ပြိုင်ဘက်
Vol. 12 Ch. 175
ယဲ့ချန်းက ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး တိတ်တိတ်လေးလိုက်သွားချေသည်။
ယန်လိက လမ်းကြားထဲသို့ ဝင်သွားပြီးနောက် သူ(မ)၏မသိစိတ်မှတစ်ဆင့် တစ်စုံတစ်ခုထူးဆန်းနေကြောင်း ချက်ချင်းခံစားမိလိုက်သည်။
သူ(မ)၏မျက်နှာကား အလွန်အမင်းပျက်ယွင်းသွားလေသည်။
အစတုန်းကတော့ မစ်ရှင်ကို အပြီးသတ်ရန်အတွက် သူ(မ)၏အသင်းနှင့် သွားတွေ့ချင်ခဲ့သော်လည်း သူ(မ)၏အဘိုးက စိုးရိမ်ရသည့်အခြေအနေဖြစ်နေသောကြောင့် ဆေးရုံသို့ ကြားဖြတ်ဝင်လာခဲ့ခြင်းပင်။
သူ(မ) သတိကြီးကြီးထားခဲ့သည့်တိုင် ပစ်မှတ်ထားခံရဆဲဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။
ယန်လိ၏ခြေလှမ်းများမှာ သွက်လက်သွားလေသည်။
ထိုအခိုက်မှာပင် သူ(မ)၏အနောက်ရှိ အနက်ရောင်ဝတ်အမျိုးသားငါးယောက်က ပြေးလာလေတော့သည်။ အနောက်ဘက်ရှိ ပြေးလွှားနေသံများကို ကြားလိုက်ရချိန်တွင် ယန်လိလည်း မြန်မြန်ပြေးလိုက်သည်။ ထိုလူအုပ်စု၏ခေါင်းဆောင်က အေးတိအေးစက်လေသံဖြင့် အော်လိုက်၏။
"လိုက်ဖမ်း။ သူ့ကို မလွတ်စေနဲ့"
သို့သော် ထိုအချိန်မှာပင် လူတစ်ယောက်က သူတို့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
"ဆောရီးပဲ။ မင်းတို့ ဖြတ်သွားလို့မရဘူး"
"မင်းက ဘယ်သူလဲ။ လမ်းဖယ်ပေးစမ်း"
အနက်ရောင်ဝတ်အမျိုးသားက ခပ်ပြတ်ပြတ်ပြောလိုက်၏။
ယဲ့ချန်းကလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"အခုလေးတင် ထွက်ပြေးသွားတဲ့ကောင်မလေးက ငါ့အပိုင်ပဲ။ ငါက ဘယ်သူလို့ထင််နေတာလဲ"
"သေလမ်းရှာနေတာပဲ"
ထိုလူအုပ်၏ခေါင်းဆောင်ဖြစ်သူက မျက်ရိပ်ပြလိုက်လေရာ အနက်ရောင်ဝတ်အမျိုးသားများကလည်း တုတ်တိုတစ်ချောင်းစီဆွဲထုတ်၍ ယဲ့ချန်းထံသို့ အပြေးဝင်လာကြသည်။
[တင်! ပိုင်ရှင် အန္တရာယ်နဲ့ကြုံနေရကြောင်း အာရုံခံမိပါတယ်။ နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
သူ့စိတ်အာရုံထဲတွင် တိုက်ခိုက်ရေးစွမ်းရည်များ စီးဆင်းလာကြောင်း ယဲ့ချန်း ရုတ်တရက်ခံစားလိုက်ရသည်။
ဤသည်မှာ ရိုးရာသိုင်းပညာနှင့် မတူပေ။ တိုက်ခိုက်လိုက်သည့်နေရာတိုင်းက လူသားခန္ဓာကိုယ်၏ အချက်အချာနေရာများပင်။
ထိုအခိုက်မှာပင် ခေါင်းဆောင်ဖြစ်သူက သူ့တုတ်တံဖြင့် ယဲ့ချန်းကို လွှဲရိုက်လိုက်သည်။ သို့သော် ထိုတုတ်တံ ကျမလာခင်မှာပင် ယဲ့ချန်း၏လက်က ထိုလူ၏လည်ပင်းကို ခုတ်ချလိုက်သည်။
ဒုန်း!
