ဗီလာနံပါတ်တစ်ရဲ့ပိုင်ရှင်
Vol. 12 Ch. 176
မာရီယော့ဂရန်းဟိုတယ်၌..
ယန်လိ မျက်မှောင်ကြုတ်လိုက်မိသည်။
"မစ္စတာယဲ့. ဟိုတယ်တစ်ခုလုံးကိုလည်း ပိတ်ဆို့မထားဘူး။ လူတွေကလည်း အများကြီးပဲ။ အကြီးအကဲထန်ကို ဒီနေရာမှာထားဖို့ အရမ်းအန္တရာယ်များတယ်နော်"
ယဲ့ချန်းက သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
"ဟိုတယ်တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ရင် အကြီးအကဲထန်က ဒီနေရာမှာရှိပါတယ်လို့ ပြောလိုက်သလိုဖြစ်သွားမှာပေါ့။ မဟုတ်ဘူးလား။ ပြီးတော့ ငါ အကြီးအကဲထန်နေမဲ့အထပ်တစ်ထပ်လုံးကို ရှင်းထားပြီးပြီ။ ဒီမှာရှိတဲ့ ကားဆယ်စီးထဲမှာ အကြီးအကဲထန်ရဲ့ကိုယ်ပွားကိုးယောက်က ကားကိုးစီးထဲမှာရှိတယ်။ အတွင်းလူတွေတောင်မှ ဘယ်သူက အကြီးအကဲထန်အစစ်လဲဆိုတာ မသိကြဘူး"
"ရှင်က ကျွန်မတို့ထဲမှာ သူလျှိုတစ်ယောက်ရှိတယ်လို့ ပြောနေတာလား"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မပြောမိပါဘူး။ ဒါပေမဲ့ အကြီးအကဲထန် ဒီမှာရှိတဲ့အကြောင်း သတင်းပေါက်ကြားသွားရင်တော့ အတွင်းလူရှိတယ်ဆိုတဲ့သဘောပဲ။ အဓိကလူတွေထဲမှာ သူလျှိုပါနေတာ"
ဤဟိုတယ်ထဲတွင် အကြီးအကဲထန်ရှိကြောင်း သိထားသူမှာ ယဲ့ချန်း၊ ယန်လိ၊ လုံရှောင်ယွင်နှင့် သက်ဆို်ငရာဌာနများရှိ အခြားအဆင့်မြင့်အရာရှိများပင်။
စီမံမှုများပြုလုပ်ပြီးနောက် ယဲ့ချန်းလည်း ဟိုတယ်ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ရှုခင်းသာအိမ်ရာဘက်သို့ မောင်းလာခဲ့လိုက်သည်။
ယဲ့ချန်းလည်း တံခါးကိုတွန်းဖွင့်လိုက်သောအခါ စုရှောင်ယာက တိုက်ရိုက်ထုတ်လွှင့်နေပေသည်။
"တိုက်ရိုက်ထုတ်လွှင့်သူရဲ့အိမ်ကြီးက တော်တော်လှတာပဲ"
"သူ လူကုံထံတစ်ယောက်နဲ့ ချိတ်မိသွားတာပဲဖြစ်မယ်"
စုရှောင်ယာက ရှက်သွေးဖြာ၍ ပြန်ပြောလိုက်၏။
"ဒီအိမ်က ကျွန်မချစ်သူရဲ့အိမ်ပါ"
"အာ မင်းရဲ့ချစ်သူလား။ သူကဘယ်သူလဲ။ ပြပါဦး"
"သူက ရှောင်ယာကို ဒီလိုအိမ်ကြီးအိမ်ကောင်းမှာ နေခွင့်ပေးတယ်ဆိုတော့ တော်တော်ချမ်းသာပြီး ခံ့ညားတဲ့လူပဲဖြစ်ရမယ်"
"ကျွန်မကောင်လေးက တက္ကစီမောင်းတာပါ"
စုရှောင်ယာက မျက်နှာတစ်ပြင်လုံး နီမြန်းလျက် ပြောလိုက်၏။
"တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုအိမ်ကြီးကို ပိုင်တယ်ပေါ့။ မိုက်လိုက်တာ"
"ရှောင်ယာ.. တက္ကစီဒရိုင်ဘာတစ်ယောက်မှာ ဘာအနာဂတ်ရှိမှာမို့လို့လဲ။ ကိုယ့်ကိုသာ မင်းရဲ့ချစ်သူ ဖြစ်ခွင့်ပေးလိုက်ပါ။ ကိုယ်လည်း မင်းကို ဇိမ်ခံအိမ်တွေနဲ့ ကားတွေကို ပေးနိုင်ပါတယ်"
ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်က မက်ဆေ့ချ်တစ်စောင် ပို့လာလေသည်။
