← Chapters

စိန်ခေါ်မှုအသစ်

Vol. 12 Ch. 174

စိန်ခေါ်မှုအသစ်

Vol. 12 Ch. 174

ယန်လိခမျာ သူ့အဘိုး သတိရနေတာကို မြင်လိုက်ရချိန်၌ ထိတ်လန့်သွားလေသည်။

အစောကပင် သူ(မ) သူ့အခြေအနေကို အပြင်ဘက်မှာ မေးမြန်းထားသေးသည်။ ဆရာဝန်ကလည်း သူနိုးလာမည်မဟုတ်ကြောင်း သူ(မ)ကို ယုံကြည်မှုရှိရှိ အာမခံပေးထားသည်။

ဤလူငယ်က သူ(မ)၏အဘိုးကို ကယ်တင်ပေးခဲ့လေသလား။

ယန်ချွမ်းက ဒေါသတကြီးဖြင့် အနားသို့ အမြန်ရောက်ချလာပြီး ပြောလိုက်၏။

"ညီမလေး.. နင်ရူးနေပြီပဲ။ မစ္စတာယဲ့ကို တောင်းပန်လိုက်"

ယန်လိ၏မျက်နှာကား နီးမြန်းသွားလေသည်။

"မစ္စတာယဲ့ တောင်းပန်ပါတယ်"

ယဲ့ချန်းကလည်း လက်ခါပြလိုက်သည်။

"ရပါတယ်။ ငါက အဲဒီလောက်လည်း သဘောထားမသေးပါဘူး"

အမှန်အတိုင်းပြောရလျှင် ယန်ချွမ်းတွင် ဤမျှအထိလှပချောမောသော ညီမတစ်ယောက်ရှိနေလိမ့်မည်ဟု သူ ထင်မထားချေ။

သူတို့နှစ်ယောက်ကြားရှိ တစ်ခုတည်းသော တူညီမှုက ဒေါသကြီးခြင်းပင်။ သူတို့က အကျိုးဆက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စိတ်လိုက်မာန်ပါပြုမူတတ်သည်။

ယဲ့ချန်းက ယန်ချွမ်းကိုကူညီပေးခဲ့ခြင်းမှာ သူ့စိတ်ကို ဖောက်မြင်နေရသောကြောင့်ပင်။

ယန်ချွမ်း၏စရိုက်က လက်စားချေတတ်ပြီး အလျင်စလိုပြုမူတတ်သော်လည်း သစ္စာလည်းရှိ၏။

ယဲ့ချန်းက အကြီးအကဲယန်ကိုကယ်တင်ပြီး ယန်မိသားစုကို ကူညီပေးခဲ့သည်။ ယန်ချွမ်းအနေနှင့် ထိုအချက်ကို မှတ်ထားမည်ဖြစ်၏။ သူ့အသက်ကိုပင် စွန့်ရဲသည်။ ဤကဲ့သို့သော လူတစ်ယောက်ဟာ အပြုံးနောက်မှာ ဓားဝှက်ထားသော ကောင်းလဲ့လို လူစားမျိုးထက် ပိုသာသည်။

ယန်လင်းက အနားသို့လျှောက်လာပြီး မေးလိုက်၏။

"မစ္စတာယဲ့ ကျွန်တော့်အဖေရဲ့ကျန်းမာရေး..."

အကြီးအကဲယန်က သတိရလာပြီဆိုသော်ငြား လူတိုင်းကတော့ သူ မည်မျှအထိ အသက်ရှည်ဦးမလဲဆိုတာကို သေချာမသိသေးပေ။။

ယဲ့ချန်းက ဆို၏။

"အကြီးအကဲရဲ့ရောဂါက အရင်တုန်းကစစ်ပွဲတွေကရတဲ့ ဒဏ်ရာတွေကြောင့်ပါ။ သူ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကျွန်တော် ဖယ်ရှားပေးပြီးပြီ။ နောက်ထပ်ဆယ်နှစ်လောက်တော့ ဘာပြဿနာမှမရှိဘဲ နေနိုင်ဦးမှာပါ"