အနက်ရောင်ဝတ်အမျိုးသားမှာ မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ဝတ်အမျိုးသားငါးယောက်စလုံးကို ယဲ့ချန်းက နတ်ဘုရားအဆင့်တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အမှောက်သိပ်ပစ်လိုက်သည်။
ယန်လိကလည်း လမ်းကြားထဲမှ ပြေးထွက်လာခဲ့ပြီးနောက် စိတ်သက်သာရဟန် သက်ပြင်းချလိုက်မိသည်။ သို့သော် သူ(မ)နောက်ကို ပြေးလိုက်လာသူများကို ယခု ဘာလို့မမြင်ရတော့သလဲဆိုတာကို သိချင်နေမိသည်။
ယဲ့ချန်းကမူ မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်အမျိုးသားများကို ကြည့်၍ ကျိုးစုစုကို ဖုန်းခေါ်လိုက်သည်။ ထို့နောက် ရထားဘူတာရုံနားတွင် လက်နက်ကိုင်လူဆိုးတချို့ကို ဖမ်းမိထားကြောင်း သတင်းပေးလိုက်သည်။
ကိစ္စများကို အကုန်ဖြေရှင်းပြီးနောက် ယဲ့ချန်း ချက်ချင်းပြန်ထွက်သွားခဲ့သည်။ ယဲ့ချန်း လမ်းကြားထဲမှ ထွက်လာချိန်မှာပင် သူ့ဖုန်းက မြည်လာခဲ့သည်။
"ဘော့စ်.. အခုပြောနေတာက နဂါးသံချပ်ကာလုံခြုံရေးလုပ်ငန်းစုရဲ့ တိုက်ခိုက်ရေးအဖွဲ့က လုံရှောင်ယွင်ပါ။ နိုင်ငံခြားပြန်တရုတ်လူမျိုးတစ်ယောက်ကို လိုက်လံစောင့်ကြပ်ပေးရမဲ့ အေအဆင့်မစ်ရှင်တစ်ခုကို ကျွန်မတို့ အခုပဲရထားပါတယ်။ သူတို့ရဲ့ဆုကြေးက တစ်ဆယ်ဘီလျံအထိရှိတယ်လို့ ကြားပါတယ်။ ကျွန်မတို့ပြိုင်ဘက်ကတော့ ကမ္ဘာ့ထိပ်တန်းလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်တဲ့ သွေးအရိပ်ပါ"
နဂါးသံချပ်ကာလုပ်ငန်းစု၏ လက်ရှိဥက္ကဋ္ဌက အမျိုးသမီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ယဲ့ချန်း လုံးဝထင်မထားပေ။
"နားလည်ပြီ။ ဒီကိစ္စကို ငါကိုယ်တိုင် တာဝန်ယူလိုက်မယ်"
ယဲ့ချန်းက သူ့ကားဆီသို့ ပြန်သွားလိုက်ပြီးနောက် ရထားဘူတာရုံအဝင်ဝသို့ မောင်းသွားလိုက်၏။
ထိုအချိန်မှာပင် ရထားတစ်စီးက ပလက်ဖောင်းမှ ဖြည်းညင်းစွာထွက်ခွာနေပြီဖြစ်၏။ အသက်ခြောက်ဆယ်အရွယ် သက်လတ်ပိုင်းလူကြီးတစ်ယောက်က ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်တော်စောင့်အများအပြား ခြံရံလျက် ကားတစ်စီးထဲသို့ ဝင်သွားလေသည်။
ထို့နောက် ထိုယာဉ်တန်းက ဘူတာရုံထဲမှ အမြန်ထွက်ခွာသွားချေသည်။
ယဲ့ချန်းက ကားရပ်ထားပြီး စောင့်ကြည့်နေသည်။
အစောတုန်းက အနက်ရောင်ဝတ်အမျိုးသားများက ရထားဘူတာရုံတွင် ပေါ်လာခဲ့သည်။ သဘောမှာ ဤခရီးစဉ်ကို တစ်ဖက်က သိထားပြီးဖြစ်သည်။
သို့သော် တစ်ဖက်လူက မလှုပ်ရှားလာသည့်အတွက် ယဲ့ချန်း အံ့ဩမိသည်။ ဖြစ်စဉ်တစ်ခုလုံးကား အလွန်သာယာချောမွေ့နေလေသည်။
ယန်လိက ဤစစ်ဆင်ရေး၏ခေါင်းဆောင်ပင်။
ထိုယာဉ်တန်း ဘူတာရုံမှ ထွက်ခွာလာပြီးနောက်မှာတော့ သူ(မ)လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ သို့သော် ယဲ့ချန်းကတော့ မျက်မှောင်ကြုတ်လိုက်၏။
မဟုတ်သေးဘူး..တစ်ခုခုတော့မှားနေပြီ..