"အစ်ကိုပေါင်က နောက်ဆုံးတော့ ဝန်ခံလိုက်ပြီပဲ"
"တိုက်ရိုက်ထုတ်လွှင့်သူရေ.. အစ်ကိုပေါင်ရဲ့အဖေက စာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုနော်။ ဒီအခွင့်အရေးကို လက်မလွှတ်လိုက်နဲ့"
"တိုက်ရိုက်ထုတ်လွှင့်သူရေ.. လက်ခံလိုက်ပါ။ လူကုံထံတစ်ယောက်ရဲ့ဘဝက မင်းကို စောင့်ကြိုနေတယ်နော်"
စုရှောင်ယာက ဘေးနားရှိ ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။
"ကျွန်မချစ်သူက ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကျွန်မလည်း သူ့ကိုချစ်တယ်"
"သေလိုက်ပါတော့။ အရမ်းချိုတာပဲ"
"ကြည့်ရတာတော့ တိုက်ရိုက်ထုတ်လွှင့်သူက ချစ်မိနေပုံပဲ"
အစ်ကိုပေါင်ကတော့ ဇွဲကောင်းနေဆဲသာ။
"ရှောင်ယာ.. ကိုယ်ထင်တာသာမမှားရင် မင်းရဲ့အိမ်ကို အဲဒီတက္ကစီဒရိုင်ဘာရဲ့သူငယ်ချင်းက ပိုင်တာပဲဖြစ်ရမယ်။ သူက လူလိမ်တစ်ယောက်ပါ။ အဲဒီလိုလူမျိုးနဲ့တွဲရင် မင်း ဝမ်းနည်းရလိမ့်မယ်။ ကိုယ်က ဟွားအိမ်တော်မှာ နေတာ။ ကိုယ် မင်းကို တစ်သက်လုံးပျော်အောင်ထားနိုင်တယ်"
"သေစမ်း.. ဟွားအိမ်တော်တဲ့။ အရမ်းမိုက်တာပဲ"
"ဟုတ်တယ်။ သူက ဟွားစံအိမ်တော်မှာနေတယ်ဆိုတာ တကယ့်အံ့ဩစရာကြီးနော်။ အဲဒီမှာနေတဲ့လူတွေအကုန်လုံးက လူ့မလိုင်တွေတဲ့"
"အစ်ကိုပေါင်..ခင်ဗျားက တော်တော်လျှိုတာပဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်က ရှောင်ယာ့ကို ပျော်အောင်မထားနိုင်ဘူးလို့ ဘယ်သူကပြောလဲ။ ဟွားစံအိမ်တော်လေးပဲမဟုတ်လား။ ငါလည်း အဲဒီမှာ အိမ်တစ်လုံးပိုင်တယ်"
ယဲ့ချန်းက လူပေါ်မလာသော်ငြား သူ့အသံကိုကြားလိုက်ရသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပွက်လောရိုက်သွားချေသည်။
"သေစမ်း။ ရှောင်ယာ့ရဲ့ချစ်သူက တကယ်ရောက်လာတယ်ဟ"
"စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ။ ဟားဟား..ဒီတက္ကစီဒရိုင်ဘာက တစ်ခုခုတော့ တစ်ခုခုပဲ"
"လာနောက်နေတာလား တက္ကစီဒရိုင်ဘာ။ မင်းနဲ့ ဟွားစံအိမ်တော်နဲ့ ဘာဆိုင်လို့လဲ။ မင်း အရှေ့ဂိတ်ဝကတောင် ဖြတ်နိုင်မှာမဟုတ်ဘူး"
အစ်ကိုပေါင် : "ဟားဟား… ငါမပြောဘူးလား။ ဒီလူက လူလိမ်ပါလို့။ ဟွားအိမ်တော်က ဘယ်လိုနေရာမျိုးမို့လို့လဲ။ တက္ကစီဒရိုင်ဘာက အဲဒီမှာ ဘယ်လိုလုပ်ပြီး အိမ်တစ်လုံးပိုင်နိုင်မှာလဲ"
သခင်လေးဟွား : "အမှန်ပဲ။ ကြွားတတ်ရန်ကော.. တလောတုန်းက ထျန်းချန်ယိပင်မှာ အိမ်တစ်လုံးပိုင်တယ်ဆိုပြီး ဒလီသမားတစ်ယောက်က ပြောခဲ့ဖူးတယ်။ တကယ်တော့ သူက အဲဒီမှာ အစားအသောက်တွေ မကြာခဏသွားပို့ပေးနေရတာလေ"