"နောက်ထပ်ဆယ်နှစ်လား"

ယဲ့ချန်း၏စကားကို ကြားသေောအခါ ယန်လင်း၊ ယန်ချွမ်းနှင့် ယန်လိတို့ခမျာ ဝမ်းသာသွားကြလေသည်။

သို့သော် သူတို့၏မျက်လုံးထဲတွင် အံ့ဩလေဟန်အရိပ်အယောင်များလည်း ထင်ဟပ်နေချေသည်။

သူတို့သည် အကြီးအကဲယန်အတွက် ဟွားနိုင်ငံထဲရှိ အတော်ဆုံးဆရာဝန်များကို ရှာဖွေခဲ့ကြဖူးသည်။ တရုတ်ဆေးပညာရှင်များနှင့် အနောက်တိုင်းဆေးပညာရှင်များကလည်း သူ့ကို ကုသပေးခဲ့ဖူးကြသည်။ သို့တိုင် ယဲ့ချန်းကတော့ သူ့ကို ကယ်တင်လိုက်နိုင်သည်။

ယဲ့ချန်း တခစ်ခစ်ရယ်လိုက်မိ၏။

"အကြီးအကဲက အခု ကောင်းသွားပါပြီ။ ကျွန်တော်လည်း ပြန်သင့်ပြီ။ သူက ရောဂါပျောက်သွားပြီဆိုပေမဲ့ အနားယူဖို့လိုနေသေးတယ်။ အလုပ်မပိပါစေနဲ့။ ပြဿနာတစ်ခုခုရှိရင် ယန်ချွမ်း ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်"

ကျွမ်းကျင်ပိုင်နိုင်လှသော ယဲ့ချန်း၏လုပ်ဆောင်မှုမှတစ်ဆင့် ကံကြမ္မာကိုပြောင်းလဲနိုင်သော သူ၏အံ့ဖွယ်စွမ်းရည်ကို ယန်မိသားစု ယုံကြည်သွားလေတော့သည်။

ယန်ချွမ်းက ယဲ့ချန်းကို တရိုတသေဦးညွှတ်လိုက်သည်။

"အစ်ကိုယဲ့..အခုကစပြီး အစ်ကို ကျွန်တော့်အစ်ကိုအရင်းပါပဲ။ ကျွန်တော့်ဆီကဖြစ်ဖြစ် ယန်မိသားစုဆီကဖြစ်ဖြစ် တစ်ခုခုလိုအပ်လာရင် ပြောသာပြောလိုက်ပါ။ ငြင်းမိရင် ကျွန်တော် မိုးကြိုးပစ်ခံရပါစေ"

ယဲ့ချန်းအပေါ်ထားသော သူ(မ)အစ်ကို၏ ရိုသေလေးစားလေဟန် သဘောထားကို မြင်လိုက်ရချိန်တွင် ယန်လိမှာ ကြက်သေသေသွားရသည်။

သူ(မ)၏အစ်ကိုအကြောင်း သူ(မ) ကောင်းကောင်းသိသည်။ သူက အလွန်မောက်မာပြီး တစ်ပါးသူကို ဘယ်တုန်းကမှ ဂရုမစိုက်တတ်ချေ။

ယခုတော့ တစ်စုံတစ်ယောက်ကို သူ အလွန်လေးစားနေသည့်ပုံစံကို မြင်နေရသည်။

ဒီလူက ဘယ်သူလဲ?