ယဲ့ချန်းလည်း ထိုယာဉ်တန်းနောက်မှတစ်ဆင့် ဂရန်းမိုတုဟိုတယ်အထိ လိုက်လာခဲ့သည်။
ခရီးစဉ်ကား ချောမွေ့နေချေသည်။ ကားထဲမှထွက်လာခဲ့ပြီးနောက် ယန်လိနှင့် နဂါးသံချပ်ကာတပ်ဖွဲ့မှ လုံခြုံရေးဝန်ထမ်းများက အကြီးအကဲကို ဟိုတယ်ထဲသို့ လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။
ယဲ့ချန်းလည်း ကားကိုပါကင်ထိုးလိုက်ပြီးနောက် ဟိုတယ်ထဲသို့ ဝင်တော့မည့်ဆဲဆဲမှာပင် လုံခြံရေးနှစ်ယောက်က သူ့ကို ပိတ်တားလိုက်၏။
ထိုအခိုက်ဝယ် ဝတ်စုံပြည့်နှင့် နေကာမျက်မှန်ဝတ်ဆင်ထားသော အရပ်ခပ်ရှည်ရှည် အလှလေးတစ်ယောက် ထွက်လာခဲ့သည်။
"သူက ငါတို့လူ.. ဝင်ခွင့်ပေးလိုက်"
ထိုအမျိုးသမီးက အေးတိအေးစက်ပြောလိုက်လေသည်။
ထိုအခါမှသာ လုံခြုံရေးနှစ်ယောက်ကလည်း ယဲ့ချန်းကို ဝင်ခွင့်ပေးလိုက်သည်။
"ဥက္ကဋ္ဌယဲ့ မင်္ဂလာပါ။ ကျွန်မက လုံရှောင်ယွင်ပါ။ ဒီလုံခြုံရေးမစ်ရှင်ရဲ့ တာဝန်ခံပါ"
"အင်း.. ဒီဟိုတယ်ကို ဘယ်သူ ဘိုကင်တင်ခဲ့တာလဲ"
ယဲ့ချန်း မေးလိုက်လေတော့သည်။
"မိုတုရဲတပ်ဖွဲ့က ထောက်ပံ့ပေးထားတာပါ"
"ဪ"
ယဲ့ချန်းလည်း လုံရှောင်ယွင်နှင့်အတူ အကြီးအကဲ၏အခန်းထဲသို့ လိုက်လာခဲ့သည်။
ကော်ရစ်ဒါအဆုံးတွင် ခြေလှမ်းငါးလှမ်းအကွာတိုင်း၌ လုံခြုံရေးများ ရှိ၏။ ထိုလူများမှာ နဂါးသံချပ်ကာတပ်ဖွဲ့မှ သက်တော်စောင့်များနှင့် သက်ဆိုင်ရာဌာနများမှ လူများပင်။
အခန်းထဲသို့ ဝင်လာခဲ့သောအခါ အကြီးအကဲက ခုံတစ်လုံးတွင်ထိုင်နေပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က တည်ငြိမ်အေးဆေးစွာ စကားဆိုလိုက်၏။
"မစ္စတာထန်.. ဒီဟိုတယ်က အရမ်းလုံခြုံပါတယ်။ ခင်ဗျားက အခုမှ နိုင်ငံခြားက ပြန်ရောက်တာဆိုတော့ ကောင်းကောင်းနားလိုက်ပါဦး"
"မနားတော့ဘူး။ ကျွန်တော်တို့ အခုချက်ချင်းပြောင်းရွှေ့ရမယ်"
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာလေသည်။ လူတိုင်း၏အကြည့်ကလည်း တံခါးဆီသို့ ရောက်သွားချေသည်။
ယန်လိက ယဲ့ချန်းကိုမြင်သောအခါ အတန်ငယ်အံ့အားသင့်သွားလေသည်။
"ရှင်က ဒီကို ဘာလို့ရောက်နေတာလဲ"
ယဲ့ချန်းက ယန်လိကို ပြုံးပြလိုက်သည်။
"မိန်းကလေးယန်.. ကျွန်တော်တို့က ရေစက်ပါတယ်နော်။ ဒီလောက်မြန်မြန်ကြီး ပြန်တွေ့ရတယ်လို့"