လုလု : "ရှောင်ယာ.. နင် သတိထားနော်။ ကိုယ့်ကိုယ်ကိုယ်အရူးအဖြစ်မခံနဲ့။ လူငယ်ဘဝကို အလကားမဖြုန်းတီးပစ်နဲ့"
စုရှောင်ယာလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိပြီး စာပြန်ရိုက်လိုက်၏။
"ငါ အစ်ကိုယဲ့ချန်းကို ယုံတယ်။ လှည့်စားခံရတယ်ဆိုရင်တောင် ငါကိုယ်တိုင် ဆန္ဒရှိလို့ဖြစ်တာ"
စုရှောင်ယာ၏စကားကို ကြားသောအခါ ယဲ့ချန်း၏ရင်ထဲ နွေးထွေးသွားရသည်။
"ရှောင်ယာ ဘာမှမဖြစ်ပါဘူး။ သူတို့မယုံရင် ကိုယ် မင်းကို ဟွားအိမ်တော်ကိုခေါ်သွားပြီး သူတို့ကိုကြည့်ခိုင်းလိုက်မယ်လေ"
"ဟားဟား ဟုတ်ပြီလေ။ ပြစမ်းပါဦး"
အစ်ကိုပေါင် : "ကောင်းပြီလေ။ တက္ကစီဒရိုင်ဘာက ဟွားအိမ်တော်မှာ အိမ်တစ်လုံးပိုင်ရလောက်အောင်အထိ ဘယ်လောက်အံ့ဩဖို့ကောင်းလဲဆိုတာ မြင်ချင်သေးတယ်"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လှောင်ပြောင်သံများဖြင့် ပြည့်နှက်သွားသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဟွားအိမ်တော်တွင် အိမ်တစ်လုံးပိုင်ဆိုင်ထားကြောင်း မည်သူကမှ မယုံကြည်ကြပေ။
ယဲ့ချန်းနှင့် စုရှောင်ယာတို့လည်း အောက်ထပ်သို့ အတူဆင်းသွားလိုက်ပြီး ကားထဲကို ဝင်လိုက်လေသည်။
"အားလုံးပဲ.. ဒါက ကျွန်မချစ်သူရဲ့ကားလေ"
ကြည့်ရှုသူများမှာ ယဲ့ချန်း၏လိုင်ကန်ကားကို မြင်သောအခါ ကြောင်အသွားကြသည်။
"ဝိုး.. လာနောက်နေတာလား။ မင်းရဲ့ချစ်သူက စူပါကားနဲ့ တက္ကစီမောင်းတာလား"
"ဒါက ‘Fast and Furious’ထဲက ကားမဟုတ်လား။ မိုက်လိုက်တာ"
"ငါ အခု ယုံသွားပြီ။ အခုလေးတင် အွန်လိုင်းပေါ်မှာ ရှာကြည့်လိုက်တာ။ ဒီကားက သန်းတစ်ရာကျော်ပေးရတယ်တဲ့"
"အိုး ငါနားလည်ပြီ။ ရှောင်ယာ.. မင်းချစ်သူက ဒိတ်ဒိတ်ကြဲပဲ။ တက္ကစီမောင်းဖို့အတွက်နဲ့ တစ်ဘီလျံတန်စူပါကားကို မောင်းတာ။ လူချမ်းသာတွေက တယ်လည်းစတန့်ထွင်သကိုး"
ဝူပေါင်ခမျာ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေရင်း တံခါးတွန်းဖွင့်ခံလိုက်ရသည်။
"ရှောင်ပေါင်.. ဒီကောင်စုတ်လေးကတော့ တစ်ချိန်လုံး တိုက်ရိုက်ထုတ်လွှင့်မှုတွေပဲ ကြည့်နေတော့တာ။ ဟွားအိမ်တော်ရဲ့ နံပါတ်တစ်အိမ်ပိုင်ရှင်ကိုပဲ ကြည့်လိုက်။ မင်းနဲ အသက်မတိမ်းမယိမ်းပဲရှိတာတောင် ဘီလျံနာတစ်ယောက်ဖြစ်နေပြီ"
"အဖေ ကျွန်တော်လည်း အလုပ်မကြိုးစားဘဲ နေလို့လား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သဘောတူညီမှုကတစ်ဆင့် အဖေ တစ်ဘီလျံကျော်လောက် ရလိုက်တယ်မဟုတ်ဘူးလား"
"ပေါက်ကရတွေ.. မင်းက တစ်ဘီလျံလောက်ရှာပေးပြီး ငါးဘီလျံလောက် ဖြုန်းလိုက်တာလေ။ ငါတို့ဆီမှာ ၄၅နှစ်သက်တမ်းရှိတဲ့ ရိုမန်နီကွန်တီတစ်ပုလင်းရှိတယ်။ မင်း မစ္စတာယဲ့ဆီကိုသွားပြီး သူ့ဆီက သင်ယူစမ်းပါ"
