိုဖိတ်နေလေသည်။
ယဲ့ချန်က ပြောလိုက်၏။
"အားလုံး လူနာခန်းထဲက ထွက်သွားပေးပါ။ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ဒီအထဲကို ဘယ်သူမှမဝင်ရဘူး။ နားလည်လား"
ယန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လူနာဆောင်းထဲရှိ ဆရာဝန်များနှင့် သူနာပြုများကို ပြောလိုက်လေသည်။
"အားလုံးပဲ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
တာဝန်ကျဆရာဝန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဥက္ကဋ္ဌယန်.. လူကြီးမင်းယန်က အချိန်မရွေး အသက်အန္တရာယ်ကြုံရနိုင်ပါတယ်။ ကျုပ်တို့ ထွက်သွားလိုက်ရင်.."
"ထွက်သွားလို့"
ယန်လင်းက ဩရှရှအသံဖြင့် ပြောလိုက်၏။
မည်သို့ပင်ဖြစ်စေ သူက မိသားစုဝင်ဖြစ်သည့်အပြင် ယန်မိသားစု၏အာဏာက အလွန်ကြီးမားလှသည်။ ဆရာဝန်များမှာ မကျေနပ်သော်ငြား အင်တင်တင်ဖြင့် ထွက်သွားကြသည်။
လူနာခန်းထဲတွင် ယန်မျိုးရိုးသားအဖနှစ်ယောက်နှင့် ယဲ့ချန်းတို့သာ ကျန်နေခဲ့သည်။
ယဲ့ချန်းက ယန်ချွမ်းကို ငွေအပ်များကိုယူလာခိုင်းပြီး အကြီးအကဲယန်ကို အပ်စိုက်ကုသမှု စတင်လေတော့သည်။ သူ့လက်အရှိန်ကား အလွန်မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေအပ်များအားလုံးကို အကြီးအကဲယန်၏ခေါင်းထက်သို့ စိုက်ပြီးသွားသည်။
ယဲ့ချန်း၏လုပ်ရပ်များကို မြင်သောအခါ ယန်လင်းလည်း ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
ယခင်တုန်းက နိုင်ငံတော်အဆင့် ခန္ဓာကုထုံးပညာရှင်များက သူ့အဖေကို အပ်စိုက်ကုသပေးခဲ့ဖူးသော်ငြား သူတို့၏လက်အရှိန်က ယဲ့ချန်းကို မယှဉ်နိုင်ချေ။
အဆုံးမှာတော့ ယဲ့ချန်း သက်ပြင်းရှည်ကြီး ရှိုက်ထုတ်လိုက်၏။ ထို့နောက် လူအိုကြီး၏ခေါင်းထဲမှ ငွေအပ်များကို ဖယ်ရှားလိုက်ပြီးနောက် သူ့ကို ထူမလိုက်၏။
ဖြောင်း ဖြောင်း ဖြောင်း
အကြီးအကဲယန်၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ရိုက်ချလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ ယန်လင်းလည်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ ဤရိုက်ချက်များမှာ ကျန်းမာသော လူတစ်ယောက်အတွက်ပင် အရိုးများကို ပွန်းပဲ့စေပြီး ကြွက်သားများကို ထိခိုက်စေနိုင်သည်။ အပြင်းအထန်ဖျားနာနေသော အဘိုးကြီးတစ်ယောက်ဆိုလျှင် ပြောနေဖွယ်ရာပင် မရှိတော့ချေ။
အစတုန်းကတော့ ယန်လင်းလည်း ဝင်နှောင့်ယှက်ချင်သော်ငြား ကိုယ့်စိတ်ကိုယ် ပြန်ချုပ်ထိန်းထားလိုက်သည်။
"ဇလုံတစ်လုံးယူခဲ့"
ယန်ချွမ်းလည်း အိပ်ရာဘေးသို့ ဇလုံတစ်လုံး အမြန်ယူလာပေးလိုက်သည်။
"ဝေါ့"
အကြီးအကဲယန်က အနက်ရောင်သွေးတစ်ပွက်စာကို အန်ထုတ်လိုက်သည်။ ထို့နောက် တစ်ဖန်မေ့လဲသွားပြန်လေသည်။
သို့သော် ယခင်တုန်းက အကြီးအကဲယန်က အသက်ကင်းမဲ့နေပြီး စိုးရိမ်အဆင့်သို့ ရောက်နေခဲ့သည်။ သွေးမည်းများကို အန်ထုတ်ပြီးနောက် လူအိုကြီး၏မျက်နှာမှာ အရောင်ပြန်သမ်းလာပြီး စမ်းသပ်ကိရိယာများကလည်း အကုန်လုံးကို ပုံမှန်အဆင့်၌ ညွှန်ပြနေချေသည်။
ယဲ့ချန်းကို နည်းလမ်းများကို မြင်လိုက်ရသည့်အခါ ယန်သားအဖနှစ်ယောက်စလုံး ထိတ်လန့်သွားရှာလေသည်။
ဤသည်မှာ စင်စစ်အံ့မခန်းဖွယ်ရာပင်။
ယဲ့ချန်း၏ကုသမှုက ပြီးစီးသွားသောအခါ ယန်လင်း စကားဝင်ပြောလိုက်၏။
"မစ္စတာယဲ့ ကျွန်တော့်အဖေ.."