အစတုန်းကတော့ ယန်ချွမ်းလည်း ယဲ့ချန်းကို လိုက်ပို့ပေးချင်သော်ငြား ယန်လိက ပြောလိုက်လေသည်။

"အစ်ကိုက အဘိုးနဲ့နေခဲ့လိုက်။ ကျွန်မ မစ္စတာယဲ့ကို လိုက်ပို့ပေးလိုက်မယ်"

"ညီမလေး..နင်က အခုမှပြန်လာတာလေ။ ပြန်တော့မလို့လား"

ယန်ချွမ်းက အင်တင်တင်ဖြင့် ပြောလိုက်၏။

"ကျွန်မမှာ နောက်ထပ်မစ်ရှင်တစ်ခုရှိသေးတယ်။ အဘိုးကို သေချာဂရုစိုက်လိုက်ပါ"

ယဲ့ချန်းနှင့် ယန်လိတို့လည်း ဆေးရုံထဲမှ အတူထွက်သွားလိုက်သည်။ စစ်ဝတ်စုံဝတ်ထားသော ယန်လိက အခြားမိန်းကလေးများနှင့် မတူညီသော အလှတရားတစ်မျိုးကို ထုတ်လွှတ်နေလေသည်။

သူ(မ)က သူ(မ)၏အလုပ်အကိုင်နှင့်လိုက်ဖက်သည့် ယောက်ျားဆန်သော အလှတရားကို ပိုင်ဆိုင်ထားသည်။

"ဒီနေ့ကိစ္စအတွက် ကျွန်မ တကယ်တောင်းပန်ပါတယ်"

ယန်လိက တံခါးနားသို့ရောက်လာချိန်၌ စကားစလိုက်သည်။

"မလိုပါဘူး။ နားလည်မှုလွဲသွားတာပါ။ စကားမစပ် မင်း ဘယ်သွားမှာလဲ။ ငါ မင်းကို လိုက်ပို့ပေးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက တက္ကစီဒရိုင်ဘာလေ"

ယဲ့ချန်းက စနောက်လိုက်၏။

"ရှင်က တက္ကစီဒရိုင်ဘာလား"

ယန်လိ တုံ့ဆိုင်းသွားရလေသည်။

ယန်ချွမ်း၏သူငယ်ချင်းတော်တော်များများက ဒုတိယမျိုးဆက်လူကုံထံများဖြစ်ကြသည်။ သို့ဖြစ်လေရာ တက္ကစီဒရိုင်ဘာတစ်ယောက်ကို သူက မည်သို့ခင်မင်နိုင်မည်နည်း။

ယဲ့ချန်း၏ကူလီနန်ကားကို မြင်သောအခါ ယန်လိ နားလည်သွားလေသည်။

ယန်လိက ထက်မြက်သူတစ်ယောက်ဖြစ်၏။ သူ(မ) ဘာမှများများစားစားမပြောဘဲ ပြုံးရုံသာပြုံးလိုက်သည်။

"ဒါဆို ကျွန်မ ရှင့်ကိုပဲ နှောင့်ယှက်ရတော့မှာပဲ"

ကားထဲသို့ဝင်ပြီးနောက် ယန်လိလည်း အငှားယာဉ်အက်ပ်ကို ဖွင့်လိုက်သည်။ ယဲ့ချန်းကတော့ ယန်လိ၏ဖုန်းကို လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် ဘာမှမပြောဘဲ ကားသာ ဆက်မောင်းနေလိုက်သည်။

ထိုအခိုက်မှာပင် ယန်လိ၏ဖုန်းက ထမြည်လာသည်။

"နတ်နဂါး..ဖီးနစ်က အဖွဲ့ဆီကို ပြန်လာနေပါပြီ"

"လမ်းမှာသတိထားပါ။ အမြီးကိုဂရုစိုက်"

တစ်ဖက်မှ တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ချန်းကတော့ တိတ်ဆိတ်မြဲသာ။

သူတို့က ကုတ်များဖြင့် စကားပြောနေခြင်းပင်။ ယန်လိ၏ ထူးခြားလှသော သရုပ်မှန်ကြောင့် သူမမေးသင့်သည့် မေးခွန်းများကို မမေးလိုက်တာက အကောင်းဆုံးဖြစ်ကြောင်း ယဲ့ချန်းသိသည်။

ကားက ဘူတာရုံတွင် ထိုးရပ်လိုက်ပြီးနောက် ယန်လိက ပြုံးလျက် ဆိုလာလေသည်။

"ယန်မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်"