"ဘယ်လို? အဖေ..အဲဒါက အဖေ့ရဲ့ရတနာလေးလေ"
"မင်းသာ သူနဲ့မိတ်ဆွေဖွဲ့နိုင်မယ်ဆိုရင် ငါလည်း ကျေနပ်ပါတယ်"
ယဲ့ချန်းက ကားမောင်းနေပြီး စုရှောင်ယာက သူ့ဘေးနားတွင် တိုက်ရိုက်ထုတ်လွှင့်နေချေသည်။
အစ်ကိုပေါင် : "ကိုယ့်လူတို့.. ငါ ခဏနေရင် ဟွားစံအိမ်တော်ရဲ့ နံပါတ်တစ်အိမ်ပိုင်ရှင်ဆီကို သွားလည်မလို့"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ကောမန့်များ ပလူပျံသွားသည်။
"ဟွားစံအိမ်တော်ရဲ့နံပါတ်တစ်အိမ်ပိုင်ရှင်တဲ့လား။ ကြောက်ဖို့ကောင်းလိုက်တာ"
"ကြောက်ဖို့ကောင်းတာက မလာသေးဘူး။ ဟွားစံအိမ်တော်ရဲ့ နံပါတ်တစ်အိမ်ပိုင်ရှင်က အရမ်းမိုက်တာနော်။ အစ်ကိုမာနဲ့ အစ်ကိုထန်တို့က ဗီလာနံပါတ်နှစ်နဲ့ နံပါတ်သုံးမှာနေရတာ။ ဒါပေမဲ့ ဗီလာနံပါတ်တစ်ပိုင်ရှင်က အခမ်းနားဆုံးပဲ။ ကိုယ်ပိုင်အိမ်အကူအလှလေးတစ်ယောက်လည်း ရှိတယ်။ ရှုခင်းကလည်း အကောင်းဆုံးပဲ။ မှန်းကြည့်ကြစမ်း.. ပိုင်ရှင်ကလည်း အသက်နှစ်ဆယ်ကျော်ပဲရှိသေးတာ"
"အရမ်းမိုက်တာပဲ။ ငါလည်း အသက်နှစ်ဆယ်အရွယ်ပါပဲ။ အခုအထိ အိမ်ငှားနေရတုန်း"
"အသက်နှစ်ဆယ်တည်းနဲ့တောင် တော်တော်အံ့ဩဖို့ကောင်းနေတာ။ ဟွားနိုင်ငံမှာ ဒီလိုလူမျိုးရှိတယ်လို့ မကြားမိပါဘူး"
"တကယ်ပဲ အစ်ကိုပေါင်.. လာနောက်နေတာမလား"
ယဲ့ချန်းက ကောမန့်များကို တစ်ချက်လှမ်းကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွားလေသည်။
"အဲဒါ ငါထင်တယ်"
ဤအစ်ကိုပေါင်က အလွန်ကြွားဝါနေပေသည်။ ကြည့်ရပုံထောက်တော့ ခဏနေလျှင် သူ့ဆီသို့ လာလည်မည့်ပုံပင်။
အစ်ကိုပေါင်က ကောမန့်ဆက်မန့်လိုက်၏။
"တက္ကစီဒရိုင်ဘာတစ်ယောက်ကိုမှ ကြွားမိနေရတယ်လို့။ သူ ဟွားအိမ်တော်ထဲကိုတောင် ဝင်နိုင်ပါ့မလား"
"အစ်ကိုပေါင်.. ဒီတက္ကစီဒရိုင်ဘာပြောတာ ဟုတ်လောက်တယ်နော်။ သူက လိုင်ကန်ပြိုင်ကားကို စီးနေတာ"
"ဘာလိုင်ကန်လဲ"
ဗီလာနံပါတ်တစ်သို့ သွားနေသည့် ဝူပေါင်ခမျာ သူ့ဘေးမှဖြတ်သွားပြီး ဗီလာနံပါတ်တစ်ရှေ့၌ ရပ်လိုက်သော လိုင်ကန်ကားကြောင့် တုံ့ခနဲရပ်သွားလေသည်။
လူငယ်လေးတစ်ယောက်က ကားထဲမှ ထွက်လာပြီး သူ့အနောက်တွင် တိုက်ရိုက်ထုတ်လွှင့်သူအလှလေးတစ်ယောက်က ဖုန်းကိုကိုင်ထားရင်း ထွက်လာချေသည်။
ဝူပေါင်မှာ ထိုတိုက်ရိုက်ထုတ်လွှင့်သူနှင့် အလွန်ရင်းနှီးနေချေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာ ဝူပေါင်တစ်ယောက် လုံးဝကြောင်အသွားသည်။
မဖြစ်နိုင်တာ!
သူက တကယ်ကြီး ဗီလာနံပါတ်တစ်ပိုင်ရှင်ပဲ!
•••••••••••••••