ယန်လိ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်သူက ရှင့်ကို ကျွန်မနောက်ကို လိုက်ခိုင်းလို့လဲ။ ကျွန်မတို့က အထူးမစ်ရှင်လုပ်နေတာနော်။ ချက်ချင်းထွက်သွားပေးပါ"
လုံရှောင်ယွင်ကလည်း ရှင်းပြလိုက်သည်။
"ရဲဘော်ယန် မစ္စတာယဲ့က ကျွန်မတို့နဂါးသံချပ်ကာလုပ်ငန်းစုရဲ့ဘော့စ်ပါ။ သူက မစ္စတာထန်ရဲ့လုံခြုံရေးကို တာဝန်ယူထားတဲ့လူလေ"
"သူ.."
ယန်လိလည်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ဆောရီး.. ကျွန်တော်ပြောဖို့မေ့သွားတယ်။ နဂါးသံချပ်ကာလုပ်ငန်းစုက ကျွန်တော့်လုပ်ငန်းစုလေ။ ဒါက အေအဆင့်မစ်ရှင်ဖြစ်တဲ့အပြင် ကျွန်တော်တို့ပြိုင်ဘက်က သွေးအရိပ်လိုမျိုး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်နေလို့ ကျွန်တော်ကိုယ်တိုင် ဝင်ပါရတာပါ"
ယန်လိက အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ကျွန်မတို့ ဒီိဟိုတယ်ကို စစ်ဆေးပြီးသွားပါပြီ။ အရမ်းလုံခြုံပါတယ်။ ဘာလို့ပြောင်းရွှေ့မှာလဲ"
ယဲ့ချန်းက ယန်လိကို လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ကြည့်လိုက်မိသည်။
"ပြဿနာက ဘာလဲဆိုတာ မင်းမသိဘူးလား။ မင်းရဲ့အဆင့်လောက်နဲ့ သူတို့က မင်းကို ဒီကိုပို့ရဲတယ်ပေါ့"
ယန်လိလည်း ဒေါသထွက်သွားလေသည်။
"ယဲ့ချန်း ရှင်ဘာပြောလိုက်တာလဲ"
ယဲ့ချန်းက လက်လှမ်း၍ ယန်လိ၏လက်ထဲမှ ဖုန်းကို ယူလိုက်၏။
"ကျွန်မဖုန်းကို ပြန်ပေး"
သူ(မ)၏လက်ထဲရှိ ဖုန်းကို ဝင်လုနိုင်လောက်သည်အထိ ယဲ့ချန်း၏လက်အရှိန်က အလွန်မြန်ဆန်နေလိမ့်မည်ဟု ယန်လိ လုံးဝထင်မထားချေ။
ယဲချန်းက ကုတ်နံပါတ်တချို့ကို မြန်မြန်ုရိုက်ထည့်လိုက်ပြီးနောက် ဖုန်းကို ပါဝါပိတ်လိုက်သည်။
"မင်းရဲ့ဖုန်းထဲမှာ ထရိုဂျန်ဝင်နေတာ။ တစ်ဖက်လူက မင်းရဲ့ဖုန်းကိုသုံးပြီး တည်နေရာခြေရာခံပြီး ပတ်ပတ်လည်က ကင်မရာတွေကို ထိန်းချုပ်နေတာ။ အခု ငါတို့က သူတို့ရဲ့စောင့်ကြည့်မှုအောက်ကို ရောက်နေပြီ"
"ရှင် ဘာတွေပြောနေတာလဲ။ မဖြစ်နိုင်တာ"
ယန်လိ၏ဖုန်းထဲတွင် အဆင့်အမြင့်ဆုံးမီးနံရံရှိလေရာ မည်သို့ ဗိုင်းရပ်စ်ကူးစက်နိုင်မည်နည်း။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်မိသည်။
"မင်း ငါ့ကိုမယုံဘူးဆိုရင် တစ်ယောက်ယောက်ကို စစ်ဆေးကြည့်ခိုင်းလိုက်လေ။ ငါ ထင်တာသာမမှားရင် ဒီအခန်းထဲမှာ ခိုးနားထောင်တဲ့ကိရိယာ အနည်းဆုံးငါးခုလောက်ရှိတယ်"
"ဘာ?"