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ(မ)၏အဘိုးကို အပ်စိုက်ကုသနည်းဖြင့် ကုသပေးခဲ့ကြောင်း ယန်လိ ကြားထားပြီးသားပင်။

ယန်လိက သာမန်လူများ မစွမ်းဆောင်နိုင်သည့် အရာအများစုကို ခံယူခဲ့ဖူးသည်။

ဤကဲ့သို့သော ကုသမှုမျိုးက အံ့ဖွယ်ကောင်းပါသော်ငြား ကုသသူ၏စွမ်းအင်တချို့ကို ကုန်ခမ်းစေနိုင်ကြောင်း သူ(မ) သိသည်။

သို့သော် ယန်လိ အတွေးလွန်နေခြင်းပင်။ ယဲ့ချန်း၏ကုသမှုက အားအင်ကုန်ခမ်းသွားခြင်း လုံးဝမရှိပေ။

ယဲ့ချန်း၏ ကျွမ်းကျင်မှုရမှတ်များကို စနစ်က အမြင့်ဆုံးအထိ ပေးထားသောကြောင့် သူ့ကုသမှုမှာ အခြားလူများနှင့်မတူဘဲ အလွန်သက်သောင့်သက်သာရှိသည်။

လိုရာခရီးသို့ ရောက်သောအခါ ယန်လိလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည်ဖြစ်ပါတယ်]

နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်က ယဲ့ချန်းရထားသည့် သိုင်းပညာကျွမ်းကျင်မှုနှင့် မတူပေ။

သိုင်းပညာကျွမ်းကျင်မှုက နည်းစနစ်များ၊ ခုခံရေးနှင့် လုပ်ဆောင်ချက်အပေါ် အသားပေးထားခြင်းဖြစ်ပြီး နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည်ကမူ သတ်ဖြတ်ခြင်းကို ဆိုလိုသည်။

[တင်! ရွေးချယ်ရေးစနစ်ကို အသက်သွင်းပြီးပါပြီ။ အပတ်တိုင်း ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးရှိသူ ခရီးသည်တစ်ယောက်နဲ့ ကျပန်းတွေ့ဆုံပြီး ဆုလာဘ်များကို ရယူဖို့အတွက် ရွေးချယ်ထားတဲ့တာဝန်တစ်ခုကို ထမ်းဆောင်ရင်း ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာဖို့ ကြိုးစားလိုက်ပါ]

[ခရီးသည်၏အလုပ်အကိုင် : သက်တော်စောင့်!]

[ရွေးချယ်စရာနံပါတ်တစ် : ယန်လိကို ရထားဘူတာရုံသို့ ချောချောမွေ့မွေ့လိုက်ပို့ပေးပြီး ရုပ်ရည်ရမှတ် +၁၀၊ ယန်မိသားစု၏ဆုလာဘ်ဆယ်သန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : ယန်လိ နိုင်ငံခြားနွယ်ဖွားတရုတ်လူမျိုးကို လိုက်လံစောင့်ကြပ်ရာမှာ ကူညီပေးပြီး နတ်ဘုရားအဆင့်အထူးအေးဂျင့်စွမ်းရည်နဲ့ နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : ယန်လိကို အနားယူဖို့ ဖျောင်းဖျပြီး သင့်ဇနီးဖြစ်လာအောင်လုပ်ရင်း အမြှောင်မယားစွမ်းရည်နဲ့ မိခင်ကောင်းစောင့်ရှောက်ရေးစင်တာတို့ကို ဆုလာဘ်အဖြစ် ရယူလိုက်ပါ]

ရွေးချယ်စရာသုံးခုစလုံးမှာ ယဲ့ချန်းအတွက် ဆွဲဆောင်မှုရှိ၏။ ပထမဆုံးတစ်ခုမှာ ရုပ်ရည်ရမှတ် +၁၀ကိုပေးထားသဖြင့် ယန်လိ၏ခံစားချက်ကို နွေးထွေးသွားစေရန် လုံလောက်ပေသည်။