ယဲ့ချန်းက လက်နောက်ပစ်ထားပြီး စိတ်လှုပ်ရှားနေသော ယန်လင်းကိုကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
"မစ်ရှင်ပြီးဆုံးပါပြီ။ အခု လူကြီးမင်းက အဆင်ပြေသွားပြီ။ ငါးမိနစ်အတွင်း သူ နိုးလာတော့မှာပါ"
"ကျွန်တော့်အဖေက နိုးလာနိုင်တယ်ပေါ့"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ယန်လင်း၏မျက်လုံးထဲဝယ် စိတ်လှုပ်ရှားနေသည့် မျက်ရည်များ ဝဲတက်လာသည်။
ဆရာဝန်များ၏အဆိုအရ အကြီးအကဲယန်က အသက်ရှင်ခဲ့လျှင်ပင် ကိုမာဝင်နေသော အနေအထားဖြင့်သာ နေနိိုင်မည်ဖြစ်ပြီး ဘယ်တော့မှ သတိမရလာနိုင်ပေ။
ယခင်ကသာဆိုလျှင် ယန်လင်းလည်း ယဲ့ချန်းကို သံသယဝင်မိမည်ဖြစ်၏။ ယခုမူ ယဲ့ချန်း၏ အံ့ဖွယ်စွမ်းရည်များကို သူ အပြည့်အဝယုံကြည်နေလေပြီ။
ငါးမိနစ်ကြာပြီးနောက် အချိန်က တိုတောင်းလှသော်လည်း ယန်သားအဖနှစ်ယောက်အတွက်တော့ တစ်နှစ်အလား ခံစားခဲ့ရသည်။
ထိုအချိန်မှာပင် ယန်ချွမ်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ရေရွတ်လိုက်လေသည်။
"ဘိုးဘိုး သတိရလာပြီ"
ဤမြင်ကွင်းကို မြင်သောအခါ ယန်လင်းလည်း အိပ်ရာဘေးသို့ အမြန်ပြေးသွားလိုက်၏။ ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလျက် လူနာခန်းထဲမှ ထွက်သွားလေတော့သည်။
သို့သော် သူ တံခါးနားသို့ရောက်ချိန်မှာပင် သူ့ထံသို့ လက်သီးတစ်လုံးပစ်ဝင်လာတာကို ခံစားလိုက်ရသည်။ ယဲ့ချန်း မျက်မှောင်ကြုတ်၍ ထိုလက်သီးချက်ကို သီသီလေးရှောင်တိမ်းလိုက်၏။
"သေစမ်း။ ရမ်းကုဆရာဝန်..ရှင်ကများ ကျွန်မအဘိုးကို ဒုက္ခပေးရဲတယ်ပေါ့"
စစ်ဝတ်စုံကိုဝတ်ထားသည့် အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော မိန်းကလေးတစ်ယောက်က ဒေါသတကြီးဆိုလာလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ချွမ်း၏အမူအရာမှာ ပြောင်းလဲသွားလေသည်။
"ယန်လိ.. နင်ဘာလုပ်နေတာလဲ။ သူက ငါတို့အဘိုးနဲ့ ငါတို့ယန်မိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ"
"ဘာ?"
အိပ်ရာထဲတွင် သတိရနေပြီဖြစ်သော သူ(မ)၏အဘိုးကို မြင်လိုက်ရသောအခါ ယန်လိလည်း ကြောင်အသွားချေသည်။
ယန်လင်းက ယဲ့ချန်းထံသို့ အလျင်စလို ရောက်ချလာသည်။
"မစ္စတာယဲ့..ကျွန်တော့်သမီးက ဘာမှမသိသေးလို့ ခင်ဗျာကို လန့်အောင်လုပ်မိသွားတာပါ"
ထိုအခါမှသာ ယဲ့ချန်းလည်း သူ့ရှေ့တွင် မတ်တတ်ရပ်နေသော ကောင်မလေးကို ကြည့်လိုက်မိ၏။ အသက်နှစ်ဆယ်အရွယ်ရှိပြီး စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် သူ(မ)က သူရဲကောင်းဆန်ပြီး ရဲစွမ်းသတ္တိရှိပေသည်။
အထူးသဖြင့် အစောတုန်းက လက်သီးချက်မှာ ယဲ့ချန်း၏ ချက်ကောင်းကို ပစ်မှတ်ထားခြင်းပင်။ အကယ်၍ ယဲ့ချန်းကသာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပါက ထိုလက်သီးချက်ကြောင့် လဝက်လောက် အိပ်ရာထဲ လဲသွားနိုင်သည်။
သူ့ကိုတိုက်ခိုက်လိုက်သူမှာ ရုပ်ရည်ရမှတ်၉၆မှတ်ရှိသော အလှပဂေးလေးတစ်ယောက်ဖြစ်နေသဖြင့် ယဲ့ချန်းက ပို၍ပင် အံ့ဩသွားသည်။
•••••••••••••••