ဤစကားကိုကြားသော် ယန်လိ မျက်မှောင်ကြုတ်လိုက်မိသည်။
ယဲ့ချန်း၏အမိန့်ကြောင့် နဂါသံချပ်ကာတပ်ဖွဲ့ကလည်း စတင်လှုပ်ရှားလေတော့သည်။
အမှန်ပင်။ အခန်းတစ်ဝိုက်တွင် ချောင်းနားထောင်သည့် ကိရိယာများ တစ်ဒါဇင်ကျော်လောက် ရှိ၏။ ဤသက်သေများကို မြင်လိုက်ရသောအခါ ယန်လိခမျာ ဆွံ့အသွားရလေသည်။
ယဲ့ချန်းက တည်ငြိမ်စွာပြောလိုက်၏။
"အခုကစပြီး ခရီးသွားလာရေးအစီအစဉ်တွေကို ကျွန်တော်ပဲ စီစဉ်တော့မယ်"
ထိုအချိန်မှာပင် အသစ်စက်စက်လန်းရိုဗာဆယ်စီးက ဟိုတယ်ရှေ့တွင် ထိုးရပ်လိုက်၏။ ကားဆယ်စီးစလုံးက တစ်ချိန်တည်းမှာပင် ထွက်ခွာသွားကြသော်ငြား မတူညီသော နေရာများသို့ ဦးတည်သွားကြလေသည်။
အနီးအနားရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သတင်းစာတစ်စောင်ကို ကိုင်ထားပြီး ကော်ဖီတစ်ငုံသောက်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
"ကြည့်ရတာတော့ ဒီတစ်ခေါက် ငါတို့နဲ့လက်ရည်ညီတဲ့ ပြိုင်ဘက်ကို တွေ့လိုက်ရပြီထင်တယ်"
တစ်ပုံစံတည်းတူသော ကားဆယ်စီးက အနက်ရောင်ဝတ်ခရီးသည်များကို တင်ဆောင်ထားလေရာ ဘယ်ကားတွင် ထန်နင်ပါသလဲဆိုတာကို အတပ်မပြောနိုင်ချေ။
"ဘော့စ် ဘယ်လိုလုပ်ကြမလဲ"
ခေါင်းပြောင်ပြောင်နှင့် အမျိုးသားတစ်ယောက်က မေးလာလေသည်။
"ငါတို့ရဲ့အစီအစဉ်ကို လူမိသွားလိမ့်မယ်လို့ ထင်မထားဘူး။ စိတ်ဝင်စားစရာပဲ။ ငါက ဒီလိုပြိုင်ဘက်မျိုးကို သဘောအကျဆုံးပဲ။ သူက ကစားရတာကို သဘောကျမှတော့ ငါလည်း သူနဲ့အတူ လိုက်ကစားပေးရမှာပေါ့"
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီး၏ မျက်နှာထက်၌ လှောင်ပြောင်သရော်လိုဟန် အပြုံးတစ်ပွင့် ရှိနေချေသည်။
•••••••••••••