ဒုတိယရွေးချယ်မှုကား သူသာ ပါဝင်ပတ်သက်လိုက်လျှင် ပြဿနာများသွားလိမ့်မည်ဖြစ်ကြောင်း ယဲ့ချန်း သိသည်။ သို့သော် ဆုလာဘ်က ကြီးမားလွန်းလှသည်။ နတ်ဘုရားအဆင့်အထူးအေးဂျင့်စွမ်းရည်နှင့် နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုကလည်း စွဲမက်ဖွယ်ကောင်းလှ၏။

နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုက ဟွားနိုင်ငံ၏ နံပါတ်တစ်လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းငါးနှစ်အတွင်းမှာ အောင်မြင်နှုန်းတစ်ရာရာခိုင်နှုန်းရှိပြီး ထိုကုမ္ပဏီရှိ ဝန်ထမ်းများအားလုံးမှာ ဟွားနိုင်ငံ၏ အထူးတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။

နောက်ဆုံးရွေးချယ်မှုမှာ အမြှောင်မယားစွမ်းရည်ကား ကောင်းမွန်လှသော်ငြား သူ့ရုပ်ရည်နှင့် ဩဇာအရှိန်အဝါကို အားကိုးရုံမျှဖြင့် သူ့ပတ်ပတ်လည်ရှိ အမျိုးသမီးများကို ကြွေသွားအောင်လုပ်နိုင်သည်ဟု သူ ယုံကြည်ထားသည်။

အဆုံးမှာတော့ ယဲ့ချန်းလည်း စိန်ခေါ်မှုအမြင့်ဆုံး ဒုတိယရွေးချယ်မှုကို ရွေးချယ်လိုက်၏။

ယဲ့ချန်းအတွဥ်တော့ ပိုင်ဆိုင်မှုဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသက်သက်ဖြစ်ပြီး ပိုချမ်းသာလေလေ လုံခြုံရေးက အရေးကြီးလေလေပင်။

အခြားလူကို မှီခိုခြင်းမှာ မိမိကိုယ်ကိုမှီခိုခြင်းလောက် စိတ်မချရပေ။ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးစွမ်းရည်နှင့် နတ်ဘုရားအဆင့်အထူးအေးဂျင့်စွမ်းရည်တို့ကို ပေါင်းစပ်လိုက်ပါက သာမန်လူများအနေနှင့် သူ့ကိုအန္တရာယ်ပေးနိုင်တော့မည်မဟုတ်ပေ။

ထို့ပြင် နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုဖြင့်သာဆိုလျှင် သူ့မိသားစုနှင့်ချစ်ရသူများကို ကာကွယ်ရန်အတွက် ဤအစွမ်းကို သူ ထုတ်သုံးနိုင်သည်။

[တင်! နတ်ဘုရားအဆင့်အထူးအေးဂျင့်စွမ်းရည်နဲ့ နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

ထိုအခိုက်မှာပင် ယန်လိက ကားထဲမှထွက်သွားပြီးနောက် အနီးအနားရှိ လမ်းကြားလေးတစ်ခုဆီသို့ ဦးတည်လိုက်လေသည်။

တစ်ပြိုင်တည်းမှာပင် ပုံရိပ်အမြောက်အများက ယဲ့ချန်း၏မျက်လုံးထဲ၌ ပေါ်ပေါက်လာသည်။ ထိုလူများက သာမန်လူများနှင့် မကွာသော်လည်း ယဲ့ချန်းအတွက်တော့ သူတို့က လုံးဝကွဲပြားနေချေသည်။

ဤလူများမှာ လေ့ကျင့်ရေးဆင်းထားသော အေးဂျင့်များဖြစ်ပြီး ယခုအချိန်တွင် ယန်လိကို ပစ်မှတ်ထားနေကြသည်။

ယန်လိ အန္တရာယ်ရှိနေလေပြီ။

•••••••••••••

All Chapters